Saturday, April 28, 2012

ယဉ်ကျေးမှုများပြိုလဲခြင်း (၂)


ရှေးဆန်ပြီး တော်ဝင်နန်းထိုက်တဲ့၊ တသသ သတိရ နေစရာ ဂုဏ်ယူအားကျဖွယ်ရာ၊ နှစ်ပေါင်းများစွာ မိရိုးဖလာ အစဉ်အဆက် ထိမ်းသိမ်းလာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာ တန်ဖိုးဖြတ်လို့ မရနိုင်ဘူး။ အရှေ့တိုင်းတန်ဖိုး အဆောက် အအုံထဲမှာ အတူတူရှိနေတယ်။ ဒါတွေကို လွယ်လွယ်မေ့ဖျောက် ချန်ထား ရစ်ခဲ့ကြလို့မဖြစ်ဘူး။ မဖြစ်ဘူးဆိုရင် ဘယ်လို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ကြမလဲ? ဒီနေ့ လူငယ်တွေကြားက ပြိုကျလာတဲ့ ယဉ်ကျေးမှုကို ဘယ်လိုပြန်လည် တည့်မတ်ကြမလဲ။ လမ်း ကြောင်းမှန်ပေါ် ဘယ်လိုပြန်လည်ဆွဲ တင်ကြမလဲ။ နောက်ဆုံးမတတ်နိုင်လို့ လက်လျှော့ပေး လိုက်ရ တယ် ဆိုရင်တောင် ဒီပြိုကျလာမှုကို စနစ်တကျဖြစ်ဖို့၊ အဆင့်အတန်းရှိဖို့တော့ ထိမ်းချုပ်လမ်း ညွန် ပေးရမှာ ဖြစ်လာတယ်။

ဥပဒေတွေနဲ့ အရေးယူ တားဆီးကာကွယ်မလား။ လူကို ဖမ်းချုပ်ထားလို့ရပေမဲ့ စိတ်ဓါတ်ကို ဖမ်းချုပ် ထားလို့မရဘူး။ အဓိကစိတ်ဓါတ်က ဖြစ်နေတာဖြစ်တယ်။ ဒီလူငယ်တွေရဲ့ စိတ်ဓါတ်၊ အတွေးအခေါ်၊ အလုပ်အကိုင် အပြုအမူတွေကို အဓိကလွှမ်းမိုးပြီး သြဇာပေးနေတာက တယ်လီဗီးရှင်း၊ ရေဒီယို၊ ရုပ်ရှင်တွေထက် စာပေပဲဖြစ်တယ်။


မြန်မာရုပ်ရှင်တွေ တီဗွီတွေမှာ အခုအထိ ရိုင်းရိုင်းစိုင်းစိုင်း ညစ်ညစ်ညမ်းညမ်း အခန်းတွေပါတာ မတွေ့ ဘူး။ လစ်ဘင်းတူဂဲသား အတွေးအခေါ်ကို အားပေးထောက်ခံထားတဲ့ ရုပ်ရှင်ဗွီဒီယိုမတွေ့ဖူးဘူး။ ရည်း စားလိုတွဲတဲ့ အတွေးအခေါ် ဆိုတာတော့ ဝေးရောပဲ။ (ဒီရည်းစားလိုတွဲတဲ့ အတွေးအခေါ် ဆိုတာ ကလည်း လစ်ဘင်းတူဂဲသား အတွေးအခေါ်ကနေ ဖြန့်ကျက်ခွဲထွက်ခြင်း (သို့မဟုတ်) ဆင့်ပွားပေါ် ပေါက်လာခြင်းပဲ ဖြစ်တယ်။)

ပထမ ဆောင်းပါးမှာလည်း ကျနော်ပြောထားပါတယ်။ ဂျူးတစ်ယောက်တည်းကို အပြစ်ပုံချနေတာ မဟုတ်ပဲ၊ စတင်ဆော်သြလှုံ့ဆော်သူ၊ အဓိက တာဝန်ရှိသူအဖြစ် ထောက်ပြနေခြင်းသာ ဖြစ်တယ်။

စစ်အစိုးရလက်ထက် မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလ တစ်ခုကစပြီး Club တွေပေါ် လာတယ်။ လူငယ်တွေ သွားကြတယ်။ ဒီမှာ ယောင်္ကျားလေးနဲ့ မိန်းကလေးကြားက ဆက်ဆံရေး ပုံစံသစ်တွေ ပေါ်လာတယ်။ ဒါကိုလည်း ကျနော်သိပါတယ်။

ဒါပေမဲ့ ကျနော်က စိတ်ဓါတ်၊ အတွေးအခေါ်နဲ့ ခံယူချက်ကို အဓိကပြောနေတာပါ။ ဒီ Club တွေမပေါ် လာခင်ကတည်းက လူငယ်တွေကြားမှာ ကူးစက်ပျံ့နှံ့နေပြီဖြစ်တဲ့ ယဉ်ကျေးမှုပျက်လာနေတဲ့ အတွေး အခေါ် အယူအဆကို ပြောနေခြင်းသာ ဖြစ်တယ်။ night club သွားတိုင်း  ပျက်စီးတာ မဟုတ်ပါဘူး။ night club သွားတိုင်း ပျော်ပါးဖော် ရှာဖွေဖို့ မဟုတ်ဘူး။  ပြီးတော့ night club တွေက ဆန္ဒရှိရင် ချက်ခြင်း ဖျက်သိမ်းလိုက်လို့ရတဲ့ ကိစ္စတွေ။ အတွေးအခေါ်၊ အယူအဆကိစ္စကျတော့ လွယ်လွယ်နဲ့ ဖြိုချဖျက်ဆီး ပစ်လိုက်လို့ ရတာမျိုးမဟုတ်ဘူး။

အဲဒီ “အချစ်မပါပဲ ရည်းစားလိုတွဲတယ်၊ အတူ သွားတယ်၊ အတူစားတယ်၊ လက်ကိုင်တယ်၊ ပါးနမ်း တယ်” ဆိုတဲ့ စဉ်းစားချက်ကို အဓိကကျနော် မီးမောင်း ထိုးပြနေတာ။ ဒီလုပ်ရပ်က တိုက်ရိုက်ဘာသာ ပြန်ရရင်တော့ အချစ်တော့မပါဘူး၊ ဒါပေမဲ့ ဆန့်ကျင်ဖက်လိင် လူငယ်နှစ်ယောက်ကြားမှာ လိင်စိတ် သာယာခြင်း ကလွဲလို့ ဘာဖြစ်နိုင်ဦးမှာလဲ။

အနောက်တိုင်းမှာတော့ ခပ်ရိုင်းရိုင်းပဲ sex partner လို့ ဗြောင်ခေါ်ကြတယ်။ အနောက်တိုင်းမှာတောင် ဒီစကားလုံးနဲ့ ဒီအစ်ရှူးကပေါ်တာ ဘာမှကြာသေးတာမဟုတ်ဘူး။ သူတို့ဆီမှာတော့ sex partner ဆိုတာ အချစ်မလိုတဲ့၊ အနှောင်အဖွဲ့မလိုတဲ့ တူတူအိပ်ဖော်ကိုပြောတာပါ။ Living Together  အဆင့်ထက် နိမ့်ကျတဲ့အဆင့်ပဲ။ Living Together က အချစ်ပါတယ်။ နှစ်ယောက်ချစ်လို့ (သို့မ ဟုတ်) ကြိုက်လို့ နှစ်ယောက်သဘောတူ အတူတူနေကြတယ်။ Living Together ကာလမှာ ကလေး သုံးလေးယောက်အထိ မွေးကြတဲ့ အတွဲတွေရှိတယ်။

ကျနော်ပြောနေတာက မြန်မာနိုင်ငံကို ဒီအတွေးအခေါ် အယူအဆ ရောက်လာတဲ့ အကြောင်းကို ပြော နေတာ။ ဒါလုံးဝ လက်ခံနိုင်စရာ မရှိဘူး။

မကြာသေးခင် လှမ်းမြင်ရတဲ့ ကာလတခုအထိ ထိမ်းသိမ်းထားခဲ့သေးတဲ့ သုံးနှစ်သုံးမိုးစောင့်ပြီးမှ ချစ် သူရည်းစား ဖြစ်ကြတဲ့ ကျနော်တို့ အစဉ်အလာတွေကို ဘယ်မြောင်းထဲမှာ သွားလွှတ် ပစ်လိုက် ရမှာ လဲ။ ချစ်သူ ရည်းစားဖြစ်တာတောင် အိမ်က မိဘတွေ အုပ်ထိမ်း သူတွေ သိမှာစိုးလို့ ချိန်းတွေ့ခွင့် လွယ် လွယ်မရ၊ ချိန်းတွေ့ခွင့်ရပြန်တော့လည်း လက်ကလေးတောင် ကိုင်ခွင့်မရ၊ ပါးနမ်းဖို့တော့ ဝေး ရော၊ ပုဝါတကမ်း လက်တလှမ်းကနေ ချစ်စကားတွေ ပြောခဲ့ကြတဲ့ အဖြစ်တွေကို ငါတို့နဲ့ဘာမှ မဆိုင်ဘူး ဆိုပြီး ကျနော်တို့ လွယ်လွယ် မေ့ဖျောက်ပစ်ကြမှာလား။

ခြေသလုံးသားမပေါ်အောင် ထိမ်းသိမ်းခဲ့တဲ့ ခေတ်ကနေ လူပုံအလယ်မှာ ရွှေရင်နှစ်မွှာ ဗြန်းဗြန်းကွဲ ဖွင့်ချပြရဲတဲ့ ခေတ်ကို ရောက်မှန်းမသိ ရောက်လာတာဖြစ်တယ်။ ဒီနေ့လူငယ်တွေ ပွင့်လင်းမှုက လွန် လွန်း တယ်လို့ပဲ ပြောရမယ်။ ချိန်းတွေ့တဲ့အခါ တယောက်နဲ့တယောက် ပြူမူဆက်ဆံကြတာ မြင်ရတဲ့ လူ တောင် ရှက်ဖို့ကောင်းတယ်။

ကျနော်ခုလိုတွေပြောနေတာ ခေတ်နောက်ပြန်ဆွဲနေတာ။ ပဒေသရာဇ်ခေတ်က ယဉ်ကျေးမှုကို ပြန် လည်တမ်းတ လွမ်းဆွတ်နေတာ မဟုတ်ဘူး။ ဒီနေ့ ဂလိုဘယ်ဖြစ်စဉ်မှာ ယဉ်ကျေးမှုအားလုံး ၀ုန်းဒိုင်း ကျဲ ပေါက်ကွဲ ကုန်တဲ့ အခြေအနေတွေကို ကျနော်မသိလို့ မဟုတ်ပါဘူး။

ဘာသာရေး အယူ အစွဲကြီးတဲ့၊ ဥပဒေမျိုးစုံနဲ့ ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံတွေက မိန်းကလေး တချို့ တောင် သူတို့ နိုင်ငံတွေက ရှေးရိုး အစဉ်အလာတွေကို ရသလောက်လွန်ဆန် ဖောက်ဖျက်ကြတာ ကိုလည်း သိနေပါတယ်။ သူတို့ဖြစ်စဉ်ကသီးခြားပါ။ အပြင်ထွက်ရင် မျက်နှာကို ဖုံးကွယ်ပြီး အပြင် ထွက်ရမယ်၊ ခြေဖျားကနေ ဆံဖျားအထိ အ၀တ်တွေ ဖုံးထားရမယ်စတဲ့ အလွန်အကျွံ တားမြစ် ပိတ်ပင် မှုကို တော်လှန် ပုန်ကန်ခြင်းသာ ဖြစ်တယ်။

ခေတ်မီတာနဲ့ ပျက်စီးတာကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ဖို့ လိုပါတယ်။ သမိုင်းကြောင်း ဆိုင်ရာအရ ရှိနေခဲ့ပြီးဖြစ်တဲ့တန်ဖိုး၊ အထူးသဖြင့် ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် နားလည်ဖို့လိုတယ်။ အမျိုးသားလက္ခဏာပျောက်ရင် လူမျိုးပါပျောက်တတ်တယ်။

ရေလှိုင်းလို အရှိန်အဟုန်တခုရဲ့ ရိုက်ခတ်မှုနဲ့ တွေ့တဲ့အခါ အားကောင်းတဲ့လူတွေတောင် ယိမ်းယိုင် တတ်ကြတယ်။ အားနဲတဲ့လူတွေကတော့ တသက်လုံး ကမ်းပေါ်ပြန်မတက်နိုင်အောင် မြောပါပျောက် ကွယ်သွားကြတော့တာပဲ။ စာပေမြင့်မှ လူမျိုးမြင့်မယ်ဆိုတာ အလကားပြောတဲ့စကား မဟုတ်ဘူး။ အတွေးအခေါ် ဗိုင်းရပ်စ်ပိုးက ကူးစက်ပျံ့နှံ့လွယ်တယ်။

စာရေးသူတစ်ယောက်ဟာ အတွေးအခေါ်အသစ် တခုကို ချပြချင်တယ်ဆိုရင် လူ့အဖွဲ့အစည်းအတွင်း အဆိပ်အတောက် ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်ဖို့လိုတယ်။ တစ်ချိန်မှာ အဆိပ်အတောက်ဖြစ်လာနိုင်ရင် ဒီအတွေးအခေါ်ကို ချမပြသင့်ဘူး။ ပြီးတော့ လှောင်ပိတ်ထားခံရတဲ့ လူ့အဖွဲ့ အစည်းဆိုတာ အသစ် အဆန်းကို အမြဲတောင့်တနေတာ ဖြစ်တယ်။ မွန်းကြပ်မှုတွေကနေ ရတဲ့နည်း တခုခုနဲ့ ဖောက်ထွက် ချင်နေ ကြတာဖြစ်တယ်။

ကျနော့်ပထမဆောင်းပါးကို မှတ်ချက်ပေးတဲ့သူ တစ်ချို့က ဂျူးဝတ္တုထွက်တဲ့အချိန်က မြန်မာနိုင်ငံမှာ အခုဖြစ်နေတာမျိုးတွေလည်းမဖြစ်သေးဘူး၊ ပြီးတော့ ၀တ္တူထွက်တာလည်းကြာပြီ၊ အခု ပျက်စီး နေတဲ့ လူငယ်တွေက အဲဒီအချိန်လောက်ကမှ မွေးတဲ့လူငယ်တွေ ဖြစ်တာကြောင့် ခုဖြစ်နေတဲ့ ကိစ္စတွေဟာ ဂျူးနဲ့ ဘာမှ မဆိုင်ဘူး ဆိုတာမျိုး ပြောကြတယ်။

အရင်ဆောင်းပါးမှာ ဂျူးသြဇာနဲ့မလွတ်ကင်းတဲ့၊ ဂျူးအတွေးအခေါ်တွေကို ထပ်ဆင့်ပွားများနေကြတဲ့ မြန်မာလူငယ် စာရေးဆရာမတွေ ဆိုတာကိုပါ ကျနော်ပြောခဲ့ပြီး ဖြစ်ပါတယ်။
ပြီးတော့ ပထမဆောင်းပါးမှာ မှတ်ချက်ပေးကြတဲ့ လူငယ်တချို့ (ချာတိတ်တချို့) အတွက်တော့ သူတို့ ပြောသ လိုပဲ ဂျူးဟာ သူတို့ အမေ ခေတ်က စာရေးဆရာမ အန်းဒိတ် ဖြစ်နိုင်ပါတယ်။)  ဒါပေမဲ့ Influential ဖြစ်တဲ့ အတွေး အခေါ် တစ်ခုဟာ ရာစု နှစ်တွေကို ဖြတ်သန်းပြီး ခိုင်မာမြဲမြံစွာစီးဆင်း နေတယ်ဆိုတာ အဲဒီ လူငယ် တွေကို ကျနော် သတင်း ပေးချင်တယ်။

မြန်မာနိုင်ငံက ဖြစ်စဉ်ကိုကြည့်ရင် မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ဆန့်ကျင်ဖက်လားရာဆီ လမ်းခွဲ ထွက် သွားတဲ့ ဒီ လစ်ဘင်းတူဂဲသား ဆိုင်ရာ  အတွေးအခေါ် တခုထဲကိုပဲ ကြည့်လို့ မရတော့ပဲ၊ ဒီစဉ်း စား ချက်ကို အခြေခံပြီး လူငယ်တွေကြားမှာ ဖြစ်ပေါ်လာတဲ့ ဆက်ဆံမှုပုံစံအသစ်တွေ၊ relationship ဖြစ် ထွန်းမှုပုံစံသစ် အားလုံးကို ထည့်တွက်ရမှာဖြစ်တယ်။ ဒီအတွေးအခေါ်တွေကို မြန်မာနိုင်ငံမှာ ဂျူးက အစပျိုး ဖြန့်ဖြူးခဲ့သူဖြစ်ပြီး၊ ဒီအတွေးအခေါ်ဟာ အချိန်ယူ အရှိန်ယူပြီးမှ တစစ တောက်လောင် လာ တာဖြစ်တယ်။

ယဉ်ကျေးမှုဆိုတာ စီးပွားရေး၊ နိုင်ငံရေး အဆောက်အအုံတွေလို နေ့ချင်းညချင်း မြင်သာ ထင်သာ ၀ုန်းဝုန်းဒိုင်းဒိုင်း ပြိုလဲကျတဲ့ အရာမျိုးမဟုတ်ဘူး။ တိုင်းပြည်တခုရဲ့ စီးပွားရေး၊ နိုင်ငံရေး ဆိုတာမျိုးက မြင်သာထင်သာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ဖြစ်ပြီး၊ ယဉ်ကျေးမှု ဆိုတာကတော့ စိတ် ပိုင်းဆိုင်ရာ ဆက်နွယ်ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်တယ်။

ကိုးကွယ်ယုံကြည်မှုတခု၊ နယ်နိမိတ်အကန့် အသတ်တခု၊ လူ့အဖွဲ့အစည်းတခုထဲမှာ စီးဆင်းဝင်ရောက် နေတဲ့အရာဖြစ်တယ်။ ယဉ်ကျေးမှုအသစ်တခု လွယ်လွယ်ကူကူ ဖြစ်မလာတတ်သလို၊ ယဉ် ကျေးမှု အဟောင်းတခု လွယ်လွယ်ကူကူ ပြိုမကျနိုင်ဘူး။ ယဉ်ကျေးမှုတခုနဲ့ ယှဉ်တွက် ကြည့်ရင် ဂျူး စာရေး တာ ဒီနေ့မှပါ၊ မနေ့ကတောင်မဟုတ်ဘူး။

နောက်တခုက ကျနော်က လစ်ဘင်းတူဂဲသား အတွေးအခေါ်အယူအဆပါတဲ့ ဂျူးဝတ္တူတပုဒ်တည်း ကိုပဲ ယိုးမယ်ဖွဲ့နေတာမဟုတ်ဘူး။ အဲဒီစာအုပ်က မြစ်ဖျားခံလာတဲ့ ဂျူးရေးတဲ့တခြားစာတွေ၊ အဲဒီ အတွေးအခေါ်ကို တထပ်တည်းကူးယူပြီး ရာနူန်းပြည့် ပုံဖော်မထားပေမဲ့ အဲဒီလမ်းကြောင်းပေါ် လျှောက်နေတဲ့၊ သူ့အရိပ်မကင်းတဲ့  မြန်မာ့ရိုးရာရနံ့တွေ ဖျောက်ဖျက်ပစ်တဲ့ ဖားတပိုင်း ငါးတပိုင်း ဟို မရောက် ဒီမရောက် လူငယ်စာရေးဆရာမတွေကို ကျနော်ပြောနေ ခြင်းဖြစ်တယ်။

ဂျူးဦးဆောင်တဲ့ သူတို့အုပ်စုကြောင့် လူငယ်တွေ (အထူးသဖြင့် မိန်းကလေးတွေ) စဉ်းစားပုံ၊ အယူ အဆ၊ အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေမှာ ပုံစံပျက်သွားတယ်။ မိရိုးဖလာ ပတ်ဝန်းကျင် အစဉ်အလာအရ ထိမ်းသိမ်းလာခဲ့တဲ့ နေထိုင်မှုပုံစံ၊ စဉ်းစားတွေးခေါ် မျှော်မြင်မှု၊ ဗိုင်းကောင်း ကျောက်ဖိလူနေမှု ဘ၀အခြေအနေတွေ ယိမ်းယိုင် ယိုယွင်း ပျက်စီးသွားတယ်။

အဲဒီ ၀တ္တူတွေထဲက ဇာတ်လိုက်တွေ အတိုင်း လိုက်စဉ်းစားတယ်၊ သူတို့ကိုယ်တိုင် ဇာတ်လိုက်တွေလို့ ထင်ယောင်ထင်မှားဖြစ်လာ၊ သွေးနထင်ရောက်လာ၊ ပြီးတော့၊ နေ့စဉ်လက်တွေ့ ဘ၀ထဲမှာ ပုံတူ ကူးချပြီး၊ လက်တွေ့စီမံဆောင်ရွက် လိုက်တော့တာပဲ။ အစဉ်အလာတွေထဲကနေ ခုန်ထွက်လိုက်ကြ တာပဲ။ အဲဒီမှာ ဇာတ်လမ်းကစတယ်။ မိရိုးဖလာနဲ့ သွေဖည် လမ်းလွဲခြင်းတွေဖြစ်လာတယ်။

မြန်မာယဉ်ကျေးမှု လူနေမှုဘ၀အရ လစ်ဘင်းတူဂဲသား နေထိုင်မှုပုံစံရဲ့ တင်းပြည့်ကျပ်ပြည့် အဆင့် အတန်းအထိ မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်လို့ရချင်မှ ရမှာဖြစ်ပေမဲ့၊ လစ်ဘင်းတူဂဲသား အတွေးအခေါ်တွေ စိတ်ဓါတ်တွေ စီးဝင်ဖြစ်ပေါ်လာတယ်။ မြန်မာမိန်းကလေးဆိုတဲ့ အနှစ်သာရ တန် ဖိုး၊ အပျိုစင် တစ်ယောက်ရဲ့ တန်ဖိုးတွေ တဖြေးဖြေး မှေးမှိန် ပျောက်ကွယ် လာတယ်။

လွယ်လွယ်ကူကူ ရည်းစားထားလာတယ်၊ လွယ်လွယ်ကူကူ ချိန်းတွေ့လာကြတယ်။ လွယ်လွယ်ကူကူ ကျူးကျူးလွန်လွန် တွေဖြစ်ကြတယ်။ ဒီအလေ့အကျင့်ဟာ ပတ်ဝန်းကျင်ထဲမှာ အဖြစ်များလာ၊ တွေ့ရ ဖန်များလာတော့ ဒီကိစ္စဖြစ်နေတာ အဆန်းတကြယ် မဟုတ်တော့ပဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စ တစ်ခုလို ဖြစ်လာတယ်။ လူ့တန်ဖိုးတွေ ထိုးကျလာပြီး၊ ချောင်ကြိုချောင်ကြားက ကိစ္စတွေဟာ၊ ဖြစ်ပါများ လုပ်ပါ များလာတော့ လူမြင်ကွင်းတွေအထိ ဟီရိသြတပကင်းစွာ ယူဆောင်လာကြတာတွေ ဖြစ်လာတယ်။ 

“ရည်းစားလိုတွဲတယ်” ဆိုတဲ့ အဆင့်ကျတော့ ဒီထက်ပိုအရှိန် မြင့်သွားတဲ့ စိတ်ဓါတ်၊ အတွေးအခေါ်၊ အယူအဆပိုင်းဆိုင်ရာ ဖြစ်သွားပြီ။ ဒီအဆင့်က လစ်ဘင်းတူဂဲသားကနေ ထပ်မံခွဲဖြာထွက်လာတဲ့ အကိုင်းအခက်တခု၊ ပိုမိုအန္တရာယ်ကြီးတဲ့ အခြေအနေတခု ဖြစ်တယ်။

ဒီအဆင့်မှာ ဘယ်အထိ ခရီးဆက်သလဲဆိုတာ ကျနော်မသိဘူး။ ပါးနမ်းတယ် ဆိုတာကတော့ သိရ တယ်။ ဒီအဆင့်ကို မြန်မာလူငယ် ဘယ်လောက်များများ လက်တွေ့ကျင့်သုံး နေသလဲဆိုတာ ကျနော် မသိဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီအခြေအနေဟာ တကယ်ရှိနေပြီ။

ဒီနေရာမှာ ပုဂ္ဂိုလ်ရေး ဆန်တဲ့ စကားအချို့ အနည်းငယ်ပြောမှ ဖြစ်မှာမို့ ကျနော်ပြောချင်ပါတယ်။ ဒါမှ လည်း ကွက်ကွက်ကွင်းကွင်း မြင်ရမှာမို့ပါ။ စာရေးဆရာ၊ ကဗျာဆရာတွေဆိုတာ၊ သူတို့တွေရဲ့ လက် တွေ့ဘ၀ကို ထင်ဟပ်တဲ့၊ ဘ၀ပေးအခြေ အနေကို မလွန်ဆန်နိုင်တဲ့ အယူအဆ၊ အတွေး အခေါ်တွေ သူတို့စာတွေ၊ ကဗျာတွေမှာ အရိပ်ထိုး နေပါတယ်။ 

(ယောင်္ကျားဖြစ်ရက်နဲ့ ကိုယ့်ထက်လည်း အသက်ကြီးတဲ့ အမျိုးသမီးလည်းဖြစ်သူ တစ်ယောက်ကို မှို ချိုးမြှစ်ချိုး ပြောတယ်လို့ ဆိုကြရင်လည်း ခံရမှာပါပဲ။ အများစုနဲ့ သက်ဆိုင်လာတဲ့အခါ တဦးတ ယောက် သို့မဟုတ်  အနည်းစုကို  ပုဂ္ဂိုလ်ရေးအရပါ လိုအပ်လို့ ဝေဖန် သင့်ရင် ဝေဖန်ရမှာပဲ ဆိုတဲ့ အခြေခံပေါ်မှာ ရပ်တည်ပြီး ဝေဖန်ခြင်း ဖြစ်ပါတယ်။)

လူတစ်ယောက် အရွယ်ရောက်လာတဲ့အခါ ဆန့်ကျင်ဘက်လိင်တွေရဲ့ စိတ်ဝင်စားခြင်း၊ နှစ်သက် သဘောကျခြင်းကို လိုချင်ကြတာပါပဲ။

ယောင်္ကျားဆိုတာကလည်း မိန်းကလေး တစ်ယောက်ကို ကြည့်တဲ့အခါ နံပါတ်တစ် ရုပ်ရည်ရူပကာကို ကြည့်တာပါ။ နောက်မှ ကိုယ့်ကျင့်သီလ၊ စိတ်နေသဘောထား၊ ငွေကြေး၊ အရည်အချင်း ဆိုတာတွေ ကိုကြည့်တာ။ ချွင်းချက်အနေနဲ့ ရုပ်အရမ်းဆိုးပေမဲ့ စိတ်ထားအရမ်းလှနေတဲ့ မိန်းကလေးမျိုးကိုလည်း ယောင်္ကျားလေးတွေ ချစ်သွားတတ်၊ မြတ်နိုးသွားတတ်ကြတယ်။ ရှားပါတယ်။

ပုံမှန်အားဖြင့်တော့ ရုပ်အရမ်းဆိုးတဲ့ မိန်းကလေးကို ယောင်္ကျားလေးတွေ မကြိုက်ကြဘူး။ အိမ်ထောင် ဖက်အဖြစ် ပေါင်းဖော်ဖို့ ဆန္ဒမရှိကြပါဘူး။ ရုပ်အရမ်းဆိုးပေမဲ့ မိန်းကလေးက ပိုက်ဆံတွေ အဆမတန် ချမ်းသာနေလို့ တချို့ယောင်္ကျားတွေ လက်ထပ်ချင်လက်ထပ်ကြမယ်။ ဒါက လူကို ချစ်တာထက် အဲဒီ မိန်းကလေး ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ ငွေကြေးတွေကို ချစ်လို့ လက်ထပ်ကြတာပါ။

ဆရာမ ဂျူးကတော့ သူ့ရုပ်ရည်ရူပကာကြောင့် ငယ်ရွယ်စဉ်မှာ ယောင်္ကျားတွေရဲ့ စိတ်ဝင်စားခြင်း၊ ချစ် ခင်မြတ်နိုးခြင်း၊ ချဉ်းကပ်ခြင်းကို ခံခဲ့ရပုံမရဘူး။ မြန်မာနိုင်ငံမှာ မိန်းကလေးက ယောင်္ကျားလေးကို ကျမရှင့်ကို သဘောကျနေမိ ပြီဆိုတာ စတင်ပြောလေ့ကလည်းမရှိ။ မိန်းကလေးက စပြောတာ နိုင်ငံ ခြားမှာလည်း ရှားပါတယ်။ ကိုယ်နဲ့ ရွယ်တူ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက စိတ်ဝင် စား ချဉ်းကပ် နေကြတဲ့ အချိန်မှာ၊ ယောင်္ကျားလေးတွေရဲ့ စိတ်ဝင်စားခြင်းကို မခံရ၊ ဥပေက္ခာပြုခြင်းကို ခံရ တဲ့ မိန်းကလေးဟာ ငယ်ရွယ်နုနယ်သူဆိုရင် သေဒဏ်အပေးခံရတာနဲ့ သိပ်မခြားပါဘူး။ 

အဲဒီအခါ ငယ်စဉ်ကတည်းက သူ့ဘ၀မှာ ဖျောက်ဖျက်လို့မရတဲ့ စိတ်ဒဏ်ရာတွေ ရလာတယ်။ ဒီလိုရင် ဆိုင်ရတဲ့အခါ ရုပ်နဲ့စွဲဆောင် လို့မရရင် တခြားဘာနဲ့ စွဲဆောင် မလဲဆိုတာ သူ့စိတ်ကူးထဲမှာ ထက်မြက် သူပီပီ စဉ်းစားခဲ့ပုံရတယ်။ 

မိန်းကလေး တစ်ယောက်မှာ လှပတဲ့မျက်နှာလေး မရှိရင်လည်း၊  အခြားအရာတွေ ရှိနေသေးတာပဲ။ အခြားနည်းနာတွေနဲ့ စွဲဆောင်လို့ ရနေသေးတာပဲ ဆိုတဲ့ စဉ်းစားချက်မျိုး စိတ်ကူးယဉ် စဉ်းစားခဲ့ပုံရပါ တယ်။ အဲဒီမှာ မကြေမလည်တွေဖြစ်၊ ပူလောင်နေခဲ့ပြီးတဲ့အခါ၊ သူ့စိတ်ကူးထဲမှာ ရှိနေတာတွေနဲ့  ဖတ်မှတ်ထားတဲ့ အနောက်တိုင်း ၀တ္တုတချို့ကို ပေါင်းစပ်ပြီး လစ်ဘင်းတူဂဲသား အတွေးအခေါ် စာအုပ် မျိုးတွေကို ချရေး လိုက်တာပဲ။
သူ့အားနည်းချက်အပေါ်မှာ သိမ်ငယ်စိတ် (တနည်းအားဖြင့်) “အကျဒေါသစိတ်” နဲ့ ချရေးလိုက်တာက အကြောင်းမဟုတ်ပေမဲ့၊ ရုပ်ရည်ပြေပြစ် လှပတင့်တယ် ချောမောကြတဲ့ မြန်မာအမျိုးသမီးလေးတွေပါ ဒီအတွေးအခေါ်တွေရဲ့ ဖျက်ဆီးခြင်းကို ဒီကနေ့ခံနေရတာက ပြဿနာဖြစ်လာတယ်။ ဆရာမဂျူး ဦး ဆောင်ပြီး စိုက်ပျိုးလိုက်တဲ့ မျိုးစေ့က ကာလတခုကြာတဲ့အခါ မြန်မာနိုင်ငံမှာ တကယ်ကို အပင်ပေါက် လာပြီ။

မြန်မာ့ယဉ်ကျေးမှုထဲမှာ ကျူးကျော်ပြီး ၀င်ရောက် အပေါက်ခံလို့ မဖြစ်တဲ့ ဒီအဆိပ်ပင်ကို လွယ်လွယ် ကူကူ အမြစ်ဖြတ်ဆွဲနူတ် လိုက်ဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုတာ ကျနော်သိတယ်။ ဒီအတိုင်း လွှတ် ထားလိုက်ရင်လည်း ပိုမိုရင့်သန်ကြီးထွား လာမှာလည်း ဖြစ်ပြန်တယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ စိန်ခေါ်မှု တခုဖြစ်လာပြီး၊ တိုင်းပြည် တပြည်လုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာဖြစ်လာပြီ ဖြစ်တယ်။

[ကျနော့်ကို ပြောပြတဲ့ကောင်မလေးက ပထမ ဆောင်းပါးကို ရေးလိုက်တဲ့အတွက် ကျနော့်ကို စိတ်ဆိုး တယ်။ ကျနော်ကလည်း သူ့ကိုခွင့်မတောင်းပဲရေးခဲ့မိတယ်။ ဒီနေရာကနေပဲ ဒီစာတွေ ရေးမိတဲ့ အတွက် သူ့ကို တောင်းပန်လိုက်ပါတယ်။ နောက်တခုက ကျနော့်အနေနဲ့ ငွေကြေး အတွက် စာရေးမှာ မဟုတ်သလို၊ စာရေးခြင်းနဲ့ ဘယ်သောအခါမှ အသက်မွေးဝမ်းကျောင်း ပြုမည်မဟုတ် သော်လည်း၊ ပထမဆောင်းပါးကို ရေးလိုက်မိပြီးဖြစ်တော့၊ မှတ်ချက်တွေလည်းရှိလာတဲ့ အပေါ်မှာ၊ ဒီဆောင်းပါးကို ဆက်ပြီးရေးလိုက်ခြင်း ဖြစ်ပါတယ်]

ကိုထွဋ်
(ဧပြီ ၂၈၊ ၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...