Friday, April 27, 2012

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (ပ - ဒု)


by Lu Maw on Friday, April 27, 2012 at 12:40am 

  မြန်မာပြည်ဟာ ဒီမိုကရေစီ စနစ်ကိုပြောင်းတဲ့အစိုါ်ရသစ်တက်လာပြီးကတည်းက တစ်နှစ်မပြည့်တစ်ပြည့်အချိန်မှာကမ္ဘာမှာ ချီးမွမ်းထောပနာပြုခြင်း အခံရဆုံးသော တိုင်းပြည် တစ်ပြည်ဖြစ်လာပါတယ်။ ကမ္ဘာနဲ့နိုင်ငံတကာက တကယ်ချီးကျုးတာပါ ။ "ကမ္ဘာရဲ့ စီးပွားရေး မျက်နှာစာသစ် " ၊ " အာရှကျား" ၊ " ခရီးသည် အသွားထိုက်ဆုံးသောတိုင်းပြည်" ၊ အားလုံးအပေါင်းလက္ခဏာတွေနဲ့ ပြည့်နေတဲ့ အဆိုစကားတွေပါ။ ဘာကြောင့် ဒီလောက်ထူးထူးကဲကဲဖြစ်နေတာပါလိမ့် ။ ဘာတွေကောင်းနေတာပါလိမ့်။ ကောင်းကျိုး ဂုဏ်အင်္ဂါတွေဟာ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်၊စွမ်းဆောင်ချက်တွေချည်းကြောင့်တော့မဟုတ်ပါဘူး။ အစိုးရသစ်က လမ်းကြောင်း ပြောင်းပေးတာမှန်ပါတယ်။ ဒါဟာအရေးအကြီးဆုံးသော အပြောင်းအလဲဆိုတာ လှိုက်လှဲစွာ ၀န်ခံပါတယ်။ ဒါပေမဲ့ ဒါထက်ပိုပြီး အရင်းခံကျတဲ့ အကြောင်းတွေရှိပါတယ် ။ဒါတွေက ပိုအရေးကြီးပါတယ် ။ ဒီတော့မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ကြည့်မယ်ဆိုရင် သာရည်တွေ ကောင်းချက်တွေက ဘာတွေလဲ --

၁။  တိုင်းပြည်က သယံဇာတ ပေါကြွယ်ဝပါတယ်။ နည်းနည်းနောနောမဟုတ်တဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေပါ။

၂။  မြန်မာည်ြသူပြည်သား လူအများရဲ့ အရည်အသွေး (Human capital) ဒီအချက်မှာတော့ မြန်မာဟာ ကမ္ဘာရှိတိုင်းပြည်များထဲမှာထူးကဲစွာသာရည်တွေရှိနေပါတယ်။ ပထမဦးဆုံး စာတတ်သူပေါများခြင်း (Literacy Rate ) ဒါကလည်း ဟိုးရှေးသမိုင်း စဉ်ဆက်ကစပြီး ရှိခဲ့တာ။ နှစ်ပေါင်း တစ်ထောင်လောက်က စပြီး စဉ်ဆက်မပြတ် အရှိန်ကောင်းကောင်းနဲ့ တည်ရှိ နေခဲ့တဲ့ ဘုန်တော်ကြီးကျောင်း ပညာရေး (Monastic education) ကြောင့်ပါ။ ကမ္ဘာနဲ့ ကမ္ဘာသမိုင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားတဲ့အောင်မြင်မှုပါ။ ပြည်သူတွေစာတတ်တာဟာ ဘယ်လောက်ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာ ကျွန်မတို့လို ဆေးလောကမှ လူတွေအသိဆုံးပါ။ ကျန်းမာရေးပညာပေးရေးနဲ့ ကျန်းမာရေးမြှင့်တင်ရေးမှာ ဘယ်လောက်ထိရောက်တယ်ဆိုတာ အခြားအခြားသောစာဖတ်တတ်သူနည်းလွန်းတဲ့ တိုင်းပြည်မှာလုပ်တဲ့ ကျန်းမာရေးလုပ်သားများကလည်း မြန်မာမှာ Literacy rate ကောင်းတာကြောင့် လုပ်ရကိုင်ရတာ ဘယ်လောက်အောင်မြင်တယ်ဆိုတာ ထောက်ပြ သွားကြပါတယ်။ နောက် သာရည်တစ်ခုကတော့ မြန်မာအမျိုးသမီးတွေရှဲု့ လုပ်ရည်ကိုင်ရည် ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီးတွေဟာ ကျွန်မတို့နည်းတူ အမျိုးသမီးတွေ လွတ်လပ်မှု များများရထားတဲ့ အခြား ထေရ၀ါရတိုင်းပြည်နဲ့ နှိုင်းယှဉ်လျှင်တောင် အမျိုးသမီးတွေ လူမှုဘ၀နဲ့ လုပ်ငန်းခွင်အပါအ၀င် ဆင်နွဲပုံဟာ အင်မတန်မှ ထူးခြားပါတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေက လုပ်ရည်ကိုင်ရည်မှာ ပိရိသေသပ်ပြီး အဆင်မြင့်မြင့် လုပ်နိုင်ပါတယ်။ တိုင်းပြည်ကလည်း မြေအောက်သံယံဇာတ (ဓါတ်ငွေ့၊ သတ္တု၊ ကျောက်သံပတ္တမြား) တွင်သာမကမြေကြီးကလည်း ရွှေသီးအောင်ကောင်းတယ်။ ရာသီဥတုကလည်း ကောင်းတယ်။လူတွေကမပျဉ်းဘူး။လုပ်ရည်ကိုင်ရည်ကောင်းတယ် အခုအစိုးရက အပြောင်းအလဲ လုပ်နေပြီဆိုတော့ ဘာလိုသေးတော့သလဲ မေးစရာရှိပါတယ်။ သိထားဖို့ကောင်းတာတွေကတော့--

၃။  အခု မြန်မာပြည် ပွင့်ထွက်လာတဲ့အချိန်ဟာ အာရှမှာလည်း စီးပွားရေးအရှိန် ကောင်းနေတဲ့အချိန် ဖြစ်တော့ အံကိုက်ဖြစ်သွားတယ်။ ဒါကြောင့် မြန်မာ့စီးပွားရေး အလားအလာ သိပ်ကောင်းသွားတယ်။

၎။  တစ်ကမ္ဘာလုံးနဲ့ အဆက်ဖြတ်ထားတဲ့ တိုင်းပြည်က ပွင့်ထွက်လာတော့ ပြည်ပကအကူအညီပေးချင်တဲ့ လူတွေရှိတယ်။ (Capital) ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာမယ်။ အရင်က ၀ိုင်းပယ်ခြင်း၊ပခြင်း ခံထားရတဲ့ မျက်နှာငယ် တိုင်းပြည်ဆိုတော့ တရုတ်၊စင်ကာပူ၊ထိုင်း ကိုပဲကုန်သွယ် တိုင်းပြည်အဖြစ် အားကိုးနေရတာ။ သူတို့ကလည်း စီးပွားရေးဆန်ဆန် ရက်စက်ပါတယ်။ ကျာဒသနားမှ နွားချမ်းသာရမယ်ဆိုတော့ အနိုင်ကျင့် ကြတာမြန်မာက ခါးစီးပြီးခံနေရပါတယ်။ သူတို့ပြုသလို နုနေရတာ။ အခုဒီအခြေအနေဆိုးက လွတ်မြောတ်နိုင်ပါပြီ။

      အခု တင်ပြခဲ့တာက အပေါင်းလက္ခဏာ သင်္ကေတတွေပါ။ အနုတ်လက္ခဏာတွေကော မရှိဘူးလား ရှိတာပေါ့။ ဒါတွေကလည်း အရေးတကြီး အမြန်အဆန် ကိုင်တွယ်ဖြေရှင်းရမှာတွေ ဖြစ်နေတယ်။ အခါမလင့်ဘဲ ပြုပြင်ထိုက်တာတွေ။ မဟုတ်လျှင်တော့ တိုင်းပြည်ရဲ့ လမ်းစဉ်ဟာ အံချော် ထွက်သွားပြီး ဆိုးကျိုးတွေက ကောင်းကျိုးတွေကို သာသွားနိုင်ပါတယ်။ ဒီလို အဆိုးရလဒ်တွေဟာ အရင့်အရင်အစိုးရတွေ အနှစ် ၅၀ လုံးလုံး စီးပွားရေးနဲ့ အခြားဖွံ့ဖြိုးရေးတွေကို ချွတ်ခြုံကျအောင် လုပ်သွားခဲ့တဲ့ အမွေဆိုးတွေဖြစ်တယ်။ ဒါပေမဲ့ အခု အစိုးရသစ် ဒီမိုကရေစီစနစ်ကို ပြောင်းသွားပြီ ပြုပြင်ပြောင်းလဲ ရေးလုပ်ရာမှာ လုံးဝအပြစ်မတင်ဘူး။ အကာအကွယ်ပေးနေသလို ထင်ရတယ်။ ကျွန်မ စောစောပိုင်းတုန်က " ယုံကြည်မှု ကွာဟာချက်နဲ့ ယုံကြည်မှု တ်ာဆောက်ရေး" ဆိုတဲ့ ဆောင်းပါးမှာ အရင် အစိုးရ (စစ်အစိုးရ) ကို ကာကွယ်ပေးသလို လုပ်နေရင် အခုအစိုးရကို ' ဒီပုတ်ထဲက ဒီပဲလို့' ထင်တော့မယ်လို့ရေးမိတော့ စိစစ်ရေးက ဖြတ်လိုက်တယ်။ စစ်အစိုးရဆိုတာလည်း ဖြတ်တယ်။ တပ်မတော်အစိုးရလို့ ခေါ်ရမယ်လို့ နောင် ကျွန်မ သိရတယ်။ ကျွန်မကတော့ (military regime = stratocracy) ကို ဘာသာပြန်လိုက်တာပါ။ စိစစ်ရေးက ဒီကိစ္စမှာ ဘာကြောင့် အထိမခံ ကြွေပန်ကန် ဖြစ်နေပါလိမ့်။ ဒီလိုဆိုရင်တော့ လူတွေ စိတ်ထဲမှာ ပြောမထွက်ပေမယ့် စနှိးစနောင့်တော့ ဖြစ်နေဦးတော့မှာပဲ။ ယုံကြည်မှု အားနည်းသွားတော့မှာပဲ။
      အထက်က ဆိုခဲ့တဲ့ အမွေဆိုးတွေက မြန်မာပြည်သူပြည်သား အတွက် ဘာချန်ထားခဲ့သလဲ ဆိုတော့ လူတွေဆင်းရဲနွမ်းပါးမှုပဲ။ ဒီလိုဆင်းရဲမှုဟာ အရင် ၃၀ ရခိုင်နှုန်းကျော်ကမှ အခု ၂၆ ရာခိုင်နှုန်း ကျလာတာကို ဂုဏ်ယူစွာနဲ့ ကြေညာနေတယ်။ ၂၆ ရာခိုင်နှုန်း ဆိုတာ က လူ ၄ ယောက်မှာ တစ်ယောက်ကဆင်းရဲတယ် (Below Poverty Line) လို့ဆိုတာ ။ ဒါကျေနပ်စရာလား၊ ဒီလောက်သယံဇာတကြွယ်ဝတဲ့တိုင်းပြည်ကို ဒီလိုအခြေအနေဆိုးရောက်အောင် လုပ်နိုင်ခဲ့ကြတာပါ။

     ဒါတွင် မကသေးပါဘူး။ဒီအစိုးရတွေ ချန်ခဲ့တဲ့ကြွေးမြီတွေကလည်း ကြောက်စရာပါလား။ (Foreign debt >11 billion) နောက်လူတွေ နာလန်ထဖို့တော်တော် ခဲယဉ်းအောင် လုပ်သွားခဲ့တာပဲ။ ဘာတွေများ သုံးခဲ့တာပါလိမ့်။ ရှေးက ဘတ်ဂျတ်က ဘယ်သူမှမသိရတဲ့ ထင်သာမြင်သာ မရှိခဲ့တာဆိုတော့ မသိနိုင်တော့ပါဘူး။

     ပညာရေးမှာလည်း ( Literacy rate) စာရေးစာဖတ်တတ်မှု ဆိုတဲ့ သာရည်ကို အစိုးရအဆက်ဆက် အခွင့်ကောင်းယူ အသုံးချ ( exploit) ပြီး တိုးတက်ဖို့အတွက်လုပ်မပေးခဲ့ဘူး။ လူတန်းစား အသီးသီး အောက်ခြေလ်သမားကစပြီး စက်ရုံအလုပ်သမားတွေကို တက်ကျွမ်းပညာ (technical knowledge) ဖြစ်ဖြစ်တိုးတက်အောင် မလုပ်ခဲ့ဘူး။ ပညာရေး စနစ်ကလည်း ခေတ်နောက် ပညာရေးစနစ်ဖြစ်သွားတယ်။ အနှစ် ၅၀ နောက်ကျနေတာ မီအောင်လိုက်ဖို့မလွယ် ဖြစ်သွားတယ်။ မြန်မာတွေက တော်ကြပါတယ်။ သင်ရတာလွယ်တယ်။ တက်လွယ်လို့ တော်ပါသေးရဲ့ ၊ မျှော်လင့်ချက် ထားနိုင်တယ်၊ ဒါပေမဲ့ ပညာရေးစနစ်ကို ပြုပြင်ဖို့ ကောင်းပါပြီ။

     ဒီလိုအကောင်းအဆိုး နှစ်ဘက်ကိုကြည်လင် ပြတ်သားစွာ မြင်ပြီးနောက် အကောင်းဆုံးဖြစ်အောင် plan ( နည်းဗျုဟာ) ဆွဲရမယ်ဆိုရင် အလွန်တရာ အရေးကြီးတဲ့ ဦးတည်ချက် ရည်မှန်းချက်တွေ ထွက်ပေါ်လာတယ်။
၁။ ကတော့ 'မျှတခြင်း' (equity)၊  အဓိကအားဖြင့် ငွေကြေး (economic) မျှတရေး ဖြစ်တယ်။ အခြား လူမှုဘ၀သာယာရေးအတွကအခွင့်အရေးများဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနှင့် အခြားရပိုင်ခွင့်များမှာ လူတွေအားလုံး သာတူညီမျှဖြစ်ရန် လိုပါမယ်။

      တစ်နည်း ပြောရလျှင်တော့ အရေးကြီးဆုံးက ဆင်းရဲနွမးပါးမှုကို မဖြစ်အောင်တားဖို့ ၊ ကာကွယ်ဖို့ ရှိလာပြီမို့ ဒါကိုပယ်ဖျက်ဖို့ ပိုပြီး အရေးကြီးတယ်လို့ ဆိုရမယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မပေါ်အောင် ၊ ရှိနေလျှင်လည်း သည်လို ကျဉ်းမြောင်းအောင် လုပ်ရပါမယ်။ ဒီကွာဟမှု မရှိသေးတောင် မငြိမ်အောင် သို့မဟုတ် ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ရေးကတော့ အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ကာကွယ်ရန် လိုပါတယ်။ ကမ္ဘာ့ ဘယ်နေရာမှာပဲ ကြည့်ကြည့်၊ ဒီလို ကွာဟမှုရှိနေတဲ့ တိုင်းပြည်ဟာ မအေးချမ်းပါ။ ဒီဘေးအန္တရယ်ကတော့ အစိုးရနဲ့ ပြည်သူတွေရဲ့ အကြီးဆုံးသော ရန်သူဖြစ်လိမ့်မယ်။

၂။  Sustainability ။  ရရှိထားတဲ့ တိုးတက်မှုတွေ ကောင်းကျိုး ကောင်းချက်တွေ သာရည်တွေ ကို ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန် ထိန်းသိမ်းထားရေး၊ တစ်ပွဲတိုး ပေါ်တင်ဖြစ်ပြီး ကောက်ရိုးပီးလို အရှိန်သတ် ဖြစ်မသွားအောင် လုပ်ဖို့ လိုပါတယ်။
     တိုင်းပြည်ရဲ့ တိုးတက်မှု အဘက်ဘက်ကု ရည်ညွှန်းတာပါ။ ဒါကြောင့် ဘာကိုစစ အကောင်အထည်ဖော်ဖို့ (POA= Plan of action) လုပ်ငန်း အစီအစဉ်မှာ ဒီဆက်လက် ရှင်သန်ရေးကို ကနေဦး ကတည်းက ထည့်သွင်း စဉ်းစားပြီး ' ဘယ်လို လုပ်မယ်'  ဆိုတာ သတ်သတ်မှတ်မှတ် အစီအစဉ် ရှိရပါမယ်။

၃။  ဥပဒေများ။ ဘယ်လိုဥပဒေဖြစ်ဖြစ်၊ ပြည်သူပြည်သား အားလုံးအပေါ်မျှတစွာ သက်ရောက်မှုရှိရေး။ အခု ခေတ်အခါက နိုင်ငံရေး စနစ်ကြီးကို အမြစ်ကလှန်ပြီး ပြောင်းလဲလိုက်တာဆိုတော့ ဥပဒေအသစ်တွေအများအပြား ထွက်ပေါ်လာမယ်။ မရှိသေးပြီး လိုအပ်နေသောအသစ်တွေ ထုတ်မယ်။ ပယ်ဖျက်သင့်လျှင် ပယ်ဖျက်မယ်။ ပြုပြင်စရာရှိရင် ပြုပြင်ပြောင်းလဲညှိပေးပြီး အသုံးဝင်အောင် လုပ်ပေးကြရမယ်။ ဒီလိုဥပဒေတွေဟာ ဒီမဏ္ဍိုင် ၃ ခုစလုံးဖြစ်တဲ့ အစိုးရဥပဒေပြုရေး၊ တရားစီရင်ရေး အပြင် စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာ (Media) မှာ အကျုံးဝင်မယ်။ ဒီမှာ အရေးကြီးတာက အသိပေးစရာက အားလုံးအတွက် ဖြစ်ရပါမယ်။ အကြောင်းအကျိုးကြောင့် 'သာ' နေတဲ့ လူတန်းစားက ဒီဥပဒေတွေရဲ့ ကောင်းကျိုးသာရည်တွေကို အသုံးပြု အကျိုးပြုတဲ့ လူတွေရှိသလို ဒီလို သာရည်မျိုးမရှိတဲ့ လူတန်းစားက မသုံးလိုက်ရ မဖြစ်စေရပါ၊ သိသူဖော်စား မသိသူကျော်သွား မဖြစ်စေရပါ။ ဒီလိုပဲ ဒီလိုပဲ ဒီဥပဒေတွေကို ရှောင်တတ် ကွင်းတတ်သူတွေက ရှောင်ကြပြီး မသိနားမလည်သူတွေ ကတော့ 'ခံလိုက်ဦး' ဆိုတာမျိုးလည်း မဖြစ်စေရပါ။ ကျွန်မက တစ်ဘက်သတ်အဆိုးမြင်ပြီး အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကပျက်ယပျက် ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်မ အသက်အရွယ်နဲ့ ကျော်ဖြတ်လာရတဲ့ နိုင်ငံရေးခေတ်ပေါင်းများစာကို လက်တွေ့အတွေ့အကြုံရှိပါတယ်။ တကယ့်နဖူးတွေ့ဒူးတွေ့တွေပါ။
စိစစ် ဝေဖန်လည်း လုပ်ကြည့်ပါတယ်။ ဒီတော့ ပျဉ်ဖိုး တော့ နားလည်တယ်။ ကတိက၀တ်တွေနဲ့ အဲ့ဒါတွေကပေးတဲ့ မျှော်လင့်ချက်တွေလည်း အများကြီး သိခဲ့ရပြီးပါပြီ။ ဖဆပလ ခေတ်က ' ပြည်တော်သာစီမံကိန်း' 'အိမ်တစ်လုံး၊ ကားတစ်စီး၊ လခ ၈၀၀ိ' ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က အနှစ်၂၀ စီမံကိန်းအပြီး 'စက်မှုထွန်းကား၊ ဆိုရှယ်လစ် တိုင်းပြည်ကြီး' ဖြစ်စေရမယ်။ ဒါတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာ အားလုံးအသိမို့ ပြောနေဖို့ မလိုတော့ပါလို့ ထင်ပါတယ်။ ဒီတော့ ကျွန်မကို ဒီအသက် ဒီအရွယ်ကျမှ မျှော်လင့်စရာ မရှိတော့ဘူးလို့ ထင်ရတဲ့ အခါကာလမှာပီတိ လွှမ်းလောက်တဲ့ မျှော်လင့်ချက် ရောင်ခြည်ကို သမ္မတကြီး ၃၁-၃-၂၀၁၁ မိန့်ခွန်းမှာ ပေးခဲ့တော့ ဒီမျှော်လင့်ချက်ရဲ့ အလင်းတန်းလေးကို ဘယ်လိုမှ ပျောက်ကွယ် ဆိတ်သုန်း အဖြစ်မခံနိုင်ပါဘူး။

  သမ္မတကြီးရဲ့ ဒီမိုကရေစီ အပေါ်ထားရှိတဲ့ ယုံကြည်မှု၊ ဒီမိုကရေစီ အစိုးရအတွက်လုပ်ပေးနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် လုံးဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့ သမတ္တကြီးအပြင်၊ သမ္မတကြီးအပြင် ၊ အခြားသူတွေကကော ဒီလို ပြင်းပြတည်ကြည် မယိမ်းမယိုင်ဖြစ်တဲ့ ယုံကြည်မှု ရှိရဲ့လားလို့ စိတ်ထဲ ဖြစ်လာမိတယ်။ ယုံကြည်မှု ခံယူချက်သဘောဆိုတာက ဘာသာရေး ယုံကြည်မှုလိုပဲ အဇ္ဈတ္တ အတွင်းကနေ ခံစားပြီး ထွက်လာတဲ့ အပြင်းစား သဘောခံယူချက်ဖြစ်ရပါမယ်။ တချို့တွေက လောကမှာနေသွားတာ ကြုံသလိုနေသွားကြတာ။ ရေလိုက်ငါးလိုက အများမိုးခါးရေ သောက်ဆိုသလို နေတဲ့လူကများပါတယ်။ အခုပြောင်းလဲ ခံယူလာတဲ့ ဒီမိုကရေစီစနစ်ကို 'မချစ်သော်လည်း ပင့်သက်ရှူ' နေကြတဲ့သူတွေ ရှိနေမလား။ ''ဒီမိုကရေစီ ကျင့်ဝတ် ၀တ္တရားတွေကို တကယ်ပဲ နှစ်နှစ်ကာကာ'  ယုံပြီး ဦးလည်မသုံ လုပ်သွားကြမှာလား။ ပါဝင်နေသူ အားလုံး ဒီမိုကရေစီက လိုအပ်တဲ့ လုပ်ဆောင်ချက် (Democratic Practices) တွေကို ခရေစစေ့တွင်းကျ နားလည်ကြရဲ့လား ။ ဒီကိစ္စက ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဘာမဆို မဖြစ်နိုင်တဲ့ဘက် ထည့်စဉ်းစားပြီး မယုံကြည်မှု ရှိထားမှသာ အောင်မြင်မှုနဲ့နီးမှာ။ ကျွန်မတို့ ဒီလို (Skepticism) ရှိတာ ကိုယ့်အတွက် ကာကွယ်မှု ပေးနိုင်တယ် ဆိုတာလည်း သတိရှိရပါမယ်။
   ကျွန်မ အကြောက်ဆုံး ကတော့ ဒီအခြေ ဒီအဆင့်ရောက်ပြီးဒါမှ တစ်ခန်းရပ် (သို့) ပွဲမပြီးခင် ဖျာသိမ်း ၊ ပွဲကိုအပြီးသတ်သလို (Game Over) ဖြစ်သွား မှာကိုပါ။

       
                   ၂၄-၂-၂၀၁၂

( ပြည်သူ့ခေတ်ဂျာနယ် ၂၉၊ မတ်၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၈၈ )


ဒုတိယပိုင်း 

 နောက် တိုင်းပြည်ရဲ့ အခြေအနေကိုပြတဲ့ ညွှန်းကိန်းပြကိန်း တစ်ခုကတော့ (GNP) ဂျီအင်န်ပီလို့ ခေါ်တဲ့ ကမ္ဘာသုံး သင်္ကေတ ဖြစ်တယ်။တချို့က ဂျီဒီပီ (GDP)ကိုလည်း သုံးတတ်တယ်၊ မြန်မာကတော့ ဂျီအင်န်ပီကို သုံးတယ် ထင်ပါတယ်၊ ဒါကတော့ တိုင်းပြည်တစ်ပြည်လုံးရဲ့ အမျိုးသားတစ်ရပ်လုံးရဲ့ ထုတ်လုပ်မှု ပမာဏကို ဖော်ညွှန်းတာဆိုတော့ တစ်တိုင်းပြည်လုံးရဲ့ဌေးကြွယ်သမျှကို ပေါင်းချုပ်လုပ်ပြီးပြတာပါ။ နိုင်ငံသူနိုင်ငံသား တိုင်းသူပြည်သား လူအများကို ကိုယ်စားမပြုဘူး။ ဂျီအင်န်ပီ ဘယ်လောက်ရှိနေပါစေ တိုင်းပြည်ထဲက လူအပေါင်းက ဆင်းရဲနေလျှင်တော့ ချမ်းသာကြွယ်ဝတဲ့တိုင်းပြည်လို့ခေါ်နိုင် ပါဦးမလား။ တိုင်းပြည်ဆိုတာကကော ဘာလဲ ၊တိုင်းသူ ပြည်သားနိုင်ငံသားတွေကို ကိုယ်စားပြုရမှာ မဟုတ်လား။ ဂျီအင်န်ပီက မြင့်ပြီးနိုင်ငံသားအများစုက ဆင်းရဲနေလျှင် ချမ်းသာတဲ့တိုင်းပြည်လို့ ခေါ်နိုင်ပါဦးတော့မလား။ ဒါကို အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရလျှင်တော့ ဂျီအင်န်ပီကို တိုင်းသူပြည်သားအားလုံး မျှတစွာ ခံစားခွင့်ရှိရပါမယ် ။ ကမ္ဘာမှာဒီလိုပုံစံမကျဖြစ်နေတဲ့ တိုင်းပြည်တွေ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာရဲ့ အကြီးမားဆုံးသောပြဿနာက ကမ္ဘာသူကမ္ဘာသား အများပြည်သူဆင်းရဲနွမ်းပါးမှုပဲ မဟုတ်လား။ ဆင်းရဲချမ်းသာကွာဟမှုကလည်း လက်ရှိကမ္ဘာရဲ့ ခပ်မြန်မြန်နဲ့ အလောတကြီးဖြေရှင်းရမယ့်ဘေးအန္တရယ်ကြီးအဖြစ် ရပ်တည်နေတာပါ။ တစ်ကမ္ဘာလုံးရဲ့ ၃၀ ရာနှုန်းသော ချမ်းသာ သမျှဟာ သူဌေးကြီး ၁၀၀ ကျော်ရဲ့ လက်ထဲမှာပဲ ရှိနေတဲ့အဖြစ်ဆိုတော့ ငွေကြေးကို သုံးစွဲနေရတဲ့လူတွေအတွင်းခွဲဝေမှုဟာ ဘယ်လောက်တစ်ဖတ်သတ် ဖြစ်နေတာလဲ ဆိုတာ သိပ်ဝေးဝေးစဉ်းစားဖို့ လိုမယ်မထင်ပါဘူး။ ဒါကြောင့် ကျွန်မတို့လို ပွင့်သစ်စ မြန်မာပြည်မှာလည်း ဒီအချင်းအရာကို အမြဲ သတိချပ်ပြီးကာကွယ်တားဆီးလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အခု လောလောဆယ် တက်လာတဲ့ ပြဿနာပေါင်းစုံထဲက ကာကွယ်ရမယ့် ထိပ်သီးအကြောင်း ဖြစ်တယ် ၊ ဘယ်လိုမှ ခေါင်းရှောင်လို့ မရပါဘူး။

    ဘရာဇီးကို ဥပမာပြလို့ ရပါတယ်။ဒီတောင်အမေရိကမှာရှိတဲ့ တိုင်းပြည်အကြီးစားကြီးဟာ လူဦးရေ များတယ် ။ သယံဇာတ ပေါကြွယ်ဝတယ်။ တိုင်းပြည်က ချမ်းသာတယ်။ ဖွံ့ဖြိုးမှု အဆင့်မြင့်တယ်။ လူကုံထံ လူတန်းစား ကြီးထွားများပြားတယ် ။ ဂျီအင်န်ပီ ကောင်းတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေကို လှေကားထစ်နဲ့စီလျှင် ထိပ်ဆုံးမှာ ရှိတယ်။ ဘရာဇီးနဲ့ အိန္ဒိယဟာ မကြာခင် ဖွံ့ဖြိုးပြီးနို်င်ငံစာရင်း ၀င်တော့မယ်လို့ အများကတွက်ထားတာ ။ တိုင်းသူပြည်သားတွေကို ကြည့်လိုက်လျှင်တော့ ကျိကျိတက် ချမ်းသာသူတွေ ရှိတယ် ၊ ခမ်းနား ကြီးကျယ် အဆင့်မြင့် ဇိမ်ခံ ဟိုတယ်ကြီးတွေ ရီတယ် ၊ မြန်မာက နေပြည်တော်လိုပဲ မြေရိုင်းစစ်ကနေ တည်ဆောက် ဖော်ဆောင်ထားတဲ့ အံ့သြဖွယ်ကောင်းလောက်တဲ့ ဗိသုကာ ဒီဇိုင်း တီထွင်မှု အသစ်အဆန်းတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ရှိတဲ့ " ဘရာဇီးလီးယား" မြို့တော်ကြီးရှိတယ်။ နိုင်ငံရဲ့ မြို့တွေမှာတော့ ဖြူခါပြာခါ ကျလွန်းလို့ကုန်းကောက်စရာတောင် မရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေ ရှိနေတယ်။ ဆင်းရဲချမ်းသာမှု ကွာဟချက် မျဉ်းကြောင်းကြီးက ထင်သာမြင်သာ ကွင်းကွင်းကွက်ကွက် ရှိနေတဲ့တိုင်းပြည်လို့ ဆိုနိုင်တယ်။ ဖွံ့ဖြိုးတဲ့ တိုင်းပြည် တွေရဲ့ပုံမှန်ဂုဏ်အင်လက္ခဏာလို့ဆိုလောက်တဲ့ အခြားသင်္ကေတတွေလည်း တွေနိုင်တယ်၊ ဥပမာ ရာဇ၀တ်မှု မှုခင်းများခြင်း ၊ရှိရင်းစွဲ သယံဇာတတွေကို ဖြန်းတီးတဲ့နေရာမှာလည်း လူဆိုး စာရင်းဝင် ဖြစ်နေတယ် ။ သစ်တောတွေ ပျက်ပြုန်းစေတဲ့ တိုင်းပြည်တွေထဲမှာ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ မြန်မာဟာ ထိပ်ဆုံးက ဖြစ်နေတယ်။

      ကျွန်မတို့ တိုင်းပြည်မှာ ဒီလိုအခြေအနေဆိုးကို သိပ်ပြီး နောက်မကျသွားခင် ကာကွယ်တားဆီးဖို့က အခုအခါမှာ ထိပ်တန်း ဦးစားပေးရမယ့် ရည်မှန်းချက် ဖြစ်ရမယ်ဆိုတာ သိပ်ပြီးပေါ်လွင်လာပါတယ်။ အခါမလင့်ပါစေနဲ့ ။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းတယ် ဆိုတာ လူတိုင်းအသိပဲ မဟုတ်လား ။ ခက်ခဲပေမယ့်လည်း အပြောချည်း မဟုတ်ဘဲ တကယ်လုပ်ပြရပါလိမ့်မယ်။

      နောက် ဥပမာ ပြနိုင်တဲ့ တိုင်းပြည်ကတော့ တရုတ်ပြည်ပဲ ။ တရုတ်ပြည်ကတော့ သိကြတဲ့အတိုင်း ကွန်မြူနစ်အစိုးရအုပ်ချုပ်တဲ့တိုင်းပြည်ပါ။ ကျွန်မတို့ အရင်တစ်ခါက ဘုံ ၀ါဒလို့ ခေါ်တဲ့ အစိုးရစနစ်အောက်မှာ ရှိနေသေးတဲ့ တိုင်းပြည်ဟာအခု ဆယ်စုနှစ် ၂ စု ၃ စု မှာ ပြောင်းလဲသွားပုံများကတော့ မှတ်မိစရာမကောင်းတော့ပါဘူး။ ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီးတွေရဲ့ခံယူချက် သဘောထားဒဿန အမြင်က  လူတစ်ဥိးစီရဲ့ လိုအပ်ချက် အတိုင်း တိုင်းပြည်ရဲ့ ချမ်းသာသမျှကိုဝေပေးရမယ်တဲ့။ အဲဒီလိုတိုင်းပြည်မှာ အခု ဘာဖြစ်နေသလဲ။ ဘီလျံနာ (သန်းထောင်ကြွယ်) သူဌေးယောက်ျား မိန်းမ ရှိသတဲ့။ ဒါတင်မကသေးဘူး ။ ချမ်းသာတဲ့သူတွေက ဟော့ရမ်းစွာ မျက်နှပြောင်တိုက်ပြီး ကြက်သီးမွေးညင်းထလောက်အောင် လူ့သိက္ခာနဲ့ ငွေကြေးဆိုင်ရာ မျှတမှုရှိခြင်း တရားကို ချိုးဖောက်နေကြတယ်။ လူလူချင်း စာနာမှုတရားတွေကလည်း လုံးပါးပါးပြီး လာလိုက်တာ တကယ်ပဲအံသြလောက်ပါတယ် ။ ယုံနိုင်စရာ မရှိတော့ဘူး ။ ဒါတွေဖြစ်လာတာ ဘာကြောင့်လဲ ။ အသေးစိတ်တွေကို တပ်အပ်မပြောနိုင်ပေမယ့် ဖွံ့ဖြိုးမှုအစဉ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ စုပေါင်းရလဒ်လို့ ဆိုနေကြတယ်။

   တစ်မျိုးပြောရလျှင်တော့ လူတွေဟာ ပိုက်ဆံရဲ့ တန်ခိုးအာဏာ စက်ကွင်းထဲမိပြီး ပိုက်ဆံကိုပဲ တန်ဖိုးထားတဲ့ ဦးထိပ်ပန်တဲ့ ခံယူချက်တွေ လွန်ကဲစွာလွှမ်းမိုးလာတယ် ။ ပိုက်ဆံရှိလျှင် ဘာဖြစ်ဖြစ်လုပ်လို့ရမယ် ။ လုပ်မှာပဲ ။ ဒါငါ့ပိုက်ဆံပဲဆိုတဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ ငယ်ထိပ်အထိ တက်နေလို့ပဲ။

     ကမ္ဘာကြီးရဲ့ ကြွယ်ဝသမျှ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ သူဌေးကြီးတွေ ၁၀၀ ကျော်လောက်လက်ထဲမှာ ရှိတယ် ဆိုကတည်းက ဆင်းရဲချမ်းသာကွာဟမှုဟာ ဘယ်လောက်အတိုင်းအတာနဲ့ ရှိနေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ် ။ ချမ်းသာတဲ့သူတွေဆီကနေ ကြွယ်ဝချမ်းသာမှုဟာ အောက်ခြေ ဆင်းရဲသားတွေဆီကို အပေါ်ကနေ လျှံကျ ယိုစီးကျဆင်းလာမယ် (Trickle Down Theory ) လို့များ မထင်လိုက်ပါနဲ့ ။ ဒီလိုမဖြစ်လာပါဘူး ။ နောက် ဒီလို ဝေခွဲမျှတမှု မရှိခြင်းနဲ့ ကိုယ်ကျိုးရှာတာလောက်ကိုပဲ တစ်သတ်မှတ်တည်း ကျင့်သုံးနေတာက တရားလွန် ထုထည်ကြီးမားပြီး ခိုင်မြဲ လာတော့တယ်။ ဒါကတော့ ဘယ်လိုမှ မဖြစ်ထိုက်ဘူးဆိုပြီး မခံချင်သူတွေရှိလာတယ် ။ Corporate Social Responsibility (CSR) ဆိုပြီး ကုမ္ပဏီကြီးတွေ ကော်ပိုရေးရှင်းတွေ ပိုင်ဆိုင်သူ တရားလွန် ဌေးသူတွေက လူအများအစားဖြစ်တဲ့ ပြည်သူတွေရဲ့ ဘ၀နေရေးကို အထိုက်အလျေက် တာဝန်ယူသင့်တယ်လို့ မြင်လာတယ်။ သူဌေးကြီးတွေကလည်း သူတို့လောဘကို အတောမသတ် နယ်ချဲ့ပြီး ဘယ်သူ့ကိုမှ ဘာမျှ မလုပ်ပေးဘူးဆိုတာလည်း အမြင်အားဖြင့် သိပ်ကောင်းတာ မဟုတ်ဘူး။ လှူလိုက်လျှင်  နာမည်ကောင်းရမယ့် အခွင့်အရေး ရှိမယ်လို့ ယုံကြည်လာကြတယ် ထင်ပါရဲ့ ။

     ဒီလောက်သုံးမကုန် နေအောင် ချမ်းသာနေသူတွေကတော့ ဆင်းရဲချို့တဲ့နေတဲ့သူတွေကို ကူညီဖို့ကောင်းပါတယ်။ အလိုအလျောက် ဒီလို အလှုဒါနစိတ် မရှိုလည်း ဘေးပတ်လည် အသိုင်းအ၀ိုင်းက ဖိအားပေးပြီး မျှတရေးအတွက် တာဝန်ယူခိုင်းရတော့မယ်လို့ ယူဆလာပြီး ဒီကိစ္စကို အကောင်အထည်ဖော်လိုက်ကြတယ် ။ မြန်မာပြည်မှာ ထွက်ပေါ်လာစပြုတဲ့ သူဌေးသူကြွယ် ပေါက်စန ဖြစ်ဖြစ် ခပ်ကြီးကြီးဖြစ်ဖြစ်ကို ဒီ အတွေးအမြင် ဘောင်ထဲ ၀င်လာအောင် သိမ်းသွင်းအားပေးပြီး လမ်းကြောင်းခင်း ပေးဖို့ လိုမယ် ထင်ပါတယ်။

     ချမ်းသာသူတွေရဲ့လက်ဟာ ပိုကျစ်တယ် (မဖွာဘူး ) ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် မြန်မာလူမျိုးအများစုကတော့ အလှူဒါန ရေစက်ရှိကြပါတယ် ။ ဒီကောင်းတဲ့စိတ်ကိုသာ မြေတောင်မြှောပေးဖို့ လိုတာပါ။ လုံးဝ လွှတ်ထားလိုက်လို့တော့ မဖြစ်ပါဘူး။ လောဘကြီးနေသူတွေက တစ်ကိုယ်ကောင်း ဆန်နေဦးမှာပဲ ။ မသိတတ်လွန်းသူတွေကိုတော့ကောင်းသော အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေက ထိန်းကျောင်းပေးရတော့မယ်။

    တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားတိုးတက်ကောင်းမွန်ရေး ၊ အဆင်မြင့်မှာ ရှိပြီး ခိုင်မာစွာ ရှင်သန်ပြီး ဆက်လက်ရပ်တည်ဖို့အတွက် အထူး အရေးပါလှတဲ့ ဖြစ်ကြောင်းတစ်ခုကိုလည်း မပြောပဲ မပြီးတော့ဘူး ထင်ပါတယ်။ ဒါကတော့ တိုင်းပြည်တစ်ပြည်ဟာ ရှိနေတဲ့ လက်ငုတ်လက်ရင်း သယံဇာတတွေကို ရင်းနှီး ရောင်းချပြီးသွားခဲ့လျှင် ဒီ စီးပွားရေးဟာ တာရှည်ရေရှည် အတွက် မခိုင်မြဲတဲ့အပြင် ဆက်လက် ထိန်းထားဖို့တောင် မလွယ်ဘူး ဆိုတာပါပဲ ။

    ယခု သိရှိလာတဲ့ အခြေအနေမှာတော့ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ကျော်နှင့် တရုတ်ယန်း ငွေသန်းပေါင်း ၂ ထောင်နီးပါး ချေးငွေ ရှိခဲ့ပြီး လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် ချေးငွေပမာဏမှာ အများဆုံးဖြစ်တယ်။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂-စာ - ၅ ) ။ဒီတော့ တိုင်းပြည်ရဲ့ အမွေအနှစ် သယံဇာတကိုလည်း ရောင်းစားပစ်သေးရဲ့ ၊ ပြီးတော့အဲ့ဒီ စီမံကိန်းတွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းဖို့ ငွေကိုလည်း ၀ယ်သူထံက ချေးရသေးသတဲ့ ။  ဒီတော့ ၂ခါနာ ဖြစ်မသွားပေဘူးလား ။ စီးပွားရေးသမားဆိုတာ ဘယ်အရောင်အသွေးမျိုးဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်ဖြစ် ငွေမက်သူတွေပဲ။ သူတို့ အလုပ် ကိုက ငွေမက်မှ ဖြစ်တာ ။ ဒါ့အပြင် မြန်မာဘက်က အခြေအနေကလည်း ကျားသနားမှ နွားချမ်းသာ ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ ။  စီးပွားရေးသမားပီပီ အသာစီးရနေတဲ့ အခွင့်အရေးကို ရက်ရက်ဆက်ဆက် သုံးချလိုက်မှာပဲ။

    အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓာတ်ငွေ့ အမြောက်အများ ထုတ်ဦးမယ်လို့ ရည်မှန်းထားသတဲ့ ။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂ - စာ-၅ ။

    သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယှ်ု ကရင်ပြည်နယ် အတွင်းက ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမယ့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို ရောင်းချမှာတဲ့ ။ ၂၀၀၉ ခု ၊ သြဂုတ်လထဲက အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ ပြည်ပ ကုမ္ပဏီများ သဘောတူစာချုပ်ခဲ့တာ ရှိပါတယ် ။

     လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကဆို သိထားကြတဲ့အတိုင်း သံလွင်မြစ်ဟာ သဘာဝအတိုင်း ရှိနေတဲ့ လူတွေနဲ့ ဖွံ့ဖြိုးမှု ဆိုတာတွေရဲ့ လက်ပေ လက်ညစ်မထိ၊ မစွန်းမထင်း ရှိတဲ့ သဘာဝရဲ့ ဖြူစင်မှုပြယုင်္ဂလို့ ဆိုလောက်တဲ့ မြစ်ပါ။ ဟိမ၀န္တာတောင်ခြေကနေ မြစ်အဖြစ်စီးဆင်းသွားတာ တရုတ် ၊ လာအို၊ ထိုင်း ပြီးမှ မြန်မာကို ၀င်လာတာ ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က စပြီး သံလွင်မြစ်ပေါ်ရှိ စီမံကိန်းတွေ စလုပ်ခဲ့ကြတယ်။ သဘောတူစာချုပ် စတာတွေ ရေးထိုးခဲ့တာ ။ ထိုင်းနိုင်ငံထဲက သံလွင်မှာ ဆည် ၂ခုနဲ့ မြန်မာက သံလွင်ပေါ်မှာ ဆည် ၅ ခုဆောက်မှာပါ ။ ပေါင်း ၇ ခု ရှိမယ် ။ ဒါ့ကြောင့် သံလွင်မြစ်ကိုတော့ ဆည်မြစ်လို့ အမည်ပေးဖို့ကောင်းနေပါပြီ ။

      မြန်မာပြည်ရဲ့ လျှပ်စစ်ဓါတ်အားသုံးမှုဟာ အခြား ဖွံ့ဖြိုးမှုတွေ အင်တိုက်အားတိုက် လုပ်နေပြီး လူနေမှုအဆင့် မြန်မာထက်မြင့်တဲ့ တိုင်းပြည်တွေလောက် မရှိဘူး။ အိမ်နီးချင်း ထိုင်းနဲ့စာလျှင် အလွန်နည်းပါသေးတယ် ။ ဒီတော့ အထက် ဆိုခဲ့တဲ့ ၂၀၁၂- ၂၀၁၃ မှာထုတ်မယ်လို့လျာထားတဲ့ သဘာဝဓါတ်ငွေ့ကိုတော့ ပြည်ပ ရောင်းပစ်ဖို့ လုံးဝမထိုက်ပါဘူး ။ ပြည်တွင်း ဖူလုံဖို့အတွက်သာ လျာထားရမယ် ထင်ပါတယ် ။ နောက်ထပ် ဒီလို လျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်းတွေကိုလည်း ခေတ္တဖြစ်ဖြစ် ရပ်နားသင့်ပါတယ် ။ တိုင်းပြည်ရဲ့ အခြား အဘက်ဘက်ကို ပြုစုပျိုးထောင် စီးပွားရေး တိုးတက်လာအောင် လုပ်နေတာကို အားထားရပါလိမ့်မယ် ။

 ရေးသားသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်



( ပြည်သူ့ခေတ်ဂျာနယ် ၂၆၊ ဧပြီ ၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၉၁ )
ပထမပိုင်း ------  https://www.facebook.com/note.php?note_id=395482573796687

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...