Friday, April 27, 2012

ပညာရေး ဒဿန ဗဟုယဉ်ကျေးမှုဝါဒ


by မင်းခက်ရဲ (Min Khet Ye) on Thursday, April 26, 2012 at 6:26pm ·

ဗဟုယဉ်ကျေးမှုဝါဒ
            ဗဟုယဉ်ကျေးမှုဝါဒနဲ့ ပတ်သတ်လာရင် ခေတ်သစ်နိုင်ငံရေးမှာ အရေးအကြီးဆုံးနဲ့ အခက်အခဲအကြပ်အတည်းအ ဖြစ်ဆုံးမေးခွန်းတွေ၊ အဖြေတွေနဲ့ ယှဉ်ကြရတာချည်းပါပဲ။ ဗဟုဝါဒနဲ့ ပတ်သတ်တဲ့မေးခွန်းတွေဟာ နိုင်ငံရေး လူ့အဖွဲ့အစည်းအတွင်းက ပညာရေးအတွက် အခြေခံကျတဲ့ မေးခွန်းတွေလည်း ဖြစ်နေတယ် ။  
            ဂျွန်လော့ခ်ရဲ့ လက်ရာအတွင်းက ထွက်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီ အပေါ်အသိဟာ  အစိုးရစနစ်တစ်ခုနဲ့ လုပ်ထုံးလုပ်နည်းအပေါ်အခြေခံတဲ့ အမြင်ဖြစ်တယ် ။  ကောင်းမွန်သောဘ၀ကို ပိုင်ဆိုင်ရရှိရေးဆိုတာသက်သက်ထက် ကောင်းမွန်းတဲ့ ဘ၀ကို ပိုင်ဆိုင်ရရှိဖို့ အစိုးရစနစ်နဲ့ စနစ်အတွင်းလုပ်ရမယ့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အသုံးပြုရှာ ဖွေရေးအပေါ် အခြေခံထားတာပါပဲ ။ နိုင်ငံသားတွေကြားထဲ့မှာ ဓမ္မဓိဌာန်ကျကျနဲ့ အပြန်အလှန်ဆက်ဆံရင်း ကောင်းမွန်တဲ့ ဘ၀ကို ရရှိရေးအတွက် လုပ်ရမယ်ဆိုတဲ့ လော့ခ်ရဲ့ အတွေးအခေါ် ဟာ ဗဟုဝါဒယဉ်ကျေးမှုနဲ့ အတိုင်းအတာ တစ်ခုအထိ ပဠိပက္ခဖြစ်လာတယ်လို့ ဆိုရမယ် ။ 
ယဉ်ကျေးမှုတွေ ပေါင်းစုံနေမယ် ၊အင်းအားကြီးတဲ့ ယဉ်ကျေးမှု ၊ လူမျိုးနဲ အင်အားသေးတဲ့ ယဉ်ကျေးမှု နဲ့ လူမျိုးတွေကြားမှာ ဓမ္မဓိဌာန်ကျကျနဲ့ ဆက်ဆံရေး ဆိုတာ ဖြစ်နိုင်ပါ့မလား ။ လွှမ်းမိုးကြီးစိုးနိုင်တဲ့ ယဉ်ကျေးမှုတစ်ရပ်ရဲ့ ကြားနေရေးဆိုတာ တခြားသောလူမျိုးတွေ အပေါ် အသားစီးရနေရင်းက ဆိုနေတယ် ဆိုတာကို ကျွန်တော်တို့ မမေ့အပ်ဘူး။  ကြားနေဆိုတာ ယနေ့ ကျွန်တော်တို့ဆီမှာ အမြောအမြင်ကြီးတဲ့ နိုင်ငံရေးသမားတွေ ပြောဆိုနေတဲ့စကားတစ်ခွန်းရှိပါတယ် ။ ဒီစကားက လူမျိုးကြီးတွေ(ယဉ်ကျေးမှုအရ အားကြီးသူတွေ)ဟာ ပိုပြီးသဘောထားကြီးရတယ် ဆိုတာပါပဲ ။ တနည်းအားဖြင့် တခြားသော ယဉ်ကျေးမှု အငယ်တွေ ၊ လူမျိုးတွေ ၊ လူမျိုးစုလေးတွေရဲ့ လိုအပ်မှုကို အနစ်နာခံပေးရတယ်ဆိုတဲ့ သဘောပါပဲ ။ နောက်ထပ် ပုံစံတစ်ခုက လူဦးရေများပြားတဲ့ ဗမာလူမျိုးပင့် ဖြစ်လင့်ကစာ “ ဗမာကိုလည်း တိုင်းရင်သားအဖြစ်သတ်မှတ်ပေးပါ” ဆိုတဲ့ စကာမျိုးတွေ ပဲ ။ ဒါဟာ ဗဟုဝါဒကို လစ်ဘရယ်အမြင်အတွင်ကနေ အကောင်အထည်ဖော်နိုင်တဲ့ သဘောထားမျိုးပဲ ။ လော့ခ်ဆိုခဲ့ သလို လူမျိုးကြီးနဲ့ လူမျိုးငယ် ၊ လူမျိုးစုတွေကြား ၊ အကျိုးအမြတ်အုပ်စုကြီးနဲ့ အကျိုးအမြတ်အုပ်စုငယ်တွေကြားထဲမှာ ဆက်ဆံရေးဟာ အလိုလိုနေရင်း ဓမ္မဓိဌာန်ကျနေမှာတော့ မဟုတ်ဘူးဆိုတာကိုလည်း ထင်သာမြင်သာစေတယ် ။ ယဉ်ကျေးမှုအားကြီးသူနဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုအကြား လူမျိုးကြီးတွေရဲ့ အနစ်နာခံ ဆက်ဆံမှုကသာလျင် ဓမ္မဓိဌာန်ကျကျ ဆက်ဆံေ၇းဆိုတာကို ဖြစ်ပေါ်စေမှာ ဖြစ်တယ် ။  ဗဟုဝါဒယဉ်ကျေးမှုအမြင်အတွက်တော့ ညီမျှမှုဆိုတာ အနစ်နာခံခြင်း ၊ သဘောထားကြီးခြင်းအခြေအနေတစ်ရပ်မှာ အကြုံးဝင်တယ်လို့ ဆိုရမယ်။                                                    သာမန်အားဖြင့်ကြည့်ရင်တော့ လစ်ဘရယ်ဝါဒမှာ နိုင်ငံသားတွေရဲ့ ကိုယ့်ကိုယ်ကို ပိုင်စိုးမှုနဲ နိုင်ငံသားတွေရဲ့ ညီမျှမှုဟာ ဗဟုဝါဒယဉ်ကျေးမှုအတွက် လူမျိုးကြီးတွေက သဘောထားကြီးပေးပုံနဲ့ ဆန့်ကျင်နေတာတော့ အမှန်ပဲ ။ ဒါဟာ လစ်ဘရယ်နိုင်ငံတိုင်းမှာ ဗဟုဝါဒယဉ်ကျေးမှုနဲ့ ပတ်သတ်လာရင် ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သတ်နေသလဲ ဆိုတဲ့ အမြင်တစ်ရပ်ပေါ်ထွက်လာစေတာပါပဲ ။ တကယ်က လစ်ဘရယ်နိုင်ငံမှန်ရင် ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးမှုအတွက် ပြုစုပျိုးထောင်ရေးသာမကဘူး ၊ သူ့ရဲ့ နိုင်ငံသားတွေကို ညီမျှတဲ့ အသိအမှတ်ပြုမှုပေးရေးဆိုတာပါတယ် ။ ဒီနေရာမှာ ညီမျှတဲ့ အသိအမှတ်ပြုမှုဆိုတာ အရေးကြီးတယ် ။ ဗဟုယဉ်ကျေမှုကို လစ်ဘရယ်ဒီမိုကရေစီနဲ့ ပေါင်းစပ်နိုင်ကြိုးစားတဲ့ ဘက်မှာ ကြည့်ရင်တော့ ညီမျှတဲ့ အသိအမှတ်ပြုမှုဆိုတာ သူ့နိုင်ငံသားတွေရဲ့ သက်ဆိုင်ရာယဉ်ကျေးမှုတွေကိုပါ အသိအမှတ်ပြုနိုင်ဖို့ စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်းတွေကနေ တစ်ဆင့်ကြိုးစားပေးတာဖြစ်တယ်။ သက်ဆိုင်ရာ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြုတဲ့နေရာမှာ ယဉ်ကျေးမှုအရလွှမ်းမိုးကြီးစိုးသူတွေက သူတို့နိုင်ငံသားတွေရဲ့ အဖိနှိပ်ခံယဉ်ကျေးမှုကို တတ်နိုင်သမျှ သဘောထားကြီးကြီးနဲ့ ရှုမြင်ပေးရတာ ၊ အကာအကွယ်ပေး ရတာတွေလုပ်ပေးရမှာတော့ အမှန်ပဲ ။                                                                                                                        တစ်ဖက်မှာ အဲဒီလိုအကာအကွယ်ပေးမှုတွေမှာ အခွင့်အရေးအရပြဿနာရှိနေတာတွေကိုလည်း လစ်ဘရယ် ဒီမိုက ရေစီကို ယုံကြည်သက်ဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့မမေ့အပ်ဘူး။ ကနေဒီယန်းကွီးဘတ်ဒေသတွင်းမှာ  ယဉ်ကျေးမှုကြီးမားတဲ့ အင်္ဂလိုအမေရိကန် ယဉ်ကျေးမှုအောက်က အားနည်းတဲ့ပြင်သင်စကားပြောယဉ်ကျေးမှုတွေကို အကာအကွယ်ပေးဖို့ ကြိုးစားတယ် ။ ဒီလို လုပ်လိုက်မယ်ဆိုရင် လစ်ဘရယ်ဒီမိုကရေစီမှာသက်ဝင်နေတဲ့ လူအများစုရဲ့ လွတ်လပ်မှု နဲ့အခွင့်အရေးတွေကို ချိုးဖောက်နေသလို ဖြစ်နေပြန်ရော ။ ဒါကြောင် ဗဟုဝါဒ ယဉ်ကျေးမှုအတွင်း လစ်ဘရယ်ဒီမိုကရေစီနဲ့ အညီဖြေရှင်းရမယ် ပြဿနာတွေ အမြောက်အမြားရှိနေတယ် ။ ပြဿနာတွေဟာလည်း အခွင့်အရေးနဲ့ လွတ်လပ်မှုကို အခြေခံတယ် ။                                                                                                                      အထက်ပါပြဿနာရပ်နဲ့ ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားထားတဲ့ စာတမ်းတစ်ခုက ဒဿန ပညာရှင် ချားလ်တေလာရဲ့ The Politics of Recognition (1994) စာတမ်းပဲ ။  စာတမ်းမှာ တေလာက လစ်ဘရယ်နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ “လွတ်လပ်စွာပြောဆိုမှု” နဲ “ဘာသာရေးလွတ်လပ်မှု ” ကြားထဲက ပြဿနကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို မဖော်ပြထားဘူး ။ တေလာကို ဝေဖန်သူတွေက လူမျိုး၊ ယဉ်ကျေးမှုနဲ့ အခွင့်အရေးကြားထဲက ပြဿနာကို ကိုင်တွယ်ဖို့အတွက် တေလာဟာ ပညာရေးကနေ ဖြေရှင်းပေးဖို့ မကြိုးစားတာပဲ ။ လူအဖွဲ့အစည်းအတွင်း တတ်လေ့တတ် ထရှိတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေဟာ ပညာရေးအင်စတီကျူးရှင်းမှာလည်း လာတတ်လေ့ရှိတယ် ။ ဒါကို ပညာရေးပြဿနာရပ်တွေအနေနဲ့ပညာရေးအဆောက်အအုံအတွင်း ဖြေရှင်းပေးဖို့ ကြိုးစားတာဟာ လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည် အားကောင်းမောင်းသန် သွားနိုင်ဖို့ရာ အစဦး ခလုတ်ဆူးညှောင့်တွေကို ဖြေရှင်းထားခြင်းသားဖြစ်တယ် ။ ဥပမာ ကွီးဘတ်လူ့အဖွဲ့အစည်းက သူတို့ရဲ့ ပြဿနာကို ပညာရေးစနစ်အတွင်းကနေ ဖြေရှင်းထားပုံကို ကြည့်ရင် သိနိုင်တယ်။                                                                                                                                                      ယဉ်ကျေးမှုဆိုင်ရာ ဗဟုဝါဒအတွက် ပညာရေးအတွင်း ပြဿနာအတတ်ဆုံးက ဘာသာစကားကိစ္စပဲ ။ ပညာရေးရဲ့ အခြေခံအကျဆုံးယူနစ်တစ်ခုက ဘာသာစကားပဲ ။ ဘာသာစကားဟာလည်း ယဉ်ကျေးမှုဆိုင်ရာ ကိစ္စဖြစ်နေတယ် ။  တစ်နိုင်ငံလုံးက ကွဲပြားခြားနားတဲ့ လူမျိုး၊ဘာသာစကားတွေကြားမှာ ဗမာဘာသာစကားနဲ့ သာသင်ကြားနေရတဲ့ ကိစ္စဟာ တစ်ချို့သော လူမျိုးတွေအတွက် ပြဿနာကြီးတစ်ခုဖြစ်မှာတော့ အမှန်ပဲ ။ တစ်ခြား သော ယဉ်ကျေးမှုနဲ့ လူမျိုးတွေမှာ ပညာရေးအခြေခံ ဘာသာစကားအတွက် ရွေးချယ်မှုမရှိတာဟာ ဒီမိုကရေစီရဲ့ သဘောနဲ့ ချွတ်ယွင်းတိမ်းပါးနေတယ်။  ဒါပေမယ့် လည်း တစ်ဖက်မှာ ဘာသာစကား၊ သင်ရိုးညွှန်းတမ်းရွေးချယ်မှုတွေကို ဒေသခံ လူမျိုးစုတွေကို ရွေးချယ်ပေးလိုက်မယ်ဆိုရင်  ပြည်ထောင်စုနိုင်ငံအဖြစ်သွားမယ့် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးရာ ဆောင်ရွက်မှုတွေကို လှိုက်စားခံနေရမယ့် သဘောရိတယ် ။ သင်ရိုးညွန်းတမ်းဘာသာရပ်တွေမှာ သင်္ချာလို ဘာသာရပ်တွေက ဘာသာစကားဆိုင်ရာဘက်လိုက်မှုကင်းတယ်လို့ ယူဆနိုင်ပေမယ့်  စာပေ၊ အနုပညာ၊ သမိုင်းနဲ့ သိပ္ပံပညာရပ်တွေမှာ ဘာသာစကားပြဿာနက ၀င်ရောက်လာတယ် ။ အဆုံးသတ်မှာ ဘယ်လိုစာပေ နဲ့ အနုပညတွေကို ထည့်ဝင်မလဲက အစ ၊ ဘယ်လိုရေးသားထားတဲ့ သမိုင်း၊ ဘယ်သူတွေ အကြောင်းရေးသားထားတဲ့ သမိုင်းမျိုးကု သင်ကြားမလဲဆိုတာ မြို့ပြနိုင်ငံဖြစ်ထွန်းတိုးတက်မှုအတွက်ကြည့်ရင် ပြဿနာပေါင်းများစွာ ရှိနေတယ် ။                                    အင်္ဂလိပ်နဲ့ အမေရိကန်မှာ ဗဟုယဉ်ကျေးမှုဝါဒနဲ့ပတ်သတ်ပြီး အမြင်တစ်ရပ်ရှိတယ် ။ ယဉ်ကျေးမှုတိုင်းဟာ သူတို့ရဲ့ ပညာရေးစနစ်တိုင်းမှာ တူညီတဲ့ တန်ဖိုးစံတွေရှိရမယ် ။ ပညာရေးစနစ်ဟာ ယဉ်ကျေးမှုဆိုင်ရာကွဲပြားခြားနားမှုတွေ ကို မြေတောင်မြှောက်ပေးရမယ်ဆိုတဲ့ အမြင်ပဲ ။ ပြန်လည်မေးခွန်းထုတ်ကြသူက ယဉ်ကျေးမှုတိုင်းဟာ တကယ်ပဲ တူညီတဲ့ တန်ဖိုးစံရှိသလား ၊ ပညာရေးစနစ်အတွင်း ညီမျှတဲ့ တန်ဖိုးစံအဖြစ်နဲ့ လုပ်ပေးလို့ရတယ်ဆိုတာ လက်တွေ့ကကျပါ့မလား ဆိုတဲ့ မေးခွန်းပဲ ။ ဒါဟာ ယဉ်ကျေးမှုကို အသိအမှတ်ပြုပေးတာထက်ပိုပြီးလွန်ကဲတဲ့ အနေအထားတစ်ရပ်ဆီကို ရောက်သွားစေတယ်လို့လည်း မှတ်ချက်ပေးကြတယ် ။ ဒါဟာ ပညာရေး ၊ လစ်ဘရယ်ဝါဒနဲ့ယဉ်ကျေးမှု ဗဟုဝါဒအတွင်း ဖြေရှင်းရခက်ခဲတဲ့ ပြဿနာရပ်တစ်ခုအဖြစ်အမြဲတည်ရှိနေတာ ။ ဒါပေမယ့် တစ်ဖက်မှာလည်း တခြားသော တိုင်းရင်းသားတွေ ၊ တစ်ချို့သောအုပ်စုတွေရဲ့ ယဉ်ကျေးမှုတွေကို လစ်လျူထား၊ ဘေးဖယ်ထုတ်ထားတဲ့ ပညာရေးဟာ လူအဖွဲ့အစည်းကွဲပြားခြားနားမှုရောက်တဲ့ အတွက် လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ ပညာရေးမျိုးဆိုတာတော့ ဘယ်သူမှ ငြင်းပယ်မှာ မဟုတ်ဘူး ။ ဗဟုဝါဒ ယဉ်ကျေးမှုကို လစ်ဘရယ်ဒီမိုကရေစီအပေါ် သက်ဝင်ယုံကြည်သူများက သဘောထားကြီးကြီးနဲ့ ပညာရေးပေါ်လစီအတွင်း အကောင်းဆုံး ထည့်သွင်း ထုတ်ဖော်သွား ဖို့ ဟာ အရေးကြီးတဲ့ ပေါ်လစီ စီမံကိန်းတစ်ရပ်ပဲ ။ ဒီလို ပေါ်လစီကိုမေ့ပျောက်ထားမယ်ဆိုရင် လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှု ပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ၊ လူအုပ်စုပေါင်းစုံဟာ အမြဲထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေမှာ ဖြစ်တယ် ။ လူ့အဖွဲ့အစည်းဟာ ယဉ်ကျေးမှုအားဖြင့် ပြင်းထန်တဲ့ ပဠိပက္ခတွေကိုဖော်ဆောင်မယ့် နိုင်ငံရေး သွင်ပြင် တစ်ရပ်ဆီ ရွေ့လျားသွားမှာဖြစ်တယ် ။
                                                                                                            မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...