Wednesday, April 25, 2012

ကွန်မန့်ရေးတတ်ကြရဲ့လား


by Moenge Aung on Thursday, April 26, 2012 at 9:19am

 16 February 2011  စာရေးဆရာ အတ္တကျော်၏  မူရင်းလင့်ခ် >>> 

အောက်ဖော်ပြပါ ကွန်မန့်နှစ်မျိုးအနက်က ဘယ်လိုကွန်မန့်မျိုးကို လိုချင်လဲ။
“ကောင်းလိုက်တာ၊ ကျုပ်ဘလော့(ဂ်)ကို http://someblog.blogspot.com မှာ ကြည့်လိုက်ပါ”ဆိုတာနဲ့
“တင်ပြပုံကောင်းတယ်။ X ဆိုတဲ့အကြောင်းရပ်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘာဆိုလိုချင်မှန်း ကျုပ်တန်းသိသွားတယ်။ ပြီးတော့လည်း အဲသလို ယူဆနေတာ ကျုပ်တစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရလို့လည်း ၀မ်းသာတယ်။ ကျုပ်သာဆိုရင် A တွေ၊ B တွေ၊ C တွေတောင် ပါအောင် ထည့်ပြောမိဦးမှာ။ အခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာကို အရမ်း သဘောကျမိပါတယ်”ဆိုတာနဲ့ပေါ့။

ဒုတိယကွန်မန့်ကိုသာ ပိုလိုချင်မယ်ဆိုတာ သေချာတာပေါ့နော်။ ဘာ့ကြောင့်လဲ။ နှစ်လိုစရာ ကောင်းနေတဲ့ အချက် တစ်ချက်ကတော့ အဲဒီ့ ဒုတိယကွန်မန့်ဟာ အောက်မှာ ဖော်ပြထားတဲ့ ကျင့်ဝတ်ထုံးတမ်းလမ်းညွှန်တွေကို လိုက်နာထားတဲ့အတွက်ပါပဲ။ သို့သော် သည့်ထက်ပိုအရေးကြီးတာက သည်ဒုတိယကွန်မန့်ကို ရေးတာဟာ ခင်မင်မှုတစ်ရပ်ကို ခိုင်မာလာအောင် ဖြစ်ပါတယ်။ သူ့ကိုယ်သူ ဇန်းတင်ဖို့ ရေးလိုက်တာမျိုး မဟုတ်ဘူး။
ခင်မင်မှုတည်ဆောက်ခြင်းဟာ ကိုယ့်စာမျက်နှာကို ဧည့်သည်စောင်သည်အသစ်များ တိုးပွားဝင်ရောက်လာအောင် ဆွဲဆောင်ရာမှာ ဇွတ်အတင်း ကြော်ငြာတွေ လိုက်ပို့တာထက် အများကြီး ပိုထိရောက်ပြီး အများကြီးလည်း ပိုအကျိုးများလာစေနိုင်တဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်။ အဲတော့ကာ ကိုယ့်စာမျက်နှာကို ၀င်ဖတ်တဲ့သူတွေ များလာအောင် လုပ်ချင်တယ်ဆိုရင် တခြားသူတွေ တင်ထားတာတွေနဲ့ ပတ်သက်လို့ ကွန်မန့်ရေးတဲ့အခါတွေမှာ အောက်ဖော်ပြပါ အချက်များကို လိုက်နာသင့်တယ်လို့ အကြံပြုလိုက်ချင်ပါတယ်။

၁။ ရေရေရာရာ ရှိပါစေ။ ပုဂ္ဂိုလ်ရေးအရ ရင်းရင်းနှီးနှီး ရေးသားတဲ့ ကွန်မန့်များကြောင့် ကိုယ်ဟာ သူ ပြောတာကို အမှန်တကယ် စိတ်ဝင်စားပြီး သူရေးထားတာကို ဖတ်ဖို့အတွက် ကိုယ် တကယ်အချိန်ပေးခဲ့တယ်ဆိုတာကို တစ်ဖက်သား သိသွားအောင် ပြဆိုလိုက်ရာ ရောက်သွားပါတယ်။ သည်လိုဆိုတဲ့အတွက် ကွန်မန့် အရှည်ကြီး ရေးပါလို့ ပြောလိုက်တာ မဟုတ်ပါဘူး။ သည်ကွန်မန့်ကို ရေးဖြစ်သွားအောင် ကိုယ့်ကို လှုံ့ဆော်ခဲ့ပုံလေးကို ရှင်းရှင်းလင်းလင်း ရေးပြဖို့ပါပဲ။ ကိုယ် မသိသေးတာ သိလိုက်ရတာလား။ ဒါမှမဟုတ် ကိုယ့်မှာရော အလားတူ အတွေ့အကြုံမျိုး ရှိခဲ့သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ တခြား အမြင်တစ်ခုကို ပြောလိုက်ချင်တာလား။ ကိုယ်ရေးနေတဲ့ ကွန်မန့်နဲ့ သက်ဆိုင်တဲ့ မူရင်း ရေးသူရဲ့ ၀ါကျတွေကို တိုက်ရိုက် ပြန်ကိုးကားတန် ကိုးကားသင့်ပါတယ်။ (“မျက်တောင် အဖွင့် အပိတ်”နဲ့ သူရေးထားတာကို ပြန်ကိုးကားနိုင်ပါတယ်။)
သူရေးထားတာကို ရိုးရိုးလေးပဲ ချီးမွမ်းချင်တယ်ဆိုဦးတော့တောင်မှ ဘာကို ကြိုက်တယ်ဆိုတာကို ရှင်းပြသင့်ပါတယ်။ “အရမ်းကောင်းတာပဲ၊ ရှဲတဲ့အတွက် ကျေးဇူးပါ”ဆိုတာမျိုးလို မရေမရာ ရေးတာမျိုးကို ရှောင်သင့်တယ်။ ဘာပြောရမှန်း မသိဘူးဆိုရင် ကိုယ် သူ့ကို (သူရေးတာကို) ထောက်ခံအားပေးကြောင်း ပြဖို့ လိုက်(ခ်)ဆိုတာလေး နှိပ်လိုက်ရင် ရတာပဲဟာနော်။

၂။ ကိုယ့်ဘလော့(ဂ်)ရဲ့ လင့်(ခ်)ကို ထည့်မရေးပါနဲ့။ ဘလော့(ဂ်)တွေမှာက ကိုယ်လည်း အဲဒီ့ ဘလော့(ဂ်)ဖွင့်ထားရာ ပင်မစာမျက်နှာကို သုံးနေတယ်ဆိုရင် ကိုယ့်နာမည်နဲ့ ကွန်မန့်ရေးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ဘလော့(ဂ်)နဲ့ အလိုအလျောက် ချိတ်ဆက်ပြီးသား ဖြစ်နေပါတယ်။ အဲတော့ နှစ်ခါပြန် ထည့်နေစရာ မလိုတော့ပါဘူး။ ပေါ်တင်ကြီး ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတာမျိုးကို လူတွေက သိပ်မကြိုက်ကြတာမို့ လစ်လျူရှုဖြစ်သွားကြမယ့် အလားအလာက ပိုများပါတယ်။ အဲတော့ကာ ကိုယ့်ကို ဇွတ်အတင်းကြော်ငြာတွေ လိုက်ထိုးနေသူလို့ မြင်သွားပြီး ကိုယ့်နာမည် ကိုယ်ဖျက်မိရာ မရောက်လေအောင် သတိထားသင့်ကြပါတယ်။
တစ်ဆက်တည်းမှာပဲ ကိုယ့်ဘလော့(ဂ်)မှာ တခြား စာရေးသူတစ်ဦးကို ရည်ညွှန်းတဲ့အခါ သူတင်ထားတာရဲ့ ခေါင်းစဉ် ဒါမှမဟုတ် သူ့ဘလော့(ဂ်)ရဲ့ နာမည်ကိုသာ ဖော်ပြမယ့်အစား သူ့လင့်(ခ်)ကို ဖော်ပြပေးသင့်ပါတယ်။ အဲလို ဖော်ပြ ပေးလိုက်မယ်ဆိုရင် သက်ဆိုင်တဲ့ စာရေးသူအနေနဲ့ ကိုယ်က သူတင်ထားတာကို ရည်ညွှန်းခဲ့ကြောင်း နည်းပညာရဲ့ စောင်မမှုနည်းနဲ့ သိသွားနိုင်ပါတယ်။

၃။ ပြောထားတဲ့ အကြောင်းအရာကနေ မသွေဖည်ပါစေနဲ့။ မူရင်း တင်ထားတဲ့ အကြောင်းအရာနဲ့ မဆိုင်လှတာတွေဆီ သွေဖည် မသွားအောင် သတိထားသင့်ပါတယ်။ မူရင်းတင်ထားတဲ့ စာနဲ့ ဘာမှ မဆိုင်ဘဲ တခြား ကွန်မန့်ရေးသူတွေနဲ့  အပြန်အလှန် ပြောဖြစ်နေပြီဆိုရင် မူရင်းရေးသူ တင်ထားတဲ့ အကြောင်းအရာကို စိတ်မ၀င်စားတော့ဘဲ တခြားဟာကို အာရုံပြောင်းကုန်အောင် လုပ်မိသလို ဖြစ်နေကြောင်း အဲဒီ့လူတွေဆီကို သီးခြား မက်ဆေ့(ခ်ျ)ပို့သင့်ပါတယ်။
သက်ဆိုင်ရာ လင့်(ခ်)တွေကို မျှဝေပေးတာက ကောင်းပါတယ်။ တစ်ခုပါပဲ၊ မူရင်း တင်ထားတာနဲ့ ဘယ်လို သက်ဆိုင် နေကြောင်းတော့ ရှင်းပြပေးဖို့ လိုပါလိမ့်မယ်။

၎။ ယဉ်ကျေးပါ။ ကိုယ် သဘောမတူဘူးဆိုရင်တောင်မှ စော်ကားတာ၊ ဆဲရေးတာ၊ တခြား မဖွယ်ရာတဲ့ စကားလုံးတွေ သုံးတာမျိုးဟာ ဘယ်တော့မှ မလုပ်သင့်တဲ့ အရာတွေပါ။ ရိုင်းပြတဲ့ ကွန်မန့်တွေဟာ ဘယ်ဆွေးနွေးချက်အတွက်မှ တန်ဖိုး မရှိပါဘူး။ ရေးသူရဲ့ အာဘော်ကနေ တခြားကို အာရုံပြောင်းသွားရုံသာ တတ်နိုင်ပါတယ်။ အပြုသဘော ဆောင်တဲ့ ဝေဖန်ချက်ပေးတာ ဘာပြဿနာမှ မရှိပါဘူး။ ယဉ်ကျေးဖို့၊ ချေငံဖို့ပဲ လိုတာပါ။ အဲလို မလေးမစား၊ မဖွယ်မရာ ကွန်မန့်တွေ၊ ပြဿနာကို မီးထွန်းရှာတဲ့ ကွန်မန့်တွေကို တခြားသူတွေက ရေးလာရင်ဖြစ်ဖြစ်၊ ကိုယ့်ဘလော့(ဂ်)မှာ အဲလို ကွန်မန့်မျိုးရလာရင်ပဲဖြစ်ဖြစ် အဲလို ကွန်မန့်မျိုးတွေကို လစ်လျူရှုလိုက်ပါ။ ဒါမှမဟုတ် ဖျက်သာပစ်လိုက်ပါ။ အဖက်လုပ်ပြီး တစ်ခုခု ပြန်ပြောနေမယ်ဆိုရင် အဲလိုလူတွေကို အားပေးအားမြှောက် လုပ်ရာ ရောက်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အချိန်ကို အလဟဿ အဖြစ် မခံပါနဲ့။

၅။ လိုတိုရှင်းပါ။ ကွန်မန့်က ကျစ်လစ်လေလေ၊ တခြားသူတွေအတွက် ဖတ်ရတာ၊ ပြန်ရေးရတာ ပိုလွယ်လေလေပါပဲ။ အတော်များများမှာ ၀ါကျ နှစ်ကြောင်း၊ သုံးကြောင်းဆိုရင်ကို ပြည့်စုံနေပါပြီ။
သို့ပေမယ့် အကြောင်းအရာတစ်ရပ်နဲ့ ပတ်သက်လို့ အခိုင်အမာ အခြေအတင် ပြောချင်လာပြီး ပြောစရာတွေ အများကြီး ရှိလာတယ်ဆိုရင် ဘယ့်နှယ့်လုပ်မတုံး။ ကွန်မန့်အရှည်ကြီး ရေးသင့်သလား။ ဒါမှမဟုတ်လည်း ကိုယ်ရေးချင်တာကို ကိုယ့်ဘလော့(ဂ်)မှာ အားရပါးရ ရေးပြီး ကိုယ်တင်ထားတာရဲ့ အတိုချုပ်ကိုပဲ ကွန်မန့်မှာ ရေးပြသင့်သလား။
ဒါကတော့ တစ်ဦးချင်းစီရဲ့ သဘောပါပဲ။ တချို့ ဘလော့ဂါတွေကတော့ ကွန်မန့်အရှည်ကြီးတွေက သိပ်လွန်လွန်းတယ်၊ အနှောင့်အယှက်ဖြစ်တယ်လို့ ယူဆကြပါတယ်။ တချို့ကကျပြန်တော့လည်း ဆွေးနွေးချက် အားလုံးကို တစ်နေရာတည်းမှာပဲ စုစုစည်းစည်း ရှိနေစေချင်ကြတယ်။ ခင်ဗျားကရော အဲဒါကို ဘယ်လို သဘောရသလဲ မသိဘူးနော်။

https://atkbooks.wordpress.com/2011/02/16/comment/
မှတစ်ဆင့်  ပြန်လည်ဖော်ပြခြင်းသာ ဖြစ်ပါသည်။
Erica Johnson ရေးတဲ့ Are you well-versed in comment etiquette? ကို တိုက်ရိုက်ပြန်ဆိုဖော်ပြလိုက်တာပါ။ မူရင်းကို https://en.blog.wordpress.com/2011/02/15/comment-etiquette/ မှာ ဖတ်နိုင်ကြကြောင်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...