Monday, April 30, 2012

The Silence of the Lambs ၊ က္ကတ္ထိယ၀ါဒ၊ ဖူးကိုး ၊ ဒီလူးစ် ရှုထောင့်မှ လေ့လာချက် -


by မင်းခက်ရဲ (Min Khet Ye) on Saturday, January 28, 2012 at 3:36am ·

The Silence of the Lambs ၊ က္ကတ္ထိယ၀ါဒ၊ ဖူးကိုး ၊ ဒီလူးစ် ရှုထောင့်မှ လေ့လာချက်

            စိတ်ခွဲပညာရှုထောင့်ကနေ ရုပ်ရှင်တစ်ခုကိုလေ့လာမယ်ဆိုရင် အဓိက လေ့လာကြတာက  ထပ်တူစွဲခြင်း ၊  လူမှုအတ္တအပေါ်တည်ဆောက်ပုံတွေကို လေ့လာကြတယ် ။ ဒါမှမဟုတ် လည်း အဓိကထားဦးတည် ရိုက်ပြလေ့ရှိတယ် ။ ဂန္ထ၀င်ရုပ်ရှင်တွေမှာ ရိုက်ပြလေ့ရှိတဲ့ စိတ်ခွဲပညာရှုထောင့်က ရုပ်ရှင်သီအိုရီပါပဲ ။ က္ကတ္ထိယ၀ါဒသီအိုရီကတော့ လိင်ပိုင်းဆိုင် ရာ ကွဲပြားခြားနားမှုကို ရိုက်ပြလေ့ရှိတယ် ။ ဝေဖန်လေ့လာသူကလည်း ဒီလို လိင်ပိုင်ဆိုင်ရာကွဲပြားခြားနားကို လေ့လာတာပါပဲ ။ ဥပမာ ယောက်ျားနဲ့ မိန်းမကြားထဲမှာ ပါဝါဟာဘယ်လို မညီမမျှဖြစ်နေသလဲ ၊ ဒါမှမဟုတ် အဲဒီလို လိင်အရ ကွဲပြားခြားနားမှုကို ဘယ်လိုတည်ဆောက်ထားသလဲ ၊ထိန်းသိမ်းထားသလဲဆိုတာကိုလေ့လာကြ ၊ဖော်ပြကြလေ့ ရှိတယ်။ ဒါက ဂန္ထ၀င်ရုပ်ရှင်တွေမှာတွေ့ရတဲ့ က္ကတ္ထိယ၀ါဒဆိုင်ရာ အမြင်မျိုးပါ ။ ၁၉၇၅လောက်က လောရာမာဗေးရဲ့ အက်ဆေး “ Visual Pleasure and Narrative Cinema “ အက်ဆေးမှာကတည်းက က္ကတ္ထိယ၀ါဒ ရုပ်ရှင်သီအိုရီတွေဟာ ရုပ်ရှင်ကြည့်တဲ့နေရာမှာ မိန်းမရုပ်ရှင်ကြည့်သူရဲ့ သာယာမှုဟာ ဘယ်လိုရရှိလာနိုင်သလဲ ၊ ဘယ်လိုပေးရင်ကောင်းမလဲ ဆိုတာကို စဉ်းစားလာကြပါတယ်။   
                                                                                                          

                   အမျိုးသမီးကြည့်ရှုသူတွေ သာယာမှုရလာပုံမှာ အစဉ်အလာ အမြင်အာရုံဆိုင်ရာ သာယာမှုသီအိုရီ တွေကြောင့်သာမကဘူး၊ ရုပ်ရှင် ဇာတ်လမ်းအဆောက်အအုံဆိုင်ရာ အစီအစဉ်ကြောင့်လည်း ပါဝင်တယ် ဆိုတာကို သဘောပေါက်လာကြတယ်။ အလွယ်ပြောရရင်တော့ အစဉ်အလာ မြင်အာရုံဆိုင်ရာ သာယာမှုသီအိုရီဆိုတာ အ၀တ်အစား ဒီဇိုင်းနဲ့ ပေါ့ပေါ့ပါးပါးသာယာနှစ်သက်ဖွယ်ရာအာရုံတွေ ၊ ရုပ်ဝတ္ထုပစ္စည်းအများစုနဲ့ ဆိုင်တဲ့ အရာတွေအပေါ် အထူးပြုသုံးစွဲ ပြီး ဆွဲဆောင်တဲ့ ပုံစံတစ်မျိုးပဲ ။ ဇာတ်လမ်းအဆောက်အအုံဆိုင်ရာကတော့ ရုပ်ရုင်ကြည့်ခြင်းစိတ်ပေါ်လာအောင် ၊ သိချင်စိတ်ပေါ်လာအောင် နှိုးဆွတဲ့ ဖြစ်စဉ်ရယ်လို့ ဆိုနိုင်တယ်။ ဒီလို ဇာတ်လမ်းအဆောက်အအုံကို အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ ဖြစ်စဉ်မျိုးကို က္ကတ္ထိယ၀ါဒ ရုပ်ရှင်သီအိုရီတွေက ရှာဖွေလာကြတာပါပဲ ။ ဥပမာ အစဉ်အလာ ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ကင်မရာ ကြည့်ရှုပုံ ၊ ငေးမောပုံကို ယောက်ျားတစ်ယောက်က လွမ်းမိုးကြီးစိုး ဆဲ တန်ဖိုးစံအတွင်းကနေ ငေးမောပုံ မျိုးနဲ့ မိန်းမတွေကိုငေးမောထားတယ် ။ ယနေ့မှာ အဲဒီလို ကင်မရာကြည့်ရှုပုံတွေက ယောက်ျားလွမ်းမိုးမှုကိုဆန့်ကျင်မယ့်ကြည့်ရှုပုံ ၊ မိန်းမတစ်ဦးဟာ သူ့ရဲ့သာယာမှုနဲ့ သီးခြားအမှတ်လက္ခဏာကို ရှာဖွေနိုင် မယ့် ကြည့်ရှုပုံမျိုးကို အသုံးချလာတယ် ။  တနည်းအားဖြင့် အစဉ်အလာက လုပ်တဲ့ ယောက်ျားတွေရဲ့ ကြည့်ရှုပုံကနေ မိန်းမပရိသတ်တွေရဲ့ အတ္တနဲ့ လိင်သဘာဝကို ထိန်းချုပ်လိုက်ပြီး ယောက်ျားအဓိက တန်ဖိုးစံအတွင်းမှာ နေရာချထားပုံကို ရှာဖွေဖော်ထုတ်ပြတယ်  ဒါမှမဟုတ် ဆန့်ကျင်ရိုက်ကူးပြတယ်။                                                                            

                 ယခု SL(The Silence of the Lambs)မှာလည်း  အမျိုးသမီးဇာတ်ကောင်နဲ့ အမျိုးသမီးပရိသတ်တွေကြားထဲက ဆက်သွယ်ချက်ကိုသာမကဘူး ၊  ရုပ်ရှင်အတွင်းက ဇာတ်ကောင်တွေရဲ့ ဇာတ်ကောင်စရိုက်ရောထွေးခြင်း ၊ သီးခြားအမှတ် လက္ခာဏာ ရှုပ်ထွေးခြင်တွေကိုလဲလေ့လာနိုင်တယ် ။ SLမှာ အဓိကတွေ့နိုင်တဲ့ အရာနှစ်ခုက ငေးမောကြည့်ခြင်း (gaze) နဲ့  သီးခြားအမှတ်လကဏ္ခာ အပြောင်းအလဲတွေပါပဲ ။

က္ကတ္ထယ၀ါဒအမြင်မှလေ့လာချက်

            SL ရဲ့ ဇာတ်လမ်းဖြစ်စဉ်အပြောင်းအလဲကို ဟောလိဝုဒ်အစဉ်အလာမှာ တွေ့ရတဲ့အတိုင်း အပြောင်းအလဲဖြစ်စဉ် သုံးခုနဲ့ထားတယ် ။ ဇာတ်ကောင်သုံးယောက်ရဲ့ လှုပ်ရှားမှုနဲ့ အားပြိုင်မှုကိုလည်း ယူသုံးထားတယ်။ ပထမဇာတ်ပြော ဖြစ်စဉ်က ဘယ်တီမောဂိုဒေါင်မှာ ကလာ့ရင့်စ်ရဲ့ ရှာဖွေမှုနဲ့ အဆုံးသတ်တယ်။ ဒုတိယတစ်ခုက အက်ဖ်ဘီအိုင်က ဟာနီဘောကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ လှည့်ဖျားတောင်းဆိုမှုနဲ့ ဆုံးတယ်။ တတိယက ဘတ်ဖလိုး အိမ်ကို ၀င်စီးမှုပဲ ။ ဖြစ်စဉ်အပြောင်းအလဲသုံးခုကိုမှ ဇာတ်ကောင်းစရိုက်သုံးခုနဲ့ ပြတယ် ။ ဇာတ်ပြောတစ်ခုလုံးကို ထပ်ခါတလဲဖြစ်ခြင်းနဲ့ အဖြေထုတ်ခြင်း နှစ်ခုကို အခြေခံထားတယ် ။ ကလာရင့်စ် က  ဟန်နီဘောရှိ ခဏခဏလာပြီးတွေ့တယ် ။ နောက် ရသမျှ အချက်အလက်နဲ့ ဆက်တိုက်လူသတ်သမား ဘတ်ဖလိုးကို ဖမ်းဖို့ ကြိုးစားတာနဲ့ ဆက်လမ်းကို ချိန်ဆက်ထားတယ်။ ဇာတ်လမ်းတစ်ခုလုံးမှာ အတိတ်၊အနာဂတ် ၊ပစ္စုပ္ပာန်ဟာ ထပ်တလဲလဲဖြစ်နေတယ်။ ဗာလာဒီမာ ပေ၇ာ့ရဲ့အမြင်နဲ့ ကြည့်မယ် ဆိုရင် သုံးယောက်စလုံးပါဝင်နေတဲ့ အခန်းဂဏ္ဍက ပြောင်းလဲနေတယ် ။ တစ်ခါတစ်ရံမှာ ဟန်နီဘောက ပြုသူ (actant ) ဖြစ်မယ် ။ တစ်ခါတစ်ရံ ဘတ်ဖလိုးက ဇာတ်လမ်းရဲ့ ပြုသူနေရာ ၊ အကူအညီပေးသူနေရာ ရောက်မယ် ။ ကလာရင့် လည်း ဒီလိုပဲ ဇာတ်အတွင်းသူ့ရဲ့ နေရာဟာ ပရိသတ်အတွက် မင်းသမီးဖြစ်နေပေမယ့် ဇာတ်လမ်းရဲ့ အဓိက ပြုလုပ်သူ အမြဲဖြစ်နေတာမဟုတ်ဘူး ။ တစ်ခါတစ်ရံ အကူအညီပေးသူတစ်ယောက်လိုတွေ့ရပြီး ဘတ်ဖလိုးနဲ့ ဟန်နီဘော တို့ ဇာတ်အပြိုင်ဖြစ်နေတဲ့ နေရာမှာ သူတို့နှစ်ဦးနဲ့ ဆန့်ကျင်ဘက် ဇာတ်ကောင်(antagnist) နေရာကိုတောင် ရောက်သွားတယ် ။                                                                                                                      

                ဇတ်ကွက်အရ ခြုံကြည့်မယ်ဆိုရင်စုံထောက်ဝတ္ထုအမျိုးအစားတွေမှာ တွေ့ရတတ်တဲ့ ဇာတ်ပြောပဲ ။  ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုအားလုံးဟာ နောက်ဆုံးမှာ အဖြေတစ်ရပ်ထွက်ပေါ်ဖို့ ကြိုးစားကြတယ် ။အဆုံးသတ်မှာ အဓိကဇာတ်လိုက်အမျိုးသမီး အောင်ပွဲခံသွားတယ် ။ ဇာတ်လမ်းအပိတ်ကို အဖွင့်နဲ့ ဟန်ချက်ညီအောင်ပြုလုပ်ပေးထား တယ် ။ ၀တ္ထုဇာတ်လမ်းအစကတော့ အက်ဘီအိုင်ရဲမေ ကလာရင့်စ် စတာလင်းဟာ လေ့ကျင့်ရေးသင်တန်းသူ အဆင့်မှာပဲ အလွန်အန္တာရယ်ကြီးတဲ့ ရာဇ၀တ်သား ဟန်နီဘော လက်တာနဲ့ မိတ်ဆွေဖြစ်အောင်လုပ်ဖို့တာဝန်ပေးအပ်ခံရတယ် ။ လက်တာဟာ လူသားစားထဲ ။ အ၇ူးထောင်အတွင်းမှာ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ခံရတယ် ။ သူ့ရဲ့ အထင်ရှားဆုံးအရည် အသွေးကတော့ သူဟာ ယခင်က နာမည်ကျော် စိတ်ကုဆရာဝန်တစ်ဦးဖြစ်နေတာပဲ ။  ရဲတွေက သူ့ရဲ့ အကူအညီကို ယူပြီး ဆက်တိုက်လူသတ်သမား ဘတ်ဖလိုး ဆိုတာဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ဖို့ကြိုးစားတယ် ။ ဘတ်ဖလိုး ဆိုတာက မိန်းမတွေရဲ့ အရေးပြားကို ဖြတ်တောက် သတ်ဖြတ်သူပါပဲ ။ စတာလင်းဟာ လက်တာနဲ့ တဖြည်ဖြည်နက်ရှိုင်းနဲ့ ထိတွေ့ဆက်ဆံမှုကို ရောက်လာတယ် ။ လက်တာဟာ စတာလင်းရဲ့ စိတ်အတွင်းပိုင်အနက်ရှိုင်းဆုံးအထိ ထိုးဖောက် ၀င်ရောက် ပြီး စတာလင်ငယ်ငယ်က သုံးတွေနဲ့ ပတ်သတ်ပြီး စိတ်ဒဏ်သင့်ခဲ့တာ  ၊ ကယ်ဆယ်သူမဲ့ခဲ့တာတွေ အမေမရှိအဖေသေဆုံးမှုတွေနဲ့ ဆက်နွယ်နေတာ ၊ လိင်ပိုင်းအကြမ်းဖက်တဲ့ ဦးလေးဆီကနေ ထွက်ပြေးခဲ့တာတေါအထိ ဖော်ပြနိုင်ခဲ့တယ် ။ လက်တာရဲ့ လမ်းညွန်မှုနဲ့  စတာလင်းဟာ ဆက်တိုက်လူသတ်သမား ဘတ်ဖလိုးကို ခြေရာခံလိုက်တယ် ။ နောက်ဆုံး ဘတ်ဖလိုးကို ခြေရာခံမိတယ် ။ ဘတ်ဖလိုးက သူမကို သတ်ဖို့ကြိုးစားတယ် ။ ခုခံကာကွယ်ရင် စတာလင်းအနိုင်ရခဲ့တယ် ။  ရုပ်ရှင်ကို ကလာရင့်စ် စတာလင်ရဲ့ အက်ဘီအိုင် လေ့ကျင်ရေး သင်တန်းကျောင်းဆင်းပွဲနဲ့ အဆုံးသတ်ထားတယ် ။  လက်တာက ထွက်ပြေးလွတ်မြောက်သွားရာကနေ ကလာရင့်စ်ဆီ ဖုန်းဆက်တယ် ။ နောင် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ လူတွေကို သတ်ဖြတ်စားသောက်ချင်စိတ်ပေါ်လာရင် ထိန်းချုပ်ဖို့ရာ ကြိုးစားသွားမယ်လို့ ကတိပြုတယ် ။                                                                                                            

               The Silence of the Lambs ဟာ က္ကတ္ထိယ၀ါဒ ရုပ်ရှင် သီအိုရစ်တွေ အတွက် စိတ်ဝင်စားစရာကောင်းတယ် ။ ရုပ်ရှင်ရဲ့ တင်ပြပုံမှာ လူမှုလိင်နဲ့ လိင်သဘာဝကို ဖော်ထုတ်ပြထားတွေရှိတယ် ။ လူတွေရဲ့ အကြည့်တွေထဲမှာ လူမှုလိင်ဆိုင်ရာ ကွဲပြားခြားနားမှုတွေကို အထင်းသားတွေ့ရမှာ ဖြစ်တယ် ။ ဘတ်ဖလိုးရဲ့ လုပ်ဆောင်မှုဟာလည်း က္ကတ္ထိယ၀ါဒီတွေ အတွက် စိတ်ဝင်စားစရာပဲ ။ ဘတ်ဖလိုးက မိန်းမတွေအေ၇းပြားကို ဆုတ်ဖြဲပြီး သူတို့ရဲ့ လည်ချောင်းအတွင်းမှာ ပိုးကောင်းတစ်ကောင်ထားခဲ့တယ် ။ ဒါဟာ သံလွန်စတွေဖြစ်တဲ့ အချိန်၊နေရာနဲ့ သေဆုံးပုံတွေကို ပြရုံသာမကဘူး သေဆုံးသူရဲ့ ခန္ဓာကိုယ်နဲ့ ဘတ်ဖလိုးရဲ့ စိတ်ကို ဖတ်ရှုအနက်ပြန်နိုင်ဖို့ကိုပါဖော်ထုတ်ခဲ့တယ် ။ ကလာရင့် စ်  အသုဘအခန်းအနားတစ်ခုကို အလာမှာ ရဲတွေက လိင်ပိုင်ဆိုင်ရာကွဲပြားမှုကို ဖော်ပြတဲ့အကြည့်နဲ့ဝိုင်းဝန်းကြည့်ကြ တယ် ။ဒီလိုအကြည့်မျိုးကို  ဟန်နီဘောလက်တာနဲ့ တွေ့ဆုံဖို့ သူ့ဆရာ ခရော့ခ်ဖို့ဒ်ဆီအလာမှာလည်း ကြည့်ခံရတယ် ။ လက်တာရဲ့ အကြည့်တွေမှာလည်း အထင်သားတွေ့ရတယ်။ ဒီလို လိင်အရာ ကွဲပြားခြားနားမှုကို ထုတ်ဖော်ပြ သချက်မျိုးကို အမြဲတွေ့နေရတယ် ။                                                                                                                     

              ဟန်နီဘောလက်တာနဲ့ ပထမဆုံးအင်တာဗျူးတဲ့အခန်းမှာလည်း ဒီလိုပဲ ။ ကလာ့ရင့်စ်က လက်တာရဲ့ မျက်နှာကို အကဲခေတ်ဖို့ကြည့်နေဟန်နဲ့ လက်တာရဲ့ မျက်နှာတစ်ခုတည်းကို ကွပ်ပြီးရိုက်ပြတယ် ။ဒါပေမယ့် အခန်းရဲ့ အလင်းရောင်နဲ့ သူတို့နှစ်ကြားထဲမှာကာထားတဲ့မှန်ကြောင့် တကယ်လေ့လာနေသူက ကလာရင့်စ် မဟုတ်ဘဲ လက်တာသာ  မှန်ကြောင့် ကလာရင့်စ်ရဲ့ နောက်ကျော်ရောက်နေသလိုဖြစ်လာပြီး ကလာရင့်စ်ကို စောင့်ကြည့်စူးစမ်းနေတဲ့ ပုံပေါ်လာတယ် ။ နောက်ဆုံးအခန်းမှာ ဘတ်ဖလိုးရဲ့မှောင်မည်းနေတဲ့ မြေအောက်ခန်းမှာ တိုက်ခိုက်ကြတယ်။ ဘတ်ဖလိုးက မှောင်မည်း သွားအောင် မီးကို ဖြတ်လိုက်တယ် ။ နောက်တော့ ညကြည့်မျက်မှန်တပ်ပြီး ကလာရင့်စ်ကို စောင့်ကြည့်နေတယ် ။ အဲဒီ စောင့်ကြည့်မှုအောက်မှာ ကလာ့ရင့်စ်ရဲ့ ကြောက်ရွံ့ထိတ်လန့်ပြီး ကြံရာမရဖြစ်နေတဲ့ပုံကို ဖော်ပြထားတယ်။ သူမကို ဘတ်ဖလိုးကကြည့်နေတယ်ဆိုတာကို လည်းသိပုံမရဘူး ။ အန္တရာယ်ပြုတော့မယ့် ယောက်ျားအဓိက အကြည့်တွေကြားမှ မဆန်မှုရဲ့ ယောက်ယက်ခတ်နေပုံကို အထင်းသားတွေ့ရမယ် ။ ကလာ့ရင့်စ် သူမရဲ့သေနတ်ကို ကျည်ဖြည့်ထားတောင်မှ ဘတ်ဖလိုးရဲ့ အကြည့်က သရော်တော်တော်လုပ်နေပုံပေါ်တယ် ။ ဘတ်ဖလိုးရဲ့ ပိုင်ဆိုင် ၊ ပိုင်နိုင်မှုအတွင်းက မိန်းမတစ်ယောက်ရဲ့ နေရာကို လည်းတွေ့ရမယ်။                                                                                             

            က္ကတ္ထိယ၀ါဒဝေဖန်ရေးအတွက် နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ လူမှုလိင် ၊ လက်ရာ အမျိုးအစားတွေနဲ့ ပတ်သတ်တဲ့မေးခွန်းပဲ ။SLဟာ ဟစ်ရှ်ကော့ ဆန်တဲ့ ရုပ်ရှင်ပဲ ။ ဟစ်ရှ်ကော့ရဲ့  Psycho နဲ့ The Birds  ပါးမားရဲ့ Dressed to Kill ? ဂျွန်ကာပန်တာရဲ့ Hallowenn ရုပ်ရှင်တွေမှာ တွေ့ရသလိုပဲ ။ အမျိုးသမီးစုံထောင်ဟာ စုံထောက်ဖို့အတွက် တွန်းအားပေးခံရတယ် ၊ အန္တာရယ်ရှိတဲ့ နယ်မြေထဲကို ၀င်ရောက်သွားမယ်၊ အဲဒီမှာ သူမရဲ့ လိင်၊နဲ့ ခန္ဓာကိုယ်ဟာ အင်အားချိနဲ့ပြီး အန္တာရယ်ပြုခံရတော့မယ့်အလား ကင်မရာရဲ့ အကြည့်ခံရမယ်။ မိန်းမ တစ်ယောက်အကြည့်ခံရပုံဟာ SLမှာ ဟစ်ရှ်ကော့ရဲ့ အစိတ်အပိုင်းတွေပါဝင်နေတယ် ။ ဒါပေမယ့်လည်းတစ်ဖက်မှာ လည်း  ဟစ်ရှ်ကော့ ဒီကွန်စထရပ်လုပ်ခဲ့တဲ့ လက်ရာအမျိုးအစားတွေရဲ့ အစိတ်အပိုင် ပါဝင်ပေါင်းစပ်နေတာကိုလည်း တွေ့ရတယ် ။ ဟစ်ရှ်ကော့ကို ဒီကွန်စထရပ်လုပ်ထားတဲ့ အစိတ်အပိုင်းတွေမှာက မိန်းမတွေရဲ့ ခွန်းအားကို ဖြည့်ဆည်းပေးမယ့် အညွန်းပြုတွေကို အများဆုံးအသုံးပြုတာပါပဲ ။ ကလာ့ရင့်စ်ဟာ ဆက်တိုက်သမားကို သူမတစ်ယောက်ထဲ စုံစမ်းထောက်လှမ်းရရုံသာကမဘူး ၊သူမရဲ့ သတ္တိနဲ့ စိတ်ဓါတ်ခိုင်မာမှုကိုပြတယ် ။ ယောက်ျားတွေဝိုင်း ရံထားတဲ့ လောကကြီးထဲက မိန်းတစ်ယောက်ရဲ့ စွမ်းဆောင်မှုကို တွေ့နိုင်တယ် ။ကလာရင့်စ်ရဲ့ စွမ်းဆောင်မှုကြောင့် ကလာရင့်စ်ရဲ့ လိင်သဘာဝဟာ မ-ဆန်မှုသက်သက်မဟုတ်တော့ဘဲ ဟန်နီဘော ၊ ဘတ်ဖလိုးတို့ဆီကိုပါ ထိုးဖောက်ဝင်ရောက်ထားတဲ့ လိင်သဘာဝအပြန်အလှန်ချိတ်ဆက်မှုသဘောဆောင်လာတယ် ။ တနည်းအားဖြင့် ရဲတွေရဲ့ ယောက်ျားဆန်တဲ့ အကြည့်တွေအတွင်းက မိန်းမရဲ့ လူမှုလိင်ကို ခွဲခြားပြရင်းက မိန်းမတစ်ယောက် ရဲ့ ပါဝါဟာ ဆက်လက် ကြီးကျယ်ခမ်းနားဖို့ အားဖြည့်နေတာဟာ လူမှုလိင်သဘာဝ အပြန်အလှန်ချိတ်ဆက်ခြင်းဖြစ်လာစေတာပါပဲ ။

ဖူးကိုး ရှုထောင့်အမြင်

            SL မှာဖူးကိုးအမြင်အတွက် အရေးကြီးဆုံးက Panoptic Gaze ပါပဲ ။ အကျဉ်းထောင်တွေရဲ့ အလယ်ဗဟို မျှော်စင်ကို Panoptical လို့ခေါ်ပါတယ် ။ အလယ်ဗဟို မျှော်စင်ကနေ အကျဉ်းခန်းအတွင်းက အကျဉ်းသားတွေကို အမြဲ စောင့်ကြည့်ကွပ်မတ်တယ် ။ ဖူးကိုးအမြင်အရာဆိုရင် အလယ်ဗဟို မျှော်စင်ကနေ စောင့်ကြည့်ကွပ်မတ်မှုမှာ  စောင့်ကြည့်သူရော ၊ စောင့်ကြည့်ကွပ်မတ်ခံရသူကိုပါ လွမ်းမိုးထိန်းချုပ်ခံရတဲ့ သဘောရှိတယ် ။ SLမှာ အဲဒီလို စောင့်ကြည် ကွပ်မတ်မှုတွေကို တွေ့နိုင်တယ် ။ ဖူးကိုးရဲ့ လက်ရာတွေက ရုပ်ရှင်ကို ခွဲခြားစိတ်ဖြာရာမှာ ရုပ်ရုပ်အတွင်း အင်စတီးကျူးရှင်းဆန်ဆန်အရာတွေရဲ့ ရေးသားပို့ချမှုကို လေ့လာစူးစမ်းစေတယ် ။ SLမှာဆိုရင် ရဲအကယ်ဒမီဟာ အင်စတီကျူးရှင်းပဲ ။  အဲဒီလို အင်စတီကျူးရှင်းတွေက ရေးသားပို့ချမှုတွေကို ဘယ်လိုလည်ပတ်အလုပ်လုပ်သလဲဆိုတာ ကို လေ့လာစေတယ် ။                                                                                                                      

                 ပါဝါနဲ့စည်းမျဉ်းစည်းကမ်းအတွဲတွေကိုလည်း လေ့လာစေတယ် ။ ကင်မရာ ဒါမှမဟုတ် ဇာတ်ကောင် တစ်ကောင်ရဲ့ ကြည့်ခြင်းထက် အကြည့်ခံရခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ဖော်ထုတ်ပြတယ် ။ အကြည့်ခံရခြင်းမှာ ရုပ်ရှင်အတွင်း ဇာတ်ကောင်ရဲ့ အကြည့်ခံရခြင်းသားမကဘူး ။ရုပ်ရှင်ကို ကြည့်နေသူရဲ့ စိတ်အတွင်းပေါ်ပေါက်လာတဲ့ ဆက်စပ်မှုတွေကိုပါ ဖော်ထုတ်ပြတယ် ။ ရုပ်ရှင်ဟာ ပါဝါတစ်ခုသာမကဘူး ၊ ပါဝါနဲ့ ဆက်စပ် ဖြစ်ပေါ်နေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်လွမ်းမိုးတဲ့ အရာအဖြစ်မြင်တာ။  ဥပမာ က္ကတ္ထိယ ၀ါဒဝေဖန်ရေးက ရုပ်ရှင်ကို ကြည့်တဲ့ အခါ ယောက်ျားလွှမ်းမိုးမှုအတွင်းက အကြည့်ခံတွေရယ် ၊ ဇာတ်လမ်းအဆောက်အအုံနဲ့ ရုပ်ရှင်ကြည့်သူကြားထဲက အကြည့်ခံတွေအကြောင်းကိုဆွေးနွေးတယ် ။ဖူးကိုးကတော့“ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်း ဟာ ကြည့်ရှုသူသာ မကဘူး ၊ စောင့်ကြည်ကွပ်မတ်ခံရသူတွေလည်းဖြစ်တယ် ။”လို့ဆိုတယ် ။ ရုပ်ရှင်ကို ကြည့်နေခြင်းဟာ ရုပ်ရှင်လည်ပတ်အလုပ်လုပ်နေတဲ့ အကျဉ်းထောင်အလယ်ဗဟိုမျှော်စင်ဆန်ဆန် စက်ယန္တရားအတွင်း စောင့်ကြည့် ကွပ်မတ်ခံရတယ်လို့ ဆိုတယ် ။                                                                                                                 

                   ရုပ်ရှင်ထဲက အကြည့်တွေကို လေ့လာစူးစမ်းတဲ့အခါလုပ်သင့်တာက လူမှုလိင်အရမညီမျှမှုတွေကိုသာ လေ့လာ စူးစမ်းနေရုံသက်သက်မဟုတ်ဘဲ အကြည့်တွေ၊ပြောစကားတွေကြားထဲမှာ အပြန်အလှန်ဆက်သွယ်နေတဲ့ ပါဝါကို လည်း လေ့လာသင့်တယ် ။ အကြည့်တွေ ကြည်ပုံတွေကြားထဲက အဆက်အစပ်တွေနဲ့ အဲဒီလိုအဆက်အစပ်တွေကြားထဲက ကိုယ့်ကိုယ်ကိုယ် စောင့်ကြည်ကွပ်မတ်သလို ဖြစ်လာပုံတွေကို ရှာဖွေတယ် ။ အတိုချုံးပြောရင်တော့ အကြည့်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပါဝါဆက်သွယ်ချက်တွေ ၊ လည်ပတ်အလုပ်လုပ်ပုံတွေကို လေ့လာတာပါပဲ ။      

               ဖူးကိုးအမြင်ကနေ SLကို လေ့လာကြည့်ရင် အဓိကတွေ့ရမှာက အက်ဖ်ဘီအိုင် အင်စတီကျူးရှင်းရဲ့ အလုပ်လုပ်ပုံ ပဲ ။ အက်ဖ်ဘီအိုင် အင်စတီးကျူးရှင်းရဲ့ ရေးသားပို့ချမှုကို ပုံစံနှစ်မျိုးနဲ့ တွေ့ရမယ် ။ အင်စတီးကျူးရှင်းက ပြင်ပလောကအ တွက် ဥပဒေအာဏာတည်လာအောင် အားဖြည့်ပေးမယ် ။  သူ့ရဲ့ အင်စတီကျူးရှင်းအတွင်းမှာတော့ ရဲအဖွဲ့အ၀င်တွေ စည်းမျဉ်းစည်းကမ်းနဲ့ အညီနေအောင် ချမှတ်လုပ်ဆောင်တယ် ။ အေးဂျင့် ကလာရင့်စ် စတာလင်ဟာ အောင်မြင်ခဲ့တယ် ။ အစပထမမှာ သူဟာ မိန်းမသဘာဝနဲ့ဖြစ်တည်ခဲ့တယ် ။ ဒါပေမယ့်  ဘတ်ဖလိုးကိုသတ်လိုက်နိုင်ခြင်း နဲ့ အက်ဖ်ဘီအိုင် အင်စတီကျူးရှင်ရဲ့ ဘွဲ့ကို ရရှိလိုက်ခြင်းအဆုံးမှာ သူမရဲ့ မသဘာအတွင်းကို ဖို-ဆန်မှုဟာ တရားဝင်ထိုးဖောက်ဝင် လာတယ် ။ ယောက်ျားတွေသာပိုင်ဆိုင်တတ်တဲ့ ပါဝါ - ရမ္မက်ဆန္ဒ-လွမ်းမိုးထိန်းချုပ်မှု တွေကို ပိုင်ဆိုင်လာတယ် ။ ဒါပေမယ့် ကလာ့ရင့်စ်စတာလင်းဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ပုဂ္ဂလိက သဘာဝက ဘာလဲလို့တော့ မေးခွန်းထုတ်ရမယ် ။  

                  ကလာ့ရင်စ့််စတာလင်းရဲ့ အောင်ပွဲဟာ သူမရဲ့ ကျဆုံးမှုလိုလို ဘာကြောင့်ဖြစ်ရတာလဲလို့မေးခွန်းထုတ်ရင် အင်စတီကျူးရှင်း နယ်လ်အလေ့အကျင့်နဲ့ စည်းမျဉ်းစည်းကမ်းအခြေခံအလေ့အကျင့်(disciplinary practice )ကြောင့်ပဲ လို့ဆိုရမယ် ။ ကလာ့ရင့်ဟာ အောင်ပွဲခံနိုင်ဖို့အတွက် စည်းမျဉ်းစည်းကမ်း အခြေခံ စမ်းသပ်မှု ပေါင်းများစွာကို ကျော်ဖြတ်ရတယ် ။ ရုပ်ရှင် စစချင်းမှာ ကလာ့ရင့်စ်ဟာ စစ်လေ့ကျင့်ခန်းတွေကို ယောက်ျားတစ်ယောက်နည်းတူ လေ့ကျင့်မှုနဲ့ စတင်ထားတယ် ။ သူမရဲ့လေ့ကျင်မှုတွေကို ကင်မရာက အကျဉ်းထောင်အလယ်ဗဟိုမျှော်စင်ကနေ စောင့်ကြည့်နေသလို စောင်ကြည့်နေတယ် ။ လေ့ကျင့်ခန်းတွေ အတွင်း တဖြည်းဖြည်းကျောခိုင်းသွားတဲ့ ကလာ့ရင့်စ နောက်ကနေမှ ရဲအရာရှိတစ်ယောက်ပေါ်လာပြီး ကလာ့ရင့်စ်ကို တာဝန်ပေးဖို့ သူ့အထက်အရာရှိကလာတွေ့ခိုင်းတဲ့ အကြောင်းပြောကြားလိုက်တယ် ။ ကလာ့ရင့်ဟာ ပရော်ဖက်ရှင်နယ်အလုပ် ၊ အင်စတီကျူးရှင်းတွေအတွင်း ချမှတ်ထားတဲ့ အရာတွေနဲ့ သင့်လျော်မယ့် တသီးပုဂ္ဂလသဘာဝကို သူ့ကိုယ်သူတည်ဆောက်နေရတာကိုက အင်စတီကျူရှင်းအလေ့ အကျင့်အတွင်းကိုယ့်ကိုယ်ကို အလိုက်သင့်ပြောင်းလဲပေးတဲ့ ခန္ဓာကိုယ် ၊ လူမှုအတ္တသဘာဝတွေအဖြစ်ပြောင်း လဲပေးရတာပဲ။ ဖူးကိုးရဲ့ အသုံးအရတော့ စည်းမျဉ်းစည်းကမ်းအခြေခံအလေ့အကျင့်အောက်မှာ ၊တနည်းအားဖြင့် ကလာ့ရင့်စ်ကြုံတွေ့ရတဲ့ စမ်းသပ်မှုအမျိုးမျိုးအောက်မှာ ယဉ်ပါးသောခန္ဓာကိုယ်(docile body) ဖြစ်လာတာပါပဲ ။ဒါ ကြောင့် ကလာ့ရင့်စ်ရဲ့ အောင်မြင်မှုဟာ အင်စတီးကျုးရှင်းနဲ့ စည်းမျဉ်းစည်းကမ်းအခြေခံအတွင်းက အလေ့အကျင့်တွေ ကြောင့်ဖြစ်လာတဲ့ ယဉ်ပါးသော ခန္ဓာကိုယ်ကြောင့်ဖြစ်ပြီး သူမရဲ့ ပုဂ္ဂလိကသဘာဝပျောက်ဆုံးသွားတဲ့အတွက် ကျဆုံးမှုလို့ မြင်နိုင်တယ် ။

ဒီလူးစ်ရှုထောင့်အမြင်
            ဒီလူးစ်ဟာ ဖူးကိုးရဲ့ ပါဝါအမြင်ကို နှစ်ဆယ်ရာစုနဲ့ အညီဆက်လက်ထုတ်ဖော်ခဲ့တယ် ။ ဖူးကိုးကိုယ်တိုင်က  တစ်ချိန်ချိန်မှာ နှစ်ဆယ်ရာစုကို ဒီလူးစ်ခေတ်ရယ်လို့ အသိအမှတ်ပြုလာကြလိမ့်မယ် လို့ဆိုခဲ့တယ် ။ ဖူးကိုးနဲ့ မတူတဲ့ အချက်တွေထဲမှာတော့ ဒီလူးစ်ဟာ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး အဓိကအရေးပါတဲ့ လက်ရာနှစ်ခုကို ထုတ်ဖော်ခဲ့တယ်။လက်ရာ နှစ်ခုလုံးက ပြင်သစ်ရဲ့ ရှေ့မျိုးဆက်တွေလက်စွဲထားတဲ့ ရုပ်ရှင်သီအိုရီအမြင်တွေကို ကျော်ဖြတ်နိုင်တယ် ။ အင်ဒရေဘာဇင် အလွန်လက်ရာတွေရယ်လို့ဖြစ်လာတာပဲ ။ ဂန္ထ၀င်ရုပ်ရှင်နဲ့ ခေတ်သစ်ရုပ်ရှင်တွေထဲက သမိုင်းဆိုင်ရာ ပြတ်တောက်မှု တွေကို အဓိပ္ပာယ်ဖွင့်ခဲ့တယ်။                                                                                       

                         ဖူးကိုးနဲ့ ကွဲပြားတဲ့ ဒုတိယအချက်က ဒီလူးစ်ဟာ ကြည့်ခြင်းအခြေခံသီအိုရီအမြင်တွေထက်စာရင် ကွန်ယက်သဘော အခြေခံကို အဓိကထားတာပဲ ။ ကြည့်ခြင်း (the look) ဟာ လိုအပ်မလိုအပ် မသေချာဘူး။ မျက်လုံးက နေကြည့်လိုက်တဲ့ လက်အောက်ခံသဘောတစ်ခုထဲရှိနေတယ်ဆိုတဲ့ သဘောထက် ကင်မရာဘောင် နဲ့ ဖန်သားပြင်ပေါ်က ရှိသမျှအရာတွေအားလုံးဟာ ကွန်ယက်သဖွယ်ချိတ်ဆက်နေတယ် ဆိုတဲ့ သဘောကိုသာ လက်ခံတယ် ။ ဘောင်အတွင်း က အရာတွေဟာ တစ်ခုနဲ့တစ်ခုယှက်နွယ်နေတဲ့ ပုံစံကိုသာ ဒီလူးစ်က အဓိကထားတယ် ။                            

                    တတိယအချက်ကတော့ ဖူးကိုးလို လူမှုလိင်နဲ့  လိင်ပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုတွေကို အဓိကထားတာမဟုတ် ဘူး ။ လိင်ပိုင်းဆိုင်ရာကွဲပြာခြားနားမှု ၊က္ကတ္ထိယ၀ါဒ၊ ဂေးနိုင်ငံရေးတွေနဲ့ ပတ်သတ်တဲ့ ဆွေးနွေးမှုတွေကို တိုက်ရိုက်ဆွေးနွေးခဲ့တာမျိုးမရှိဘူး ။ Rhizome, Deterritorialization ၊ body- wihtout-organs, becoming ….woman ဆိုတဲ့ အယူအဆတွေကို အဓိကထားတယ် ။ The Silence of the Lambs ကို ဒီလူးစ်အတွေးအခေါ်အရကြည့်ရင် ထင်ထင်ရှားရှားတွေ့ရမယ့် အယူအဆက ရိုက်ဇုန်းပဲ ။ အဓိကဇာတ်ကောင်သုံးကောင်ရဲ့ စိတ်ပိုင်းတွေဟာ ရောယှက်ပြီး ပုံစံအသစ်အသစ်ဖြစ်နေတယ် ။ သူတို့ရဲ့ အတ္တ၊ ညဉ် တွေဟာ ပထမ တစစီပြိုကွဲသွားတယ် ၊ နောက်ရောယှက်သွားတယ် နောက်ဆုံးမှာ ပုံစံအသစ်တွေနဲ့ ပြောင်းလဲဖြစ်တည်လာတယ် ။ ဒီသဘောကို ဒီလူးစ်တို့က deterrtorializing လို့ဆိုတယ် ။ နယ်နမိတ်ဘောင် ၊ အကန့်အသတ်တွေကနေ တဖြည်းဖြည်းဝေးကွာသွားတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံစံအသစ်ဖြစ်ထွန်းမှုဆီကို ရွေ့လျားသွားတဲ့သဘောပဲ ။                                                                                                              

                 ဟန်နီဘောလက်တာရဲ့ အကြောင်းကိုပဲ စဉ်းစားကြည့်ရအောင်ပါ ။ သူရဲ့ ရက်စက်ကြမ်းကြုတ်မှုက ဒီလူးစ်အယူ အဆထဲကို ၀င်သွားတယ် ။ သူ့ရဲ့ လူသားစားမှုဆိုတာက လူတွေရဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်ပြတဲ့ ပုံစံတစ်ရပ်ပဲ ။ တနည်းအားဖြင့် ခန္ဓာကိုယ်အချင်ချင်းကြား ၊ ခန္ဓာကိုယ်အများစုကြား အခြေခံအကျဆုံးသော နယ်နမိတ်ကို ဖြိုခွဲပြလိုက် တာပဲ ။ပြီးတော့ အဲဒီကနေရတဲ့ ခွန်အားနဲ့ သူရဲ့ အရည်အသွေးနဲ့ ရှင်သန်မှုကို ဆက်လက်တိုးပွားအောင်လုပ်တယ် ။ ပြင်ပက ခန္ဓာနဲ့ သူ့ရဲ့ အတွင်းခန္ဓာကိုယ်ရောယှက်လိုက်တယ်။ ဘတ်ဖလိုး က အခြေခံအကျဆုံးတိရစ္ဆာန်သဘာဝ ရှိတယ်။ သူသတ်ဖြတ်ခဲ့သူတွေရဲ့ အရည်ပြားကို ၀တ်တာမှာတွေ့နိုင်တယ် ။ ဟန်နီဘော လက်တာက လူတွေရဲ့ အသည်းကို စားတယ် ၊ မျက်နှာကို ကိုက်ဖြတ်တယ် ၊  ဒါမှမဟုတ်လူတွေရဲ့ အစိတ်အပိုင်းတစ်ရပ်ရပ်ကို စားသောက်တယ် ။ ဒီဖြစ်ရပ် နှစ်ခုဟာ ကွန်ယက် ၀ါ  ရိုက်ဇုမ်းဆန်ဆန် ချိတ်ဆက်ထားတာ ။ ဒီလူးစ်ဝါဒီတွေကတော့ Body without organs လို့ ညွန်းတယ် ။ ဒီနေရာမှာတော့ လူမှုရေးစည်းမျဉ်းဘောင်တွေကို ဖွဲ့စည်းပေးတဲ့ ပါဝါဆက်သွယ်ချက်တွေကို ပုံသဏ္ဌန်ပြောင်းလဲပေးဖို့အတွက် အစွန်းရောက်ဖြိုဖျက်မှုပဲ ။  လူအချင်းချင်းသာမန်ဆက်သွယ်မှုပုံစံနဲ့ ခြားနားတဲ့ ပုံစံတွေကနေ စည်းမျဉ်းစည်းကမ်းတွေကို ဖြိုဖျက်တယ် ။  က္ကတ္ထိယ၀ါဒီ နဲ့ဖူးကိုးတို့တွေးတဲ့ ကြည့်ခြင်းထက် လက်တာနဲ့ ဘတ်ဖလိုးတို့ရဲ့ အခြေခံတက်ဘူးတွေကို ချိုးဖောက်ပုံ ကွန်ယက်သဖွယ်ဖြန့်ကျက်မှုကို ဒီလူးစ်ဝါဒီတွေက ကြည့်မှာ ဖြစ်တယ် ။ဒီနှစ်ထဲ ချိတ်ဆက်ထားတာလားဆိုတော့ မဟုတ်ဘူး ။ ကလာ့ရင့်စ် စတာလင်းရဲ့ သိုးတွေနဲ့ ပတ်သတ်တဲ့ စိတ်ဒဏ်သင့်မှုဟာ  လူသားလောက အခြေခံစည်းမျဉ်း ၀ါ တက်ဘူးတွေနဲ့ ဆက်စပ်နေတယ် ။  အဓိက ဇာတ်ကောင်းဟာ လည်း လက်တာနဲ့ ဘတ်ဖလိုးတို့လို ရှေးမူလခေတ်ဦးဆီပြန်လှည့်သွားတယ် ။ အလေးအမြတ် အထွတ်အထိပ်ထားစရာ  အရာနဲ့ သတ်ဖြတ်မှုဆိုတာကို သိုးဆိုတဲ့ ပုံရိပ်က ပြထားတယ် ။ ဒီအပေါ် အစွဲပြုပြီး ရုပ်ရှင်ကိုက The Silence of the Lambs လို့ သုံးတယ် ။                                                                                                                      

                      ဒီလူးစ်ရှုထောင့်တစ်ခုဖြစ်တဲ့ Deterritorializations ကိုတော့ အရာဝတ္ထုတွေနဲ့ ပတ်သတ်တဲ့ တင်ပြပုံမှာ တွေ့ရမယ် ။ ဘတ်ဖလိုးက သူသတ်ဖြတ်ခဲ့သူတွေရဲ့ လည်ချောင်ထဲမှာ ပိုးကောင်ကို ထည့်ခဲ့တာကိုက အသွင်ပြောင်းလဲခြင်း (metamophosis)ကိုပြနေတယ် ။ ဒီသလောက နယ်ပယ်နယ်နိမိတ်ဘောင်ရွေ့လျားပြောင်းလဲခြင်းပဲ ။ ဒီလူးစ်ရဲ့အယူအဆတစ်ခုဖြစ်တဲ့ ဖြစ်နေခြင်း(becoming)နဲ့ လည်းယှဉ်ကြည့်နိုင်တယ် ။ တစ်နေရာထဲမှာ ရပ်တန့်မနေဘဲ တစ်စုံတစ်ခုနဲ့ ချိတ်ဆက်ပြောင်းလဲဖို့ ကြိုးစားနောမျိုး ပဲ။ ဒီလူးစ်က ကာဖကာအကြောင်းရေးရာမှာ အဓိကထားသုံးခဲ့တယ် ။ အထူးသဖြင့် ကာဖကာရဲ့ အသွင်ပြောင်းလဲခြင်း ၀တ္ထုမှာပဲ  အရေးအသားဟန်တစ်ရပ်ဟာ သူရဲ့ ရုပ်ပိုင်း ၊ စာပေးအပိုင်း၊ ရည်ညွန်းဆိုလိုချက်အပိုင်းမှာ ဘယ်အရာမှာ အသေမရှိဘဲ အလှည့်အပြောင်းအပြုအမူ အမျိုးမျိုးဖြစ်သွားနိုင်တဲ့ အခြေအနေပဲ ။ ဘတ်ဖလိုးရဲ့ သေဆုံးသူလည်ချောင်းအပေါ် ပိုးကောင်ထားတဲ့ပုံဟန် ကာဖကာရဲ့ အသွင်းပြောင်းလဲခြင်းဟန် မျိုးဖြစ်ပြီး “ဖြစ်နေခြင်း” ကိုပြတဲ့ ဟန်တစ်ခုပဲ ။ ဘတ်ဖလိုးရဲ့ အပြုအမူတွေက သူဟာတစ်ခုခုကို ပြောင်းလဲတော့မယ်ဆိုတာကို ပြနေတယ် ။ သူဟာ အမြဲမရပ်မနားပြောင်းလဲနေမှာ ။ ဒီလူးစ်ရဲ့ အယူအဆအရဆိုရင် Becoming …animal , insect , woman  တွေ ဘာမဆိုဖြစ်သွားနိုင်တယ် ။ ဒီနေရာမှာ ကျွန်တော်ဆိုလိုချင်တာက ဒီလူးစ်ရဲ့ အယူအဆရှုထောင့်ကနေဖတ်ရှုတာရယ် ၊ ဒီလူးစ်ရဲ့ အယူအဆကို နားလည်စေရုံသက်သက်ရယ်ပဲ ။ ရုပ်ရှင်မှာက ကာဖကာလို အရေးအသား ဟန်မှာ ပေါ်ပေါက်နေတဲ့ ဖြစ်နေခြင်းကို မပြောတာကာ ကျွန်တော်တို့အတွက် အတုယူ အားကျနိုင်ဖို့ ခဲယဉ်းမယ် ။ ဘာကိုများပြောသလဲလို့ မေးခွန်းထုတ်ကောင်း ထုတ်နိုင်တယ် ။ ဒီးလူးစ်အယူအဆက လူမှုရေးအရအထက်အောက်ဖိစည်းထားတဲ့ အယူအဆတွေကို ဖြစ်နေခြင်း နဲ့ ချိုးဖောက်ကျော်လွန်နိုင်တယ်။ လူသားရဲ့ အတ္တသဘာဝ ကွန်ယက်သဖွယ်ချိတ်ဆက်ဖြစ်ထွန်းနေတဲ ဖြစ်နေခြင်း တွေရှိရမယ်လို့ ဆိုတာ ဖြစ်တယ် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...