Thursday, April 5, 2012

ဗုဒ္ဓ၀ါဒနှင့် ဘ၀သစ်ဖြစ်ပွားမှု အယူအဆ

(လင်းထက်ဆွေ-စုစည်း လေ့လာ တင်ပြသည်။)
ဓမ္မမိတ်ဆွေ အကို တစ်ယောက်က လူဝင်စားဖြစ်ရပ်များတွင် သေဆုံးသူ၏ ရုပ်တရား၊နာမ်တရား၊ကံတရား သို့မဟုတ် မည်သည်အရာသည် အမိ၏သားအိမ်အတွင်းသို့ ရောက်ရှိသွားပါသလဲ၊ ဆိုတဲ့ မေးခွန်းလေးတစ်ခု မေးလာ ပါတယ်။ မေးခွန်းလေး က တို သလောက် နက်နဲလှတဲ့ မေးခွန်းလေးပါ။ အဘိဓမ္မာ တတ်ကျွမ်းသူ ပညာရှင်များ က တော့ ပါဠိပါဌ်သား တွေ နဲ့ ဝေေ၀ဆာဆာ ဖြေပေလိမ့်မယ်။ မြန်မာ အချင်းချင်း နားလည် အောင်ပဲ မြန်မာလို ကြိုးစားပြီး ပြောကြည့်ပါမယ်။ ဒီမေးခွန်း ကို အကျဥ်းချုပ်ဖြေရရင်တော့ သေဆုံးသူ၏ ရုပ်တရား၊နာမ်တရား၊ကံတရား တွေ ဟာ ဒီဖက်ဘ၀ မှာ ပဲ ချုပ်ခဲ့ လို့ နောင်ဘ၀ က မိခင်ဝမ်းထဲ သို့ ရောက်သွားတာ ဘာမှ မရှိပါ။ သို့သော်လည်း ဘ၀ဟောင်း ရဲ့ ကမ္မသတ္တိ အဟုန် နဲ့ အနုသယဓါတ် (အ၀ိဇ္ဇာတဏှာဥပါဒါန် ) တို့ ကို စွဲမှီ လို့ နောက်ဘ၀မိခင်လောင်း ရဲ့ သားအိမ်တွင်းမှာ ပဋိသန္ဓေစိတ် နဲ့ ရုပ်နာမ်တရားတွေ ဖြစ်ပြီး ဘ၀သစ် က စတင် ပါတယ်လို့ ပဲ ဖြေချင်ပါတယ်။

ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ
ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ဟာ အိန္ဒိယမှာ ပေါ်ပေါက်ခဲ့သမျှဘာသာတရားတိုင်း တစ်နည်း မဟုတ် တစ်နည်း နဲ့ လက်ခံထားကြတဲ့ အယူအဆဖြစ်တယ်။ ဒီ အယူအဆ က ဘယ်လို ဘယ်ပုံ ပေါက်ဖွားလာ သလဲ ဆို တာ သုတေသီ ပညာရှင်တွေ ငြင်းခုံ နေကြဆဲ ဖြစ်ပေမဲ့ အလွန်ရှေးကျတဲ့ ဝေဒ ခေတ်ကတည်း က ဒီ အယူအဆ ရှိခဲ့ပြီလို့တော့ ခန့်မှန်းကြပါတယ်။

ဝေဒခေတ် ဘာသာရေး က ဘုရားအများကိုးကွယ်တဲ့ဝါဒ (Polytheism) ဖြစ်တယ်။ သဘာဝလောကကြီး တစ်ခုလုံး လှုပ်ရှားသက်ဝင်နေတဲ့စွမ်းအားတွေ နောက်ကွယ် မှာ ဆိုင်ရာ နတ်ဒေ၀တာ အသီးသီး ရှိမယ်လို့ယုံကြည်ကြတယ်။ လက်ရှိဘ၀ ရဲ့ လိုအပ်ချက်တွေ အတွက် နတ်ဒေ၀တာ တွေ ကို တိုင်တည်ပြီး မ စ ဖို့ အတွက် ပူဇော်ပသကြရာက နေ ယာဇ်ပူဇော်မှု အလေ့အထ ပေါ်ပေါက်လာခဲ့တယ်။ နတ်ဒေ၀တာ တွေ ဘုန်းတော်ဖွဲ့တဲ့ ဓမ္မတေး တွေ ရေးစပ်သီကုံးပြီး ရွတ်ဆိုပူဇော်ကြတယ်။ ပူဇော်မှု ရဲ့ အကျိုး က ဒီဘ၀တင်မဟုတ်ပဲ တမလွန်ဘ၀ မှာ လဲ သဂ္ဂဘုံနန်း ကို ရောက်ရှိခံစား ရမယ် ဆိုတဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

ဝေဒခေတ် နှောင်းပိုင်း ဥပနိသျဒ်ကျမ်း တွေ ပေါ်ပေါက်လာတော့ သေပြီးနောက် တစ်ဘ၀ ဖြစ်မယ် ဆိုတာထက် ဘ၀ ဆိုတာ သစ္စာတရား ကို မသိမချင်း အဖန်တလဲလဲ မွေးဖွားလိုက် သေဆုံးလိုက် နဲ့ တရစပ်ချားရဟတ်လို လည်နေတဲ့ ဘ၀သံသရာဖြစ်စဉ် အဖြစ်ရှုမြင်လာကြတယ်။ ဘ၀သံသရာဖြစ်စဉ် ရဲ့ ဆင်းရဲခြင်းတွေ ကို လဲ ကြောက်ရွံ့လို့ သံသရာ အဆုံးသတ်မှု ကို ရှာဖွေလာကြတယ်။ တောရဆောက်တည်တဲ့ အရညက ရသေ့သူတော်စင်တွေ ဝေဒ ကို မယုံကြည်ပဲ တပ အကျင့် အားထုတ်တဲ့ သမဏ သူတော်စဉ် တွေ ပေါ်ပေါက်လာခဲ့ ကြတယ်။

ဒီအထဲ မှာ တော့ ဂျိန်း သမဏ (နိဂဏ္ဍ) တွေ က အထင်ရှားဆုံး ဖြစ်လာပါတယ်။ ဂျိန်းတွေ ရဲ့ အမြင် အရ သတ္တ၀ါတွေ ဘ၀ သံသရာလည်နေ ရတာ ဟာ ကံရုပ်တွေ ကြောင့် ဖြစ်တယ်။ မိမိ တို့ ပြုသမျှ ကာယ ၀စီ မနော ကံတရားတွေ က ပြုသူရဲ့ ဇီဝအတ္တ မှာ လာရောက်တွယ်ကပ်နေတယ်။ ဒီ ကံ တွေ မကုန်မချင်း ဇီဝအတ္တ ဟာ ကံပစ်ချ ရာ ဘ၀တွေ ကို ရောက်ရှိကျင်လည်ပြီး ဆင်းရဲ ဒုက္ခတွေ ကို ခံစားနေရတယ်။ မိမိကိုယ်ကို ပင်ပန်းစေတဲ့ တပ (အတ္တကိလမထာနုယောဂ အကျင့်) ကို အားထုတ် ရင် ဒီ စုဆောင်းလာတဲ့ ကံတွေ ဟာ တစ်ဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ ဇီဝအတ္တ ဟာ ကံ ရုပ် ဟူသမျှ က နေ သန့်စင် သွားတယ်။ အတ္တ ဟာ အတ္တမဟုတ်တဲ့ အနတ္တသဘောတရားတွေ နဲ့ တသီးတခြား  စီဖြစ်သွားတဲ့ အခါမှာ အတ္တရဲ့ လွတ်မြောက်မှု (ကေ၀လ) ကို ရရှိတယ် လို့ ဂျိန်းတွေ က ယုံကြည်တယ်။


ဗုဒ္ဓ၀ါဒ အမြင် ပေါ်ထွန်းခြင်း
ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာ ရာမှာ လေ့လာကြည့်ရင် ဗုဒ္ဓ မဖြစ်ခင် က သမဏ ဖြစ်ခဲ့တယ်။ ဥပနိသျဒ်လာ လောကီ သမာပတ်ကျင့်စဉ်တွေ ဂျိန်း တပ ကျင့်စဉ်တွေ ကို အားထုတ်ခဲ့ဖူးတယ်။ အဲဒီခေတ်ကာလ မှာ ရှိနေတဲ့ ဘ၀သစ် အဖန် တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ကို လက်ခံ ခဲ့တယ်ဆိုတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဟာ အိန္ဒိယ ဘာသာရေး အတွေးအမြင် သမိုင်း မှာ အလွန်ကြီးမားတဲ့ ပါဒိုင်းအရွေ့ ကို ဖြစ်စေခဲ့တယ်။
 ဗုဒ္ဓ ရှေ့ က ဘာသာရေးတွေ အားလုံး က လောက ဖြစ်စဉ် ကို ရှင်းပြ ရာမှာ ခိုင်မာတဲ့ အနှစ်သားအရှိတရား တစ်မျိုးမျိုး ကို အခြေခံ အဖြစ်ထားပြီးတော့ မှ တင်ပြခဲ့ကြတယ်။ ခိုင်မာတဲ့ အနှစ်သားအရှိတရား ဆိုတာ ပကတိရှိနေတဲ့ အတ္တ (ပရမတ္တမ) ဖန်ဆင်းရှင် ဘုရားသခင် (ဣဿရဒေ၀) အသက်ဇီဝ အတ္တ တစ်မျိုးမျိုး ဖြစ်တယ်။ ကံစွမ်းအင် တွေ ဟာ ဒီ အတ္တ မှာ ကပ်ငြိနေသမျှ အတ္တ ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော က နေ မလွတ်နိုင်ပဲ တ၀ဲဝဲလည် နေရတယ် ဆိုတဲ့ အမြင်ပါပဲ။
 ဗုဒ္ဓရှင်တော် ကတော့ ခိုင်မာတဲ့ အနှစ်သားအရှိတရား ကို လုံးဝငြင်းပယ်တော်မူခဲ့တယ်။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော ကို ရှင်းပြ ရာ မှာ အတ္တ ဟာ မလိုအပ်တဲ့ အရာ ဖြစ်တဲ့ အပြင် ဒီ အတ္တ ရဲ့ အရှိတရား ကို မှားယွင်းစွာ စွဲလန်းခြင်း (အတ္တ၀ါဒုပါဒါန်-အတ္တာနုဒိဋ္ဌိ) ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ကို ဖြစ်စေတဲ့ လက်သည်တရားခံ ပဲ ဖြစ်တယ် လို့ မြင်ခဲ့ ပါတယ်။ ဒါ က တကယ့် တော်လှန်တဲ့ အမြင်ပဲ။ ဝေဒအမြင် ဂျိန်းအမြင်တွေ မှာ ဖူးဖူးမှုတ် တန်ဖိုး ထားပြီး လွတ်မြောက်အောင်ကြိုးပမ်းနေရတဲ့ အရာ ဟာ ပြဿနာအားလုံးရဲ့ မူလဇာစ်မြစ်လို့ ဗုဒ္ဓရှင်တော် က လင်းပြတဲ့ အတွက်ပါပဲ။

ဗုဒ္ဓဓမ္မ မှာ ဘ၀သစ်ဖြစ်ပေါ်ခြင်း ဆိုတာ သတ္တ၀ါ သေဆုံးတဲ့ အခါ သံဝတ္တန၀ိညာဏ လို့ ခေါ်တဲ့ ဘ၀သစ်ဖြစ်ပွားခွင့် ရှိတဲ့ ၀ိညာဏ် (၀ါ) စိတ်ဝိညာဏ် ရဲ့ အစဉ် စီးဆင်းမှု (၀ိညာဏသောတ) ဟာ အခြားသော သော အကြောင်းတရား အထောက် အပံ့တွေ နဲ့ ပေါင်းစပ် လို့ ဘ၀သစ်တစ်ခု စတင်ဖြစ်ပေါ်စေတာ ကို ပဲ ဆိုလိုပါတယ်။ ဘ၀သစ် ရဲ့ ၀ိညာဏသောတ ဟာ ဘ၀ဟောင်း ရဲ့ စိတ်အစဉ် နဲ့ ကြောင်းကျိုးဆက်နွယ်မှု ရှိသော်လဲ ထပ်တူဖြစ်တဲ့ ၀ိညာဏသောတ လဲ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဘ၀သစ် ကို ဖြစ်ပေါ် စေတဲ့ အဓိက အခြေခံတရားတွေ ကတော့ အ၀ိဇ္ဇာ တဏှာ နဲ့ ကမ္မဘ၀ တို့ ပဲ ဖြစ်တယ်။ အ၀ိဇ္ဇာ က မြေကြီး နဲ့ တူတယ် တဏှာ က အစိုဓါတ်နဲ့တူတယ် ကံ ကတော့ မျိုးစေ့ နဲ့တူ ပါတယ်။ ကံ မျိုးစေ့ ကို အ၀ိဇ္ဇာ မြေဆီလွှာ မှာ စိုက်ပျိုးလို့ တဏှာ အစိုဓါတ် က အထောက်အပံ့ ပေးတဲ့ အခါ ဘ၀သစ်ဆိုတဲ့ အပင်ကလေး ပေါက်လာ ရတယ်လို့ ဆိုပါတယ်။ကံမျိုးစေ့ ရဲ့ ကောင်း ဆိုး မြတ် ယုတ် ကွာခြားသလို ဘ၀သစ် တွေ က လဲ အသွင် အမျိုးမျိုးခြားနားပါတယ်။ လူ နတ် ဗြဟ္မာ ဖြစ်စေမဲ့ ကံမျိုးစေ့ ကို စိုက်ရင် နတ်ဗြဟ္မာ ဘ၀သစ် ကို ဖြစ်စေမယ်။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် ဖြစ်စေမဲ့ ကံမျိုးစေ့ ကို စိုက်ရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် ဘ၀သစ် ကို ဖြစ်စေမယ် လို့ ဆိုပါတယ်။ ဘ၀ တစ်ခု အတွင်း မှာ လဲ အနိမ့်အမြင့် အယုတ် အမြတ် အကောင်း အဆိုး အခြေအနေ တွေ က ဆိုင် ရာ ကံမျိုးစေ့ ရဲ့ အနိမ့်အမြင့် အယုတ် အမြတ် အကောင်း အဆိုး အလိုက် ပဲ ဖြစ်ပေါ် ရတယ်လို့ ဆိုကြပါတယ်။

ဗုဒ္ဓဓမ္မ ရဲ့ သုတ္တန်ပိဋကတ် မှာ ဘ၀သစ် ဖြစ်ပေါ်မှု နဲ့ ပတ်သက်လို့ မဇ္ဇျိမနိကာယ် မှာ မဟာကမ္မ၀ိဘင်္ဂသုတ် ဥပါလိသုတ် ကုက္ကုရ၀တိကသုတ် သံယုတ္တနိကာယ် မှာ မောဠိယသိဝကသုတ် သင်္ခါသုတ် စသည် တို့ မှာ ရှင်တော်ဗုဒ္ဓ ဟောကြားထား ချက်တွေ ရှိပါတယ်။

စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) အမြင်
ဗုဒ္ဓရှင်တော် က အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့ အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) ကို ထွန်းလင်းပြခဲ့ပါတယ်။

(၁) သတ္တ၀ါတွေ ရဲ့ သဏ္ဍာန်မှာ အာသ၀တရားတွေ က ကိန်းအောင်းနေတယ်။ အာသ၀တရားတွေ ရဲ့ ချယ်လှယ်မှု ကြောင့် သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) က ဖြစ်ပေါ်လာပါတယ်။

(၂)  သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) ကို အခြေခံတဲ့ စိတ် ဟာ မှောက်မှောက်မှားမှား သိတယ် မှတ်သားတယ် ထင်မြင် ယူဆ တယ် စွဲလန်းတယ်။ ဒီ အခါမှာ ချစ်တာတွေ မုန်းတာတွေ ဖြစ်လာပါတယ်။ ချစ်တာကို ရအောင် လိုချင်လာတယ်။ မုန်းတာ ကို လွတ်အောင် ဆန့်ကျင်တယ်။ဒီလို တွန်းအား ဆွဲအားတွေ ကို အခြေခံ လို့ ကောင်းမှု မကောင်းမှု(အဘိသင်္ခါရ) တွေ ဖြစ်ပါတယ်။

(၃) ကောင်းမှု မကောင်းမှု (အဘိသင်္ခါရ) တွေ ဖြစ်ပွားတဲ့ အခါမှာ စိတ်အစဉ်ထဲ မှာ မျိုးစေ့ ဖြစ်တဲ့ ကမ္မသတ္တိ ကို ချန်ရစ်ခဲ့တယ်။ ဒီ ကမ္မသတ္တိ ရဲ့ ကောင်း ဆိုးအသွင်စွမ်းအင်တွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့ အခါ ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။

(၄) ကမ္မသတ္တိတွေ ကိန်းနေတဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကြောင့် ဆိုင်ရာ ရုပ်တရား တွေ နာမ်တရားတွေ လဲ တစ်ပြိုင်တည်း ဖြစ်ပေါ်လာပါတယ်။ ဥတု အဟာရ စတာတွေ က လဲ အထောက်အပံပေးပါတယ်။

(၅) ဆိုင်ရာ ရုပ်တရား တွေ နာမ်တရားတွေ (နာမရူပ) ကို အခြေခံ လို့ ကံအစွမ်း နဲ့ အာရုံခံစားနိုင်တဲ့ ဒွါရတွေ (သဠာယတန) ဖြစ်ပေါ်လာပါတယ်။ သင့်ရာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် စတဲ့ အာယတန တရားတွေ ဖြစ်လာပါတယ်။

(၆) ကိုယ်တွင်း အာယတန တရားတွေ ဖြစ်လာတဲ့ အခါ ပြင်ပ အာယတနတရားတွေ ဖြစ်တဲ့ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အတွေး စတာတွေ နဲ့ ထိတွေ့မှု (ဖဿ) ဖြစ်ပါတယ်။ ကြေးမုံမှန်တစ်ချပ် ဖြစ်လာတဲ့ အခါ ပတ်ဝန်းကျင် က အလိုလို အရိပ်ထင်လာသလိုပါပဲ။

(၇) ထိတွေ့မှု (ဖဿ) နဲ့ အတူ တွေ့ကြုံသော အာရုံတရားတွေ အပေါ် သာယာခြင်း မသာယာခြင်း ဆိုတဲ့ ခံစားမှုသဘော (ဝေဒနာ) လဲ ဖြစ်လာပါတယ်။

(၈) စိတ် ဟာ နဂို ကတည်း က အာသ၀သတ္တိ တွေ ကမ္မသတ္တိတွေ ကိန်း နေတာမို့ ထိတွေ့မှု (ဖဿ) နဲ့ ခံစားမှုသဘော (ဝေဒနာ) တွေ ကို မှောက်မှောက်မှားမှား သိတယ် မှတ်သားတယ် ထင်မြင်ယူဆ တယ် တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာပါတယ်။

(၉) ထပ်တလဲလဲ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာတဲ့ အခါ အာရုံတွေ အပေါ် စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။ အတ္တ ကို စွဲလန်းတယ် ဘ၀ ကို ဒိဋ္ဌိကို ကာမဂုဏ်အာရုံတွေ ကို စွဲလန်းတယ် စသဖြင့် စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။

(၁၀) စိတ်သဏ္ဍာန်မှာ နဂိုရှိနေတဲ့ အ၀ိဇ္ဇာ အာသ၀တရားတွေ ရယ် ဖဿ ဝေဒနာတွေ ရယ်ပေါင်းစပ်လို့ ဖြစ်ပေါ်လာတဲ့ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး တွေ ကြောင့် အချစ် အမုန်း အမိုက် တုန့်ပြန်မှုတွေ ထပ်ဖြစ်ပါတယ်။ အဘိသင်္ခါရ သဘော ဆောင်တဲ့ ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကို ဖြစ်ပေါ်စေပြန်ပါတယ်။

(၁၁) ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့ အခါ နောက် ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။ ထိုမှတဆင့် မွေးဖွားခြင်း (ဇာတိ) ကို ဖြစ်စေတယ်။

(၁၂) မွေးဖွားခြင်း (ဇာတိ) ဖြစ်တော့ သတ္တ၀ါ ဟာ လောက ဘုံဘ၀တစ်ခုထဲ ကျရောက်ရတယ်။ အိုခြင်း နာခြင်း သေခြင်းနဲ့တစ်ကွ အဆုံးအပိုင်းအခြားမရှိတဲ့ သောက ပရိဒေ၀ ဒေါမနဿ ဒုက္ခတရားစု တွေ ဆက်ဆက် ဖြစ်ပေါ်ရပါတယ်။

ပဋိစ္စသမုပ္ပါဒ သဘောတရား ရဲ့ နက်နဲမှု
ဒီ ဖေါ်ပြခဲ့တာ ကတော့ အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) ရဲ့ မြင်ကွင်းအကျဉ်းပါပဲ။ အဘိဓမ္မာစာပေ မှာ တော့ ဒါကို အကျယ်ချဲ့ပြီး အသေးစိတ်သရုပ်ခွဲကြမှာပါ။ ဒီနေရာ မှာ အဓိက ပြောချင်တာ ကတော့ ဗုဒ္ဓရှင်တော် ရှင်းပြတဲ့ အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့ ပဋိစ္စသမုပ္ပါဒ ဖြစ်စဉ်ထဲ မှာ အတ္တ ဇီဝ နဲ့ ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိဘူး ဆိုတာပါပဲ။ နိဒါန ကွင်းဆက် (၁၂) ခု ဟာ တစ်ခု နဲ့ တစ်ခု ချိတ်ဆက် မှီတွယ် ထောက်တည် ပြီး အဆင့်ဆင့် ဖြစ်ပွား ပြောင်းလဲ နေရာ မှာ တစ်ခဏလေး တောင် ရပ်တန့် တည်နေနိုင်တဲ့ စွမ်းရည် မရှိပါဘူး။ တည်နေနိုင်တဲ့ ဋ္ဌီတိဘာဝ မရှိတဲ့ လောက မှာ အတ္တ ဇီဝ နဲ့ ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိ နိုင်ပါ။

ဒါကို ဖတ်ကြည့် တော့ အော် လွယ်သားပဲ လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ စွဲမှီဖြစ်ပွားတဲ့သဘောတရား (ပဋိစ္စသမုပ္ပါဒ) ဟာ ဗုဒ္ဓဓမ္မတစ်ခုလုံးရဲ့ အမတေ နှလုံးသည်းပွတ် ၀ိညာဉ် ဖြစ်သလို အနက်နဲ ဆုံးဓမ္မတရားလဲ ဖြစ်ပါတယ်။ ဘုရားရှင် ကိုယ်တိုင် က ဒီတရား ကို သတ္တ၀ါတွေ မသိလို့ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ရဲ့ သံသရာ မှာ ပြေးသွား ကျင်လည် နေရတယ် လို့ ဆိုခဲ့ပါတယ်။

တစ်ခါတုန်း က ရှင်အာနန္ဒာ က သူ့ အတွက် ဒီ ပဋိစ္စသမုပ္ပါဒ သဘာတရား ဟာနက်ယောင် ထင် ရပေမဲ့ နားလည် ဖို့ လွယ်ကူကြောင်းဘုရားရှင် ကို လျှောက်ထား တဲ့ အခါ မှာ ဘုရားရှင်က ဒီ လို မဆို ဖို့ တားမြစ်တော်မူပြီးတော့ ပဋိစ္စသမုပ္ပါဒ သဘာတရား ဟာနက်ယောင် ထင်ရ သလို အမှန်တကယ်လဲ နက်နဲ တဲ့ အကြောင်း ဘုရားတည်းဟူသော အမှီ သဟဲ ရရှိသောကြောင့်သာ ရှင် အာနန္ဒာ အနေနဲ့ နားလည်ရလွယ်ကူ သယောင် ဖြစ်နေတာ ဖြစ်ကြောင်း ကို မိန့်ကြားပါတယ်။

ပဋိစ္စသမုပ္ပါဒ သဘောတရား ဟာ ဥာဏ်သက်ဝင်ဖို့ ခက်တဲ့ အကြောင်းကတော့ လူသားတွေ အနေ နဲ့ ခိုင်မာတဲ့ အတ္တ အရှိတရားအပေါ် စွဲ လန်းမှု က အရမ်းကို နက်ရှိုင်းစွာ အမြစ်တွယ်နေလိုပါပဲ။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ရဲ့ သံသရာ အကြောင်း စဉ်းစားတဲ့ အခါ ခိုင်မာတဲ့ အတ္တအရှိတရားအပေါ် စွဲ လန်းမှု က ပါးပါးလေး နောက်ကွယ်မှာ ရပ်နေပြီး လူသားတွေ ရဲ့ အမြင် ကို လွမ်းမိုးနေပါတော့တယ်။

အစွန်းရောက်အမြင်များ နှင့် အစွန်းလွတ်အမြင်
ဗုဒ္ဓဓမ္မ ဟာ အစွန်းတရားတွေ ကို ရှောင်သော အမြင်ဖြစ်တယ်။ ခိုင်မာတဲ့ အတ္တအရှိအမြင် (သဿတဒိဋ္ဌိ) ကို ဝေဒန္တ နဲ့ ဂျိန်း တွေ က လက်ခံထားတယ်။ လူမှာ ပြောင်းလဲတတ်တဲ့ ခန္ဓာတွေ အပြင် မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တရှိတယ်..ဒီ အတ္တ ဟာ လူသေတဲ့ အခါ ကံ အစွမ်းနဲ့ နောက် ခန္ဓာ အသစ် တစ်ခု ဆီ ကို ကူးပြောင်း ရောက်ရှိ သွားတယ်လို့ ယုံကြည်ကြတယ်။

ခိုင်မာတဲ့ အတ္တမရှိအမြင် (ဥစ္ဆေဒဒိဋ္ဌိ) ကို တော့ ရုပ်ကြမ်းဝါဒီ တွေ က လက်ခံထားတယ်။ လူမှာ ပြောင်းလဲတတ်တဲ့ ခန္ဓာတွေ ပဲ ရှိပြီး ဒီခန္ဓာ တွေ က ပဲ လူရဲ့ အတ္တ ဖြစ်ပါတယ်..ဒီ အတ္တ ဟာ သတ္တ၀ါ သေတဲ့ အခါ အသစ်မဖြစ်ပေါ်တော့ ပဲ ပြတ်စဲပြီးဆုံး သွားတယ် လို့ ရုပ်ကြမ်းဝါဒီ တွေ က မြင်တယ်။ မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တ နဲ့ ကံတွေ နောင် ဘ၀ တွေ အခြားသော မမြင်ရတဲ့ ဘုံဘ၀ တွေ ကို လဲ လို့ ရုပ်ကြမ်းဝါဒီ တွေ က လက်မခံ ပဲ ပယ်ပါတယ်။
ဒီ အစွန်းတရား အမြင် (၂) ပါးဟာ ရှင်းပြဖို့လဲ လွယ်တယ်။ နားလည်လက်ခံ ဖို့ လဲ လွယ်တယ်။

ဗုဒ္ဓဓမ္မ ဟာ ဒီ အစွန်း တရား တွေ ကို ရှောင်တဲ့ အခါ မှာ ရှင်းပြဖို့မလွယ်တဲ့  နားလည်လက်ခံ ဖို့ လဲ မလွယ်တဲ့ အမြင်တစ်ရပ် ဖြစ်လာ ပါတော့တယ်။ ဗုဒ္ဓဓမ္မ ဟာ ရုပ်ကြမ်းဝါဒီ တွေ လို ပဲ မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တ ကို ပယ်ပြီးတော့ ဝေဒန္တ နဲ့ ဂျိန်း တွေ က လက်ခံထားတဲ့ ကံ နဲ့ ဘ၀သံသရာ ကို ဘယ်လို ယုတ္တိရှိရှိ ကွင်းဆက်မိမိ ရှင်းပြနိုင်မလဲ။ ဘ၀တစ်ခု ရပ်တန့်ချုပ်ငြိမ်းသွားတယ်-ဘ၀သစ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာတယ်။ ဘ၀ဟောင်း က ရုပ်နာမ်တရားစုတွေ က ဘ၀ဟောင်းမှာ ပဲ အကြွင်းအကျန် မရှိအောင် ရပ်တန့်ချုပ်ငြိမ်း ခဲ့ လို့ ဘ၀သစ် ကို လိုက်ပါလာတာ ဘာမှမရှိဘူး လို့ ဆိုတယ်။ ဒါပေမဲ့ ဘ၀ဟောင်းရဲ့ ကမ္မသတ္တိစွမ်းအင်တွေ ပါရမီတရားတွေ သညာတွေ စရိုက်အထုံဝါသနာ တွေ ကို ဘ၀သစ် က အမွေဆက်ခံ ရတယ်လို့ ဆို ရာမှာ အတ္တမရှိဘူး ဆိုရင် ဘယ်လို အရာက ဘယ်လိုနည်း နဲ့ သယ်ဆောင် သွားပါသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ ဒါဟာ ဗုဒ္ဓဘာသာ ရဲ့ သမိုင်း တစ်လျှောက်လုံး ပညာရှင်တွေ ကို ခေါင်းခဲ စေခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။

ဝဇ္ဇီပုတ္တကဂိုဏ်း ရဲ့ ပုဂ္ဂလအရှိ အမြင်
ဒီပြဿနာ ကို စတင်ကိုင်တွယ်ဖို့ ကြိုးစားခဲ့တာ ကတော့ ထေရ၀ါဒမှ ခွဲထွက်ခဲ့တဲ့ ၀ဇ္ဇီပုတ္တကဂိုဏ်း (၀ါ) သမ္မိတိယဂိုဏ်း ပဲ ဖြစ်တယ်။ ၀ဇ္ဇီပုတ္တကဂိုဏ်း အနေနဲ့ က လူမှာ ခန္ဓာ (၅) ပါး လဲ မဟုတ် ခန္ဓာ (၅) ပါး မှ သီးခြားလည်း မဟုတ်တဲ့ ပုဂ္ဂလ ဆိုတဲ့ သဘော တစ်ရပ်ရှိတယ်လို့ ယူဆပါတယ်။ ဒီပုဂ္ဂလ ဟာ ဘ၀ သံသရာမှာ ကျင်လည် ပြေးသွားနေ ရတဲ့ သတ္တ၀ါ ဖြစ်တယ်။ အရိပ်ဆိုတာ ရုပ်ဝတ္တုလဲ မဟုတ် ရုပ်ဝတ္တုမှ သီးခြားမဟုတ်သလို ပဲ ဒီ ပုဂ္ဂလ သဘော ဟာ ခန္ဓာ (၅) ပါး ရှိတဲ့ နေရာတိုင်းမှာ ရှိနေတယ်..။ ဒုက္ခ၀န်ထုပ် (ဘာရ) ကို ထမ်းရွက်နေရတဲ့ ၀န်ထုပ်ဆောင်သူ (ဘာရကာရ) လည်း ဖြစ် တယ်လို့ ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။ ပုဂ္ဂလ ရဲ့ အရှိတရား ကို လက်ခံသူတွေ မို့ သူတို့ ကို ပုဂ္ဂလ၀ါဒီတွေ လို့လဲ ဆိုကြပါတယ်။

ပုဂ္ဂလ ကို လက်ခံလိုက်တဲ့ အတွက် ဘ၀ဟောင်း က ကုသိုလ်-အကုသိုလ် ကမ္မသတ္တိ တွေ ပါရမီဖြည့်ဆည်းမှုတွေ အထုံဝါသနာတွေ အနုသယ ကိလေသာတွေ ကိန်းအောင်းနေဖို့ အတွက်နဲ့ ဘ၀သစ်သို့ ဆောင်ယူ သွားနိုင်ဖို့ အတွက် အခြေခံဝတ္တု တစ်ခု ရရှိလိုက် သလို ပါပဲ။ ကွန်ပြူတာ တစ်လုံးထဲ က ဒေတာ တွေ ကို နောက် တစ်လုံးထဲ ပြောင်းထည့်တဲ့ အခါ ကြားခံ ဟာဒ်ဒစ် တစ်ခု ကို သုံးပြီး ရွေ့ သလိုပဲ ဘ၀ဟောင်း နဲ့ ဘ၀ သစ်အကြား အစပ်အဟပ် က ဒီ ပုဂ္ဂလ ဆိုတဲ့ အရာ ပဲ ဖြစ်တယ်လို့ ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။ ပုဂ္ဂလ အရှိ အယူအဆ ဟာ ဟိန္ဒူတွေ နဲ့ ဂျိန်းတွေ ရဲ့ အတ္တဇီဝ အရှိ အယူအဆ နဲ့ တော်တော်လေး ဆင်တူ သလို ဖြစ်တယ်။ ဒါပေမဲ့ မတူတာတွေ လဲ ရှိတယ်။

(၁) ပထမ မတူတဲ့ အချက် က အတ္တဇီဝ ဟာ ခန္ဓာတွေ က နေ သီးခြားဖြစ်နေပေမဲ့ ပုဂ္ဂလ က တော့ သီးခြား မဟုတ်ဘူး။

(၂) ဒုတိယမတူတဲ့ အချက် က ခန္ဓာတွေ က နေ သီးခြားဖြစ်နေတဲ့ အတ္တ ဇီဝ ဟာ အနှစ်သာရအားဖြင့် မပြောင်းမလဲ ထာဝရ တည်တဲ့ အရှိသဘော ဖြစ်ပေမဲ့ ပုဂ္ဂလ ကတော့ ပြောင်းလဲတတ်တဲ့ သဘောမျိုး ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။

(၃) တတိယ မတူတဲ့ အချက် ကတော့ ဟိန္ဒူတွေ နဲ့ ဂျိန်းတွေ ရဲ့ အတ္တဇီဝ ဟာ နောက်ဆုံးလွတ်မြောက်ချိန်မှာ ကျန်ရစ်တဲ့ အရှိတရား ဖြစ်တယ်။ ပုဂ္ဂလ ကတော့ ပြောင်းလဲတတ်တဲ့ သဘောမျိုး ဖြစ်လို့ သူ တည်မှီနေရာ ခန္ဓာတရားစုတွေ နိဗ္ဗာန်ဝင်လို့ ချုပ်ငြိမ်းရတဲ့ အခါ ပုဂ္ဂလ ဟာလဲ လိုက်ပါချုပ်ငြိမ်းရပါတယ်။

သဗ္ဗတ္တိဂိုဏ်း ရဲ့ ဂန္ဓဗ္ဗ အရှိ အယူ အဆ
ဝဇ္ဇီပုတ္တကဂိုဏ်း နောက် ဒီ ဘ၀ ကူးပြဿနာ ကို ဖြေရှင်းဖို့ကြိုးစားတာ ကတော့ ထေရ၀ါဒ ရဲ့ ဂိုဏ်းကွဲ တစ်ခု ဖြစ်တဲ့ သဗ္ဗတ္တိဂိုဏ်း ပဲ ဖြစ်တယ်။ သဗ္ဗတ္တိဂိုဏ်း ရဲ့ အယူအဆ က တော့ ၀ဇ္ဇီပုတ္တကဂိုဏ်း နဲ့ နည်းနည်းကွဲတယ်။ သူတို့ လဲ ခန္ဓာ (၅) ပါး အပြင် မှာ ဂန္ဓဗ္ဗ လို့ ခေါ်တဲ့ ရုပ်နုနာမ်နုတွေ နဲ့ ဖွဲ့စည်းထားတဲ့ သဘာဝတစ်မျိုး ရှိတယ်လို့ ယူဆတယ်။
ဒီ ဂန္ဓဗ္ဗ တရား က ပုဂ္ဂလ လို အတ္တဇီဝ လိုပဲ ကံ ပါရမီ ၀ါသနာ အနုသယ တရားတွေ ကို သယ်ဆောင်ပေးတဲ့ အရာ ဖြစ်တယ် လို့ သဗ္ဗတ္တိဂိုဏ်း က ခံယူတယ်။

ဂန္ဓဗ္ဗ အရှိ အယူ အဆ က အတ္တဇီဝ အယူအဆ နဲ့ ပို ဆင်တူတယ်။ ဘာကြောင့်လဲဆိုတော့ ဂန္ဓဗ္ဗ ဟာ အတ္တ လိုပဲ ခန္ဓာတွေ က နေ ကင်းလွတ်ပြီး သီးခြား ရပ်တည်နိုင်လို့ ပါပဲ။ သတ္တ၀ါ သေဆုံးတဲ့အခါ ဒီ ဂန္ဓဗ္ဗ က ထွက်သွားတယ်။ ရုပ်နုနာမ်နု ဘ၀ မှာ ရှိနေပြီး နောက် ဘ၀အသစ် တစ်ခု ကို မကပ်ရောက် သေးခင်မှာ ကြားကာလဘ၀ (အန္တရာဘ၀) တစ်ခု ကို ဖြတ်သန်း ရတယ်လို့ ဆိုပါတယ်။ ဂန္ဓဗ္ဗ ဟာ ကံတွေ ကိလေသာ တွေ အနုသယ တွေ စင်ကြယ်သွားတဲ့ အခါ မှာ အသင်္ခတ အမတ သဘောကို ဆောင် ကလွတ်မြောက် သွားတယ် လို့ သဗ္ဗတ္တိဂိုဏ်း က ခံယူတယ်။

ဒီ အယူအဆ တွေ က ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်က ကထာဝတ္ထု ပါဠိတော်မှာ အဆို အခြေ အမျိုးမျိုး သုံးပြီးပယ်ရှား ခဲ့ပါတယ်။ ဒါပေမဲ့ ထေရ၀ါဒဂိုဏ်းမှာ လဲ ဒီလို ဘ၀ကူးပြဿနာ ကို တစ်နည်းတစ်ဖုံးရှင်းရပြန်ပါတယ်။ ၁၂ ရာစု မှာ ပေါ်ခဲ့တဲ့ နာမည်ကျော် အဘိဓမ္မသင်္ဂဟတ္ထ ကျမ်း မှာ ရှင်အနုရုဒ္ဓ က ဘ၀င်စိတ် အရှိ အယူအဆ ကို တင်ပြထားတာတွေ့ ရပါတယ်။

ထေရ၀ါဒဂိုဏ်း ရဲ့ ဘ၀င်စိတ် အရှိ အယူအဆ
သာမန်အားဖြင့် သတ္တ၀ါတွေ မှာ အာရုံ ဒွါရတိုက်ဆိုင်တိုင်း မြင် ကြား နံ ရသာ ထိတွေ့ စတဲ့ ၀ီထိစိတ်တွေ ဖြစ်ပါတယ်။ ဒီဝီထိစိတ်များအပြင် ဘ၀တစ်ခုနှင့် တစ်ခု ကူးပြောင်းချိန်နှင့် ဘ၀တစ်ခုအတွင်း စိတ်အစဉ်မပြတ်ရေး အတွက် တာဝန်ယူကြရတဲ့ ၀ီထိစိတ်အစဉ်တွင်မပါဝင်တဲ့ ၀ီထိအလွတ်စိတ်(၀ါ) ၀ီထိမုတ်စိတ်များလည်း ရှိပါတယ်။ ဒီစိတ် တွေ ကတော့  ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်နှင့် စုတိစိတ်တို့ဖြစ်ပါတယ်။

ဒီစိတ် ၃ မျိုးလုံးတွင် ကျန်စိတ်တွေလိုပဲ နာမ်ခန္ဓာ ၄ ပါး( ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဉာဏ်) အပြည့်အစုံရှိပါတယ်။ ထပ်ခွဲရင် စိတ်တစ်လုံး၊ စေတသိတ် ၃၂လုံး(သို့)၃၃ လုံး (ဒွိဟိတ်၊ တိဟိတ်ပေါ်မူတည်ပြီး) ပါဝင်လေ့ရှိပါတယ်။ ဒီစိတ်တွေဟာ ၀ိပါတ်ဝိဉာဏ် အမျိုးအစားဖြစ်ကြပြီး အတိတ်ဘ၀များက သင်္ခါရကံများ ပြုပြီးတိုင်း ပေါ်ပေါက်ခဲ့သော နာနာက္ခဏိက စေတနာရဲ့ အကျိုး ၀ိပါက ၀ိဉာဏ်များ ဖြစ်ကြပါတယ်။

စိတ်ရဲ့ သဘောမှာ အာရုံကို ညွှတ်တတ်ကိုင်းတတ်သည့်သဘောရှိသဖြင့် အာရုံနှင့် ကင်း၍မဖြစ်ကြပါ။ ထိုစိတ်များ ယူသည့် အာရုံမှာလည်း တစ်မျိုးတည်းဖြစ်နေပြီး ရှေ့ပထမအတိတ်ဘ၀က နောက်ဆုံး မရဏသန္နဇော ယူခဲ့သည့်အာရုံကို ဆက်ယူထားကြပါသည်။ ပစ္စုပ္ပန် အာရုံ ၆ ပါးတို့အနက် မည်သည့် အာရုံကိုမျှ မယူပါ။ ဒါကြောင့်မို့ သတ္တ၀ါတွေ မသိသလို ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒီလို မသိခြင်းကို မသိစိတ်လို့ လဲ ဖေါ်ပြတတ်ကြပါတယ်။

ဝီထိမုတ်စိတ်များအနက် ဘ၀င်စိတ်ဟာ မွေးသည်မှ သေသည်အထိ ဘ၀ဆက်မပြတ်ရေး တာဝန်ယူရတဲ့စိတ်များ ဖြစ်ပါတယ်။ အိပ်မက်ပင် မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ ရဲ့ စိတ်အစဉ်တွင် ပဉ္စဒွါရ၀ီထိ၊ မနောဒွါရ၀ီထိတွေ မဖြစ်ပေါ်ပဲ စိတ်အစဉ် မပြတ်အောင် ဘ၀င်စိတ်များ မရေမတွက်နိုင်လောက်အောင် ဖြစ်နေပါတယ်။ ၀ီထိများဖြစ်ပေါ်နေ ချိန်မှာ လည်း တစ်ခုနဲ့တစ်ခုကြားလည်း စိတ်အစဉ်မပြတ်အောင် ဆက်ပေးတဲ့ ဘ၀င်စိတ်များ အမြောက်အမြား ဖြစ်လေ့ ရှိပါတယ်။

ဘ၀င်စိတ် နဲ့ နာနာက္ခဏိကကံ သတ္တိ
ဘ၀င်စိတ် ဆိုတာ သတ္တ၀ါတွေ ရဲ့ နဂိုစိတ် အိမ်ရှင်စိတ် ဖြစ်တယ်။ ပြင်ပ က အာရုံတွေ နဲ့ အတွင်းဒွါရတွေ တိုက်ခတ်(ဖဿဖြစ်)တဲ့ အခါမှာ ဒီ ဘ၀င်စိတ်အလျဉ် က ပြတ်တောက် သွားပြီးတော့ ပဉ္စဒွါရ အာရုံတွေ ကို သိတဲ့ ၀ီထိစိတ်တွေ ဖြစ်ပါတယ်။ ၀ီထိတွေ ချုပ်တဲ့ အခါ ဘ၀င်စိတ်တွေ ပြန်ဖြစ်ပြန်တယ်။ ဒီလိုပဲ သတ္တ၀ါ ဟာ ဘ၀င်စိတ်တွေ ၀ီထိစိတ်တွေ အလှည့်ကျ ဖြစ်ပေါ်ရင်း စိတ် ရဲ့ ကြောင်းကျိုးဆက်သွယ်-သန္တတိ ဖြစ်စဉ် က မြစ်ရေအယဉ် လိုပဲ တစ်သွင်သွင်စီးဆင်းနေပါတော့တယ်။

ဝီထိစိတ်တွေ နဲ့ ပြုလုပ်လိုက်တဲ့ ကောင်း ဆိုး ကံစေတနာသင်္ခါရတရားတွေ က ၀ီထိ အနေနဲ့ ချုပ်ပြတ်ခဲ့ ကြပေမဲ့  မိမိတို့ ရဲ့ ဆိုင်ရာ ကမ္မသတ္တိစွမ်းအင်တွေ ကို ဘ၀င်စိတ်အလျဉ်ထဲ မှာ သိုမှီးခဲ့ပါတယ်။ ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ အရဆိုရရင် ကံရဲ့  သဘောဟာ သိမ်မွေ့ ပြီးတော့  အင်အားသတ္တိလည်းကြီးမားပါတယ်။ ကမ္ဘာများစွာခြားသော်လည်း အကြောင်းတိုက်ဆိုင်လာတဲ့ အခါ ထိုကံမျိုးစေ့မှ အကျိုးပေးသဖြင့် ပဋ္ဌာန်းဒေသနာအရ နာနာက္ခဏိကကံ ဟုခေါ်ကြောင်း ဖေါ်ပြထားပါတယ်။ အကြောင်းဟာအကျိုးနဲ့ကာလဘယ်လောက်ခြားခြား အကျိုးသက်ရောက် နိုင်စွမ်း ရှိတဲ့ အပြင် အကျိုးဟာအကြောင်းနဲ့ ယုတ္တိသဘောကိုလွန်လောက်အောင် ဆပွားကြီးမားကွာခြားစွာ အကျိုးပေးသက် ရောက် နိုင်စွမ်းရှိတယ်လို့   အဘိဓမ္မာရဲ့   ကမ္မ၀ါဒ ကဆိုပါတယ်။

အဘိဓမ္မာအရပြောရလျှင် ဝီထိစိတ်အစဉ်တွင် ၂၉ ပါးသော ဇောစိတ်တို့ ၌ယှဉ်သည့် စေတနာသာလျှင် နောင်ဘဝ အတွက် အကျိုးပေးနိုင်စွမ်းရှိသော ကံသတ္တိဖြစ်တာကြောင့်   ထိုဇောစိတ်များဟာ ပုထုဇဉ်၊ အရိယာအားလျော်စွာ ဇောစိတ်( ၅၅ ) ပါးမှ လောကီကုသိုလ်ဇော (၁၇ ) ပါး - ( မဟာကုသိုလ် ၈ပါး နှင့် မဟဂ္ဂုတ်ကုသိုလ် ၉ ပါး) နှင့် အကုသိုလ်ဇော (၁၂) ပါး ပေါင်း ၂၉ ပါးသည်သာ ကံဆိုသော စေတနာဖြစ် တယ်လို့ ဆိုပါတယ်။

ဘ၀င်စိတ် ဟာ ၀ီထိမုတ်စိတ်ဖြစ်လို့ သူ့မှာ ပစ္စုပ္ပန် အာရုံ ၆ ပါး ဆိုင်ရာ သိမှု ၀ီထိတွေ မရှိပဲ အတိတ်ဘ၀ ရဲ့ နောက်ဆုံး မရဏသန္နဇော ယူခဲ့သည့်အာရုံကို ပဲ သိနေတဲ့ စိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဘ၀င်စိတ် က ကံအဟုန် နဲ့ သွားနေတာ ဖြစ် ပြီးတော့ ပုဂ္ဂလ နဲ့ ဂန္ဓဗ္ဗ တို့ လိုပဲ ကံ ပါရမီ အနုသယ ၀ါသနာ တို့ တည်ရာ လဲ ဖြစ်ပါတယ်။

ဘ၀သစ်ဖြစ်ပေါ်မှု ဖြစ်စဉ်
သတ္တ၀ါတစ်ကောင် သေဆုံး ရတာ အကြောင်း အမျိုးမျိုး ရှိတယ်။ အသက်ဇီဝဓါတ် အားကုန်သွားလို့လဲ ဖြစ်နိုင်တယ်။ ကမ္မသတ္တိအဟုန် အားကုန်သွားလို့လဲ ဖြစ်နိုင်တယ်။ သူတပါးလုံ့လပယောဂကြောင့်လဲ ဖြစ်နိုင်တယ်။ အသက်ကို ရုတ်ခြည်းဖြတ်တဲ့ ဥပစ္ဆေဒက ကံ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သေဆုံး ရတဲ့ အခါ မရဏာသန္န၀ီထိ ဇောတွေ ကျ ပါတယ်။  မိမိ မှာ ကြီးမားတဲ့ ဂရုကံ (ပဉ္စာနန္တရိယကံ) တွေ ရှိခဲ့ ရင်သေခါနီးပြုတဲ့ အာသန္နကံ တွေ အားကောင်း ရင် အာသန္နကံ က လွမ်းမိုး ပါတယ်။ ဒါမှမဟုတ်လဲ နေ့စဉ် ရက်ဆက်ပြုခဲ့တဲ့ အာစိဏ္ဏကံတွေ အားကောင်း ရင် အာစိဏ္ဏက က လွမ်းမိုး ပါတယ်။သေဆုံးခါနီး ကာလ မှာ ဆိုင်ရာ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ် စတဲ့ နိမိတ်တွေ ထင်ယောင် လာတတ်တယ်လို့ ဆိုပါတယ်။ အောက်ပါ ကောက်နုတ်ချက် ကို လေ့လာကြည့်ပါလျှင် နိမိတ်ထင်ခြင်း ဖြဖစ်စဉ် ကို ယေဘုယျအား ဖြင့် သိမြင်နားလည်နိုင်မယ်လို့ ထင်ပါတယ်။

သေဆုံးခါနီး နိမိတ်ထင်ပုံ
လူသာမဟုတ်၊ မည်သည့်သတ္တ၀ါမဆို၊ သေဆုံးခါနီးတွင် နိမိတ်သုံးပါးထင်ပြီးမှ သေဆုံးကြပါပေသည်။ အိပ်ပျော်စဉ် သေဆုံးသူ၊ ရုတ်တရက်သေဆုံးသူများပါ နိမိတ်ထင်ကြပါသည်။ ဥပမာ - တူထုနေစဉ် ဆောက်ရိုးထိပ်တွင် နားမိသော ယင်ကောင်အားထုမိ၍ သေရလျှင်ပင် မသေမီ ထိုယင်ကောင်၌ နိမိတ်ထင်ပါသည်။

သေဆုံးခါနီးတွင် (၁) ကံနိမိတ်၊ (၂) ကမ္မနိမိတ်၊ (၃) ဂတိနိမိတ် ဟု နိမိတ်သုံးမျိုးတွင်တစ်မျိုးမျိုးထင်လာတတ်ကြပေသည်။ ဒါန သီလစသော ကောင်းမှုကုသိုလ်များကို များများဆည်းပူးအားထုတ်ထားကြသော ပုဂ္ဂိုလ်များသည် များသောအားဖြင့် ကွယ်လွန်ခါနီးတွင်၊ ကောင်းသောကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြသည်။ သူ့အသက်သတ်ခြင်း စသော မကောင်းမှု အကုသိုလ်များကို ပြုလုပ်မှုများကြသော ပုဂ္ဂိုလ်များသည် အများအားဖြင့် မကောင်းသော ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြပါသည်။

(၁) ကံနိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံနှင့် အကုသိုလ်ကံ (စေတနာ)များဖြစ်သည်။
(၂) ကမ္မနိမိတ်ဆိုသည်မှာ ထိုကုသိုလ်နှင့် အကုသိုလ်ပြုစဉ်က တွေ့ကြုံသုံးစွဲခဲ့သော အရာဝတ္ထုများဖြစ်သည်။
(၃) ဂတိနိမိတ်ဆိုသည်မှာ သေဆုံးပြီးနောက် ရောက်ရမည့်ဂတိ (ဒုတိယဘ၀)တွင်၊ မိမိတို့ ရောက်သွားကြရမည့် ကောင်းသောဘုံဘ၀၊ မကောင်းသောဘုံဘ၀ဟူသော ဖြစ်ရာဌာနများဖြစ်သည်။

ကံနိမိတ်ထင်လာပုံ
သေချိန်မရောက်မီ စက္ကန့်အနည်းငယ်တွင်ဖြစ်စေ၊ နာရီဝက်၊ တစ်နာရီကွာခြားသော အချိန်အခါတွင်ဖြစ်စေ၊ ရက်ပေါင်း လပေါင်းနှစ်ပေါင်းများစွာ ဘ၀ပေါင်း၊ ကမ္ဘာပေါင်းများစွာ ကွာခြားသောအခါကဖြစ်စေ၊ ပြုခဲ့သော ကံအမျိုးမျိုးတို့သည် နောက်ဘ၀သစ်၌ အကျိုးပေးခွင့်ကြုံလာလျှင် ကွယ်လွန်ခါနီး ကာလတွင် ထင်လာတတ်၏။ ဤထင်လာသောကံကို ကံနိမိတ် ထင်လာသည်ဟု ဆိုသည်။ ကံနိမိတ်ထင်လာပုံ (၂)မျိုးရှိသည်။ ထိုကံကို အမှတ်ရသောအားဖြင့် ထင်လာခြင်းနှင့် လောလောဆယ်ပြုလုပ်နေရသကဲ့သို့ အိမ်မက် မက်နေသကဲ့သို့ အနေအားဖြင့် ထင်လာတတ်ပါသည်။
ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးက မိမိတို့ ပြုလုပ်ခဲ့ဖူးသော ဒါနကုသိုလ်ကံ၊ သီလကုသိုလ်ကံ၊ ဘာဝနာကုသိုလ်ကံတို့ပြန်၍ အမှတ်ရသောအားဖြင့်၊ စိတ်ထဲတွင် အလိုလို ဖြစ်ပေါ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ဤကဲ့သို့ မိမိပြုလုပ်ခဲ့သော ကုသိုလ်ကံများ ထင်မြင်လာခြင်းကို ကုသိုလ်ကံနိမိတ်ထင်သည်ဟု ဆိုပါသည်။

မကောင်းမှု အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးကမိမိတို့ ပြုလုပ်ခဲ့ဖူးသော သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ ကာမမှုစသော အကုသိုလ်ကံတို့သည် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာကြပေသည်။ ဤကဲ့သို့ မကောင်းမှု အကုသိုလ်ကံများ ထင်မြင်လာခြင်းကို အကုသိုလ်ကံ နိမိတ်ထင်သည်ဟု ဆိုပါသည်။

ကမ္မနိမိတ်ထင်လာပုံ
ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးတွင် မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ်ကံများပြုလုပ်ပုံ အခြင်းအရာများကို ထင်လာခြင်းသည် ကမ္မနိမိတ်ထင်ခြင်းဖြစ်၏။ ကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် ဒါနပြုရာ၌ ကျောင်း၊ ဘုရားတည်ဆောက် ကိုးကွယ်လှူဒါန်းသူဖြစ်လျှင် ကျောင်း၊ ဘုရားအာရုံ၊ ရေစက်ချလှူဒါန်းပုံ အခြင်းအရာ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော အဆောက်အဦး၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊ အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပုံတော်၊ အဆောက်အဦး ပန်း၊ ဆီမီး စသော အာရုံများ ထင်လာတတ်ကြသည်။ ထို့အတူ ဆေးရုံ၊ ရေတွင်း၊ ရေကန်၊ စာသင်ကျောင်း၊ လှူဒါန်းနေပုံအခြင်းအရာများ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပုံ အခြင်းအရာ၊ ဥပုသ်သီလဆောက်တည်ပုံ အခြင်းအရာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ပုံ အခြင်းအရာ စိပ်ပုတီး၊ ယောဂီဝတ်၊ ကမ္မဋ္ဌာန်းကျောင်း စသည်တို့ကို စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ထို့အတူ ဝေယျာဝစ္စ စသည်ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ပုံ အခြင်းအရာများလည်း ထင်လာတတ်ပါသည်။ ဤကဲ့သို့ ကုသိုလ်ပြုလုပ်ပုံ အခြင်းအရာများ ထင်မြင်လာခြင်းကို ကုသိုလ်ကမ္မနိမိတ်ထင်သည်ဟု ဆိုရသည်။

အကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် သူတစ်ပါး အသက်ကို သတ်နေပုံ အခြင်းအရာ၊ သူတစ်ပါး ပစ္စည်းခိုးနေပုံ အခြင်းအရာ၊ လိမ်ပြောနေပုံ၊ ကာမမှုကျူလွန်ပုံတို့ကို ထင်လာကြပါသည်။ သတ်ဖြတ်စဉ်က အသုံးပြုခဲ့သော၊ ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံစသော လက်နက်များ၊ ခိုးယူထားသော ပစ္စည်းခိုးရာတွင် အသုံးပြုသောပစ္စည်း စသည်ဖြင့် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာတတ်ကြပါသည်။

 ဂတိနိမိတ်ထင်လာပုံ
ပုဂ္ဂိုလ်သတ္တ၀ါတို့သည် ကွယ်လွန်ခါနီး၌ ဘ၀သစ်တွင် တွေ့ကြုံရမည့် လားရာဂတိအာရုံများကို တင်ကြို၍ ထင်လာ တတ်သည်။ ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ခါနီး၌ နောင်ဘ၀တွင် မိမိတို့ရောက် သွားကြရမည့် ဘုံဘ၀၏ သာယာဖွယ်၊ အဆောက်အအုံ၊ ဥယျာဉ်ဗိမာန်၊ နတ်သမီး၊ နတ်သား၊ နတ်ရထားစသည်ဖြင့် ထင်လာတတ်သည်။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲ အဆင်း၊ လူ၊ အိမ်ယာအဆောက်အဦး တို့ကိုထင်လာတတ်သည်။ ဤကဲ့သို့ မိမိတို့ ရောက်ရှိသွားရမည့် ဘုံဘ၀၏ သာယာဖွယ် ရောက်ရာဌာနအာရုံများ ထင်လာခြင်းကို ကုသိုလ်ဂတိနိမိတ်ထင်ဟပ်သည်ဟုဆိုသည်။

မကောင်းမှုအကုသိုလ်ကံများသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် နောင်ဘ၀၌ မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀များ၏ မနှစ်သက်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာများကို ထင်မြင်လာကြသည်။ ငရဲကျရမည့်သူဖြစ်လျှင်၊ ငရဲမီး၊ ငရဲထိန်း၊ ခွေးနက်ကြီး စသည်ဖြင့် ထင်လာတတ်၏။ တိရစ္ဆာန်ဘုံရောက်မည့်သူသည် တိရစ္ဆာန်တို့၏နေရာ၊ တိရစ္ဆာန်မိခင်ပုံပန်းသဏ္ဌာန်၊ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင်လည်း တောကြီးတောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိတို့နေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာဌာန အာရုံများ ထင်မြင်လာခြင်းကို အကုသိုလ်ဂတိနိမိတ် ထင်သည်ဟု ဆိုရပေသည်။

ဒီလို နိမိတ် (၃) ပါးထဲ က တစ်ပါးပါး ကို စွဲ ကိုင်ပြီးတော့ နောက်ဆုံး သိစိတ်ဝီထိ (စုတိစိတ်) ဖြစ်ပေါ် ပါတယ်။ ဒီ စုတိစိတ် ရဲ့ အခြားမဲ့ ကာလ မှာ ဘ၀သစ် ရဲ့ ပထမဆုံးသော စိတ် (ပဋိသန္ဓေစိတ်) က ဖြစ်ပေါ်ပါတယ်။ ပဋိသန္ဓေစိတ် ဟာလဲ အဟိတ်ပဋိသန္ဓေစိတ- -ဒွိဟိတ်ပဋိသန္ဓေစိတ်- တိဟိတ်ပဋိသန္ဓေစိတ် စသဖြင့် အလောဘ အဒေါသ အမောဟ ဟိတ်တရားများ ယှဉ်တွဲမှု ကို လိုက်ပြီး အရည်အချင်းကွာခြား (ဘုံဘ၀ကွာခြား) သော ပဋိသန္ဓေစိတ် များ ဖြစ်ပေါ် ပါသတဲ့။ ဘ၀ဟောင်း ရဲ့ ကမ္မသတ္တိ အဟုန် ကြောင့် ဆိုင်ရာ ဘုံဘ၀ ရဲ့ ပသာဒရုပ်ကလာပ်တွေ အာရုံဒွါရတွေ လဲ ဖြစ်ပေါ်လာရပါတယ်။ အထက်မှာ ဆိုခဲ့ သလို ပဋိသန္ဓေစိတ် (၀ိညာဏ်) ကြောင့် နာမ်ရုပ် ဖြစ် နာမ်ရုပ်ကြောင့် အာရုံခံဒွါရ ၆ ပါး (သဠာယတန) ဖြစ် ဆို တဲ့ အစဉ်တန်း ပါပဲ။

ဘ၀တစ်ပါးသို့ ကူးပြောင်းသောပုဂ္ဂိုလ်သတ္တ၀ါမရှိ
အထက်မှာ ဖေါ်ပြခဲ့တာ ကတော့ ထေရ၀ါဒ အဘိဓမ္မာ စာပေ အလို အရ သတ္တ၀ါတွေ ဘ၀ဟောင်းရပ်စဲချုပ်ငြိမ်းပုံ နဲ့ ဘ၀သစ် ဖြစ်ပွား ရပုံတွေပါပဲ။ ဒီနေရာမှာ လူအများ သိချင်တဲ့ မေးခွန်းတစ်ရပ်ပေါ်ပေါက်လာ ပါတယ်။ ဥပမာ မောင်ဖြူဆိုတဲ့ လူသားတစ်ယောက် သေဆုံး ပြီးတော့ ဘ၀သစ်မှာ မောင်နီ ဆိုတဲ့ လူသားတစ်ယောက် အနေနဲ့ ပြန်လည်မွေးဖွားလာတယ် လို့ ဆိုကြပါစို့။ မေးခွန်း က တော့ မောင်နီ ဟာ မောင်ဖြူ ပဲ လား (ဘ၀ဟောင်း က လာတဲ့ သတ္တ၀ါ ပဲလား) ဒါမှ မဟုတ် မောင်နီဟာ မောင်ဖြူမဟုတ်တဲ့ အခြား သတ္တ၀ါ လား (ဘ၀ဟောင်း နဲ့ မတူတဲ့ အသစ်ဘ၀ တစ်ခုလား) ဆိုတဲ့ မေးခွန်း ပါပဲ။

မိလိန္ဒပဥှာပါဠိတော် မှာ ဆို ရင် ဒီ ပြဿနာ ကို အဒ္ဓါန၀ဂ် ဓမ္မသန္တတိပဥှာ မှာ အမေး အဖြေ လုပ်ထားတာ ကို တွေ့ ရပါတယ်။ ဘ၀ဟောင်း က သတ္တ၀ါ နဲ့ ဘ၀သစ်က သတ္တ၀ါ တစ်ယောက်တည်းလား (အတူတူပဲလား) အခြား တစ်ယောက် ဖြစ်သလား (တစ်ခြားစီလား) ဆို တဲ့ မေးခွန်း ကို ရှင်နာဂသေန က ဖြေရာမှာ ဒီ အစွန်း နှစ်ခု လုံး ကို ငြင်းပြီးတော့ ဘ၀ဟောင်း က သတ္တ၀ါ နဲ့ ဘ၀သစ်က သတ္တ၀ါ တစ်ယောက်တည်းလဲမဟုတ် (အတူတူလဲမဟုတ်) တစ်ခြားတစ်ယောက် လဲမဟုတ် (တစ်ခြားစီလဲမဟုတ်) =န စ သော န စ အညော ရယ်လို့ ဖြေပါတယ်။

ရှင်နာဂသေန ရဲ့ အဖြေ ဟာ ပြဿနာ ကို နည်းနည်း လုံးထွေးသွားစေတာ အမှန်ပါပဲ။ ရှင်းသလိုလို နဲ့ ရှုပ်နေစေတဲ့ အဖြေ ဖြစ်နေပြီးတော့ မေးခွန်းရှင် ရဲ့ သတ္တ၀ါအရှိ အမြင် ကို လက်ခံပြီး ဖြေဆို ရာလဲ ရောက်နေပါတယ်။ ဘ၀ဟောင်း ကသူ လဲ မဟုတ် ဘ၀သစ်မှာ တစ်ခြားသူ လဲ မဟုတ် ဆိုတော့ သတ္တ၀ါ ဟာ ဒီ နှစ်မျိုးစလုံးမဟုတ်သော်လည်း ဆန်းကြယ်တဲ့ ကြား အခြေအနေ တစ်မျိုးမျိုး နဲ့ ရှိနေသယောင်ယောင် ထင်မြင်မှု ကို ဖြစ်ပေါ်စေပါတယ်။ စုတိ ပဋိသန္ဓေ ဘ၀င် စသဖြင့် နာမည် ၃ မျိုး နဲ့ အပြတ်အတောက်အကြားအလပ်မရှိ မြစ်တစ်စင်းလို စီးဆင်းနေတဲ့ ၀ီထိမုတ် နဲ့ ၀ီထိစိတ် အစဉ်တန်း (စိတ္တသန္တတိ) ဟာ သတ္တ၀ါပဲ လို့ ခံယူ လာမိတဲ့ အထိ ဖြစ်ရပါတော့တယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ရဲ့ စိတ်ထဲ မှာ လူဟောင်း နဲ့ လူသစ် ဟာ အတူတူ မဟုတ်သော်လည်း တစ်ခြားသူ လည်း မဟုတ်ပြန်လို့ ဆိုထားတဲ့ အတွက် တစ်ယောက်တည်းပါပဲ ဆိုတဲ့ သန္တတိပညတ် ကို ပဲ စွဲနေပါတော့တယ်။ ဒီ အခါ မှာ အများလက်ခံတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဘ၀သစ်အယူအမြင် က သတ္တ၀ါအရှိကို စွဲတဲ့ သဿတဒိဋ္ဌိဖက်ကို ဆွဲတဲ့ အယူမျိုး ဆန်ဆန် ဖြစ်နေပါတော့တယ်။ဘ၀ဟောင်း က ဘ၀င်စိတ် အလျဉ် က ပဲ ကမ္မသတ္တိ အဟုန်နဲ့ နောက်ဘ၀သစ် စိတ်တွေ အဖြစ်ဆက်လက် ဖြစ်ပွားသွားတယ် လို့ မြင်ကြတဲ့ အခါ အလွန် ပါးလျှသော အတ္တဒိဋ္ဌိ တစ်မျိုး က ဒီအမြင်ထဲ မှာ  တိတ်တဆိတ် ၀င်ရောက်ကာ ပူးကပ်နေပါတော့တယ်။

တကယ်တော့ သတ္တ၀ါဆိုတာ ဘ၀ဟောင်းမှာ တောင် မရအပ်တဲ့ ရှာဖွေမတွေ့နိုင်တယ် မရှိတရား ဖြစ်ပါတယ်။ မရှိတရား တစ်ခု ဟာ နောက်မရှိတရား တစ်ခု နဲ့ အတူတူ လား တစ်ခြားစီး လား ဆို တဲ့ မေးခွန်း ကိုက မှားယွင်းသော သက္ကာယဒိဋ္ဌိ အပေါ် အခြေခံထားလို့ ဒီ မေးခွန်း ကို ဖြေဆို ရန် အဖြေ မရှိပါ။  မရှိတဲ့ ပုဂ္ဂိုလ် သတ္တ၀ါ အတ္တ ဇီဝ တရားတွေ နဲ့ ပတ်သက်လို့ ရှိ မရှိ ဖြစ် မဖြစ် ပြတ် မပြတ် စတဲ့ မေးခွန်းတွေ ကို ရှင်တော်ဗုဒ္ဓ ဟာ ဘယ်သော အခါ မှ ဖြေဆိုခြင်း မရှိပါဘူး ။ မေးခွန်းမှားတစ်ခု ကို ဖြေဆိုခြင်းကြောင့် အသိ တွေ က ပိုမို ရှုပ်ထွေးသွားစေနိုင်လို့ပါပဲ။ န စ သော န စ အညော (အတူတူ မဟုတ် တစ်ခြားသူ လည်း မဟုတ်) ဆိုတဲ့ အဖြေ ဟာ ၀ဇ္ဇီပုတ္တက ဂိုဏ်း သားတွေ ရဲ့ ခန္ဓာ ၅ ပါး နဲ့ ပုဂ္ဂလ ဟာ အတူတူလဲ မဟုတ် တစ်ခြားစီလည်း မဟုတ် ဆိုတဲ့ ၀ါဒ ကို ပြန်ပြီးသတိရစေပါတယ်။

ဘ၀ဟောင်း ဘ၀သစ် ဆက်စပ်မှု ဥပမာ များ
နောက်ပိုင်းမှာ ရှင်နာဂသေန က ဥပမာ (၃) ခု ပေး ပါတယ်။ ပထမ အနေနဲ့ လူသားတစ်ဦး ငယ်ရွယ်စဉ် ပြီး အရွယ် တစ်ဆင့်ဆင့် ပြောင်းလဲ သွား ပုံ ကို ဥပမာပေးတယ်။ အမိဝမ်းထဲ မှာ ကာလလ ရေကြည် အမြုပ် သားတစ် ခက်မငါးဖြာ သန္ဓေသား မွေးကင်းစကလေး နို့စို့ကလေး သူငယ် လူငယ် လူရွယ် လူလတ် လူကြီး လူအို စသဖြင့် အဆင့်ဆင့်ပြောင်းလဲ သွားရာ မှာ ဒီ အဆင့်တွေ ဟာ တစ်ခုနဲ့ တစ်ခု အတူတူလဲ မဟုတ် တစ်ခြားစီ လဲ မဟုတ် ဆိုတဲ့ သဘောမျိုး ပြောပြ ပြီးတော့ ဒီ အဆင့်တွေ အားလုံးကို ပေါင်းရုံးပြီးတော့ လူပုဂ္ဂိုလ် တစ်ယောက်လို့ ခေါ်ဝေါ်သတ်မှတ် ရပါတယ် လို့ ဆို ပါတယ်။

ဒုတိယ ဥပမာ က တော့ ဆီမီး တစ်ခု ကို တစ်ညလုံးထွန်းထားတဲ့ ဥပမာ ဖြစ်တယ်။ ညဉ့် ဦးယမ်မှာ တောက်လောင် နေတဲ့ဆီမီး ညဉ့်လည်ယမ် မှာ တောက်လောင်နေတဲ့ဆီမီး မိုးသောက်ယမ် မှာ တောက်လောင် နေတဲ့ဆီမီး စသဖြင့် အဆင့်ဆင့်ပြောင်းလဲ သွားရာ မှာ ဒီ အဆင့်တွေ ဟာ တစ်ခုနဲ့ တစ်ခု အတူတူလဲ မဟုတ် တစ်ခြားစီ လဲ မဟုတ် ဆိုတဲ့ သဘောမျိုး ပြောပြ ပြီးတော့ ဒီ အဆင့်တွေ အားလုံးကို ပေါင်းရုံးပြီးတော့ ဆီမီးတောက်အစဉ် လို့ ခေါ်ဝေါ်သတ်မှတ် ရပါတယ် လို့ ဆို ပါတယ်။

တတိယဥပမာ က တော့ နို့ရည် က နေ ထောပတ် ဖြစ်လာပုံ အဆင့်ဆင့် ဥပမာ ဖြစ်တယ်။ နို့ရည် က နေ နို့ဓမ်း- နို့ဓမ်း ကနေ ဆီဦး- ဆီဦး ကနေ ထောပတ် စသဖြင့် အဆင့်ဆင့်ပြောင်းလဲ သွားရာ မှာ ဒီ အဆင့်တွေ ဟာ တစ်ခုနဲ့ တစ်ခု အတူတူလဲ မဟုတ် တစ်ခြားစီ လဲ မဟုတ် ဆိုတဲ့ သဘောမျိုး ပြောပြ ပြီးတော့ ဒီ အဆင့်တွေ အားလုံးကို ပေါင်းရုံးပြီး တော့ နို့ ရည် ပြောင်းလဲမှု ဖြစ်စဉ် လို့ ခေါ်ဝေါ်သတ်မှတ် ရပါတယ် လို့ ဆို ပါတယ်။

ဒီနေရာမှာ သတိပြုစရာ အချက် တစ်ခုက ရှင်နာဂသေန ဟာ ရုပ်ပိုင်းဘ၀ဆိုင်ရာဥပမာတွေ (လူ့ကိုယ်ခန္ဓာ-ဆီမီး-နို့ရည်) နဲ့ ဥပမေယျ ဖြစ်တဲ့ သတ္တ၀ါစိတ်အစဉ် ရွေ့လျှားစီးဆင်း ကာ ဘ၀ဟောင်း ဘ၀သစ်ပြောင်း လဲ မှု ကို ထင်ဟပ်ပြနေတယ် ဆိုတာ ပါပဲ။ ဥပမာတွေ နဲ့ ဥပမေယျ က သဘာဝမတူ တဲ့ အတွက် နည်းနည်းတော့ အားနည်းတဲ့ ဆင်ခြေ ဖြစ်နေပါတယ်။

နောက်တစ်ချက် က ရုပ်ပိုင်းဘ၀ဆိုင်ရာဥပမာတွေ (လူ့ကိုယ်ခန္ဓာ-ဆီမီး-နို့ရည်) က လက်ရှိမျက်မှောက် ပစ္စုပ္ပန် ဘ၀ ရဲ့ ပစ္စက္ခတရားတွေ ဖြစ်တဲ့ အတွက် လက်တွေ့လဲ ထင်သာမြင်သာတယ် ယုတ္တိကွင်းဆက်လဲ မိတယ် လို့ ဆိုနိုင်ပေမဲ့ မောင်ဖြူဆိုတဲ့ လူသားတစ်ယောက် သေဆုံး ပြီးတော့ ဘ၀သစ်မှာ မောင်နီ ဆိုတဲ့ လူသားတစ်ယောက် အနေနဲ့ ပြန်လည်မွေးဖွားလာတယ် ဆိုတဲ့ ဘ၀ဟောင်း ဘ၀သစ် အကူးအပြောင်း ဖြစ်စဉ် ကတော့ လက်ရှိမျက်မှောက် ပစ္စုပ္ပန် ဘ၀ ရဲ့ ပစ္စက္ခတရား မဟုတ်တဲ့ အပြင် ကာလ ဒေသ ခြားနားမှု တွေ ပါ ရှိနေတော့ ဥပမာတွေ နဲ့ ဥပမေယျ က မဟပ်မိဘူး ဖြစ်နေပါတယ်။

အဋ္ဌကထာစာပေတွေမှာ ဘ၀ဟောင်း က နေ ဘ၀သစ် ဖြစ်ပွားပုံ ကို အခြား ရုပ်ပိုင်းဘ၀ဆိုင်ရာဥပမာတွေ နဲ့ ပြကြပါ သေးတယ်။ ဒါတွေ ကတော့ ကြေးမုံပြင်မှာ အရိပ်ထင်တဲ့ ဥပမာ ပဲ့တင်သံ ရိုက်ခတ်ပုံ ဥပမာ တံဆိပ်တုံး ခတ်နှိပ်လို့ တံဆိပ် ထင်ပုံ ဥပမာ တောမီး ကူး တဲ့ ဥပမာ စသည်တွေ ပါပဲ။ ဒီ ဆင်ခြေတွေ ကလဲ အထက်မှာ ပြောခဲ့ သလို ဥပမာတွေ နဲ့ ဥပမေယျ က သဘာဝမတူ တဲ့ အတွက် နည်းနည်းတော့ အားနည်းတဲ့ ဆင်ခြေတွေဖြစ်နေပါတယ် လို့ ပဲ ပြောရမှာ ဖြစ်တယ်။
...

  1 comment:

  1. ကိုပါလApril 5, 2012 at 11:29 AM

    သည် နေရာမှာ ပုဂ္ဂလဝါဒီ တွေရဲ့ “အရိပ်ပုဂ္ဂိုလ် ရှိခြင်း” ဝါဒဟာ မှန်ကန်ရဲ့လား ဆိုတာ ဆန်းစစ်တင်ပြလိုပါတယ်။

    ပထမ ဦးစွာ မူရင်း ဗုဒ္ဓတရား ရဲ့ “ပုဂ္ဂိုလ်” ဒါမှမဟုတ်လည်း “သတ္တဝါ” ဆိုတဲ့ သဘောကို ဘယ်လို ဆန်းစစ် ရှင်းပြခဲ့သလဲ ဆိုတာကို ပြန်နွေးကြည့် ကြရအောင်။ မူရင်း ဗုဒ္ဓတရားရဲ့ အလိုအရ ပုဂ္ဂိုလ် သတ္တဝါ ဒါမှမဟုတ်လည်း “ငါ” ဆိုတာ သမနန္တရ တစ်ဆက်တည်း ဖြစ်နေတဲ့ ခန္ဓာငါးပါး အစဉ်ကို “လွဲမှားစွာ ညွှန်းဆိုမှတ်သားမှု” သက်သက် ဖြစ်ပါတယ်။ ငါ ဆိုတဲ့ သတ္တဝါ တစ်ခုဟာ ခန္ဓာငါးပါး အပြင်ဘက်မှာ သော်လည်းကောင်း၊ ခန္ဓာငါးပါး ပေါင်းစုံခြင်းသည်ပင် ငါဖြစ်သည် ဟု လည်းကောင်း၊ ခန္ဓာငါးပါး တစ်ခုချင်းစီသည် ငါဖြစ်နေသည် ဟုလည်းကောင်း ဆိုတဲ့ ညွှန်းဆိုသိမှတ်မှုအားလုံးဟာ ကွဲပြားတဲ့ လွဲမှားစွာ ညွှန်းဆိုမှု တွေ ချည်းပါပဲ။ သည်လို ကွဲပြားပေမယ့် သည် ညွှန်းဆိုမှုတွေမှာ တူညီတဲ့ ဘုံလွဲမှားမှု ကတော့ ငါဆိုတာကို တကယ်ရှိတယ်ဆိုပြီး ယူခြင်း ဖြစ်ပါတယ်။

    စင်စစ် ခန္ဓာငါးပါး ဆိုတာဟာ ဥပုဒ် ဌီ ဘင် ဆိုတဲ့ ဘုရင်ဖြစ်ပစေ သူတောင်းစား ဖြစ်ပစေ ဘယ်သူကိုမှ မျက်နှာမလိုက် မတိမ်းမယွင်း ဖြစ်မြဲဖြစ်တဲ့ တဲ့ ဖြစ်စဉ်ကြီး သုံးပါးအောက်မှာ ရှိနေတဲ့ အာရုံဖြစ်ထွန်းမှု (အာရုံခြောက်ပါး) သဘောတွေပါပဲ။ တရားတော် အလိုအရ (ပဋိစသမုဒ်ပါဒ အရရော ဓမ္မစကြာအရရော) သည် အာရုံဖြစ်ထွန်းမှု အစဉ်တွေကို ညွှန်းဆိုခြင်းသာလျှင် ဆင်ခြေလုံလောက် (sound argument) မှန်ကန်တဲ့ ညွှန်းဆိုမှု ဖြစ်ပါတယ်။ ငါ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါ တစ်ဦးကို (ဆိုခဲ့သလို နည်းဖုံ အမျိုးမျိုးပင် ကွဲပစေ) ညွှန်းဆိုမှုကတော့ ယုတ္တိဆင်ခြေမဲ့တဲ့ ညွှန်းဆိုမှု ဖြစ်ပါတယ်။ သံသရာမှ လွှတ်မြောက်ရာ လမ်းဟာ ငါ့သာသနာ တစ်လမ်းထဲပဲ ရှိတယ်လို့ ဗုဒ္ဓက မိန့်ကြားခဲ့တဲ့ အကြောင်းရင်းဟာ အဲသည် ယုတ္တိဆင်ခြေမဲ့နေတဲ့ ညွှန်းဆိုမှု (false inference) ကို ယူနေသရွှေ့ ဘယ်တော့မှ မလွတ်မြောက်နိုင် လို့ပါပဲ။ ဒါကြောင့်လည်း ဓမ္မစကြာမှာ သမ္ပာဒိဌိဟာ တစ်ခြား တရားကိုယ်တွေရဲ့ ရှေ့ဦးကသာ ဦးဆုံးလာရ ခြင်းပါပဲ။

    သည်သဘောကို နားလည်နိုင်ပြီဆိုရင် ပုဂ္ဂလဝါဒီတို့ရဲ့ တရားဟာ ပင်ရင်း ဗုဒ္ဓဘာသာကနေ လမ်းလွဲသွားကြောင်းကို သုံးသပ်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပင်ရင်း ဗုဒ္ဓဘာသာက ထိုင်ထားတဲ့ ကျောရိုးသဘောဟာ ခန္ဓာငါးပါး ဆိုတဲ့ correct inference သဘောဖြစ်စဉ်သည် ပုဂ္ဂိုလ် သတ္တဝါ ငါ ဆိုတဲ့ false inference ရဲ့ ရှေ့ကသာ ဖြစ်ပြီး လာရပါတယ် ။ အများသူငါ (ရုပ်ဝါဒီ ဖြစ်ပစေ၊ အပေါ်ယံ သိမြင်တဲ့ ဗုဒ္ဓဝါဒီ ဖြစ်ပစေ) ထင်မြင်နေသလို ငါဆိုတဲ့ inference က ရှေ့ကလာပြီး ခန္ဓာငါးပါး အစဉ် (အာရုံတွေက) နောက်ကလိုက်တယ်လို့ ယူတာတွေ အားလုံးဟာ တဿတ ဒိဌိ မျိုးကွဲတွေ အားလုံးရဲ့ တူညီတဲ့ ပင်မ ဘုံပရိယာယ်ပါပဲ။ ဒါကြောင့် ပုဂ္ဂလ ဝါဒီတွေရဲ့ ပုဂ္ဂလ သတ္တဝါသည် ခန္ဓာငါးပါးနဲ့ သီးခြားလည်း မဟုတ်၊ ခန္ဓာငါးပါးသည်လည်း မဟုတ် (ဟိုဘက်နဲ့သည်ဘက် ပြန်ငြင်းနေတဲ့) “ရှင်းပြလို့ မရတဲ့ ငါ” လို့ ပင် ပြောပစေ သည်ဝါဒဟာ ငါဆိုတဲ့ (false inference) ကို ရှေ့ကထားလာတဲ့ အတွက် မှားယွင်းတဲ့ သဘော တရား ပါပဲ။ သည်လိုယူတဲ့ အကျိုးဆက် (implication) မျိုး ဆိုတာ လောကီသိပ္ပံမှာဆို သိပ္ပံပညာရှင်တွေဟာ သူတို့ စမ်းသပ် တွေ့ရှိတဲ့အရာတွေဟာ နောက်ဆုံး အရာ မှန်ကန်တဲ့ အရာ လို့ သတ်မှတ်ပြီး သွားလိုက်တာ နောက်ဆုံး Quantum နဲ့ တွေ့တော့မှာ ဘာမှ မမှန်သေးပါလား ဆိုတာ လက်ရှိ သိပ္ပံလောကကြီး တစ်ခုလုံး (ဘယ်ဟာ အနှစ်ပါလဲလို့) မတ်တပ်ရပ်လို့ လမ်းမှာထိုင်ငို နေရသလိုပါပဲ။

    အချုပ်အားဖြင့် အနှစ်ရှိတဲ့ inference တစ်ခု ရှိတယ်လို့ ယူနေသရွှေ့ ဘယ်တော့မှ အမှန်တရား ဆိုတာကို မတွေ့ နိုင်ဘူးလို့ ပြောတာဟာ စစ်မှန်တဲ့ ဗုဒ္ဓတရား ပါပဲ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...