Friday, April 27, 2012

China Power ( မဟာတရုတ်ပြည်သစ်)


by Kyawswar Aung on Thursday, April 5, 2012 at 10:56am

၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို သတိထားစရာ အဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။
“အကယ်၍ တရုတ်သည် သူ့ နယ်နမိတ်ကို ကျော်လွန်ပြီး အင်အား ချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီး လွတ်လပ်မှုအတွက် အ၀ါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။
အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး အသုံးပြုရင်း ရုရှား ဩဇာ မကြီးနိုင်အောင် ၀ါးမျိုသွားလိမ့်မည်။”

 ပထ၀ီ အမြင်နဲ့ ကြည့်ရင် ရုရှားနဲ့ အခြား ယူရေးရှား နိုင်ငံတွေဟာ ကုန်းတွင်းပိုင်း အင်အားကြီးပေမယ့်၊ ပင်လယ် မျက်နှာစာ ချဲ့ကားဖို့အတွက် ရေခဲတွေက ပိတ်ကားထားလို့ အကန့်အသတ် ရှိနေတယ်။ တရုတ်ကျတော့ သဘာဝ ဆိပ်ကမ်း ကောင်းတွေနဲ့ ကမ်းရိုးတမ်း ရေမိုင် ၉၀၀၀ ကျော် ရှိတာမို့၊ ကုန်းပိုင်း ပင်လယ်ပိုင်း အင်အား နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ မက်ကင်ဒါ အနေနဲ့ တရုတ်ဟာ တစ်နေ့နေ့မှာ ရုရှားကိုတောင် လွှမ်းမိုးသွားမှာ သူစိုးရိမ်ကြောင်း ဖွင့်ပြောထားခြင်း ဖြစ်ပါတယ်။
တရုတ်ဟာ သူရဲ့ တွင်းထွက်ပစ္စည်း၊ ဟိုက်ဒရိုကာဗွန်၊ ဓနရင်းမြစ်တွေနဲ့ ဗဟိုအာရှထိ ဖြန့်ကျက်ပြီး ပစိဖိတ် သမုဒ္ဒရာကို အဓိက သင်္ဘော လမ်းကြောင်းတွေ ဖွင့်ထားမယ်။ ပြီးရင် အမေရိက၊ ဂရိတ်ဗြိတိန် တို့နဲ့အပြိုင် ကမ္ဘာ့ လေးပုံတစ်ပုံသော လူသား ယဉ်ကျေးမှုသစ်ကို ဦးဆောင် သွားလိမ့်မယ်လို့ ဆိုပါတယ်။ ပထ၀ီ အားသာမှုက လက်ရှိ စီးပွားရေး ဆန်းပွင့်မှုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်မှုတို့ ထက်ကို တရုတ်အတွက် ပိုမျက်နှာသာ ပေးနေတယ်လို့ ဆိုရပါမယ်။ ဆိုလိုတာက နှစ်၃၀ လောက် နှစ်စဉ် ဂျီဒီပီ ၁၀ ရာခိုင်နှုန်းနဲ့ ပုံမှန် စီးပွားရေး မျဉ်းဖြောင့် အတိုင်း တိုးတက်နေရာကနေ ရုတ်တရက် ထိုးစိုက်ဆင်းဦးတော့၊ ပထ၀ီနိုင်ငံရေး ဗဟို အချက်ကျမှုက တရုတ်ကို အမြဲမားမားကြီး ကမ္ဘာ့အလယ်မှာ ရပ်တည်နေစေမယ့် သဘောပါပဲ။

တရုတ်ရဲ့ မူရင်းပုံစံက ဗဟိုကနေ ချုပ်ကိုင်ပြီး လူ့အဖွဲ့အစည်းကို ဖိပြီးဆွဲတင်မယ့် `ဟိုက်ဒရောလစ် ယဉ်ကျေးမှု´(hydraulic civilization) ဖြစ်ပါတယ်။ အဲဒီ ဟိုက်ဒရောလစ် ယဉ်ကျေးမှုကို အနောက်တိုင်း မော်ဒန်နဲ့ အဆုံးစွန် ရောသမမွှေသွားမယ့် ပုံစံဖြစ်ပါတယ်။
ဗဟိုချုပ်ကိုင်မှုကြောင့်ပဲ ပေကျင်း အစိုးရဟာ သန်းပေါင်းများစွာသော လူထုလုပ်အားနဲ့ အဓိက အခြေခံ အဆောက်အအုံ (infrastructure) တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီ့ စနစ်ကြောင့်ပဲ ဒီမိုကရေစီ အစိုးရတွေ မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တရုတ်ဟာ မရပ်မနား တက်ကြွရှင်သန်နေပုံ ရပါတယ်။
နှစ်ပေါင်း ၄၀၀၀လောက်က စခဲ့တဲ့ မင်းဆက် ၂၅ဆက်ရဲ့ ပင်ပွားမျိုးဆက်၊ ကွန်မြူနစ် အမည်ခံ ယနေ့ တရုတ် အုပ်စိုးသူများဟာ အနောက်တိုင်း နည်းပညာတွေနဲ့ ကျင့်သုံးပုံတွေကို စုတ်ယူနေတယ်။ အနောက် နည်းပညာ တွေကို ကိုယ့်ကိုယ်ပိုင် ယဉ်ကျေးမှု အတွေ့အကြုံတွေနဲ့ စနစ်တကျ ပေါင်းစပ်ပြီး၊ အခြားနိုင်ငံငယ်တွေကို မိမိရဲ့ မြစ်လက်တက်သဖွယ် ဆက်ဆံထားပါတယ်။
စင်္ကာပူ ၀န်ကြီးတစ်ဦး ပြောသလိုဆိုရင် “တရုတ်ဟာ ခင်ဗျားကို ဆွဲဆောင်ဖမ်းစား ညှို့ယူချင်တဲ့အခါ ညှို့ယူမယ်၊ ဖျစ်ညှစ် ချင်တဲ့အခါ ဖျစ်ညှစ်မယ်၊ နှစ်ခုစလုံးကို လုံးဝ စနစ်တကျလုပ်ပါလိမ့်မယ်” တဲ့။ ဒီလိုနဲ့ တရုတ်ရဲ့ အတွင်းပိုင်း တက်ကြွ ရှင်သန်မှု (dynamism)က ပြင်ပ ရည်မှန်းချက်များကို ဖန်ဆင်းပေးလာပါတယ်။

တရုတ်က သူ့အစိုးရ စနစ်ပုံစံနဲ့ အိုင်ဒီအိုလိုဂျီကို ပျံ့နှံစေဖို့အတွက် နိုင်ငံတကာကို မစ်ရှစ်တွေ လွှတ်တာမျိုး မရှိပါဘူး။ အမေရိကန်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက နိုင်ငံတကာ ရေးရာတွေမှာ သူ့ဂုဏ်သိက္ခာ ကြီးစေဖို့ ဖြစ်တယ်။ ဒါမျိုး တရုတ်မှာ မလိုဘူး။ တရုတ်ရဲ့ နိုင်ငံတကာရေးဆိုတာက သူ့မှာ လိုအပ်နေတဲ့ စွမ်းအင်၊ သတ္တု၊ တွင်းထွက်တွေ ရယူဖို့ပဲ ဖြစ်ပါတယ်။ ငါးပုံ တစ်ပုံ ပမာဏ ရှိသော သူ့လူထုကို လူနေမှု အဆင့်အတန်း မြှင့်တင် ပေးဖို့က အမြင့်ဆုံး ရည်မှန်းချက်တစ်ခု။
တိုးတက်မှုနဲ့ လောင်စာစီ အပါအ၀င် လိုချင်တာ ရဖို့ဆိုရင် ကမ္ဘာ့နယ်မြေ ဘယ်လောက်ဝေး ဝေးပါစေ၊ ပေကျင်း အစိုးရက မိုးမြေအဆုံး လိုက်ပြီး စွန့်စား ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာထွက် ဆက်ဆံဖို့ တွန်းအား ပေးနေတာက စီးပွားရေး ရှင်သန်စေမှု ဆိုတဲ့ တရုတ် အမျိုးသားရေး အကျိုးစီးပွားပါ။ တရုတ်အစိုးရကို အဓိပ္ပါယ် ဖွင့်ကြည့်ရင် တကယ့် လက်တွေ့ ပါဝါသမား (realist power)
ရေနံနဲ့ တွင်းထွက် ပေါကြွယ်ဝတဲ့ အာဖရိက နေရာ တော်တော်များများကို အခု ခြေဆန့်ထားပြီးပါပြီ။ အိန္ဒိယ ပင်လယ်၊ တောင်တရုတ် ပင်လယ် ဆိပ်ကမ်း အားလုံး ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ဆောင်ရွက်ရာမှာတရုတ်က သူ ဆက်ဆံနေတဲ့ အစိုးရ ဘယ်လိုအစိုးရ ဖြစ်တယ်ဆိုတာ ဂရုမစိုက်ဘူး။ ဘယ်လို အစိုးရ ပုံစံဖြစ်ဖြစ် သူ့အတွက် အကျိုး ရှိမယ်ဆိုရင် ထိတွေ့ဆက်ဆံ သွားမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ အီရန်၊ မြန်မာ၊ ဆူဒန်တို့လို့ တိုးတက်မှုပညာ နုံနည့်တဲ့ အာဏာရှင်တွေဆီကနေ တရုတ်က ရင်းမြစ်တွေ အရမ်း နှိုက်ယူနေတဲ့အခါ၊ သံတမန်နည်း မစ်ရှင်နည်းတွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အမေရိက၊ အိန္ဒိယတို့နဲ့ ထိပ်တိုက်တိုး ကုန်ပါတယ်။
ဒါပေမဲ့ တရုတ်နဲ့ အမေရိက ကြားမှာ စစ်ဖြစ်လောက်မယ့် အခြေအနေက ဝေးလှပါတယ်။ တရုတ် စစ်တပ်က အမေရိကကို ခြိမ်းခြောက်ရင်တောင် သွယ်ဝိုက်တဲ့ ပုံစံနဲ့ပဲ ရှိပါမယ်။ တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန် နေ့စဉ် ရင်ဆိုင်နေရတဲ့ ကြွေးပြဿနာ၊ ကုန်သွယ်ရေး ပြဿနာ၊ ကမ္ဘာကြီး ပူနွေးမှု ပြဿနာတွေ ရှိလင့်ကစား၊ တကယ် တရုတ် စိန်ခေါ်မယ့် အရာက သူ့ရဲ့ ပထ၀ီ အားသာမှုကနေပဲ ဖြစ်ပါမယ်။
တရုတ်က ယူရေးရှားနဲ့ အာဖရိကတို့ အပေါ် တနေ့တခြား ဩဇာလွှမ်းမိုးလာမှုဟာ ၁၉ရာစု ကိုလိုနီ ပုံစံမျိုး မဟုတ်ဘဲ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နဲ့ ပိုမို အံဝင်သင့်လျှော်အေင် ပါးနပ်လွန်းတဲ့ အပြုအမူမျိုး ဖြစ်နေပါတယ်။ သူ့ စီးပွားရေး လိုအပ်ချက် အတွက် အရှေ့ကမ္ဘာခြမ်းရဲ့ ပါဝါချိန်ခွင်လျှာကို အပိုင်ထိန်းချုပ်ဖို့ ကြိုးစားနေမှုဟာ အမေရိကန်အစိုးရကို အများကြီး စိုးရိမ်ပူပန် နေမထိထိုင်မသာ ဖြစ်နေစေပါတယ်။
မြေပုံအရ ကုန်းမြေနဲ့ ပင်လယ် မျက်နှာသာပေးမှု အခြေအနေကြောင့် တရုတ်ဟာ ဗဟိုအာရှကနေ တောင်တရုတ် ပင်လယ်၊  ရုရှား အရှေ့ဖျားကနေ အိန္ဒိယ ပင်လယ်အထိ မြင်မြင်ထင်ထင် ချဲ့ကားလာပါတယ်။ နပိုလီယံ တခါက ပြောခဲ့တဲ့ “တရုတ်နဲ့ အာရှနိုင်ငံတွေရဲ့ မူဝါဒတွေဟာ ရေရှည်မှာ သူတို့ ပထ၀ီ အနေအထားထဲကပဲ ထွက်လာမယ်” ဆိုတဲ့ စကားဟာ သွေးထွက် အောင် မှန်လာပါ တယ်။

တရုတ်လက်တံက ယူရေးရှား အထိ ချဲ့ကားဆန့်တန်း ပြီးပေမဲ့၊ သူ့သဘာဝရင်းမြစ် တောင့်တမှု လိုအင်က မလုံလောက်သေးပါဘူး။ ဗဟိုအာရှကို စိုးမိုးချယ်လှယ်ဖို့ စင်ကျန်းဒေသကို ဖြတ်ပြီး ရေနံ  ပိုက်လိုင်းကြီး နှစ်ခု သွယ်တန်း တည်ဆောက်ထားပါတယ်။ တစ်ခုက ကာဇက်စတန် ကိုဖြတ်ပြီး ကက်စပီယံ ပင်လယ်မှ ရေနံ သယ်ဖို့။ နောက်တခုက ဥဇဘက်ကစ်စတန်နဲ့ ကာဇက်စတန်တို့ကို ဖြတ်ပြီး တက်မင်နစ္စတန်မှ သဘာဝဓါတ်ငွေ့ သယ်ထုတ်ဖို့။
သဘာဝ ရင်းမြစ်တွေ ဆာလောင်နေတဲ့ တရုတ်ဟာ အဲဒီ့ဒေသတွေကို အမြဲ ဆုပ်ကိုင်ထားဖို့ စွန့်စားလုပ်ဆောင် မှာ ဖြစ်ပါတယ်။ စစ်ဒဏ်ရာဒဏ်ချက်နဲ့ စုတ်ပြတ်နေတဲ့ အာဖဂန်နစ္စတန် ကာဘူးမြို့တောင်ဘက်ရှိ ကော့ပါးတွေကိုတောင် မိုင်းခွဲ ထုတ်နေပါပြီ။ ကမ္ဘာ့ နောက်ဆုံး ရတနာသိုက်ဖြစ်တဲ့ အာဖဂန်နစ္စတန်ရဲ့ သံ၊ ရွှေ၊ ယူရေနီယံ၊ အဖိုးတန် ကျောက်မျက်တွေကို မျက်စောင်းတခဲခဲ ဖြစ်နေပါပြီ။
တရုတ် အစိုးရဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ကိုဖြတ်ပြီး လမ်းတွေဆောက်၊ ပိုက်လိုင်းတွေ သွယ်တန်း၊ ဗဟိုအာရှကို လွှမ်းမိုးဖို့ အိန္ဒိယပင်လယ် ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။ တကယ်လို့ အမေရိကန်က အာဖဂန်နစ္စတန်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပြီဆိုလျှင် တရုတ်ရဲ့ ပထ၀ီ မဟာဗျူဟာက ပိုအောင်မြင်လာဖို့ ရှိနေပါတယ်။

တိဘက် ဒေသကိုလည်း တရုတ်က သူ့ကိုယ်ပိုင် နယ်နမိတ်လို့ ယူဆထားတာပါ။ တောင်တွေ ထူထပ်တဲ့ တိဘက် ကုန်းပြင်မြင့်များမှာ ကော့ပါးနဲ့ သံသိုက်ကြီး ရှိနေတယ်။ ဒါကြောင့်လည်း တိဘက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုကို အထိတ်တလန့် ရှုမြင်တတ်ပါတယ်။ တိဘက် လုံးဝလွတ်လပ်ရေး ဆိုတာတော့ လေသံတောင် မကြားချင်ပါဘူး။
အဲဒီ့ ဒေသကြီးကိုဖြတ်ပြီး လမ်းတွေ မီးရထားလမ်းတွေ အသည်းအသန် တည်ဆောက်နေပါတယ်။ တကယ်လည်း တိဘက်မပါရင်၊ တရုတ်ဟာ ခန္ဓာကိုယ် အောက်ပိုင်း  မပါသလို ဖြစ်သွားပါမယ်။ တရုတ် လက်လွှတ်လိုက်ရင် တဘက်က အိန္ဒိယကလည်း သူ့ရဲ့ မြောက်ပိုင်းဇုံထဲ တိဘက်ကို ဆွဲထည့်သွားဖို့ အသင့်ပါပဲ။

လူဦးရေ သန်းတစ်ထောင့်နှစ်ရာ ရှိလာပြီဖြစ်တဲ့ အိန္ဒိယက တရုတ်ရဲ့ အာရှဇုံ လွှမ်းမိုးချယ်လှယ်ရေးအပေါ် ပထ၀ီ အရ စိန်ခေါ်မယ့်သူ ဖြစ်ပါတယ်။ ပထ၀ီ ရေစက်အရ တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ လူဦးရေများပြားလွန်းကြတဲ့ အိမ်နီးချင်းတွေ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကြီးတွေ၊ နယ်မြေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ရှိနေပါတယ်။ 

အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံတစ်ခုက မြန်မာပါ။ ပါကစ္စတန်ကို အာရှရဲ့ ဘောလ်ကန် ဒေသလို့ ပြောမယ်ဆိုရင်၊ မြန်မာ ကတော့ ၂၀ရာစု အစောပိုင်း ဘယ်လ်ဂျီယံ နိုင်ငံ အခြေအနေမျိုးမို့ အီမ်နီးချင်း နိုင်ငံများရဲ့ စားကျက် ဖြစ်သွားပါမယ်။ တရုတ် အရေးပေါ်လိုအပ်နေသမျှ သဘာဝ ရင်းမြစ်အားလုံးကို ချိနဲ့တဲ့မြန်မာက ရင်းပေးရဖို့ ရှိပါတယ်။
အာစီယံ ဈေးကွက်ထဲ တရုတ် စက်မှုထုတ်ကုန်တွေ ရောင်းချပြီး၊ တန်ဖိုးနိမ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို ပြန်ဝယ်ပါတယ်။ ဒါက တရုတ်ရဲ့ ကုန်သွယ်မှုကို အမြတ်ပိုလျှံငွေ (surplues) ရရှိစေပြီး၊ အာစီယံ နိုင်ငံများအဖို့တော့ တရုတ်လုပ်သားများက ဈေးပေါပေါ ထုတ်တဲ့ မစွံတဲ့ လျှော့ဈေး အမှိုက်ပုံ နေရာကြီးလို ဖြစ်လာပါတယ်။ အဲဒီ့ အခြေအနေကို ထိုင်းနိုင်ငံမှာ သိသိသာသာ တွေ့နိုင်ပါတယ်။
တစ်ခါက ထိုင်းဟာ ဒေသတွင်း အားကောင်းတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့၊ အခု ပြည်တွင်းနိုင်ငံရေး ပြဿနာများကြောင့် တရုတ်ကို တန်ပြန်ကျားကန် နိုင်မယ့် အနေအထား နည်းသထက် နည်းလာပါတယ်။ မကျန်းမမာတဲ့ ဘုရင်ကြီး နဲ့အတူ တော်ဝင်မိသားစုရဲ့ ဩဇာ ကျသထက်ကျလာပြီး၊ ထိုင်းစစ်တပ်အတွင်း အုပ်စုဖွဲ့မှုတွေ ရှိလာပါတယ်။
ဒီအချိန်မှာ တရုတ်က နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု ဖွံဖြိုးအောင်လုပ်ထားသလို၊ အာစီယံ နိုင်ငံများ အားလုံးနဲ့ပါ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်လာပါတယ်။ အမေရိက အဖို့တော့ အီရတ်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနဲ့ အကြမ်းဖက်တို့နဲပါ ပျာယာခတ်နေသမို့ တရုတ် ခြေလှမ်းကို ထိထိရောက်ရောက် အာရုံ မစူးစိုက်နိုင်သေးပါဘူး။

စင်္ကာပူကတော့ တရုတ် လူမျိုး အများစု နေထိုင်ရာ နိုင်ငံလေး ဖြစ်ပေမယ့်၊ အစိုးရက တရုတ်ပြည်မရဲ့ လက်အောက်ခံ ဖြစ်ရမှာ သိပ်ကြောက်ပါတယ်။ ဒါကြောင့်လည်း မကြာခင်က ထိုင်ဝမ်နဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေတောင် လုပ်ခဲ့ ပါသေးတယ်။ လီကွမ်ယူ ကိုယ်တိုင်ကလည်း အမေရိကန် ပြည်ထောင်စုကို စစ်ရေးရော သံတမန်ရေးပါ ဒေသနဲ့ အမြဲထိစပ် ပေးထားဖို့ ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့ ပါတယ်။
အင်ဒိုနီးရှားကျတော့ တရုတ်ကို ကျားကန်ထားဖို့အတွက် အမေရိကန် ရေတပ်တည်ရှိခွင့် ပေးထားပါတယ်။ ဒီလို အမေရိကန်တွေကို နေရာပေးထားတဲ့အတွက် ကျန်အစ္စလမ် ကမ္ဘာရဲ့ မျက်မုန်းကျိုးမှာလည်း ပူပန်ရတာမို့ နှစ်ဘက်ကြား ညပ်နေပါတယ်။
မည်သို့ဆိုစေ၊ အရှေ့တောင်အာရှမှာ အမေရိကန် ဩဇာပါဝါ လဆုတ်ရက်တွေ ရောက်လာနေပြီး၊ ပေကျင်း အစိုးရရဲ့ ခွဲခြား-သိမ်းပိုက်ရေး မဟာဗျူဟာက ခေါင်းထောင်လာပါတယ်။ ဒါကို ကျားကန်နိုင်ဖို့အတွက် အာရှဒေသတွင်း နိုင်ငံများဟာ အချင်းအချင်း မဟာမိတ် ပြုလာကြရပါတယ်။
ဥပမာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ဟာ ခိုးတတ်လွန်းတဲ့ တရုတ်ကို ကာကွယ်ဖို့ မူပိုင်ခွင့် ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ ဒီနိုင်ငံတွေ ပိုမို ပေါင်းစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် လာနိုင်တာနဲ့အမျှ၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အနည်းနဲ့အများ ဟန့်တား ထားနိုင်မှာ ဖြစ်ပါတယ်။အထီးကျန်မြောက်ကိုရီးယား အစိုးရဟာ အခြေခံအားဖြင့် မတည်ငြိမ်တဲ့ သဘောရှိပြီး၊ သူ  ပြိုကွဲ ပျက်ပြားရင် ဒေသကြီး တစ်ခုလုံးကို အကျိုးသက် စေပါလိမ့်မယ်။ မန်ချူးရီးယားကနေ ငေါထွက်နေတဲ့ ကိုရီးယား ကျွန်းဆွယ်ဟာ တရုတ် အရှေ့မြောက်ဘက် ပယ်လယ်ရေကြောင်း သွားလာရေး အားလုံးကို ထိန်းချုပ် ထားနိုင်ပါတယ်။

တရုတ်က ကိုရီးယား ကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပစ်ဖို့ ဆိုတာတော့ ဘယ်သူမှ မမျှော်လင့်ပါဘူး။ နို့ပေမဲ့ မြောက်ဘက်ကိုတော့ အချုပ်အခြာ ပိုင်ဆိုင်ခွင့် အကြောင်းပြရင်း ဆရာကြီး အမြဲလုပ်ထားမှာ ဖြစ်ပါတယ်။ ကင်ဂျုံးအီရဲ့ ကွန်မြူနစ်အစိုးရကို ထောက်ခံပေးထားသလို၊ တဘက်မှာလည်း ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အစီအ စဉ်တွေ တရုတ်မှာ ရှိနေပါတယ်။
တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆုံတွေ့ရာ တူမန်မြစ် ဒေသဟာ ဆိပ်ကမ်းကောင်းတွေ ရှိပြီး၊ ပစိဖိတ် သမုဒ္ဒရာပေါ်က ဂျပန် သင်္ဘောတွေ ၀င်ထွက်ဖို့ ရှိပါတယ်။ ဒီဒေသကို စီးပွားရေးအရ ပုံမှန် ကြီးစိုးထားပြီး နိုင်ငံရေး အခြေခံ (base) တည်ထားဖို့ တရုတ်က စီမံနေပါတယ်။ ဒီရည်ရွယ်ချက်အတွက် မြောက်ကိုရီးယား ကနေ ထွက်ပြေးပြီး အခု တရုတ်ပြည်မှာ လာရောက် ခိုလှုံနေသူ ထောင်ပေါင်းများစွာကို အတင်း ပြန်ပို့ရင်း၊ မြောက်ကိုရီး အစိုးရနဲ့ သူ့စီမံကိန်း အတွက် အပေးအယူ လုပ်နေ ပါတယ်။
တကယ်တော့ ပေကျင်းအစိုးရက မြောက်ကိုရီးယားကို ပိုမိုတိုးတက် ခေတ်မှီတဲ့ အာဏာရှင်နိုင်ငံ ဖြစ်စေချင်ပုံ ရပါတယ်။ မြောက်ကိုရီးယားကို တရုတ်နဲ့ လူလတ်တန်းစား တိုးတက်များပြားလာတဲ့ တောင်ကိုရီးယား အကြားမှာ ကြားခံ အဖြစ်ထားချင်ပါတယ်။ ကိုရီးယား ကျွန်းဆွယ် ပြန်လည် ပေါင်းစည်း သွားရင်တောင်မှ အဆုံးမှာ ပေကျင်းအစိုးပဲ အမြတ် ရဦးမယ်လို့ အပိုင်တွက်ထားပြီး ဖြစ်ပါတယ်။
ကိုရီယားကျွန်းဆွယ်ဟာ ပြန်လည်ပေါင်းစည်းဦးတော့ အမျိုးသားရေး ၀ါဒပြင်းထန်ပြီး အတိတ်မှာ သူ့ကို သိမ်းပိုက်ဖို့ ကြိုးစားဖူးတဲ့ တရုတ်နဲ့ ဂျပန်တို့ကို ရန်လိုစိတ်တွေ မွေးပါမယ်။ သို့နှင့်တိုင် ကိုရီယားရဲ့ မုန်းတီးမှုက တရုတ်ထက် ဂျပန်ပေါ်မှာ ပိုကြီးပါတယ်။ ဂျပန်က ၁၉၁၀ကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားခဲ့ပြီး၊ အခုထိလည်း ကျွန်းနှစ်ကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွား နေရတုန်းပါပဲ။
ကိုရီးယားကျွန်းဆွယ်ဟာ စီးပွားရေး အရ ဆက်ဆံမှုမှာ ဂျပန်ထက် တရုတ်နဲ့ ပိုကြီးမားလာဖို့ပဲ ရှိပါတယ်။ တကယ်လို့ ပေါင်းစည်းဦးတော့ ကိုရီးယားကိုလည်း ဆိုးလ် ဘက်ပဲ အနည်းနဲ့အများ ထိန်းချုပ်ထားနိုင်ဖို့ ရှိပါတယ်။ လက်ရှိမှာတော့ တရုတ်က တောင်ကိုရီးယားရဲ့ ကုန်သွယ်ရေး ပါတနာ ဖြစ်နေပါတယ်။
အဆုံးစွန်တွက်ရင်  ပေါင်းစည်းရင်ပဲဖြစ်ဖြစ်၊ အမြဲကွဲနေတာပဲဖြစ်ဖြစ် ကိုရီးယားကျွန်းဆွယ်ဟာ ပေကျင်းဘက်ကို တဖြည်း ဖြည်း ယိမ်းလာပြီး၊ ဂျပန်နဲ့ စိမ်းသထက် စိမ်းကားသွားမယ်။ ရေရှည်မှာ အမေရိကန် တပ်တွေကိုလည်း အိမ်ရှင် အဖြစ် လက်ခံမှာ မဟုတ်တော့ဘူး လို့ တရုတ်က တွက်ပါတယ်။ ကိုရီးယားရဲ့ ရေရှည် အနာဂတ်က မဟာတရုတ်ကြီး လက်တွင်းမှာပဲ ရှိပြီး၊ အရှေ့မြောက် အာရှမှာ အမေရိကန်ရဲ့ ဩဇာတည်ရှိမှု လျော့ပါး ကျဆင်းသထက် ကျဆင်းသွားပါလိမ့်မယ်။

မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်ရေးမှာ ထိုင်ဝမ် အနာဂတ်က အရေးပါ နေပါတယ်။ ထိုင်ဝမ် ပြဿနာကို အမြဲတမ်း ကျင့်ဝတ်စံနှုန်းတွေ အပေါ်မှာ တင်ဆွေးနွေးတတ်ကြပါတယ်။ ပေကျင်းဘက်က တရုတ် အမျိုးအနွယ် အားလုံး ကောင်းကျိုး အတွက် ပြန်လည် ပေါင်းစည်းဖို့၊ အမျိုးသား ဘိုးဘွား အမွေကို ကြံခိုင်အောင် လုပ်ကြဖို့ ပြောပါတယ်။ ၀ါရှင်တန် ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ မော်ဒယ်လ် အပျိုရည်မပျက်စေဖို့ ထိန်းထားသင့်ကြောင်း ကာကွယ်ပြောပါတယ်။
 သို့သော် တကယ့်ပြဿနာက ပထ၀ီနဲ့ ဆိုင်ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်ကာသာက “ထိုင်ဝမ်ဟာ တရုတ်ပင်လင်မှာ ဘယ်တော့မှ မနစ်မြှုပ်စေရမယ့် လေယဉ်တင် သင်္ဘောပဲ” လို့ တင်စား သတိပေး ပြောဆိုထားပါတယ်။ အမေရိကန်လို ပြင်ပ အင်အားတစ်ခုက တရုတ် ကမ်းရိုးတမ်း တလျှောက် ၀င်ထွက်ဖို့အတွက် ထိုင်ဝမ်ကို အမြဲ ကိုင်ထားဖို့ လိုပါမယ်လို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။
တကယ်လို့ ထိုင်ဝမ်သာ တရုတ်ပြည်မ ရင်ခွင်ထဲ ပြန်ဝင်သွားရင်၊ တရုတ် ရေတပ်ဟာ မဟာဗျူဟာ အကျဆုံး အနေအထား ရောက်ရှိသွားပြီး မကြုံစဖူးအောင် အင်အားကြီးမား သွားပါလိမ့်မယ်။ နောက်လာမယ့် ကမ္ဘာ့ အစီအစဉ်သစ် (World Order) မှာ ၀င်ရိုးစုံ စစ်ရေး (multipolar military) မပေါ်ထွန်းအောင် အမေရိကန်က သတိထား ဆောင်ရွက်နေပါတယ်။ သူနဲ့ အပြိုင် စစ်တပ်မျိုး ဘယ်ဒေသမှာမှ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ ထိုင်ဝမ်သာ ပြည်မနဲ့ ပြန်ပေါင်းထုတ်သွားရင်တော့ အရှေ့အာရှကနေ အမေရိကကို သေချာပေါက် စိန်ခေါ်မယ့် အပြိုင် စစ်ဝင်ရိုး တစ်ခု ပေါ်ထွက်လာတော့မှာ အမှန်ပါပဲ။
 ထိုင်ဝမ် အပေါ် အင်အားလွှမ်းမိုးဖို့ အတွက်၊ တရုတ် ရေတပ်က တောင်တရုတ်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာရှိ တရုတ် ဂိတ်ပေါက်နဲ့ ကမ္ဘာ့ ဟိုက်ဒရိုကာဗွန် သယ်ယူပို့ဆောင်ရေး ပင်လယ်လမ်းကြောင်းတွေကို အကွက်ချ စီမံ နေပါတယ်။ တရုတ် ရေနံတင် သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာဖို့အတွက် ပင်လယ်ဓားပြရန်နဲ့ အစွန်းရောက် အစ္စလမ်ရန်တို့ကို ကာကွယ်နေပြီး၊ အိန္ဒိ ရေတပ် အားကြီးမလာအောင် စီမံလုပ်ဆောင် နေပါတယ်။
မဟာဗျူဟာ အရေးပါမှုအရ ကြည့်ရင် တောင်တရုတ်ပင်လယ်ဟာ `ဒုတိယ ပါရှင် ပင်လယ်ကွေ့´ လို့ တင်စားကြပါတယ်။ ပထ၀ီ နိုင်ငံရေး ပညာရှင်များ အလိုအရ ဂရိတွေက အေဂျီယန် ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ရောမက မြေထဲပင်လယ်ကို ထိန်းချုပ်ခဲ့တယ်။ အမေရိကန်က ကာရစ်ဘီယန် ကို စိုးမိုးတယ်။ အခု တရုတ်က တောင်တရုတ်ပင်လယ်ကို ထိန်းချူပ်ပါတော့မယ်။
ပထ၀ီနိုင်ငံရေး ဆရာကြီးများ အဖို့တော့ ကာရစ်ဘီယန်ကို အမေရိကန် ပြည်ထောင်စုရဲ့ မြေထဲပင်လယ်လို့ ၀ိဂြိုလ်ပြုရင်၊ လာမယ့် ဆယ်စုနှစ်များမှာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ အာရှ မြေထဲပင်လယ် ဖြစ်တော့မှာ မလွဲအောင်ပါပဲ။

တရုတ်ပြည်ဟာ ဗဟိုအာရှ၊ အိန္ဒိယ ပင်လယ်၊ အရှေ့တောင်အာရှနဲ့ အနောက်ဖက် ပိစိဖိတ်တို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အတူ ထူးခြားစွာ ပေါ်ထွက်လာမယ့်ပုံပါ။ တဆက်ထဲ အမေရိကန် စစ်သင်္ဘော အခြေစိုက် စခန်းများကို ကျော်လွန်ပြီး၊ ဂျပန်၊ အိန္ဒိယ၊ အခြား ဒီမိုကရေစီ နိုင်ငံများနဲ့ ပိစိဖိတ် ရေတပ် ပူးတွဲ ဆောင်ရွက်မှုတွေ လုပ်လာပါလိမ့်မယ်။ တရုတ်က အပြာရောင် ပင်လယ်ပြင် ပိုင်စိုးမှုမှာ နယ်မြေ ကန့်သတ် ထိန်းချူပ်မှုထက် သက်ဆိုင်ရာ နိုင်ငံများရဲ့ ရေတပ်တွေနဲ့ မဟာမိတ် ဖွဲ့တည်မှုကို ပိုအာရုံကျ ပုံရပါတယ်။
သို့နှင့်တိုင် စစ်ရေးအရ အမေရိကနဲ့ တရုတ် ဆက်ဆံရေးဟာ အရင် အမေရိကနဲ့ ဆိုဗီယက် ဆက်ဆံရေးထက် ပိုတည်ငြိမ်မှု ရှိပါလိမ့်မယ်။

တရုတ်ကို ထိန်းချူပ်ဖို့ အတွက်ကျတော့ တရုတ် ပတ်ပတ်လည်မှာ အမေရိကန် အခြေချ နိုင်မယ့်မြေ သိပ်မရှိလှတာမို့၊ အမေရိကန် ရေတပ်ဟာ တရုတ် ရေတပ်ထက် ဆက်ပြီးကြီးမား ကြံခိုင်နေအောင် လုပ်ထားရမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေး စစ်ရေး အင်အား တိုးမြင့်လာမှုက ရှေ့လာမယ့် နှစ်တွေမှာ အမေရိကန် တရုတ် တင်းမာမှု အရှိန်မြင့်နေမှာပါပဲ။  နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှီးမားရဲ့ အမြင်အရ ဆိုရင် အနောက် ကမ္ဘာခြမ်းကို ကြီးစိုးခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အရှေ့ ကမ္ဘာခြမ်း အများစုကို လွှမ်းမိုး ကြီးစိုးတော့မယ့် မဟာတရုတ်ကို ဟန့်တားဖို့ ကြိုးစား ပါလိမ့်မယ်။ အဲဒါကိုက ယနေ့ခေတ်ရဲ့ အထူးခြားဆုံး အကြီးကျယ်ဆုံး ဒရမ်မာတစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။



KyawSwar Aung

References:
www.readandstudy.wordpress.com
ရည်ညွန်း။ Monsoon: The Indian Ocean and the Future of American Power  by Robert D.Kaplan မှ    ထုတ်နှုတ် တင်ပြသည်။
(အလင်းရနံ ဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...