Thursday, April 26, 2012

အထတော ဃူမက္ကရ ဂျိဂယာဆာ (၂) :ပါရဂူ


by Zay Ya on Wednesday, April 25, 2012 at 11:35pm

အထတော ဃူမက္ကရ ဂျိဂယာဆာ (၁) မှ အဆက် 

ဗုဒ္ဓ နှင့် မဟာဝီရ ကဲ့သို့သော ဣဿရ ကို ငြင်းပယ်သည့် မဟာပုရိသ တို့၏ ခရီးလှည့်လည် သွားလာခြင်းကို ထောက်လျက် တခြား ဣဿရဝါဒီ ပုဂ္ဂိုလ် များသည် ဣဿရကို ယုံကြည်ကိုးစားလျက် လိုဏ်ဂူ ထဲတွင် ထိုင်ပြီး တရား အကျင့်ကို ကျင့်ကြံ အားထုတ် ကြသည် ဟူ၍ မထင်မှတ် သင့်ပေ။ အကယ်၍ ယင်းသို့ ဖြစ်လျှင် ရှံကရသည် အိန္ဒိယ နိုင်ငံ အနှံ့အပြား ဘယ်မှာ လှည့်လည် သွားလာမည်နည်း။ ရှံကရ ကို ရှံကရ ဖြစ်အောင် မည်သည့် ဗြဟ္မ သို့မဟုတ် မည်သည့် ဣဿရ ကမှ မပြုလုပ်ပေ။ ရှံကရ အား ကြီးကျယ်သူ ဖြစ်အောင် လုပ်သည့် အရာမှာ ခြေသလုံး အိမ်တိုင် လှည့်လည် သွားလာခြင်း ကျင့်ဝတ် ဖြစ်သည်။

ရှံကရသည် အမြဲမပျက် လှည့်လည် သွားလာနေသည်။ ယနေ့ ကေရလ ဒေသတွင် ရှိနေလျှင် လ အနည်းငယ် ကြာသော အခါ မိထိလာ တွင် ရောက်သွားသည်။ နောက် တစ်နှစ်၌ ကသ္မိရ သို့မဟုတ် ဟိမဝန္တာ ၏ နေရာ တစ်နေရာ သို့ ရောက်သွား သည်။ ရှံကရ သည် ပျိုရွယ်စဉ် ကပင် ကွယ်လွန် သွားသည်။
သို့ရာတွင် တိုတောင်းလှသော လူ့ဘဝ အတွင်း၌ ပင် ရှံကရသည် 'ဘာသျှ' သုံးကျမ်း ကို ရေး သွားရုံ မျှ သာမကဘဲ သူ၏ ကျင့်ဝတ် ဖြင့် တပည့်နောက်လိုက် များအား ခရီးလှည့်လည် သွားလာခြင်း သင်ခန်းစာ ကို သင်ပြ ခဲ့သည် ဖြစ်၍ ယနေ့လည်း ယင်း သင်ခန်းစာ အတိုင်း ကျင့်ကြံ အားထုတ် ကြသူများကို ရာပေါင်း များစွာ တွေ့မြင် နေရခြင်း ဖြစ်သည်။

'ဗာဆကို ဒဂါးမား' အိန္ဒိယ မရောက်မီ ကပင် ရှံကရ ၏ တပည့်များသည် မော်စကို နှင့် ဥရောပ အထိ ရောက်သွားကြသည်။ ရှံကရ ၏ ရဲဝံ့ စွန့်စားသော တပည့်များသည် အိန္ဒိယ တစ်ခွင် လှည့်လည် သွားလာရုံမျှ ပင် ကျေနပ် ရောင့်ရဲမှု မဖြစ်ကြသေးဘဲ ရုရှ အထိ လှည့်လည် သွားလာ ကြသည်။ ယင်းတို့ထဲက တစ်ယေက်သည် ခရီးလှည့်လည် သွားလာရင်း ဗော်လဂါ ကမ်းခြေ၌ ပွဲသဘင် ကြီး တစ်ခုကိုပင် တွေ့မြင်ခဲ့ရသည်။ ထို့နောက် အချိန် အတန်ကြာမျှ ထိုဒေသ ၌ နေထိုင်ပြီးလျှင် ခရစ်ယာန် ဘာသာဝင်များ ၏ အတွင်း၌ တပည့်နောက်လိုက် များကို မွေးထုတ်ခဲ့သည်။ ယင်း တပည့် နောက်လိုက် များ၏ အရေ အတွက်သည် တိုးပွား များပြား လာပြီးလျှင် ဤရာစု နှစ်၏ အစလောက်၌ တစ်သိန်း နီးပါး အထိ ရောက်ရှိ သွားသည်။


ရာမာနုဇ၊ မဓဝါကျာရယ နှင့် တခြား ဗိရှဏု ဆရာများ၏ တပည့်နောက် လိုက် များ ကျွန်ုပ်ကို ခွင့်လွှတ် စေချင်သည်။ ထိုပုဂ္ဂိုလ် ကြီးများသည် အိန္ဒိယ နိုင်ငံ၌ နွားခြေရာ ခွက်ထဲက ဖားသူငယ် ဝါဒကို အားတက်သရော ဖြန့်ဖြူး ကြသည်။ သို့သော်လည်း ဒယာနန္ဒ နှင့် ကျေတနျ တို့သည် နွံထဲက ကြာပွင့်များ ဖြစ်လာ ကြ ပြီးလျှင် ကမ္ဘာဦး ကာလ က စတင်လာခဲ့သည့် ခြေသလုံး အိမ်တိုင် လှည့်လည် သွားလာခြင်း ကျင့်ဝတ်ကို တစ်ဖန် ပြန်လည် အသက်သွင်း ကြသည်။ ထို့ကြောင့် ပထမ အဆင့် ခရီးလှည့်လည် သွားလာသူများ မပေါ်ပေါက် ခဲ့သော်လည်း ဒုတိယ အဆင့် ခရီးလှည့်လည် သွားလာသူများ သူတို့ထဲတွင် များစွာ ပေါ်ပေါက် လာကြသည်။ သူတို့သည် 'မာနသရောဝရ' (အနဝတတ်ရေအိုင်) ရေအိုင် အထိရောက်ဖို့ရန်ပင် ခက်ခဲ ကြိုးပမ်းကြသော ပုဂ္ဂိုလ် များ ဖြစ်ကြသည်။

ခရီး လှည့်လည်သွားလာခြင်း မဟာ ကျင့်ဝတ် ကို ကျင့်သုံးသော ဗုဒ္ဓ ဘာသာ သည် အိန္ဒိယ နိုင်ငံမှ ကွယ်ပျောက် သွားချိန် မှစ၍ ကျွန်ုပ်တို့ နိုင်ငံ၌ နွားခြေရာ ကွက်ထဲက ဖားသူငယ် ဝါဒ ထွန်းကား လာခြင်း ဖြစ်သည်။ ရာစု ခုနှစ်ရာ စု ကျော်လွန် လာခဲ့ပြီ။ ယင်း ခုနှစ် ရာစု ကာလ အတွင်း ကျွန်ုပ်တို့ ၏ နိုင်ငံ၌ မလွတ်လပ်မှု၊ သူတစ်ပါး ကျွန်ပြု ခံရမှု ဖြစ်ပေါ်လာရခြင်းမှာ ရုတ်တရက် ရှောင် တခင် ဖြစ်ပေါ်လာခြင်း မျိုး မဟုတ်ပေ။ သို့သော်လည်း လူ့အဖွဲ့အစည်း ခေါင်းဆောင်များ မည်မျှ နွားခြေရာခွက် ထဲက ဖားသူငယ် လုပ်လို ကြသော်လည်း ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်သုံး သူများလည်း ပေါ်လာကြသည်။ ကျွန်ုပ်တို့၏ သမိုင်း၌ 'ဂုရုနာနက်' ၏ ခေတ် ကာလသည် မကြာလှသေးပေ။ သို့ရာတွင် သူ့ခေတ် သူ့အချိန် ကာလက ဂုရု နာနက် သည် မဟာ ခရီးသည် တစ်ဦး ဖြစ်ခဲ့သည်။ ဂုရု နာနက် သည် အိန္ဒိယ တစ်ခွင် ပြဲပြဲ စင် လှည့်လည် သွားလာခြင်း ကို လုံလောက်သည် ဟူ၍ မထင်မှတ်ဘဲ အီရန် နှင့် အာရပ် အထိ ရောက်အောင် သွားသည်။ ယနေ့ ဂုရုနာနတ် ကဲ့သို့ ရဲဝံ့ စွန့်စားစွာ လှည့်လည် သွားလာသူများ သည် အခန်းထဲတွင် အလုံ ပိတ်ပြီး နေကြသည့် မဟတ္တမ များ ထဲတွင် ရှိပါသလော။

အလှမ်းဝေးသော ရာစု နှစ် များကို အသာထားပြီး ဤနိုင်ငံမှ ဆွာမိဒယာနန္ဒ မျက်နှာလွှဲသွားသည်မှာ ရာစု တစ်စု ပင် မကြာသေးပေ။ ဆွာမိဒယာနန္ဒ ကို မည်သူက ရသေ့ တပသီ ဖြစ်အောင် လုပ်သနည်း။ ခရီးလှည့်လည် သွားလာခြင်း ကျင့်ဝတ် ကသာ လုပ်ခြင်း ဖြစ်သည်။ ဆွာမိ ဒယာနန္ဒသည် အိန္ဒိယ နိုင်ငံရှိ  အဓိက ကျသော နေရာဌာန များသို့ လှည့်လည် သွားလာသည်။ စာအုပ် များကို ရေးသည်။ ဝါဒ အငြင်းအခုံ များကို ပြုလုပ်ရင်း အမြဲမပျက် ခရီးလှည့်လည် သွားလာနေသည်။ သျှတ္တရ ကျမ်းဂန် များကို သင်ကြား လေ့လာပြီး ဗာရာဏသီ ရှိ ပဏ္ဍိတ်ကြီးများ သည် နွားခြေရာခွက် ထဲမှ ဖားသူငယ် များ ဖြစ်နေကြသည်။ ထို့ကြောင့် ဒယာနန္ဒသည် သျှတ္တရ ကျမ်းဂန် များထဲက ထွက်ပြီးလျှင် အမြဲမပြတ် ခရီးလှည့်လည် သွားလာခြင်း ကျင့်ဝတ် ကို ရှာဖွေသည်။ ပင်လယ် ခရီး သွားလာခြင်း၊ ကျွန်းတကာ့ ကျွန်း များတွင် ဆန့်ကျင်ဘက် ပြုလုပ်သော ပုဂ္ဂိုလ် အားလုံးကို ပျက်ရယ် ပြုပြီးလှင် ဆွာမိဒယာနန္ဒက 'လူသည် ထာဝရ ရပ်တည်နေသော သစ်ပင် မဟုတ်ပေ။ လှုပ်ရှား သွားလာနေသော သတ္တဝါ ဖြစ်သည်။ လှုပ်ရှား သွားလာ ခြင်းသည် လူ၏ ကျင့်ဝတ် ဖြစ်သည်။ ယင်းကျင့်ဝတ် ကို စွန့်လွှတ်သော သူသည် လူဖြစ်နိုင်ခွင့် မရှိပေ' ဟူ၍ ပြောပြသည်။

၂၀ ရာစု အိန္ဒိယ နိုင်ငံသား ခရီးလှည့်လည် သွားလာသူများ၏ အကြောင်းကို ပြောပြဖို့ မလိုပေ။ ဤမျှ ရေးပြခြင်း အားဖြင့် ကမ္ဘာပေါ်၌ အကယ်၍ အနာဒိ အစမရှိ သော အချိန် ကာလက စ၍ သနန္တန ဓမ္မ ရှိသည် ဆိုလျှင် ယင်းမှာ 'ဃူမက္ကရဓမ္မ' ခေါ် ခရီးလှည့်လည် သွားလာခြင်း ကျင့်ဝတ် ဖြစ်သည်။ သို့သော်လည်း ယင်းဓမ္မသည် ကျဉ်းမြောင်းသော ဓမ္မ မဟုတ်ပေ။ ကောင်းကင် ကဲ့သို့ ကျယ်ပြန့်သည်။ ပင်လယ် သမုဒ္ဒရာ ကဲ့သို့ ကြီးမားသည်။ ကြီးကျယ်မှု နှင့် ကျော်ကြားမှု ကို ရရှိသော ဓမ္မ များသည် 'ဃူမက္ကရ ဓမ္မ' ကိုသာ အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ခရစ်တော် သည် ခရီးလှည့်လည် သွားလာသူ ဖြစ်သည်။ ခရစ်တော်၏ တပည့်တပန်း များလည်း ခရစ်တော်၏ အဆုံးအမကို ကမ္ဘာပေါ်ရှိ နေရာ အနှံ့အပြား သို့ ပို့ဆောင် ကြသည့် မဟာ ခရီးသည်များ ဖြစ်ကြသည်။

ရဟူဒီ တို့သည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို မေ့ထားလိုက် ကြသည်။ ယင်း၏ အကျိုးဆက်ကို ရဟူဒီ တို့သည် ရာစုနှစ် ပေါင်း များစွာ အထိ ခံစားကြရသည်။ ခရီးသွားလာခြင်း ကျင့်စဉ် ကို လျစ်လျူ ရှုထားသူများ သည် သွေးမျက်ရည် စီးကြ ရသည်။ ယခု အခါ ၌ကား ရဟူဒီ တို့သည် နှစ်ပေါင်း နှစ်ထောင် ခရီးလှည့်လည် သွားလာခြင်း အတွေ့အကြုံ အပေါ် ၌ ရပ်လျက် မိမိတို့ အတွက် နေရာဌာန ပြန်လည် ရရှိသွားကြသည်။

ယနေ့ အိန္ဒိယ နိုင်ငံသည် တင်းမာ နေသည်။ ရဟူဒီ တို့၏ နယ်မြေနှင့် တစ်ထီး တစ်နန်း စိုးမိုး အုပ်ချုပ် မှု ကို လက်ခံ ဖို့ရန် အဆင့်သင့် မရှိပေ။ နိုင်ငံကြီး အတော်များများ က လက်ခံပြီးသည့် နောက်၌မူ အချိန် ဘယ်လောက် ကြာကြာ အထိ တင်းခံ နေနိုင်မည် နည်း။ ရဟူဒီ တို့ကို ကုန်သွယ်မှု နှင့် စက်မှု လုပ်ငန်း များကိုသာ မက သိပ္ပံပညာ၊ ဒဿန ပညာ၊ စာပေ၊ ဂီတ ပညာ စသော နယ်ပယ် အသီးသီးတို့၌ တောက်ပြောင်လာအောင် ပြုလုပ် ပေးသော အရာမှာ ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် ဖြစ်သည်။ ကူးသန်း ရောင်းဝယ် မှု၊ ခရီးလှည့်လည် သွားလာမှု တို့ကို ပြုလုပ် ကြသော ရဟူဒီ တို့သည် စစ်ပညာ၌ လည်း ကျွမ်းကျင် ပြောင်မြောက် လာကြသည်။

ခရီးလှည့်လည် သွားလာခြင်း  ကျင့်စဉ် ထက် ကြီးမားသော ကျင့်စဉ် ကမ္ဘာလောက၌ မရှိ ဟူသော အချက်မှာ ယုံမှား သံသယ ဖြစ်နေစရာ မလိုတော့ပေ။ ခရီးလှည့်လည် သွားလာသူ ဖြစ်ခြင်း သည် လူတို့ အတွက် အလွန် တရာ ကံကောင်း ထောက်မသည့် အချက် ဖြစ်သည်။ ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ် သည် ယင်းကျင့်စဉ်ကို လိုက်နာ ကျင့်သုံးသူများက ကွယ်လွန်ပြီး နောက် နောက်ဘဝ စိတ်ကူးယဉ် နတ်ပြည်တို့ နှင့် ဖြားယောင်းခြင်းလည်း မပြုလုပ်ပေ။ ခရီးလှည့်လည် သွားလာခြင်းသည် သေချာသော အရာကိုသာ ပြုလုပ်ခြင်း ဖြစ်သည်။

မည်သည့် အချက်အလက် ၊မည်သည့် အရည်အချင်း နှင့် ပြည့်စုံသော လူသည် ခရီး လှည့်လည် သွားလာသူ ဖြစ်နိုင်သည် ဆိုသည့် အကြောင်းကို ရှေ့တွင် ပြောပြပါမည်။

ခရီးလှည့်လည် သွားလာရန် အတွက် ကြောင့်ကြမှု ကင်းဖို့ လိုအပ်သည်။ ကြောင့်ကြမှု ကင်းရန် အတွက်လည်း ခရီးလှည့်လည် သွားလာခြင်း လိုအပ်သည်။ ယင်း အရာနှစ်ခု တစ်ခုနှင့် တစ်ခု အညမည ဖြစ်နေခြင်းသည် အပြစ် မဟုတ်ပေ။ အကျိုးသာ ဖြစ်သည်။

ခရီးလှည့်လည် သွားလာခြင်း ထက် ကြီးမားသော စိတ်ချမ်းသာမှုကို ဘယ်မှာ ရရှိနိုင်မည်နည်း။ ကြောင့်ကြမှု ကင်းခြင်းသည် စိတ်ချမ်းမှု၏ အထင်ရှား အပြတ်သားဆုံး အသွင် ဖြစ်သည်။ ခရီးလှည့်လည် သွားလာခြင်း၌ အခက်အခဲ များလည်း ရှိသည်။ သို့ရာတွင် ယင်း အခက်အခဲ များကို  ဟင်းထဲတွင် ပါသော ငရုတ်သီးကဲ့သို့ အောက်မေ့ရ ပေလိမ့်မည်။ ငရုတ်သီး ၌ စပ်သည့် အရသာ မရှိလျှင် ငရုတ်သီး ကြိုက်သူ သည် ငရုတ်သီးကို လက်နှင့်ပင် တို့လိမ့်မည် မဟုတ်ပေ။ အမှန် စင်စစ် ခရီးလှည့်လည် သွားလာခြင်း၌ မကြာခဏ တွေ့ရသည့် စပ်သော အတွေ့အကြုံသည် ခရီးလှည့်လည် သွားလာခြင်း ၏ အရသာ ကို တိုးမြှင့်ပေးသည်။ နောက်ခံ အနက်တွင် ရေးဆွဲ ထားသော ပန်းချီပုံသည် ပို၍ ကြွတက် လာသကဲ့သို့ ဖြစ်သည်။

ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ခရီးလှည့်လည် သွားလာခြင်း ထက် ကြီးမားသော ကျင့်စဉ် မရှိ။ လူမျိုးတို့ ၏ အနာဂတ် သည် ခရီးလှည့်လည် သွားလာသူများ ၏ အပေါ်၌ တည်နေသည်။ ထို့ကြောင့် လုလင် ပျိုတိုင်း၊ လုံမ ပျိုတိုင်းသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်သုံး လိုက်နာသင့်သည်။

ယင်းကျင့်စဉ် နှင့် ဆန့်ကျင်ဘက် ပြောဆိုသော အထောက်အထား အားလုံးကို မမှန်ကန် ဟူ၍ လည်းကောင်း၊ အကျိုးမရှိ အချည်းနှီး အလဟဿ ဟူ၍လည်းကောင်း မှတ်ယူမည်။ အကယ်၍ မိဘ လုပ်သူများက ဆန့်ကျင် ဘက် ပြုလုပ်လျှင် ယင်း မိဘများသည် မိမိတို့၏ သားသမီး များ တိုးတက်မှုကို ပိတ်ပင် တားဆီးသူများ သာ ဖြစ်သည်။ အကယ်၍ ဆရာသမား များက ခရီးသွားလာခြင်း ကျင့်စဉ်နှင့် ဆန့်ကျင်ဘက် ယုတ္တိများကို ထုတ်ပြလျှင် ထိုဆရာ သမားများကို ကမ္ဘာလောက အား လမ်းကောင်း လမ်းမှန် တွင် သွားခွင့် မပြုသူများ ဖြစ်သည်ဟု ထင်မှတ်မည်။ အကယ်၍ နိုင်ငံ အစိုးရနှင့် အာဏာပိုင် များက ဥပဒေ ပုဒ်မ ထုတ်လျက် ခရီး လှည့်လည် သွားလာခြင်းကို ပိတ်ပင် တားမြစ် မည် ဆိုလျှင်လည်း အကြိမ် ထောင်ပေါင်း များစွာ တွေ့ကြုံသည့် အတွေ့အကြုံ အရ ကြီးမားသော မြစ်၏ ရေစီး အဟုန်ကဲ့သို့ ခရီးလှည့်လည် သွားလာသူ၏ အရှိန် အဟုန် ကို တားမြစ် ပိတ်ပင် နိုင်သော သူ မည်သူမျှ ကမ္ဘာလောက၌ ပေါ်ပေါက်မလာပေ ဟူ၍ မှတ်ယူရမည်။ ခရီးလှည့်လည် သွားလာသူများသည် တင်းတင်း ကျပ်ကျပ် စောင့်ကြပ်နေသော နယ်စပ်၌ အစောင့် အကြပ်များ အား မျက်စိထဲ သဲပက်ရင်း ဖြတ်ကျော် သွားကြသည်။ ကျွန်ုပ်ကိုယ်တိုင် ယင်းကဲ့သို့ ပြုလုပ် ဖူးသည်။ ပထမ အကြိမ် တိဘက် သွားစဉ်က အင်္ဂလိပ် အစိုးရနှင့် နီပေါ အစိုးရ ကိုလည်း ကောင်း၊ တိဘက် နယ်စပ် အစောင့်အကြပ် များကို လည်းကောင်း မျက်စိထဲ သဲပက်ပြီး သွားခဲ့ရသည်။

အကျဉ်းချုပ် အားဖြင့် ပြောလိုသည်မှာ အကယ်၍ တစ်စုံ တစ်ယောက် သော လုလင်ပျို သို့မဟုတ် လုံမပျိုသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ် ကို ကျင့်သုံးမည် ဆိုလျှင် အတိုင်းအတာ ကြီးမားစွာ သတ္တိ ရှိသူ ဖြစ်ရမည်။ မည်သူ့ စကားကိုမျှ နားထောင် နေမည် မဟုတ်။ မိခင် ၏ မျက်ရည်ကိုလည်းကောင်း၊ ဖခင်၏ စိုးရိမ်ကြောင့်ကြမှု ကို လည်းကောင်း၊ လမ်းလွဲလိုက်ပြီး လက်ထပ် မိသည့် ဇနီး မယား တငိုငို တရယ်ရယ် ဖြစ်နေခြင်း ကို လည်းကောင်း၊ အကယ်၍ လုံမပျို ဖြစ်နေလျှင် မိမိ လင်ယောင်္ကျား၏ တားမြစ် ပိတ်ပင် ခြင်းကို လည်းကောင်း ဂရုမစိုက်။ အောက်ပါ စကားကိုသာလျှင် လမ်းညွှန် အဖြစ် ထင်မှတ် ယူဆသင့်သည်။

"ကမ္ဘာလောက၌ လူ့ဘဝ ဟူသည်မှာ တစ်ကြိမ် တစ်ခါသာလျှင် ဖြစ်ပေါ်လာသည်။ ပျိုရွယ်မှု ဟူသည်မှာလည်း တစ်ကြိမ် တစ်ခါသာ ရောက်ရှိလာသည်။ ရဲဝံ့စွန့်စား လိုသော လုလင်ပျို နှင့် လုံမပျို တို့သည် ခရီးလှည့်လည် သွားလာခြင်း အခွင့်အရေး ကို လက်မလွှတ်သင့် ကြပေ။ ခရီးလှည့်လည် သွားရန် အတွက် တာစူ ကြသော ကမ္ဘာလောက သည် သင်တို့ကို ကြိုဆိုရန် စောင့်နေသည်"
....................................
April 25th 2012 at 8:49 PM
..................
http://zayya.wordpress.com/
http://zayya.blog.com/
..................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...