Sunday, April 29, 2012

““ဒို့ဘော်ဒါကြီးများ စစ်ထဲဝင်ရင်လေ... ””


by အဘ ဥက္ကာကိုကို on Sunday, April 29, 2012 at 12:17pm ·

(စိတ်မဆိုးဘူးဆိုလို့ ကျီစယ်လိုက်ပါတယ်။ တကယ်စိတ်မဆိုးရဘူးနော်...:P)

အခန်း(၁)

တောင်တန်းတွေက လှမ်းကြည့်မိလိုက်တိုင်း တမျှော်တခေါ် ရှည်လျားစွာမြင်နေရသည်။နွေအကုန်မိုးအကူး မို့ မြေသင်းရနံ့များ ကစိုစွတ်မှိုင်းမှိုင်း လေနှင့်အတူ ဝေ့သိုင်းသင်းပျံ့လျှက်ရှိဧ။်။ကောင်းကင်အာကာဝဠာတစ်ခွင်ထက်မှာ အနောက်တောင်အရပ်ဆီမှ ခရီးထွက်လာသော တိမ်စိုင်မည်းမည်းများက အုံကျင်းဖွဲ့၍ ရွေ့လျားနေကြလေသည်။

    `တပ်တော်ဦးဆီ……..မျှော်လိုက်ပြန်တော့……ရဲတံခွန်တွေ……...လေကစား…….ကြွားတလူလူ..ဝေ….´
    အသံဝါ၊ အသံနီ၊ အသံပြာ၊ အသံနက်တို့ထဲမှ တစ်ခုနှင့်မှ မကိုက်ညီသော ညောင်နာနာအက်ရှရှ အသံသေး အသံကြောင်တစ်သံကို ကြားလိုက်ရသဖြင့် တပ်ခွဲမှူး ဗိုလ်ကြီးမျိုးသက်ပိုင် စိတ်ခပ်ကြီးကြီး ညစ်သွားဧ။်။ အသံလာရာကို လှမ်းကြည့်လိုက်တော့
 ရဲဘော် သူရိန်ကို တွေ့လိုက်ရသည်။
    `ဟိုခွေးမသား……သူရိန်..…ဒီနေရာကို မင့်မေလင်နေရာမှတ်လို့ အော်ကြီးဟစ်ကျယ် လုပ်နေတာလားကွ.. ရန်သူ့နယ်မြေထဲမှာ၊ အမြီးမမြှောက်ရ၊ အီးမပေါက်ရဆိုတာ မင်းနားမလည်ဘူးလား´
    တပ်ခွဲမှူးကို အလွန်တရာ လေးစားကြောက်ရွံ့လှသော ရဲဘော် သူရိန်က ဗိုလ်ကြီးမျိုးသက်ပိုင် မာန်မဲသည်ကို မတူမတန်သလိုကြည့်ပြီး ထွီခနဲတံတွေးတံချက်ထွေးကာ ပေစောင်းစောင်း ထွက်ခွာသွားလေသည်။
    `တောက်´
    ဗိုလ်ကြီးမျိုးသက်ပိုင် တက်ခေါက်လိုက်သံမဟုတ်ပါ။ ထိုတောက်ဟူသည့် အသံတစ်ချက်နှင့်အတူ နောက်ဆက်တွဲအဖြစ် `တောက်´ပေါင်းများစွာ ထွက်ပေါ်လာသဖြင့် ဗိုလ်ကြီးမျိုးသက်ပိုင်တစ်ယောက် နီးရာခြုံပုတ်ဘေးသို့ အမြန်ဆုံးခွေးတိုးပြေးတိုး လိုက်ရလေသည်။
    `တောက်…တောက်…ပတောက်….ပတောက်……တောက်´
    `ဟ….ပစ်တယ်ဟ….စက်လတ်နဲ့ ဆော်တယ်ဟေ့…ရဲဘော်တွေနေရာယူ…ချ…ပြန်ချ…မည်းမည်းမြင်ရာ အကုန်ချ…ငါ့ကိုမထိစေနဲ့ဦး´
    အမ်-၂၁၊၂၂၊၂၃ အမျိုးအစား စက်လတ်များဧ။် တစ်တောက်တောက် ပစ်ခတ်သံနောက်မှာ `ဖောင်း…၀ုန်း´ ဟူသော အသံကြီးဖြင့် ၆၀မမ စိန်ပြောင်းကျည်များ ဆက်တိုက်ကျရောက်လာသောကြောင့် ဗိုလ်ကြီးမျိုးသက်ပိုင်ခေါင်းပင်မဖော်နိုင်ရှာတော့ပေ။
ကျည်များက ငါးမိနစ်ခန့်သာကျရောက် ပေါက်ကွဲပြီးနောက် တတောတတောင်လုံး တိတ်ဆိတ်သွားပြန်သည်။
    `အား….လား…လား….သေပါပြီ….ကျွတ်…ကျွတ်…နာလိုက်တာ´
မချိမဆန့်ညည်းညူသံ ကြားရသဖြင့် အနီးအနားကို လှည့်ကြည့်လိုက်တော့ တပ်ကြပ်ကြီးစီနီယာ ဂျပိုးအား ပေါင်တစ်ဖက်ဆုပ်ကိုင်၍ အော်ဟစ်နေသည်ကို တွေ့သဖြင့် ဗိုလ်ကြီးမျိုးသက်ပိုင် စိတ်ပူစွာ အမြန်ပြေးသွားမိသည်။
    `ဆရာကြီးစီနီယာ ဂျပိုး…ပေါင်ကိုကျည်မှန်သွားလို့လား…..တော်တော်များသလား´
တပ်ကြပ်ကြီးစီနီယာ ဂျပိုးက ငါးဇင်ရိုင်းပြုံးလေးပြုံးပြီး သူ့ကိုမော့ကြည့်ကာ
    `မဟုတ်ပါဘူး ဗိုလ်ကြီးရယ်…ပေါင်မှာသွေးစုနာပေါက်နေတာ...ပြည်တည်နေလို့ ညှစ်ထုတ်နေတာပါ´
    `ဟမ်´
    ထိုစဉ် ဆက်သွယ်ရေးတာဝန်ခံ ရဲဘော်လေး ရိုးရိုးလေး ဂျူနီယာပြေးလာပြီး-    
    `ဗိုလ်ကြီး…ဗျူဟာရုံးက ဗျုဟာမှုး ဗိုလ်မှူးကြီး အဘမင်းထက်စံက R.T (Radio Telephony) ပြောချင်လို့တဲ့..ရော့… ပွားလိုက်ဦး´ ဟုဆိုကာ ၁၅၆ ဆက်သွယ်ရေးစက်ကို လာထိုးပေးဧ။်။ ဗိုလ်ကြီးမျိုးသက်ပိုင် စက်ကို ကောက်ကိုင်လိုက်သော်-
    `ကြီ..ကြီ…က်ားၾကီး မွ ကြောင်ကြီး….ကြားလား…´
    `ကြားပါတယ် ကြောင်သက်ပိုင်…အဲလေမျိုးသက်ပိုင်ပါ.. အဘ... ””
    `ရထားတွေကားတွေလုပ်မနေနဲ့…ငပွေးတွေ မင်းတို့ကို ၀င်ဆော်သွားလို့ဆို…ဟုတ်လား´
    `ဟုတ်ပါတယ်ခင်ဗျ..အကျအဆုံးမရှိ၊ ဆေးလိပ်သောက်မပျက်ပါပဲ ခင်ဗျ´
    `အေး..ခုချက်ချင်း လွယ်စန့်တောင်ကြောပေါ်တက်ပါ…အဲ့ဒီမှာ BDSAF တပ်ဖွဲ့က စက်တင်ဘာသွေး၊ ဗမာ့သွေး ( Sept Thway & Bamar Blood ) ဆိုတဲ့ သူပုန်ဗိုလ်နှစ်ဦး ခေါင်းဆောင်တဲ့ စစ်ကြောင်းတစ်ခု လှုပ်ရှားနေတယ်…ဒီနေ့အပြီး သွားရှင်းပါ´
    `ခနနေရင် မင်းဆီကို တပ်ခွဲတစ်ခွဲ၊ ဆေးတပ်စိတ်တစ်စိတ် လာပူးပေါင်းလိမ့်မယ်´
    `ရထားပါ..ရထား…၉၆ ပါခင်ဗျာ´
    စက်ကို ရဲဘော် ရိုးရိုးလေးဂျူနီယာထံပြန်ပေးပြီး ဗိုလ်ကြီးမျိုးသက်ပိုင် သက်ပြင်းချလိုက်မိသည်။
    သူတို့တပ်ခွဲရောက်ရှိနေတာက ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ နမ့်မချောင်းအနီး၊ လွယ်မော် တောင်ကြောပေါ်တွင် ဖြစ်သည်။ အခုသွားရမှာက ရှေ့မှာလှမ်းမြင်နေရသည့် ပေ ၄၀၀၀ မှ ၇၀၀၀ ခန့် မြင့်သော လွယ်စန့်တောင်ကြောပေါ်သို့ ဖြစ်သည်။
    `ဟူး….ဘော်ဒါတွေ အချင်းချင်း ပြန်တိုက်ရဦးမှာပါလား´
    Side Arm ပစ္စတိုလေးကို ခါးတွင် ပြန်ချိတ်ရင်း ဗိုလ်ကြီးမျိုးသက်ပိုင်တစ်ယောက် လွန်ခဲ့သော တစ်နှစ်ခန့်က အခြေအနေများ ကို ပြန်ပြောင်းတွေးတောနေမိလေဧ။်။
                    Xxxxxxxxxxxxxxxxxxxxx

အခန်း(၂)

သတင်းစာမှာဖော်ပြပါရှိလာခဲ့သော  စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ လန့်ဖျပ်သွားခဲ့ကြသည်။ သိပ်မကြာပါ။ လွှတ်တော်တွင် ဥပဒေ များကို အတည်ပြုလိုက်ပြီးသည့်အချိန်မှာတော့ ၁၈ နှစ်မှ ၄၅ နှစ်အတွင်းလူငယ်လူလတ်တော်တော် များများ စစ်ထဲသို့ဆင့်ခေါ်ခံကြရတော့ သည်။ (တကယ်မဟုတ်သေးဘူးနော်)
    မျိုးသက်ပိုင်တို့ သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များလည်း အမြီးကုပ်ပြီး စစ်ထဲရောက်ကုန်ကြသည်။ ထိုအထဲမှာ မျိုးသက်ပိုင် ကံကောင်းလေသည်။ သူများတွေ ရဲဘော်အနေနဲ့ဝင်သွားကြချိန်မှာ သူက  လူကြီးပိုင်းဆိုင်ရာ အကပ် ကောင်းစွာဖြင့် ဒုဗိုလ်အဆင့်တက်ခဲ့ သည်။
    ထို့နောက်မှာတော့ သူ၏ မည်းမည်းမြင်ရာရမ်းပစ်ရာမှ ပစ်မှတ်ကိုဒါရိုက်ထိခြင်း။ အသောက်အစားနှင့် မိန်းမတွေရှိ လျှင် ဘယ်ဒေသကိုစေလွှတ်လွှတ် မငြီးမငြူသွားရောက်တတ်ခြင်း။ တိုက်ပွဲဖြစ်တိုင်း ရှေ့ဆုံးမှ ရဲဝံ့စွာ ဖနောင့်နှင့်တင်ပါးတစ်သားတည်း ကျအောင် ထွက်ပြေးခိုင်းတတ်သည့်အတွက် ရဲဘော်များအကျအဆုံးမရှိခြင်းစသည့် အရည်အချင်းများကြောင့် တပ်ခွဲမှူး အဆင့်တိုးမြှင့်ခံရ ကာ ပုခုံးထက်တွင် ရွှေကြယ်သုံးပွင့် တင်ပြီးသည့်သကာလ ယခုကဲ့သို့ ရှမ်းပြည်နယ်ဖက်သို့ Temporary Duty ယာယီတာဝန် ဖြင့် လှုပ်ရှားစစ်ကြောင်းထွက်ခဲ့ရခြင်းဖြစ်လေတော့ သည်။
    ``ဗိုလ်ကြီး ... စစ်ကူတပ်ခွဲတွေရောက်လာပါပြီ ´´
တပ်ကြပ်ကြီးစီနီယာဂျပိုး သတင်းလာပို့တာကြောင့် စစ်ကူများကိုကြိုဆိုရန်ထွက်ခဲ့သည်။
    `` ဟေး... ကြောင်သက်ပိုင်... မအေဘေး ´´
    `` အလို... သခင်ဘသောင်းဟိန်း´´
အရပ်သားဘ၀က အ မျက်နှာကြောသိပ်မတည့်သော  ဗိုလ်ဘသောင်းဟိန်းကို ရှေ့ဆုံးမှ ဗိုက်တစ်လုံးမ၍  ဆေးသေတ္တာတစ်လုံးကိုင် ကာ လျှောက်လာတာတွေ့ရသည်။
    `` ဟိုင်း... မိုင်ဒီးယား ကပတိန်မျိုးသက်ပိုင်.... ဟောင်းဒူးယူဒူး.... ၀ှပ်သဟဲ ´´
    ``ဟိုက်... ၀နေဆွ´´
စစ်ကူတပ်ခွဲကို ကြပ်မတ်လိုက်ပါလာသည်က ၄၅ နှစ်ပြည့်ရန် လေးနှစ်အလို သက်တမ်း (Under-4) ဖြင့် စစ်ထဲရောက်လာ သူ အရာခံ ဗိုလ်ကြီး ၀နေဆွပင်ဖြစ်လေသည်။ ဗိုလ်ဝနေဆွကလည်း သူနှင့်အတူ ဖေ့စ်ဘွတ်ခ်ထဲမှာ ရင်းနှီးခဲ့ဖူးသည်။ တပ်ခွဲကိုတန်းစီခိုင်းပြီး လူစစ် လိုက်တော့ သူ့အသိတွေများနေသည်။
    ``တိုက်ကြက် အဲလေ.. တပ်ကြပ် အနှိုင်းမဲ့ ကိုဆန်း ´´
    `` ရှင့်... အဲ.... ဗျ ´´
    ``ရဲဘော် ဘိန်းစား ဘွန်ဟောင်း´
    `` အေး...ပြော´´
    `` ရဲဘော် ကိုဝိုင် ဝိုင်ကေ´´
    `` ပါတယ်သားကြီး ´´
    `` တိုက်ကြက်ကြီး ဆရာကိုကွန်း´´
    ``သိပ်ဟုတ်တာပေါ့ ငါ့ကောင်ရာ´´
    ““ရဲဘော် ဆိုက္ကားဆရာ သီဟ””
    ““ရှိ””
    ““ရဲဘော်နေမုန်း””
    ““ရဲဘော် ထူးတေဇာ””
    ““ရဲဘော် ဒဿဂီရိ၊ ရဲဘော်ခွန်ဒီးယမ်””
အားပါး....။ အွန်လိုင်းပေါ်က သူငယ်ချင်းတွေ ပြန်ဆုံကြလေပြီ။ လူစုံတက်စုံ။ ဗိုလ်ကြီး မျိုးသက်ပိုင် ပျော်ပျော်ဖြင့်အော်လိုက်သည်။
    `` ၀ူး.... ရဟူး... အာဝု´´
ရဲဘော်များက ၀ိုင်းပြီးထောပနာပေးကြသည်။
      `` ဗိုလ်ကြီးသောက်ပေါ´´

Xxxxxxxxxxxxxxxxxxxx

ရန်သူ့နယ်မြေရှိရာသို့ ချီတက်ကြပြီ

    `` ခု တို့တွေ တက်ရှင်းရတော့မယ်.... ´´
    ““အစိုးရအဖွဲ့ကိုလား ဗိုလ်ကြီး””
    ``အောင်သောင်းရယ်.. ကျော်ဆန်းရယ်... ရှစ်လုံးကြီးရယ် .... အဲလေ.... မနောက်နဲ့.... တို့တက်ရှင်းရမယ့် ရန်သူ့နေရာက ဟိုးမှာ လှမ်းမြင်နေရတဲ့... တောင်ကြောဆီကိုပဲ။ Operation Duty စစ်ဆင်ရေးတာဝန်က နောက်နေ့ မိုးမလင်းမီ ရည်မှန်းချက်ကို
 သိမ်းနိုင်ဖို့ပဲ။ ဒါဟာ B.Q (Battalion Order- တရားဝင်တပ်ရင်းအမိန့် )ဖြစ်တယ်.... ဘာမှစောဒကမတက်ကြနဲ့... Higher Formation Request is Oder ပဲ... ရှင်းတယ်နော်..... ´´
တပ်ခွဲအား ဗိုလ်ကြီးမျိုးသက်ပိုင်မှ စစ်ဆင်ရေးမစမီ ဃ-အနှုတ်တစ်ရက် န-နာရီ မတိုင်မီ Briefing ပေးနေခြင်းဖြစ်သည်။ တတ်သလောက် မှတ်သလောက် အင်္ဂလိပ်စကားညှပ်ပြီးလည်း ခပ်တည်တည်ဖိဟောက်ပစ်လိုက်ပြီး ရဲဘော်တစ်ဦးချင်းစီကို Haversack ဘေးလွယ်အိတ် များ၊ Equipment များ အပြည့်အစုံပါမပါ စစ်ဆေးခိုင်းထားလိုက်သည်။
    ထို့နောက် တန့်ယန်းရှိ စစ်ဗျူဟာရုံးသို့ စစ်ကြောင်းစလှုပ်ရှားပြီးဖြစ်ကြောင်းသတင်းပို့ခိုင်းလိုက်ကာ ညနေ သုံးနာရီ တိတိအချိန်တွင် လွယ်မော်တောင်ကြောမှ လွယ်စန့်တောင်ကြောဆီသို့ မျိုးသက်ပိုင် ခေါင်းဆောင်သည့် စစ်ဆင်ရေး တပ်ခွဲကြီး စထွက်ခဲ့ပါတော့သည်။
    လွယ်စန့်တောင်ကြောမှာ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင်ရှိပြီး သံလွှင်မြစ်က ဂငယ်ပုံဝိုင်းရံစီးဆင်းနေကာ ရှမ်း၊ ၀၊ လွယ်လ၊ ပလောင်၊ ကချင်၊ တရုတ်ရွာများကို ဖြတ်သန်းချီတက်သွားကြရသည်။
    တပ်ခွဲမှုးက လမ်းမှာတွေ့သည့်ရွာတိုင်းတွင် ရန်သူ့သတင်းကို ရဲဘော်များအားစုံစမ်းထောက်လှမ်းစေသည်။ သူတို့အတွက် ဒါက အခက်အခဲလုံးဝမရှိ။ အားလုံးကဖေ့စ်ဘွတ်ပေါ်မှာ ခြေရှုပ်လာကြသည့် အွန်လိုင်းသတင်းသမားကြီးများပင်မဟုတ်ပါလော။
 စစ်ထဲရောက်တော့ ဆောင်ပုဒ်တစ်ခုကို အသေမှတ်ထားရတာပဲရှိသည်။
    `` No Information , No Operation ´´ ဟူ၏။
    ရည်မှန်းချက်သို့ ဗိုလ်ကြီးမျိုးသက်ပိုင်၊ ဗိုလ်ဘသောင်းဟိန်း ၊အရာခံဗိုလ်ကြီး ၀နေဆွတို့ဦးဆောင်သော တပ်ခွဲကြီး ရွာများကိုကွေ့ပတ်ကာ Short Range Peretration ခရီးတိုထိုးဖောက်ချီတက်ခြင်းဖြင့် ချီတက်နေကြသည်။ ထိုစဉ်...

    `` ရပ်.... ရပ် ´´
ရှေ့ဆုံးမှ သွားနေသော BE (မိုင်းရှင်း) တပ်သား ဘိန်းစားဘွန်ဟောင်း၏ အချက်ပြသံနောက်မှာ တပ်ခွဲတစ်ခွဲလုံး အသင့်အနေ အထားဖြင့် မုဆိုးဒူးထောက်ထိုင်လိုက်ကြသည်။
    ``ဘာတွေ့လို့လဲ ရဲဘော် ´´
BE ရဲဘော်ဘိန်းစားဘွန်ဟောင်းက ခါးကြားထဲမှ ဇေဘီအီးပုလင်းလေးကို ထုတ်မော့လိုက်ပြီး ရီဝေေ၀ပြန်ကြည့်ကာ-
    `` ဒီလမ်းကစိတ်မချရဘူးဗိုလ်ကြီ..... ရှေ့မှာ မိုင်းတွေတွေ့တယ်´´
ဗိုလ်ကြီးမျိုးသက်ပိုင် ရှေ့တက်သွားပြီး ရဲဘော်ဘိန်းစားဘွန်ဟောင်း ညွှန်ပြရာ လှမ်းကြည့်လိုက်တော့-
    `` ဟင်.... ချီးပုံတွေ ´´
    `` အင်းလေ... အဲဒါ အပြင်းထန်ဆုံး လူလုပ်မိုင်းတွေပေါ့ နင်းမိရင်မလွယ်ဘူး... ဟီဟီ´´
    `` တောက်... ဒီကောင် အရက်ကြောင်ကြောင်ပြန်ပြီ´´

ဒီလိုနှင့်ရှမ်းရွာကြီးတစ်ရွာသို့ ၀င်ခဲ့ကြသည်။ တိတ်ဆိတ်သောညယံလေးမှာ တစ်ရွာလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
    `` အဖေရေ... ဗိုလ်ကြီးမျိုးသက်ပိုင်တို့ စစ်ကြောင်း ရွာထဲဝင်လာပြီ´´
    `` ဒါဆို... အိမ်ပေါ်အမြန်တက်ပုန်းနေသမီး... တော်ကြာ အဆွဲခံနေရဦးမယ်´´
    `` ဗိုလ်ဘသောင်းဟိန်းနဲ့ ဗိုလ်ဝနေဆွတို့လည်းပါလာတယ်အဖေရေ့..... ´´
    `` ဟင်... ဒါ..ဒါဆို အိမ်အောက်ကခွေးမလေး နှစ်ကောင်ပါ အိမ်ပေါ်တင်ထားလိုက်တော့သမီးရေ....´´
ဗိုလ်မျိုးသက်ပိုင် တို့အဖွဲ့က အဲဒီလို ရပ်ရွာအားပေးမှုကိုရထားသူဖြစ်လေသည်။ ရွာသူကြီးအိမ်ရှေ့ရောက်တော့ သူကြီးမ ဆင်းလာသည်။ ဒီရွာက သူကြီးမဟုတ်ဘဲ သူကြီးမ အုပ်ချုပ်တာဖြစ်သည်။ သောင်းကျန်းသူတို့၏ ဆွေမျိုးမကင်းသော သူကြီးမနာမည်က

ဒေါ်ခင်ကလျာစိုး။ ရှမ်းဘာသာဖြင့် စပ်မိစပ်ရာကွိစိကွစပြောနေတာမို့ နားလည်သောရဲဘော်တစ်ယောက်ကို ခေါ်ရသည်။
    `` ရဲဘော် အနှိုင်းမဲ့ကိုဆန်း .... ဒီမှာ ရှမ်းစကားလာဘာသာပြန်ပေးစမ်း....´´
    `` ဟင်... ကျနော်.. ကျနော်က ရခိုင်လေ... ဘယ့်နှယ်ရှမ်းစကားတတ်မှာတုန်း´´
    `` လျှာမရှည်နဲ့ တတ်သလောက်ပြော´´
အမိန့်ဆိုတော့လည်း ရဲဘော် အနှိုင်းမဲ့ကိုဆန်း တစ်ယောက် သိသလောက်လေးဖောရတော့တာပေါ့။
    `` မဲ့ထောက် ကွန်းထင့် မီးဟား´´(အမေ...သူပုန်ရှိလား)
    `` အိုးမီး... နမ်..နမ် ဟေ ´´ (အိုး ရှိတယ် အများကြီးပဲ)
    `` မီးဂလိုင်´´ (ဘယ်မှာရှိတာလဲ)
    `` မီး လွယ်စန့်ဟောင် ´´ (လွယ်စန့်တောင်ပေါ်မှာ)
ရွှတ် ရွှတ်။ ရန်သူ့အနံ့တော့ခံမိပြီ။ သူတို့စစ်ကြောင်းသတင်းမပေါက်ကြားမီ အချိန်မှီချီတက်ပြီး Night Attack ညတိုက်ပွဲ ဆင်နွဲရ ပေမည်။
    `` ဆက်ထွက်´´

xxxxxxxxxxx

အခန်း(၃)

သူတို့ သွားရောက်တိုက်ခိုက်ကြရမှာက BDSAF အဖွဲ့ဖြစ်သည်။ ခေါင်းဆောင်က တောခိုလာတာမကြာသေးသော ဗိုလ်ချုပ်တုတ်ကြီး(Kotoke Gyi) ။ယခင်က ရန်ကုန်မှာ သောက်ဖော်စားဖက်တွေဖြစ်ပေမယ့် စစ်မှုထမ်းရန်ဆင့်ခေါ်သောအခါ ကိုတုတ်ကြီးတို့အဖွဲ့က--
`` တပ်ထဲဝင်ရင် ရဲဘော်ပဲဖြစ်မယ်.. ကိုယ့်ဘာသာ တစ်ဖွဲ့ထောင်မှ ကြိုက်တဲ့ရာထူးရမယ်´´ ဟုဆိုကာ ခံယူချက်အပြည့်ဖြင့် ရှောင်ပြေးရင်း တောထဲရောက်သွားကြရာမှ လူအင်အားတောင့်တင်းလာကာ BDSAF အဖွဲ့ကြီးကိုတည်ထောင်ရင်း
 ဗိုလ်ချုပ်တုတ်ကြီးအမည်ခံနေလေသည်။ ၎င်းနှင့်အတူ အင်္ဂလိပ်လိုအမည်များရေးထားသူများကို ရွေးချယ်၍ ပေါ်တာဆွဲသွားသဖြင့် Thiri Su၊ Boon Myo Myo ၊ Minko Min၊ Kyaw Swar Myint၊ Okkar Thet Naing ၊ Than Zaw၊ Zaw Lwin Win၊ Han Win Myat
Naing Thaw၊ Aung Nay Myo၊ Soe Min Myat စသူတို့လည်း BDSAF တပ်ဖွဲ့အတွင်း ရောက်ရှိသွားကြပြီး ယခုဆိုလျှင် ရာထူးကြီးကြီး များပင်ရရှိထားသည်ဟူ၏။
    BDSAF ဆိုတာက BE and DRY Gin Special Alcoholic Force ဟု အဓိပ္ပယ်ရသည်။ ဗိုလ်ချုပ်တုတ်ကြီး ၏တပည့်များဖြစ်ကြသော စက်တင်ဘာသွေး(Sept Thway ) နှင့် ဗမာ့သွေး(Bamar Blood)တို့ကလည်း စွာသည်။ မိမိစစ်ကြောင်းတွေနှင့် မကြာခဏ မထိတထိ တိုက်ပွဲများ၊ တို့ကနန်းဆိတ်ကနန်းတိုက်ပွဲများ၊ ဟေးလားဝါးလားတိုက်ပွဲများ ဖြစ်ပွားဖူးသည်ကို စစ်မြေပြင်မှတ်တမ်းများအရ သိရသည်။
    BDSAF ၏ အဓိကလုပ်ငန်းက အရက်မှောင်ခိုတင်သွင်းတင်ပို့ခြင်းဖြစ်လေသည်။ ကျေးရွာများသို့ ၀င်ရောက်စီးနင်း ခြိမ်းခြောက်ကာ အရက်ဆီများ လုယက်ချက်လုပ်သည်။ အရွယ်ရောက်ပြီးသော လူငယ်အရက်သမားများကို တပ်ဖွဲ့တွင်းသို့ အတင်းဆွဲသွင်း ၀င်ရောက်စေ သည်။ ရွာလုံးကျွတ် စလောင်းများ မတပ်မနေရတပ်ဆင်ခိုင်းကာ ညတိုင်းဘောလုံးပွဲများကြည့်ခိုင်းလောင်းခိုင်းသည်။ အမျိုးသမီးလေးများ ကိုဖျက်ဆီးသည်။ ဖျက်ဆီးသည်ဆို၍ တစ်မျိုးမထင်ပါနှင့်။ အရက်တိုက်ပြီး အရက်စွဲအောင်လုပ်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် နေရာတော်တော် များများမှာ မိန်းမအရက်သမားများ တိုးပွားလာရတော့သည်။ မိန်းမကြီးတန်မဲ့ မူးယစ်ရမ်းကားခြင်း၊ ထမီအလံထူ၍ဆဲဆိုတတ်လာခြင်း၊ `` ဘယ်ယောက်ျားမှ ခွေးမထင်ဘူးဟေ့´´ ဆိုပြီးကြိမ်းမောင်းတတ်ခြင်းတို့ကို ပြုလုပ်လာကြသဖြင့် အမိန့်တစ်ရပ်ထုတ်ပြန်ကာ ဗိုလ်ချုပ် တုတ်ကြီးတို့ အဖွဲ့ကို လိုက်လံနှိမ်နင်းနေရခြင်းပင်ဖြစ်တော့သည်။
    မကြာသေးမီကလည်း ရှေ့တန်းသို့ ရိက္ခာပို့ရန်လာသော စစ်ယာဉ်တန်း(Convoy) တစ်ခုကို လမ်းမှဖြတ်တိုက်ကာ အာမီရမ်များ အပြည့်တင်ဆောင်လာ သည့် စစ်ကားကြီးတစ်စီးကိုသာရွေးချယ်လုယက်သွားဖူးသဖြင့် သူတို့ရှေ့တန်းမှ စစ်သားများ တစ်ပတ်ခန့် အရက်ငတ်ကြရဖူးသည်။
    ``တပ်ဖွဲ့...ရပ်... ဒီမှာစခန်းထိုင်မယ်... နှစ်နာရီနားပြီး ရန်သူ့စခန်းကိုသိမ်းမယ်´´
လွယ်စန့်တောင်ခြေသို့ရောက်ရှိခဲ့ကြပေပြီ။ တောင်ကုန်းတွေပေါ်မှာ BDSAF ဌာနချုပ်စခန်းကို လှမ်းမြင်နေရသည်။ မီးခိုးတလုံးလုံးဖြင့် အရက်ချက်စက်ရုံများ။ ၂၄ နာရီ အရက်ဖြူဆိုင်လေးများ။ စင်တင်တေးဂီတဆိုင်တန်းများကို ဆူညံစွာ မီးရောင်တလက်လက်ဖြင့် ကိုက်
 500 အကွာမှ လှမ်းမြင်နေရသည်။ စခန်းကြီးဆီမှ ထအော်လိုက်ကြသော... ``ဟေး.... ဂိုး...ဂိုး... မန်ယူကွ...´´ ဟူသောအသံများကို တစ်ချက်တစ်ချက် ကြားနေရသည်။
    ဗိုလ်ကြီးမျိုးသက်ပိုင် ၀ါးရုံပင်များဘေးမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ရဲဘော်တချို့ထမင်းချက်ရန်ပြင်ဆင်နေပြီး တချို့က ကတုတ်ကျင်းများတူးနေကြသည်။ တပ်ကြပ်အနှိုင်းမဲ့ကိုဆန်း က ဟင်းသီးဟင်းရွက်ခူးဆွတ်ရန် အနီးအနားကိုင်းတောများသို့ ဟိုကြည့်ဒီကြည့်ပြေးကပ်သွားသည်။ သူတို့စခန်းချသည့်နေရာနှင့် ကိုက် နှစ်ရာခန့်အကွာမှာ တရုတ်ကျေးရွာတစ်ရွာရှိသည်။ အချိန်က ည ၁၁ နာရီခန့်ရှိလေပြီ။
    ဗိုလ်ကြီးမျိုးသက်ပိုင် နံဘေးသို့ လက်အောက်အရာရှိများရောက်လာကြသည်။ အရာခံဗိုလ်ကြီး ၀နေဆွက -
    `` ဗိုလ်ကြီး... ဟောဟိုတရုတ်ရွာမှာ မာဆတ်ရှိတယ်ကြားတယ်... ဒီအချိန်မပိတ်လောက်သေးဘူး.. ဘယ်လိုလဲ´´ ဟုစကားစသည်။
ဗိုလ်မျိုးသက်ပိုင် လက်ကာပြလိုက်ပြီး တစ်ဖက်လှည့်ကာ တံတွေးတစ်ချက် ဂလုခနဲမျိုချလိုက်ရ၏။ အရာခံဗိုလ် ၀နေဆွက လူပျိုသိုးကြီး (သေမထူးနေမထူး)တစ်ဦးဖြစ်ပြီး စစ်ထဲဝင်ချင်လှသူမဟုတ်။ စစ်မှုထမ်းရန်ဆင့်ခေါ်ခံရစဉ်က အမိန့်စာရွက်ကိုင်ပြီး အိမ်ရှေ့မှာ  ခြေဆောင့် ကာ-
    `` အီး... မိန်းမလေးတစ်ကောင်လောက်ရမလားလို့ အွန်လိုင်းသုံးမိပါဒယ်... ခုထိမစွံရသေးတဲ့အထဲ ခု စစ်ထဲဝင်ရမယ်ဆိုတော့ ငါ့ဘ၀တော့ရေစုန်မှာ ကားရားကြီးမျောပါပြီး.... အီးးးဝါးး... ငွား..´´ ဆိုပြီး မျက်ရည် ထန်းသီးလောက်ကျအောင်ငိုဖူးသည်။
    `` မြန်မာ့အသံက ဆက်လက် အသံလွှင့်နေပါတယ်ရှန်´´
ဗိုလ် ဘသောင်းဟိန်းက ရေဒီယိုဖွင့်လိုက်သည်။ ရေဒီယိုမှာလာနေတာက စစ်မြေပြင်ရောက် တပ်မတော်သားများဆီသို့ မိဘမောင်ဖွား ချစ်သူများ၏ ပေးစာကဏ္ဍပင်ဖြစ်သည်။ ထိုကဏ္ဍကို မြန်မာ့အသံသို့ ပြောင်းရွှေ့လာသော မဆုမွန်ကကြေငြာနေခြင်းပင်ဖြစ်သည်။
    ``...ဂွီ ဂွမ်.... ရှေ့တန်းရောက်ရဲဘော်များအတွက် အကြောင်းကြားထားသည်မှာ..... ””
ရဲဘော်များ ရေဒီယိုရှိရာ ခေါင်းချင်းဆိုင်သွားကြသည်။ နားရွက်များလည်း တဖျပ်ဖျပ်ထောင်လာကြ၏။
    ``ဂွီဂွမ်... ယခုလအတွင်း ရှေ့တန်းမှ အချိန်မှီပြန်ရောက်မလာပါက သင်တို့၏ အချစ်ရေးတာဝန်အရပ်ရပ်ကို အခြားတစ်ယောက်ထံသို့ လွှဲပြောင်း ထမ်းဆောင်စေတော့မည်ဖြစ်ကြောင်း သက်ထားချစ်ဆွေများက ပေးပို့ထားပါတယ်... ..ဂွီ ဂွမ်... ဂလောင်..ဂျစ်ဂျစ်´´
    `` ဟေးးးး””
သက်ဆိုင်ရာရဲဘော်များ ၀မ်းသာအားရ ထခုန်ကြသည်။ ဗိုလ်ဘသောင်းဟိန်းက ဗိုက်ကလေးကိုပွတ်ကာ- `` ဟေးဟေး စစ်ထဲဝင်လိုက် တာမှန်သွားတယ်´´ ဟု တခွေ့ခွေ့ပြောလေ၏။ ဗိုလ်ကြီးမျိုးသက်ပိုင် ကတော့ အရာခံဗိုလ်ကြီးဝနေဆွ နှင့် ရှေးဟောင်းနှောင်းဖြစ် များပြောဆိုရင်း ၀ါးရုံပင်အကွယ်မှာ ခွက်ပုန်းကစ်နေကြသည်။
ဝနေဆွ က-
    `` ရဲဘော်သံချောင်း(သူရမျိုး) က I.Q ရေး/ထောက်အရာရှိဖြစ်နေတာ။ ခုတပ်ထဲမှာ စစ်သတင်းဂျာနယ်ကို ဦးစီးပြီးထုတ်နေ တယ်လေ..´´
    `` အော်.. ဂလိုလား... ဒါနဲ့ သူက တပ်ချုပ်ထဲမှာ တစ်ပတ်လောက်နေလိုက်ရသေးတယ်ဆိုဗျ´´
    `` အော်...အဲဒါ လား...အဲ့ကောင်က တပ်ထဲရောက်လာတာတောင် လက်ကမြင်းပြီး ဟာသစာတွေရေးဖြန့်တယ်လေ... အဲဒါ... စုံထောက်ကြီးဦးသံချောင်းနှင့် တပ်ရင်းမှူးကတော်လင်ငယ်နေမှု ဆိုပြီးရေးလိုက်လို့ ဒီကောင့်ကို တပ်ရင်းမှူးက တပ်အချုပ်ထဲမှာ
ခုနှစ်ညသိပ်လိုက်တာ´´

ထိုစဉ်မှာပင် --
    ``ဗိုလ်ကြီး... Overhead Bunker (အမိုးပါခေါင်ကတုတ်ကျင်း) တွေ၊ Foxhole (ခွေးယက်ကျင်း) တွေတူးပြီးပါပြီ။ ၆၀ မမ စိန်ပြောင်း တစ်လက်၊ ၈၂ မီလီမီတာ တစ်လက်၊ ၅၇ မမ စိန်ပြောင်းတစ်လက်၊ RPG ငှက်ပျောဖူးလောင်ချာသုံးလက်၊ သုံးဒဿမငါး
 ရော့ကတ်လောင်ချာ နှစ်လက်၊ ကာဘိုင်နဲ့ ရိုင်ဖယ်ကိုယ်စီနဲ့ ၇ ဒဿမ ၆၂ ကျည်ဆံဆယ်သေတ္တာပြင်ဆင်ပြီးပါပြီ။ Dumping (စုပုံရိက္ခာ) တွေလည်း အလုံအလောက်ပါပဲ။ တိုက်ပွဲစတင်ရန်အသင့်ပါ´´
    ရဲဘော် ဒဿဂီရိ နှင့် ရဲဘော် ခွန်ဒီးယမ် တို့က လာရောက်သတင်းပို့ကြ၏။ လိုအပ်ရင် Mountain Warfare တောင်ပေါ်တိုက်ပွဲနှင့် Jungle Warfare တောတွင်းတိုက်ပွဲ နှစ်မျိုးစလုံးဆင်နွဲရမည်ဟု ဗိုလ်ကြီးမျိုးသက်ပိုင် တွက်ထားလိုက်၏။ ဒီထက်ပိုလိုအပ်လာပါက စစ်ကဏ္ဍကြီးလေးရပ်ဖြစ်သည့် ချီစစ်(Advance) ၊ တိုက်စစ်(Attack) ၊ ခံစစ် (Defence)၊ ခွာစစ် (Withdraw) တို့ထက်မြင့်မားသော သူလုပ်ဆောင်နေကျ ``နောက်ပြန်မကြည့်ကြေး ထွက်ပြေးကြရေး´´ ကိုလည်းသုံးမည်ဟု ကျိတ်တွေးလိုက်လေသည်။

xxx x x xx x xx xxx

အခန်း(၄)

    ထိုအချိန်တွင် မြန်မာ့နိုင်ငံရေးကြီးမှာ အပြောင်းအလဲကြီးမားစွာဖြစ်ပေါ်လျှက်ရှိပေသည်။
    လွှတ်တော်အမတ်များ ဖေ့စ်ဘွတ်ပေါ်အကောင့်မျိုးစုံနှင့် တက်လာရာမှတဆင့် ဖေ့စ်ဘွတ်ထဲရှိ ခင်မင်ရာလူများကိုပါ လွှတ်တော်ထဲ ဆွဲသွင်းကြလေ၏။ အွန်လိုင်းလောကကြီးမှာ ကြီးကျယ်ခမ်းနားလွန်းလှပါကြောင်း။ နောင်တစ်ခေတ် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် တတ်သိပညာရှင်များဖြင့်မပြီးဘဲ အွန်လိုင်းပေါ်မှပညာရှင်ကြီးများကိုပါ ထည့်သွင်းလုပ်ဆောင်စေပါက တိုင်းပြည်ဒီထက် မက ချောက်ထဲကျ(အဲလေ) ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း စသဖြင့် အဆိုတင်သွင်းကြပြီးသကာလ ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကို ဂျီတော့ခ်မဲဆန္ဒနယ်၊ Youtube မဲဆန္ဒနယ်၊ ဖေ့စ်ဘွတ်ခ်မဲဆန္ဒနယ်၊ ၀က်ဘ်ဆိုက်မဲဆန္ဒနယ် ဟူ၍ မဲဆန္ဒနယ်မြေလေးရပ်သတ်မှတ်ပြီး အွန်လိုင်းမှပင် မဲပေးစနစ်ဖြင့် ကျင်းပကြကုန်၏။
    ထိုအွန်လိုင်းကြားဖြတ်ရွေးကောက်ပွဲတွင် ဖေ့စ်ဘွတ်မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် အဂ္ဂမဟာ ဒီမိုဖက်တီးကလည်းကောင်း၊ Youtube မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် အဂ္ဂမဟာသရေစည်သူ ဦးစည်သူကလည်းကောင်း၊ ဂျီတော့ခ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် Sayar Phosal ကလည်းကောင်း၊ ၀က်ဘ်ဆိုက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒီမိုဝေယံက လည်းကောင်း ပြိုင်ဖက် မရှိ အလိုလိုအနိုင်ရရှိပြီး ခေါင်းပေါင်းစ ညာချကာ လွှတ်တော်တွင်း ၀င်ရောက်ကြလေကုန်သတည်း။
    (ဤနေရာတွင် စကားချပ်အနေဖြင့် ပြောလိုသည်မှာ အဆိုပါကိုယ်စားလှယ်လေးဦးသည် လွှတ်တော်မတက်မီတွင် ယခင်ကာလများက မပြတ်မသားဖြစ်ခဲ့သော ကျမ်းသစ္စာကျိန်ဆိုသည့်အခန်းမှ လေးစားလိုက်နာနှင့် ကာကွယ်စောင့်ရှောက်စကားလုံးများ ကို ပြင်ဆင်ပေးပါရန် အတွက် အွန်လိုင်း တစ်ပတ်မသုံးဘဲ ဆန္ဒပြတောင်းဆိုခဲ့ကြလေသည်။ ထိုသူများ အွန်လိုင်းမသုံး၍ အွန်လိုင်းပရိသတ်များမှာ ဆူညံပွစိဖြစ် ကုန်ကြခြင်း၊ အဘဥက္ကာကိုကိုဆိုသည့် ငတိကလည်း အွန်လိုင်းပေါ် ပွစိတက်အောင် ဖွကာ ဆူပူမှုဖြစ်စေရန်သွေးထိုးနေခြင်း စသည့် အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ နိုင်ငံတော်သမ္မတ ဘပြောင်က ““လုပ်ပေးလိုက်ကွယ်”” ဟူ၍ အမိန့်ပေးပြီး ပြင်ဆင်ပေးလိုက်ပါမှ ကိုယ်စားလှယ်လေးဦး လွှတ်တော်အတွင်း ဒူးနန့်နန့် ပေါင်နန့်နန့်ဖြင့် ၀င်ရောက်သွားကြခြင်းဖြစ်လေသည်။
    ထိုသို့ နိုင်ငံတကာမှ မကြားဖူးသော အွန်လိုင်းကိုယ်စားလှယ်လေးဦးကို လွှတ်တော်အတွင်း သွတ်သွင်းလိုက်ခြင်းကြောင့် ကမ္ဘာကလည်း လက်ခုပ်တဖြောင်းဖြောင်းတီးကာ ဘပြောင်ကို ချီးကျုးကြလေကုန်၏။ ထို့နောက် ပိတ်ဆို့ထားသော စီးပွားရေးတံခါးများကို ၀ုန်းခနဲဆွဲဖွင့်ပေး လိုက်ကုန်၏။ ချေးထားသော ပိုက်ဆံများကိုလည်း လျှော်ပစ်လိုက်ကြကုန်၏။ အီသီယိုပီးယားသံအမတ် Brightening Light (Crazii) နှင့် ဖင်လန်သံအမတ် Bryan Adams တို့လည်း မြန်မာနိုင်ငံသို့ ကုတ်ချောင်းချောင်းလာရောက်၍ အွန်လိုင်းကိုယ်စားလှယ်များနှင့် ဓာတ်ပုံတွဲ ရိုက်ကြကုန်၏။
    ထို့နောက် အွန်လိုင်းလွှတ်တော်ကိုယ်စားလှယ်များသည် ပထမဆုံးမေးခွန်းများတင်သွင်းခြင်း အဆိုတင်သွင်းခြင်းများကို ပြုလုပ်ကြရာ အွန်လိုင်းပေါ်ရှိ ၎င်းတို့အသိမိတ်ဆွေများ စစ်ပွဲကြားရောက်ရှိနေကြခြင်းနှင့် ပတ်သက်၍ စစ်ပွဲရပ်စဲရှိမရှိ၊ စစ်ကူစေလွှတ်ရန် ရှိမရှိတို့ ကို မေးမြန်းကြလေသည်။ အဆိုကို NLD လွှတ်တော်ကိုယ်စားလှယ် ဇေယျာသော်က ““အိုး... ပြဿနာတွေတက်... ပြဿနာတွေတက်.... ရှင်းရင်ရှင်း... မရှင်းရင်ဗျင်း... ရို့ ရို့””ဟူ၍ ထောက်ခံဆွေးနွေးကာ သက်ဆိုင်ရာ ၀န်ကြီးများက ပြန်လည်ချေပကြကုန်၏။
နောက်ဆုံးတွင်တော့ မဲခွဲဆုံးဖြတ်ကြရာ လက်ညိုးထောင်ခေါင်းညိတ်ပါတီမှ မဲအများဆုံးရရှိပြီး စစ်ပွဲကိုအနိုင်တိုက်ရန် ဆုံးဖြတ်လိုက်ကြလေ ၏။ ထို့ကြောင့် အွန်လိုင်းပေါ်မှ စစ်ထဲရောက်လာသော ဗိုလ်မှူး ၀နေ ငဆွေ၊ စနေငပေတို့ ညီအကိုအား ဗျုဟာမှူးများအဖြစ် ခန့်အပ်ကာ ဗိုလ်ကြီး ကိုသင်ကာ နှင့် ဗိုလ်ကြီးကိုသုကာတို့အား စစ်ကြောင်းမှူးများခန့်အပ်၍၊ စစ်ပွဲတစ်ခုလုံးအောင်မြင်ရေးအတွက် အွန်လိုင်းပေါ်မှပင် စစ်ထဲရောက်လာပြီး ရာထူးအဆင့်ဆင့်တက်လာသည့် ဒုဗိုလ်မှူးကြီး တစ်ဦးအား ကွပ်ကဲရန် တာဝန်ပေးအပ်လိုက်ကြလေသည်။ အဆိုပါကွပ်ကဲသူရွေးချယ်မှုကို အဂ္ဂမဟာဒီမိုဖက်တီးက အကြံပြုခြင်းဖြစ်ပြီး ယတြာကျေသည့်သဘောပါဝင်စေရန် ရွေးချယ်လိုက်ခြင်းဖြစ် ကာ ထိုကွပ်ကဲရေးဗိုလ်မှူးကြီးအမည်မှာ စစ်ကိုနိုင် ဟူ၍ဖြစ်လေသည်။

ဆက်လက်ဖော်ပြပါဦးမည်...........

လွန်တာရှိ ၀န္ဒမိပါ အရပ်ကတို့.... :P
ဥက္ကာကိုကို

(မှတ်ချက် - ဤ၀တ္ထုကို ယခင်က သတင်းသမားများစစ်ထဲဝင်ရင်ခေါင်းစဉ်ဖြင့် ရေးသားထားခဲ့ဖူးပါသည်။ ယခုအခါ အွန်လိုင်းပေါ်မှ ဘော်ဒါ ကြီးငယ်များအား နောက်ပြောင်ကျီစယ်လိုသည့် ဆန္ဒဖြင့် ပြန်လည်ပြင်ဆင်ရေးသားလိုက်ပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...