လိုက်ခြင်းသည်လည်းကောင်း မလိုက်ခြင်းသည်လည်းကောင်း
by ThuRa ThaWah on Saturday, April 7, 2012 at 10:09am
(၁)
တွစ်တာ၊ ဖရန်းစတား၊ ဇော်ပီယာ အစရှိသည့် ဆိုရှယ်လ်နက်ဝါ့ခ် များအား ကျော်ဖြတ်၍ ဆိုရှယ်လ် တို့၏ အရှင်ဘုရင် ဖြစ်တော်မူသော ဖေ့စ်ဘုတ်ခ်ခေါ် မျက်နှာစာအုပ်တွင် ပါဝင်သည့် လိုက်ခ်ဘာတွန် (Like Button) ဟူသော Feature တစ်ခုကို အကြောင်းပြုမူ၍ ယခုဖော်ပြ လတ္တံ့သော တွေးတော ဆင်ခြင်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ ချေသည် ဖြစ်လေ၏။
(၂)
ယခုအခါ ကမ္ဘာတွင် သာမက မြန်မာပြည် ၌ပင် အင်တာနက် အသုံးပြုသူ ဦးရေ၏ ရာခိုင်နှုန်း မပြည့်တပြည့် တို့မှာ လူမှု ဆက်ဆံရေး ပြေပြစ် ကြစေခြင်း အကျိုးငှာ ဖေ့စ်ဘုတ်ခ် ခေါ်သည့် ဆိုရှယ်လ် နက်ဝါ့ခ်ကို အသုံးပြု ကြသည် ဖြစ်ရာ ၄င်းဖေ့စ်ဘုတ်ခ် အတွင်းတွင် စတေးတပ်စ်များ တင်ခြင်း၊ ဓါတ်ပုံများ တင်ခြင်း၊ နုတ်စ်ခေါ် စာစုများ တင်ခြင်း၊ ဗီဒီယို ဖိုင်များ တင်ခြင်း စသည်တို့ကို ပြုလုပ် နိုင်သည့် အလျောက် ၄င်းတို့အောက်တွင် ဖွားဖက်တော် အဖြစ် အစဉ်အမြဲ ကပ်လျက် ပါနေသည့် အမှုတစ်ခုမှာ လိုက်ခ်ဘာတွန် (Like Button) ဟုခေါ်သည့် အချက်ပေး ကိရိယာ တစ်ခုပင် ဖြစ်လေသည်။
သဘောမှာ မိမိမြင်တွေ့ သိရှိလိုက်သော စတေးတပ်စ် (သို့မဟုတ်) နုတ်စ် (သို့မဟုတ်) ဓါတ်ပုံ (သို့မဟုတ်) ဗီဒီယို တို့ကို ကြိုက်နှစ်သက် စုံမက်ခြင်း ရှိပါလျှင် ကြိုက်သည်ဟု အချက်ပြ၍ ရနိုင်အောင် ထည့်သွင်း ပေးထားခြင်း ဖြစ်လေ၏။ ကြိုက်လျှင် .. ရှိစေတော့။ မကြိုက်လျှင်ရော … Don’t Like Button နှိပ်၍ ရအောင် အဘယ်ကြောင့် မပြုလုပ် ပေးထား ပါသနည်း။ မောင်ဝါဝါ စဉ်းစား ကြည့်သည် ရှိသော် လူဟူသည့် အမျိုးမှာကား ကိုယ်လုပ်သည့် ကိစ္စကို ကြိုက်သည်၊ မိုက်သည်ဟု ချီးကျူးခြင်း ခံနိုင်သော်လည်း မကြိုက်ဘူးကွာ၊ မကောင်းဘူးကွာ ဟု အဝေဖန် ခံနိုင်သူ နည်းသည် ဖြစ်၍ Don’t Like Button ပါဝင်လာပြီး မနေနိုင် မထိုင်နိုင် “မလိုက်ဘူးကွာ” ဟူသည့် သဘောဖြင့် စွတ်နှိပ် ၍သာ နေကြသည် ဖြစ်လျှင် ထိုလူမှု ဆက်ဆံရေး ဝန်းကျင် အတွင်း၌ “မင်းဘာလဲ၊ ငါဘာလဲ” တပြူးပြူး တပြဲပြဲဖြင့် ရန်ပွဲများ ပေါ်ပေါက် လာနိုင်သည် ဖြစ်ခြင်းကို အရှည်မျှော်၍ “ဒယ်ဗယ်လော်ပါ (Developer)” များက ထည့်သွင်း မပေး ထားခြင်းသာ ဖြစ်ပေမည်ဟု တွေးဆ၍ ရလေ၏။
သို့သော်လည်း ကျွန်ုပ်တို့မှာကား ထူးထွေဆန်းပြား၍ ဥာဏ်ကစားသည့် လူသားများ ဖြစ်ကြရာ “ကြိုက်သည်” ဟု တစ်မျိုးတည်း သဘောဆောင်သည့် လိုက်ခ်ဘာတွန် ကိုပင် အထူးထူး အထွေထွေ အမျိုးမျိုး အသုံးပြုနိုင် ကြသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရ လေပြီတည့်။
(၃)
တစ်ခါသော် မောင်ဝါဝါမှာ နေမကောင်းလျက် ရုံးလာတက် ရသည့်အဖြစ်ကို ကြုံလေရာ ထိုအဖြစ်အား ဖေ့စ်ဘုတ်ခ် စတေးတပ်စ်တွင် မနေနိုင် မထိုင်နိုင် ရေး၍ တင်မိလေ၏။
“ဖျားနေသည်
နေမကောင်း၊ စိတ်မကြည်၊ စိတ်ရှုပ်”
သိပ်မကြာ … ၄င်း စတေးတပ်စ် အောက်တွင် တစ်ဦးတစ်ယောက် လာ၍ လိုက် (Like) ချေ၏။ မောင်ဝါဝါ စိတ်ထင့် ချေပြီ။ အောင်မာ .. ငါ နေမကောင်း ဖြစ်တာကိုများ ဒင်းက ကြိုက်သတဲ့။ ဒါ ငါ့ကို သက်သက် လာစော်ကားတာ .. တွေ့မယ်။ ဘယ်သူများ လာ၍ လိုက်ထားသလဲ ကြည့်တော့ အရင်းနှီးဆုံး သူငယ်ချင်း မိန်းကလေး တစ်ဦး။ စိတ် ပေါက်ပေါက်နှင့် မောင်ဝါဝါ အောက်တွင် ကော်မန့် (Comment) ရေးချ၏။
“ဟေ့ .. ငါ့ဟာငါ နေမကောင်းတာ နင်က ဘာသဘောကျသတုန်း၊
သတင်းလေး ဘာလေး မေးမယ်တော့ မရှိဘူး၊ လိုက်လာလုပ်နေတယ်၊
ငါ့ကို လာလှောင်နေတာလား”
မကြာပါ ..။ ထိုသို့ ရန်တွေ့သော ကော်မန့်ကိုပင် ထပ်၍ လိုက်လုပ် ပြန်ချေ၏။ မောင်ဝါဝါ ဒေါသူပုန် ထလေပြီ။ ငါ့ကို လာလှောင် နေတာလားလို့ မေးတာကို ထပ်ပြီး လိုက်တယ် ဆိုတော့ .. ကျိန်းသေပြီ .. ငါ့ကို ရန်စနေတာ။ မောင်ဝါဝါ ထပ်၍ ကော်မန့်ပေး၏။
“နင် သေ ချင် နေ ပြီ လား …”
ထပ်၍ လိုက်ပြန်၏။ မောင်ဝါဝါ့ ဒေါသမှာ ထားစရာ နေရာမရှိတော့။ သူ့ သေချင်လား မေးတာကို လိုက်လုပ်တယ် ဆိုတော့ သေဖို့များ သဘောတူ လေသလား။ ဒါတော့ မဖြစ်နိုင်။ မောင်ဝါဝါ အွန်လိုင်းမှ ရန်တွေ့၍ မနေနိုင်တော့။ သူ့ဆီ ချက်ချင်း ဖုန်းဆက်၍ ဖြေရှင်းချက် တောင်းလေ၏။ သူက အေးအေးဆေးဆေးပင် ပြန်ဖြေ၏။
“အဲဒီဟာတွေ အကုန်လုံး လိုက်ခ် လုပ်နေတာ.. ကြိုက်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး .. အဲဒါတွေကို ငါသိတယ်လို့ အချက်ပေးတာဟဲ့”
မောင်ဝါဝါ ပက်လက်လန် လေ၏။ အသိအမြင် တစ်ခုလည်း ရလေ၏။ လိုက်ခ်ဘာတွန်ကို ကြိုက်သည် ဟူသော သဘောအပြင် နင်ပြောချင်တာ ငါသိသည်ဟု အကြောင်းပြန်သည့် အနေဖြင့်လည်း သုံး၍ ရသည်ကိုး။
(၄)
နောက်တစ်ခါ ကြုံရတာက ဒီလို။ မောင်ဝါဝါ ရေးထားသော ဆောင်းပါး တစ်ပုဒ်ကို နုတ်စ်အနေဖြင့် တင်လေ၏။ ဖေ့စ်ဘုတ်ခ်ပေါ် ရောက်သွားပြီး သုံးစက္ကန့်ပင် မကြာ။ တစ်ယောက်က လိုက်လုပ်၍ လာချေ၏။ သုံးစက္ကန့်အတွင်း တစ်ပုဒ်လုံး ဘယ်လိုများ ပြီးအောင် ဖတ်ပါလိမ့်။ မောင်ဝါဝါ မသင်္ကာ။ ဒါနှင့် နောက်တစ်ပုဒ် ထပ်၍ တင်၏။ သုံးစက္ကန့် အတွင်း ထပ်၍ လိုက်ပြန်၏။ နောက်တစ်ပုဒ် .. သုံးစက္ကန့် .. လိုက်ခ်။ ဒီလောက် စာဖတ်မြန် တာတော့ ဘယ်လိုမှ မဖြစ်နိုင်။ အကျိုးအကြောင်း မေးကြည့်တော့ ယခု မအားသေး သဖြင့် ခေါင်းစဉ်ပဲ စရံအနေဖြင့် ဖတ်ထားကြောင်း၊ ကျန်သည့် စာကိုယ်များ အားလုံးကို မကြာခင် သူဖတ်မည်ဟု အသိပေး ပန္နက်ရိုက်ခြင်း ဖြစ်ကြောင်း အံ့သြလောက်စရာ အဖြေကို သိရလေ၏။ အော် .. လိုက်ခ်ဘာတွန်ကို နောက်တစ်မျိုး သုံး၍ ရပြန်လေပြီ။
(၅)
သို့ဖြစ်သောကြောင့် လိုက်ဘာတွန် ဆိုသည့် သဘောမှာ ကြိုက်နှစ်သက်ခြင်းကို သင်္ကေတ ပြုလုပ်ရန် ထည့်သွင်း ထားခြင်း ဖြစ်ပြီး အခြား ကမ္ဘာတလွှား ဖေ့စ်ဘုတ်ခ် သုံးစွဲသူများ ထိုအတိုင်းပင် အသုံးပြု ကြသော်လည်း ကျွန်ုပ်တို့မှာမူ ၄င်း လိုက်ဘာတွန်ကို အသုံးချ၍ သိသည် ဟူ၍ လည်းကောင်း၊ တစ်ဦးနှင့် တစ်ဦး ရန်ဖြစ်ရာတွင် တစ်ဖက်လူ ပြောသမျှ လိုက်ခ်လုပ်၍ ရွဲ့တဲ့တဲ့ ပြုလုပ်သည့် သဘောကို ဆောင်၍သော် လည်းကောင်း၊ ကိုယ့်ကို သူတို့ တင်သမျှ တလေးတစား လာရောက်၍ ပုံမှန် Tag ထားသဖြင့် ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အားနာပါးနာ သဘောကို ဆောင်၍ တွေ့သမျှ လိုက်ခြင်းကို လည်းကောင်း၊ နောက်ဆုံး .. လိုက်ခ်ဘာတွန်ကို အသုံးပြု၍ မကြိုက်ဘူး ဟူသည့် သဘောကိုပင် အထင်အရှား ပြသ၍ သော်လည်းကောင်း အမျိုးမျိုး အဖုံဖုံ နည်းလမ်း များဖြင့် သုံးစွဲနိုင်ကြသည် ဖြစ်သဖြင့် ကျွန်ုပ်တို့၏ မြန်မာ ပြည်ဖွား ဥာဏ်ပညာ မြင့်မားကြသည့် ဖေ့စ်ဘုတ်ကာ အပေါင်း တို့အား ချီးကျူး ဂုဏ်ပြုထိုက် လေသည်သာ ဖြစ်တော့သတည်း။
(ယခုဖော်ပြပါ ဆောင်းပါးကို ICT Journal တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
သူရဿဝါ
၇ - ဧပရယ်လ် - ၂၀၁၂
0 comments:
Post a Comment