Monday, April 30, 2012

Nationality လူမျိုး - (မောင်သာနိုး)


by Lu Nga Tay on Monday, February 20, 2012 at 2:01am 

  • Nationality

I have grown past hate and bitterness
I see the world as one
Yet though I can no longer hate
My son is still my son
All men at God's round table sit
And all men must be fed
But this loaf in my hand
This loaf is my son's bread.


အဓိပ္ပာယ်ကို ကြည့်ရအောင်။ ခေါင်းစဉ်က Nationality တဲ့။ ' လူမျိုး ' လို့ အကြမ်းဖျဉ်း မြန်မာလိုပြောရမှာပဲ။ ဒီ ခေါင်းစဉ်ဟာ ကဗျာတစ်ပုဒ်လုံးရဲ့ ဆိုလိုချက်အတွက် အရေးကြီးကြောင်း သတိပြုပါလေ။



  • လူမျိုး

အမုန်း ဒေါသ ငါ လွန်ခဲ့ပြီ။
ကမ္ဘာတစ်ခုတည်း မြင်ရဲ့။
ဒါပေမယ့်၊ ငါမမုန်းတော့ပေမယ့်
ငါ့သားဟာ ငါ့သားကွယ်။
လူအားလုံး နတ်စားပွဲဝိုင်းမှာထိုင်၊
လူအားလုံး ကျွေးရလိမ့်၊
ငါ့လက်ထဲက မုန့်ကတော့၊
ငါ့သားပဲ စားရလိမ့်။

ကဗျာမှာ အနက်ဓိပ္ပါယ်က နှစ်မျိုးရှိတတ်တယ်။ အပေါ်ယံအဓိပ္ပါယ်နဲ့ အတွင်းသားအဓိပ္ပါယ်။ အခု ကဗျာရဲ့ အပေါ်ယံ အဓိပ္ပါယ်ကို သိရပြီးတဲ့နောက် အတွင်းသားအဓိပ္ပါယ်ဟာ မခဲယဉ်းလှတော့ပါဘူး။ သူ့သားလို့သူပြောနေတာဟာ သူ့လူမျိုး၊ သူ့တိုင်းပြည်ကို ဆိုလိုတာဖြစ်ကြောင်း လွယ်လွယ်နဲ့ပဲ သိနိုင်ပါလိမ့်မယ်။ ဒီတော့ ကဗျာဆရာပြောချင်တဲ့ သဘောက သူဟာ ငယ်စဉ်ကလို လူမျိုးရေးမုန်းတီးစိတ်တို့၊ အာဃာတတို့ မရှိတော့ပါဘူး။ လူမျိုးအားလုံး အတူတူပဲ။ လူမျိုးအားလုံးချစ်ချစ်ခင်ခင် သင့်သင့်မြတ်မြတ် နေကြရမယ်ဆိုတာကို သဘောပေါက် သိမြင်လာပါပြီ။

ဒါပေမယ့် လက်တွေ့အရေးကြုံလာလျှင်တော့ မိမိလူမျိုးကိုပဲ ဦးစားပေးရလိမ့်မယ်။ မိမိလူမျိုးကောင်းစားရေး၊ မိမိတိုင်းပြည်ကြီးပွားရေးကိုပဲ အားထုတ်ရမယ်လို့ ဖြစ်တယ်။

ဒါဖြင့် ကဗျာကပြောနေတဲ့ ' ငါ ' ဆိုတာဘယ်သူလဲလို့ တစ်ဆင့်တက်ပြီး စဉ်းစားကြရအောင်။ ကဗျာရဲ့ ' ငါ ' ဟာ ကဗျာဆရာတစ်ဦးတည်းမဟုတ်တာကို သိရမယ်။ ခင်ဗျား၊ ကျွန်တော်၊ အားလုံး ဖြစ်နိုင်တာချည်းပါပဲ။ ဒါပေမယ့် သူ့ကဗျာရဲ့ ခေါင်းစဉ်ကို ထောက်ချင့်လိုက်တော့ ခင်ဗျား ကျွန်တော် ပုဂ္ဂလိကဆိုတာထက် ကမ္ဘာ့အတိုင်းအတာနဲ့ ပြောချင်တာပါလားလို့ ရိပ်စားမိနိုင်တယ်။ ကမ္ဘာ့အဖြစ်အပျက်တွေကို စိတ်ဝင်စားလေ့လာနေသူ ဖြစ်ခဲ့လျှင် ကဗျာဆရာပြောတဲ့ ' ငါ ' ဟာ ကမ္ဘာ့နိုင်ငံကြီးတွေကို ပြောတာလို့ နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။ အတိတ် ကမ္ဘာ့သမိုင်းကိုပဲကြည့်ကြည့်၊ ပစ္စက္ခ ကမ္ဘာ့ရေးရာတွေကိုပဲ လေ့လာလေ့လာ၊ ကမ္ဘာ့နိုင်ငံကြီးတချို့ဟာ သတို့ကိုယ်သူတို့ ကမ္ဘာ့နိုင်ငံငယ်လေးတွေရဲ့ ကယ်တင်ရှင်ကြီး၊ ကူညီအားပေး သူကြီး၊ မဟာမိတ်ကြီးရယ်လို့ တယ်လုပ်ချင်ကြတာကိုး။ ဘယ်အမျိုးသားတွေရဲ့ လွတ်မြောက်ရေးကို ကျွန်တော်တို့က ထောက်ခံအားပေးပါတယ်။ ဘယ်တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပါတယ်။ ငြိမ်းချမ်းရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး ဘာညာစသဖြင့် တယ် အာပေါင်အာရင်းသန်ကြတာကိုး။ ဒါတွေဟာ တကယ်ပဲလား။ တကယ့်ကို အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးဖွံ့ဖြိုးရေးတွေမှာ စေတနာသန့်သန့်နဲ့ ကူညီမှာတဲ့လား၊ မကူညီပါဘူး။ သူတို့တိုင်းပြည် သူတို့လူမျိုးရဲ့ အကျိုးစီးပွားကိုသာ သူတို့လုပ်ကြမှာပါ။ လုပ်နေကြတာပါ။ သူတို့ နိုင်ငံကြီးတွေ မြှောက်ပေးသမျှ ပါးစပ်နဲ့ ကူညီသမျှ အဟုတ်မှတ်လျှင် မှားလိမ့်မယ်လို့ ကဗျာဆရာက သတိပေးနေတာဖြစ်ပါကြောင်း။ ။

မောင်သာနိုး

ကိုးကား- ဆရာမောင်သာနိုး၏ နိုင်ငံခြားကဗျာခံစားချက်များ စာအုပ်မှ ကူးယူတင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...