Saturday, April 14, 2012

ဆရာအိုအတွက် ပီတိမျက်ရည်


by Lu Cifer on Saturday, April 14, 2012 at 7:07pm ·


ဆရာကြီး ဦးခိုင်အောင် အသက် ၈၀ ပြည့်ခဲ့ပြီ။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့သည် ဆရာကြီး အသက် ၈၀ ပြည့်သော နေ့ပင်ဖြစ်သည်။
ဆရာကြီး မွေးနေ့မတိုင်မီ ခြောက်ရက်ခန့်က ကျောင်းနေဖက် သူငယ်ချင်း စိန်စောလှက ပြောသွားသေးသည်။ “ဟေ့ကောင် ဖိုးကျော်၊ တို့မြန်မာစာဆရာကြီး ဦးခိုင်အောင် အသက် ၈၀ ပြည့်မွေးနေ့မှာ ကျောင်းနေဖက် သူငယ်ချင်းတွေ ဆရာ့ကို သွားကန်တော့ကြမလို့ တိုင်ပင်ထားတယ်ကွ၊ ငွေလိုက်ကောက်ကြရအောင်ကွာ”


“အေးကွာ တို့ဆရာ ဆရာမတွေထဲမှာ အသက်အကြီးဆုံး ဒီဆရာတယောက်ပဲ ကျန်တော့တာ၊ ဖြစ်အောင် လုပ်သင့်တယ်ကွ၊ ကြည့်စီစဉ်ကြတာပေါ့” ကျွန်တော်လွယ်လွယ် ပြောလိုက်မိ၏။ တွေးကြည့်မှ အဓိက ငွေကြေးဖြစ်နေသည်။ ဤသည်ကိုစဉ်းစားမိတော့မှ တွန့်ခနဲ ဖြစ်သွားရသည်။

ကျွန်တော်သည် ပင်စင်စားဝန်ထမ်း။ ကျောင်းနေဖက် သူငယ်ချင်းများထဲတွင် ကုန်သည် သူဌေးတွေလည်းပါသည်။ တနေ့လုပ် တနေ့စား လူတန်းစားလည်းပါသည်။ လူ့အလွှာ အသီးသီး။

အိမ်သို့ရောက်၍ အိမ်သူကို ဆရာကြီးအား ကန်တော့ရန်ကိစ္စကို ပြောပြမိတော့ သူလည်းစိတ်မကောင်း။ တစ်လ တစ်လ အလျင်မီအောင် ရုန်းကန်နေရသော ဘ၀တွင်ဈေးဖိုးပိုက်ဆံကို နေ့စဉ်တိုင်းတာ တွက်ချက်နေရသည့်ဘ၀။

“အေးကွာ၊ ဆရာကြီးက အိုပြီးမှ ပင်ပန်းဆင်းရဲနေရရှာတာ၊ ပင်စင်လစာလေးနဲ့ ဇနီးမောင်နှံ နှစ်ယောက် ချွေချွေတာတာ စားနေကြရတာတဲ့၊ သားသမီးမြေးမြစ် မရှိတော့လည်း ကိုယ့်ဘ၀ကိုယ်လုံးပန်းနေရတာ၊ ဆရာကြီးက ရိုးသားတယ်၊ တပည့်တပန်းတွေအပေါ်မှာ မေတ္တာဂရုဏာ ထားထဲ့တယ်။
ဒါကြောင့်လည်း ဆရာကိုတပည့်တွေက အရမ်းချစ်ကြတာ၊ မြန်မာစာပြတဲ့နေရာမှာ သိပ်တော်တာ၊ ကျနော်က စာစီစာကုံးတွေမှာ ရမှတ်တွေကောင်းတော့ ကျနော့်ကို သိပ်ချစ်တာ၊ အဲဒီခေတ်က ဖောင်တိန်ခေတ်ကိုး၊ ကျနော့်မှာ မှင်ကုန်ရင် ဆရာကြီးဆီက ထောက်ပံ့ဝယ်ပေးဖူးတယ်၊ အဲဒါတောင် မင်းစာစီစာကုံးတော်လို့ ဆုချတာကွာဆိုပြီး ယူရဲအောင် လှည့်ပတ်ပြီး ပေးတာလေ၊ အင်း ဆရာကြီး ပင်ပန်းကျပ်တည်းနေချိန်မှာ ကျနော်တို့ကလည်း မထောက်ပံ့မကူနိုင်၊ ဆရာကြီးကို ကန်တော့နေ့ကျရင် ဘာနဲ့ကန်တော့ရမလဲ စဉ်စားနေတာ”

အိမ်သူကလည်း စိတ်မကောင်း။ ကျွန်တော် မျက်နှာမကောင်းသည်ကို မြင်၍ ဒီတရက်နှစ်ရက်မှာ စဉ်းစားကြတာပေါ့ဟု ဖြေသိမ့်ရင်း- ကဲရေချိုး၊ ထမင်း စားရအောင်ဟု စကားပြောင်းပစ်သည်။ စက်တင်ဘာသုံးရက်နေ့က ငယ်သူငယ်ချင်း ရောင်းရင်းများဖြစ်သည့် ကျော်ခိုင်၊ ဦးကျော်သိန်း၊ ခင်မောင်၊ စောလှဖြူ၊ စိန်စောလှ၊ စောမေကြီး၊ မတင်မြ၊ မအောင်ကြွဇံ တို့ ငွေလိုက်ကောက်နေကြသည်ဟု သတင်းရသည်။

ကျွန်တော် ငွေကြေးတတ်နိုင်လှသည်မဟုတ်၍ မျက်နှာပူနေသည်။ သူတို့ကို ရှောင်နေရသည်။ စိတ်ထဲမှာမူ ၀မ်းနည်း ကြေကွဲနေမိသည်။

“ ဒီနေ့မနေ့က ကျနော့်သူငယ်ချင်းတွေ ဆရာကန်တော့ဖို့ ငွေလာကောက်ကြတယ်။ ကျွန်မလည်း မျက်နှာပူပူနဲ့ ငွေနည်းနည်းလေး အခက်အခဲ ဖြစ်နေလို့ပါ၊ အိမ်ကလူကတော့ သူ့အစီအစဉ်နဲ့သူ သွားကန်တော့မယ်လို့တော့ ပြောသံကြားလိုက်ပါရဲ့ လို့ပြောလိုက်ရတယ်။ သူတို့လည်း အိမ်ခေါင်မိုးပေါ်က စာရွက်ထူထူနဲ့ ဖာထေးတာတွေကို မော့ကြည့်ပြီး အခြေအနေကို ရိပ်မိသွားဟန်တူပါရဲ့၊ ကိုကျော်ခိုင်က ကိုယ့်အစီအစဉ်နဲ့ကိုယ် လာမယ့် ကျောင်းသူ ကျောင်းသားဟောင်းတွေလည်းရှိတယ်၊ လာဖြစ်အောင်သာ လာခဲ့ပါတဲ့”

လဘက်ရည်ဆိုင်မှ အိမ်ကိုနောက်ကျမှ ရောက်သည်မို့ မျက်နှာပူရခြင်း လွတ်သွားသည်။ သူတို့လည်း အခြေအနေကို သိသွားသိမို့ ခွင့်လွတ်ကြမည်သာ။

စက်တင်ဘာ (၉) ရက်နေ့တွင်တော့ အိပ်ရာမှ ထသည်နှင့် ဆရာကြီး၏ မွေးနေ့က ခေါင်းထဲသို့ ၀င်လာသည်။ ကောက်ညှင်းပေါင်း ငါးဆယ်ကျပ်ဖိုးကို အိမ်သူနှင့် နှစ်ယောက်စားရင်း ရေနွေးကြမ်းနှင့်မျောချ၍ ကန်တော့ရန် ကန်တော့ရန် ဟူသော ကိစ္စက ခေါင်းထဲ အလုံးကြီးတင်နေသည်။
ဆရာချစ်သော တပည့်မို့ ဆရာကြီးအား ပို၍ကန်တော့ချင်နေသည်။
“ကို” စိတ်ကူးလည်ပတ်နေဆဲ အိမ်သူက ခေါ်လိုက်၍ ပြော ဟူသော သဘောဖြင့် မျက်ခုံးပင့်၍ မေးထိုးပြလိုက်သည်။ အိမ်သူက ဆက်ပြောသည်။

“စိတ်ညစ်မနေနဲ့တော့၊ ဆင်တက်မော်ရွာက ညီမဆီက ရွှေငှက်ပျောသီးနှစ်ဖီးရောက်လာတယ်၊ အဲဒါ တဖီးယူသွား၊ ဟို- ကိုကိုမောင် အိန္ဒိယမှာ သင်တန်းတက်ပြီး ပြန်လာတုန်းက လက်ဆောင်ပေးခဲ့တဲ့ နံ့သာအစစ် စိပ်ပတီး တစ်ကုံးရှိတယ်မဟုတ်လား၊ အဲဒီစိပ်ပတီးနဲ့ ရွှေငှက်ပျောနဲ့ သွားကန်တော့လေ” ကျွန်တော် ၀မ်းသာသွားသည်။


“အေးကွာ၊ ဟုတ်သားပဲ၊ ကန်တော့ချိန်က မနက်ကိုးနာရီ၊ အဲလေ- ကို ဆယ်နာရီလောက် သွားကန်တော့လိုက်မယ်”
ဆယ်နာရီတွင် ဆရာကြီး အိမ်သို့ရောက်သွားသည်။ ငယ်တပည့်များ ကန်တော့ပြီး အသီးသီးပြန်လောက်ပြီဟူသော စိတ်ကူးမမှန်တော့။
စစ်တွေတွင်ရှိနေကြသော ဆရာကြီး၏ ငယ်တပည့် အတော်များများရောက်နေကြသည်။ မပြန်ကြသေး။
ပုဇွန်ဒိုင်ဖွင့်၍ ကြီးပွားနေသော မောင်ကျော်ဦးက မုန့်တီ အော်ဒါမှာပြီး ကျွေးသည်ကို စားနေကြ၍ အချိန်ကြာကြာ စုမိကြသည်တဲ့။


ကျနော် ဆရာကြီးအိမ်သို့ ၀င်လိုက်သည်နှင့် “ဟာ ဖိုးကျော် နောက်ကျလှချည့်လား၊ မြန်မြန်သွား ကန်တော့ကွာ၊ ပြီးရင် မုန့်တီလာစား”

“ဒီကောင် ဆံပင်တွေဖြူပြီး ရုပ်ကအိုကျသွားလိုက်တာ”

“မင်းနဲ့မတွေ့တာ ကြာပေမယ့် မင်းစာတွေ တို့ဖတ်နေရပါတယ်ကွ၊ ဒီကောင်က ဆရာကြီးအချစ်တော်လေ၊ မင်းမရောက်လို့ တဖွဖွမေးနေတာကွ၊ သွား-သွား၊ မြန်မြန်သွား ကန်တော့လိုက်”

ဆရာကြီးရှေ့ကိုရောက်သွားတော့ ဆရာ့မျက်နှာကို သေချာစွာ စူးစိုက်စွာ ကြည့်မိသည်။ ကုလားထိုင်ပေါ်မှ ပြုံး၍ကြည့်နေသော ဆရာကြီး၏ မျက်နှာမှာ သန့်ရှင်းဖြူစင်နေပြီးမေတ္တာတရား ပြည့်ဝနေပုံမှာ ရေးမပြတတ်အောင်ပင်။


“ထိုင် ခိုင်ကျော်၊ ငါတပည့်မရောက်သေးလို့ ဆရာကြီး စိတ်ပူနေတာ၊ နေများမကောင်းဘူးလားလို့၊ မင်းတို့တအိမ်သားလုံး နေကောင်းကြတယ်နော်”

ဆရာကြီးသည် ယခုထိ ကျနော့်ကို သားလို၊ တပည့်လို ချစ်ခင်နေဆဲ၊ ကြင်နာဆဲ၊ ဂရုဏာထားဆဲပင်။ ကျနော်သာ ဆရာကြီးထံသို့ မရောက်ဖြစ်၊ သတင်းမမေးဖြစ်၍ မျက်နှာပူ အားနာနေသည်။ ဆရာကြီးဘေးမှ ထိုင်ခုံတွင် နိုင်ငံခြားဖြစ်မုန့်ပုံးကြီး၊ နိုင်ငံခြားဖြစ် အဖျော်ရည်ပုလင်းကြီးများ၊ လုံချည်များ၊ အခြားအသုံးအဆောင်ပစ္စည်းများ၊ ကျွန်တော် အားငယ်သွားသည်။

ဆရာကြီးရှေ့တွင် ကြွပ်ကြွပ်အိပ်ဖြင့် ထည့်လာသော ရွှေငှက်ပျော်ဖီးကို ချလိုက်ပြီး အိပ်ကပ်ထဲတွင် ထည့်လာသော နံ့သာဖြူ စိပ်ပတီးကို ဆရာကြီး လက်ထဲသို့ ထည့်ပေးပြီး၊ ခြေတော်စုံ ဦးခိုက်၍ သုံးကြိမ် ကန်တော့လိုက်သည်။

“အင်းငါ့တပည့် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ မိသားစုနဲ့ အိုအောင်မင်းအောင် ပျော်ပျော်ရွှင်ရွှင် နေရပါစေ၊ စာတွေ အများကြီးရေးနိုင်ပါစေကွယ်၊ သာဓု-သာဓု-သာဓု”

ဆရာကြီးကို မော့ကြည့်နေသော ကျနော့်မျက်လုံးအိမ်တွင် မျက်ရည်များဝဲနေသည်ကို ဆရာကြီး မြင်သွားပေလိမ့်မည်။
“အင်း ငါ့တပည့်တွေလည်း ကြီးရင့်လာကြပြီကိုး၊ ဆရာကတော့ ငါ့တပည့်တွေကို စာသင်ခန်းက ရုပ်မျိုးတွေချည်း မြင်နေမိတယ်၊ အခုလို တပည့်တွေကို စုံစုံလင်လင် တွေ့ရတော့ ဆရာပြောမပြတတ်အောင်ကို ၀မ်းသာတယ်၊ အေးကွယ်-ဒါနဲ့ စာစီစာကုံးရေးတာ တော်တဲ့ မိဇံရွာက ခင်အေးမေ တယောက်မရောက်ဘူး၊ သူ့ယောက်ျား ဆုံးသွားကတည်းက ပင်ပန်းဆင်းရဲပြီး စားဝတ်နေရေးအတွက်ရုန်းကန်နေရတယ်လို့ အောင်ကြွဇံ ပြောပြလို့ သိရတယ်၊ သူ့သတင်းကိုကြားတော့ ဆရာလည်း စိတ်အတော်မကောင်း ဖြစ်သွားတယ်၊ အ၀တ်အစားသန့်သန့် မရှိလို့ လာချင်ရက်နဲ့ မလာရဲဘူးဆိုလား-အင်း”

ဆရာကြီးသည် ပြောနေရင်း အသံတိမ်ဝင်သွားကာ ဆင်းရဲသူ တပည့်မ ခင်အေးမေအတွက် စိတ်မကောင်း ဖြစ်နေပုံရတယ်။ ဆရာကြီး နောက်ဆုံးပြောလိုက်တဲ့ စကားတခွန်းက ကျနော့်အသည်းနှလုံးကို ရိုက်ခတ်တုန်ခါသွားစေပါတော့သည်။

“နောင်နှစ်မှာဆရာသက်ရှိ ထင်ရှားရှိလို့ ကျန်းကျန်းမာမာရှိခဲ့ရင် ကန်တော့ပွဲမှာ အဖိုးတန်ပစ္စည်းတွေဘာတွေနဲ့ ကန်တော့တာ မလုပ်ကြပါနဲ့ကွယ်၊ ဆရာ့ဘ၀လေးမှာ ရတာလေးနဲ့စား၊ ရှိတာလေးနဲ့ဝတ်၊ ရောင့်ရဲ တင်းတိမ်တတ်တာ ကျောင်းဆရာ လုပ်နေစဉ်ကတည်းပါ၊ လောဘတွေ၊ ဒေါသတွေ ချုပ်ငြိမ်းခဲ့တာလည်းကြာပြီ၊ ငါတပည့်တို့ နောင်နှစ်ကန်တော့ပွဲ လုပ်ချင်ကြရင် ဆင်းရဲချမ်းသာမရွေး လာနိုင်အောင် လက်အုပ်ချီပြီး ကန်တော့တဲ့ ပွဲလေးလုပ်ကြပါ၊
ဆရာက တပည့်တွေငါ့ကို မမေ့သေးပါလား၊ သတိရနေဆဲပါလားဆိုတဲ့ ကြည်နူးမှုပိတိ လေးကိုဘဲလိုချင်တာပါ၊ နှောင်နှစ်တော့ ဆရာပြောသလိုပဲ လုပ်ကြပါကွယ်၊ ခင်အေးမေ ကိုလည်း ဖြစ်အောင်ခေါ်လာခဲ့ကြပါ”

ဆရာကြီးစကားကို ကြားရသော တပည့်များမှာ ငြိမ်သွားကြပြီး မျက်နှာအသီးသီးတွင် ခံစားမှုအသီးသီး ထင်ဟပ်နေကြသည်။ ဆရာကြီးသည် ဆင်းရဲ ပင်ပန်းရှာသော တပည့်မ ခင်အေးမေ အတွက် အတော်စိတ်မကောင်း ဖြစ်ကာ ခံစားနေပုံရသည်။
မိမိကိုယ်တိုင်က ဆင်းရဲပင်ပန်းနေသော်လည်း မိမိတပည့်တဦး ဆင်းရဲ ပင်ပန်းနေသည်ကို သိရှိရ၍ ၀မ်းနည်းကြေကွဲ ခံစားနေသော ဆရာကြီး၏ အသည်းနှလုံးသည်ကား-

ဆရာကြီး၏ မေတ္တာ၊ စေတနာ၊ ဂရုဏာသည် ပန်းမျိုးတရာ၏ ရနံ့ထက်သာလွန်မွေးပျံ့၍ လမင်းတစ်ရာထက် သာလွန်အေးမြ၍..။
ဆရာကြီး သက်တော်ရာကျော်ရှည်ပါစေ။

(အာစရိယရုဏော အနန္တော အဟံဝန္ဒာမိ)
ခိုင်ရက္ခကျော်
Saturday, 14 April 2012 07:34
မောက္ခပညာရေးမဂ္ဂဇင်း

http://www.maukkha.org/index.php/feature-article/2021-maukkha-teacher-arakan

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...