Thursday, April 5, 2012

ကျနော် ပျားမုဆိုး


by Seaman Nayminthu on Thursday, April 5, 2012 at 2:52pm·

ကျနော်ငယ်ငယ်က ပျားဖွပ်ရတဲ့အလုပ်ကို အတော်ဝါသနာကြီးတာ.. ရွာမှာက ဝါးရုံတွေ၊ ဆူးခြုံတွေ၊ တောင်ပင်စိမ်းခြုံပေါသလောက် ယင်ပျားအုံတွေကလည်း ပေါမှပေါ... မိုးတွင်းအခါမှာတော့ မရှိသလောက် ရှားပါတယ်။ မိုးကုန်လို့ ဆောင်းဝင်မှ တွေ့ရတတ်တာ။ ဒါပေမဲ့ ပျားတွေက အနေသိုသိပ်တယ်။ ပျားအုံကို လူတိုင်းမြင်နိုင်တာ မဟုတ်ပါဘူး။ မျက်စိအကျင့်ရနေတဲ့ ပျားမုဆိုးတွေသာ ပျားအုံရှိတဲ့နေရာကို အလွယ်တကူ တွေ့တတ်တာ။
ကလေးအရွယ်တုန်းကတော့ ပြေးလွှားဆော့ကစားရင်း.. အခန့်သင့်လို့ ပျားအုံတွေ့ပြီဆိုရင်.. နီးစပ်ရာလူကို ခေါ်ပြတယ်။ သူတို့ပျားဖွပ်ပုံက အသဲယားစရာ။ သက်ကယ်အဟောင်းတပြစ်ကို မီးရှို့လိုက်ပြီး ပျားအုံကို မီးမြှိုက်တော့တာပဲ.. ပျားအုံတခုလုံး သေလိုက်တာ ကြည့်မကောင်းတော့ဘူး..။ မီးခိုးအူတာရော မီးအပူဒဏ်ပါ မခံနိုင်တော့တဲ့အဆုံး ပျားတွေဟာ သူတို့အုံကို စွန့်ခွာလိုက်ပြီး။ တနေရာမှာသွားစုနေတော့တယ်။
အဲဒီအချိန်ကျမှ ပျားဖွပ်သမားက အသင့်ယူလာတဲ့ တံစဉ်(သို့)ဓားနဲ့ ပျားစွဲတဲ့သစ်ကိုင်းကို ပျားသလက်ကနေ လက်တကိုင်စာလောက်ခွာပြီး ဖြတ်ယူတယ်။ တချို့လူတွေကျတော့လည်း ဆေးပြင်းလိပ်မီးခိုးနဲ့မှုတ်ပြီး ပျားတွေ ထွက်သွားအောင် လုပ်တာကိုလည်း မြင်ဖူးတယ်။ ကျနော်က ဒုတိယနည်းကို ကြိုက်တာ။ ဒါပေမဲ့ ဆေးပြင်းလိပ် မူးတဲ့ဒဏ်ကို မခံနိုင်ဘူးဖြစ်နေတယ်။
မှတ်မှတ်ရရ ကျနော် ၆ တန်းစာမေးပွဲဖြေတဲ့နှစ်က အဖြစ်အပျက်။ အတန်းတင်စာမေးပွဲဖြေနေချိန်ဆိုတော့ နွေခေါင်ခေါင်မတ်လ ထဲမှာပေါ့။ သမိုင်းဘာသာ မဖြေရခင်နေ့ထင်တယ်။ ကျောင်းကနေ ကျနော်အိမ်ပြန်ရောက် တော့ ထမင်းစားတယ်။ ပြီးတော့ လေးခွရယ် စာအုပ်ရယ် လွယ်အိတ်ထဲထည့်ပြီး ရွာပြင်ကို ထွက်လာခဲ့တယ်။ ရွာနဲ့ လယ်သုံးကွက်ခြားလောက် ဝေးတဲ့နေရာမှာ ကုက္ကိုပင်ကြီးတပင်ရှိနေတယ်ဗျ။ ကျနော့်ဦးလေးပိုင်တဲ့ လယ်ထဲမှာ..။ သစ်ပင်ပေါ်မှာ ဦးလေးရဲ့သား ကျနော့်ညီအကိုဝမ်းကွဲနဲ့ အတူ စာကျက်မယ်လို့ ကျောင်းအပြန် လမ်းမှာကတည်းက ချိန်းထားတာ... ကျနော်သစ်ပင်ပေါ်ရောက်ပြီး တအောင့်လောက်အကြာမှာ သူလည်း သစ်ပင်ပေါ်ရောက်လာတယ်။
အဲဒီကုက္ကိုပင်က ကျနော်တို့ စားကျက်နေရာပဲ။ ကုက္ကိုပင်ခြေရင်းမှာ အုန္နဲပင်ကပ်ပေါက်နေတော့ အုန္နဲပင်က တဆင့် ကုက္ကိုပင်ပေါ်တက်ရတာ လွယ်တယ်လေ..။ လယ်ထဲမှာ ဆောင်းသီးနှံစိုက်ချိန်ရောက်ရင် ပဲပင် ပေါက်လေးတွေကို လယ်ကွင်းထဲ လွှတ်ထားတဲ့နွားတွေ ဝင်မစားရအောင် စောင့်ကြည့်ရတယ်။ ကျနော်တို့ကို အိမ်က လယ်စောင့်ခိုင်းပြီဆိုရင် ကုက္ကိုပင်ပေါ်ကနေ တက်ကြည့်နေရုံပဲ...။ ပဲခင်းနား နွားကပ်လာရင် အပင်ပေါ် ကနေ လှမ်းအော်တယ်။ မရမှ သစ်ပင်အောက်ဆင်းပြီး လိုက်မောင်းရတာ..။ ကျန်တဲ့အချိန်မှာ အိမ်ကခူးလာတဲ့ သရက်သီးစိမ်းကို ဆားနဲ့တို့စားရင်း တယောက်တပေါက်ပြောကြဆိုကြ။ သီချင်းတွေအော်ဆိုကြနဲ့ အတော့်ကို ပျော်စရာကောင်းတာ..။ ဒီကြားထဲ သစ်ကိုင်းတွေပေါ် လျှောက်သွားရင်း သစ်ခေါင်းထဲက ဇီးကွက်သိုက်ကို လည်း ပြဿနာရှာတတ်သေးတယ်။
ပြီးတော့ ရွာနီးချုပ်စပ်က အလှူ၊မင်္ဂလာဆောင်ကအစ သာရေးနာရေးကိစ္စတွေမှာ ဖွင့်တဲ့ အသံချဲ့စက်သံကို လည်း သစ်ပင်ပေါ်ကနေ ပီပီသသ ကြားရတယ်ဗျ။ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းဖွင့်လို့ကတော့ ကုက္ကိုင်ပင်ပေါ် ရောက်ပြီသာမှတ်။ အဲ..အဲ...ပြောနေရင်း စကားလမ်းချော်နေပြန်ပါပြီ...
ကျနော့်ညီသစ်ပင်ပေါ်ရောက်လာပြီးတော့ စာကျက်ဖို့ အမှီကောင်းတဲ့နေရာကို ရှာတယ်။ အဲဒီမှာ သစ်ခေါင်းဝ မှာစွဲနေတဲ့ ပျားအုံကိုတွေ့တော့တာ..။ ပျားအုံကို ကိုယ်တိုင်လက်တည့်စမ်းချင်စိတ်ဖြစ်လာမိတယ်။ ဒါနဲ့ပဲ အိမ်ကို ပြန်လာပြီး အိမ်ကလူတွေ မသိအောင် မီးခြစ်နဲ့ ဆေးလိပ်တလိပ် ခိုးလာခဲ့တယ်။ သစ်ပင်ပေါ်ပြန်ရောက်တော့ နှစ်ယောက်သား နင်းဂျားဓားသမားတွေလို မျက်နှာတွေကို ပုဆိုးအုပ်စည်းလိုက်ပြီး ဆေးလိပ်မီးညှိတယ်..။ ပြီးတော့ ဆေးလိပ်ဖွာလို့ရတဲ့မီးခိုးတွေကို ပါးစပ်ထဲငုံထားပြီး ပျားအုံရှိတဲ့နေရာကို ဝါးမီးပြောင်းလေးနဲ့မှုတ် လိုက် တယ်။ ပျားအုံတခုလုံး ဝေါခနဲ အသံဆူသွားတယ်။ မီးခိုးတွေဆက်ခါဆက်ခါ မှုတ်ထည့်လိုက်တော့ ပျားကောင် တွေ တဝီဝီနဲ့ ထပြန်လိုက်ကြတာ။ တချို့ရဲသွေးရှိတဲ့ ပျားကောင်တွေက ကျနော်တို့ နှစ်ယောက်ကို ဝင်တုပ်ကြ တယ်။ မျက်နှာကို အဝတ်ပတ်ထားပေမဲ့ လွတ်နေတဲ့ နေရာတချို့ ပျားတုပ်ခံလိုက်ရတယ်။ ဇွဲကတော့ မလျှော့ဘူးဗျို့..။ ပျားသလက်မှာ ပျားကောင်နည်းနည်းပဲ ကျန်တဲ့အချိန်မှာ လက်ကို ပလပ်စတစ်အိတ်စွပ်၊ ပျားသလက်ကို ရသလောက် ဆွဲဖဲ့ယူပြီးမှ အပင်ပေါ်က ဆင်းခဲ့တာ..။ အောက်ရောက်တော့ ပျားသလက်မှာ ပျားရည်တွေ ပျားချေးတွေ အလိမ်းလိမ်းနဲ့... အဲဒါကို လုယက်ဖဲ့စားကြတယ်။
ညနေစောင်းလို့ မှောင်စပြိုးချိန်မှာ ကျနော့်ညီဝမ်းကွဲ ကမန်းကတမ်းရောက်လာတယ်။ ကုက္ကိုပင်ကြီး မီးလောင် နေပြီတဲ့။ ဒါနဲ့ မသိမသာ ရွာပြင်ကိုထွက်ကြည့်တဲ့ အခါ ကုက္ကိုင် ကိုင်းတွေကြားမှာ မီးတဖွားဖွား လောင်နေတာ တွေ့ရတယ်။ အပင်အောက်နားမှာ လူဆယ်ယောက်လောက် ရေပုံးတွေကိုင်ပြီး ဝိုင်းပက်နေတာတွေ့ရတယ်။ သစ်ကိုင်းတချို့လည်း ကျိုးကျလာတယ်။ တစတစနဲ့ ကျနော်တို့လက်ချက်ဆိုတာ ပေါ်ပါလေရော...။ အဖေက နှစ်ယောက်လုံးကို ဆူပြီး “မင်းတို့ရှို့တဲ့မီး မင်းတို့ကိုပြန်သတ်ခိုင်းရမယ်.. ဘယ်မှ မသွားနဲ့ ” တဲ့။ မီးတောက်တွေ ကို စိုက်ကြည့်နေရင်း ကျနော်တို့ရင်ထဲမှာလည်း ရထားဆယ်စင်းစီလောက်ခုတ်နေပြီ။ အရိုက်ခံရတော့ မှာလား၊ ထပ်ပြီး အဆူခံရမှာလား..။
သစ်ပင်က ရွာနဲ့ လယ်သုံးကွက်ဝေးတယ်။ လယ်ကွက်တွေထဲမှာလည်း နေကြာပင်စိမ်းစိမ်းတွေ စိုက်ထားတာ.. ရွာကို မီးကူးဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ လေက ရွာဘက်ကို တိုက်နေတာမို့ လူတွေ စိတ်ပူနေကြတယ်။ ရွာမှာ ရှိတဲ့ အရံမီးသတ်တွေ၊ ပါတီစိတ်မှူးတွေ ရောက်လာတယ်။ သမဆိုင်တာဝန်ခံ ဦးလေးက “ခုနေ မီးကာအင်္ကျီရှိ ရင် ကျနော်သစ်ပင်ပေါ်တက်ရဲတယ်.. ခုလိုအောက်ကနေ ရေပုံးနဲ့ပက်လို့ သိပ်မထိရောက်ဘူး” လို့ ပြောတော့ မီးသတ် ဦးလေးက ပြုံးတယ်။ ဒီကြားထဲ အလိုက်မသိတဲ့ ကျနော့်ဦးလေး တယောက်က ဝင်နှောက်သေးတယ်။ “မင်းတို့ တော်တော်ပြဿနာရှာတဲ့ကောင်တွေပဲ အေးအေးဆေးဆေးကိုမနေဘူး.. မီးရှို့တာ ရာဇဝတ်မှုကွ သိရဲ့လား.. မနက်ကျရင် မင်းတို့နှစ်ယောက်လုံး ရဲစခန်းပို့မယ်၊ ဟိုမှာနှိပ်စက်ခံရမှ မင်းတို့မှတ်မယ်” ပြောတော့ ကျနော်သူ့ကို မုန်းလိုက်တာ။ သူက သေနတ်လုပ်မှုနဲ့ ထောင်ထဲကိုဝင်လိုက်ထွက်လိုက် နေတဲ့လူ။ ကျနော်တို့ အားငယ်နေမှန်းသိတဲ့ ဦးလေးတယောက်က ဝင်ဟန့်တယ်။ “ဟေ့ကောင် မောင်မြိုင် မင်း ကလေးတွေကို အရမ်းမခြောက်နဲ့ သူတို့ မနက်ဖန်စာမေးပွဲဖြေရအုံးမှာ.. စိတ်အနှောက်အယှက်ဖြစ်ရင် မကောင်းဘူး” တဲ့။ ကျနော်တို့ လည်း အားကိုးရတဲ့ ဦးလေးဆီကို ပြေးကပ်လိုက်ကြတယ်။ ဦးလေးက “တူလေးတို့ စိတ်မပူနဲ့ အိမ်ပြန်ပြီး ကိုယ့်စာကိုယ် စိတ်ဖြောင့်ဖြောင့်လုပ်၊ ဒီမီးကို ဦးလေးတို့သတ်လိုက်မယ်” လို့ပြောပြီး အိမ်ပြန် ပို့ပေးတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်က ဘယ်ပြေနိုင်မလဲဗျာ..။ ကိုယ်လုပ်မိတဲ့ ကိစ္စဆိုတော့ စိတ်မကောင်းလည်း ဖြစ်မိတယ်။ အဲဒီနှစ်က ခြောက်တန်းစာမေးပွဲကို အောင်(၁) (တဘာသာရှုံး) နဲ့ ကျနော် အောင်လိုက်တယ်။
ဒီလောက်ကြုံတွေ့လိုက်ရပေမဲ့ ကျနော့်ပျားဖွပ်ဝါသနာက ပျောက်မသွားခဲ့ဘူးဗျ။ မီးပြဿနာတက်ပြီး သုံးရက် လောက်အကြာမှာ ယောက်ဖဝမ်းကွဲတဦးက ကျနော့်ကိုသူ့အိမ်ခေါ်ပြီး လက်ချာရိုက်တယ်။ “မင်း ဒီလိုပုံနဲ့ဆို မဖြစ်ပါဘူးကွာ.. ပညာတခုတော့ ပေးမှဖြစ်မယ်” ဆိုပြီး သူတတ်မြောက်တဲ့ ပျားမွေးမြူရေး ပညာကို ဖြန့်ဖြူး ဝေငှပေးတော့တာပဲ.. သူပြောတာက ပျားအုံတွေ့ပြီဆိုရင် နေ့ခင်းဘက်ဘာမှ မလုပ်နဲ့။ ညကျမှ သွားပြီး ဆေးလိပ်မီးခိုးလေးနဲ့ ပျားအုံကို မှုတ်လိုက်၊ အဲဒီအချိန်မှာ ပျားတွေငြိမ်နေပြီ။ အဲဒီအခါမှာ ပျားသလက် ဟိုလက်ဒီဘက် တထွာလောက်စီအကွာကနေ ပျားစွဲတဲ့သစ်ကိုင်းကိုဖြတ်၊ အိမ်ကို ယူလာပြီး သင့်တော်တဲ့ နေရာမှာ ထားရင် မိုးကျတဲ့အထိ ပျားအုံမပြောင်းဘဲနေတယ် တဲ့။ ကိုယ် ပျားရည်လိုချင်တဲ့အခါ ညဘက်မှာ ပျားလပို့ (ပျားရည်ထိန်းသိမ်းတဲ့နေရာ) ကို ဆေးလိပ်မီးခိုးနဲ့ မှုတ်လိုက်ရင် ပျားတွေက ဘေးကိုဖယ်ပေးတယ်။ ပျားလပို့ကို ကြည့်လိုက် ပျားရည် ပြည့်နေရင် အပေါက်တွေကို ပျားဖယောင်းနဲ့ ပိတ်ထားတာတွေ့ရမယ်။ မပြည့်သေးရင်တော့ အပေါက်တွေထဲမှာ ပျားရည် တဝက်တပျက်ပဲရှိတယ်။ ပျားရည်ပြည့်ချိန်မှာ ပျားလပို့ကို ဇွန်းနဲ့ခြစ်ယူလိုက်ရင် ပျားရည်တွေပါလာတယ်။ တခါခြစ်ယူပြီး နောက်ဆယ်ရက်လောက် ကြာရင် ပျားလပို့နောက်တခါပြည့်တယ်။ ပျားကောင်အသေအပျောက် မရှိတဲ့အပြင် ကိုယ်လိုချင်တဲ့ ပျားရည်ကိုလည်း အပြည့်အဝရတယ်။ နောက်ပိုင်း သူပြောတဲ့နည်း အတိုင်း ကျနော်လိုက်လုပ်တာ အဆင်ပြေတယ်ဗျ။ ဆောင်းဦးပေါက်မှာ ရွှေ့ယူထားတဲ့ ဂုံညှင်းလောက်ပျားအုံဟာ မိုးဦးကျ အသိုက်ပြောင်းချိန်မှာ ပုဂံပြားလောက် ရှိနေတာတွေ့ရတယ်။
လူတချို့က ကျနော့်ကိုပြောတယ် “မင်း ပျားဖွပ်နည်းက အဆင့်မြင့်တယ်ကွ။ ဓနရှင်လို ပျားကောင်တွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ယူတာ.. သူများတွေဖွပ်တဲ့နည်းက မီးနဲ့ရှို့တာဆိုတော့ တနပ်စားဓားပြတိုက်သလို ဖြစ်နေတယ်” တဲ့။ ဟုတ်တော့ ဟုတ်ပါရဲ့ ပျားရည်ခြစ်ယူပြီး နောက်ပိုင်းရက်တွေမှာ ပျားအုံကိုအကဲခတ်ကြည့် လိုက်ရင် ပျားတွေ အငြိမ်မနေရအောင် အလုပ်ရှုပ်နေတာတွေ့ရတယ်။ လုယူခံလိုက်ရတဲ့ ပျားရည်တွေ အစားပြန်ရဖို့ လုံ့လထုတ်နေကြရတာ ထင်ပါရဲ့။ ကျနော့်ကိုလည်း မေတ္တာပို့နေမှာ သေချာတယ်။ ကျနော် ကလည်း ဝါသနာအရသာ လုပ်တာ။ ပျားရည်နဲ့ စီးပွားမရှာပါဘူး။ ရွာထဲက လူကြီးသူမတွေ လိုအပ်တာ သုံးဖို့ ပေးလိုက်တာပဲ။
နောက်တခုက ပျားအုံနောက်ယောင်ခံ လိုက်နည်း။
“ကျွမ်းကျင်ရာ လိမ္မာ” ဆိုသလိုဘဲ ပျားမွေးမြူရေးလုပ်ရင်း သွားလေရာနေရာတွေမှာ မျက်စိရှင်ရှင်နဲ့ ကြည့်တော့ ပျားအုံရှိတတ်တဲ့နေရာတွေကို သတိပြုမိလာတယ်။ လမ်းသွားရင်း ပျားအုံတွေတွေ့တယ်။ ကျနော့်အိမ်က မရမ်း ပင် အရိပ်မှာ ကျနော်မွေးထားတဲ့ ပျားအုံလေးတွေ ဟိုနားတွဲလောင်း ဒီနားတွဲလောင်း နဲ့။
ကျနော်တို့ ရွာတွေမှာက အိမ်သုံးရေထည့်ဖို့ ကျောက်စည်ပိုင်း သုံးတယ်။ စည်ပိုင်းနည်းနည်းဟောင်းလာတဲ့အခါ အတွင်းနံရံက ကျောက်ခဲအသားတွေပေါ်လာပြီး အဲဒီမှာရေညှိတွေ စွဲနေတတ်တယ်။ နေ့လည်ပိုင်း နေပူရှိန် ကောင်းတဲ့အချိန်မှာ ပျားတွေရေလာသောက်နေကျ။ ရေစည်ပိုင်းအစပ်က ရေညှိပင်ထဲစိမ့်ဝင်နေတဲ့ရေကို စုပ်ယူ ကြတာ။ ရေသောက်ပြီးလို့ ထပြန်တဲ့အချိန်မှာ သူတို့လမ်းကြောင်းကို ကြည့်ရတယ်။ ကြည့်ရင်းကြည့်ရင်း သတိပြုမိလာတာက ပျားအုံဝေးရင် နိမ့်နိမ့်ပျံတယ်၊ ပျားအုံနီးရင်မြင့်မြင့်ပျံတယ်။ ဒါပေမဲ့ ပျားကောင်သေးသေး လေးပျံတာကို မျက်စိနဲ့ လိုက်ကြည့်ရတာဆိုတော့ မကြာခဏ မျက်ခြေပြတ်သွားတတ်တယ်။ ဒီတော့ တမျိုးကြံ ရပြန်တယ်။ ရေလာသောက်တဲ့ ပျားကောင်လေးကို ရေနဲ့ပက်လိုက်တဲ့အခါ ရေမွန်းပြီး ပြုတ်ကျသွားတယ်။ အတောင်လည်း ရေစိုသွားတော့ ရုတ်တရက် ထမပြန်နိုင်တော့ဘူး။ ရေမွန်းပြီး ငြိမ်နေတဲ့ ပျားကောင်လေးရဲ့ ခါးမှာ အပ်ချည်ကြိုးနဲ့ ဖွဖွလေးချည်ပေးလိုက်တယ်။ (အတောင်နဲ့ ခြေထောက်တွေ မထိခိုက်အောင်တော့ ဂရုစိုက် လုပ်ရတယ်ဗျ)။ ပျားလေးတွေ အမူးပြေ အတောင်ရေခြောက်လို့ ပျံသွားတဲ့အခါ အပ်ချည်ကြိုးလေး တန်းလန်းနဲ့ဆိုတော့ မြင်သာတယ်။ နောက်ပြီး ပျံတဲ့အရှိန်လည်း သိပ်မမြန်တော့ဘူး။ အဲဒီလိုနည်းနဲ့ အိမ်နားမှာ ရှိတဲ့ ပျားအုံတွေ ကျနော့်မရမ်းပင်အောက် ရောက်ရောက်လာကြလေရဲ့။
ကျနော်တတ်ထားတဲ့ ပျားဖွပ်ပညာက တပ်ထဲကိုရောက်တဲ့အထိ အကျိုးပေးကောင်းတုန်းပဲ။ ကျနော်တို့ သင်တန်းတက်စဉ်မှာ စစ်နည်းဗျူဟာလေ့ကျင့်ရေးကွင်း ထမင်းစားဆောင် အနီးက ခြံစည်းရိုးမှာ ပျားအုံလာစွဲ တယ်။ သူငယ်ချင်းတချို့က ပျားအုံကိုတွေ့တော့ ပျားတုပ်ခံရမှာ ကြောက်ကြတယ်။ ခဲနဲ့ပေါက်ပြီး ခြောက်ထုတ် ပစ်ဖို့ကြံကြတယ်။ ကျနော်က သူတို့ကို ဘာမှမစိုးရိမ်ဖို့ ပျားတွေရဲ့သဘာဝကို ပြောပြမိတဲ့အခါ သင်တန်းနည်းပြ ဆရာကြီးတဦး ကြားသွားပြီး “မင်းက ပျားအကြောင်း နားလည်လို့လား” ကျနော့်ကို မေးတယ်။ တတ်သည့် ပညာ မနေသာ ကျနော်လည်း ပျားမွေးခဲ့တဲ့အကြောင်း ပြန်ပြောပြလိုက်တယ်။
“အေးကွာ ငါ့အမယ်ကြီးက သွေးဆုံးနာကိုင်နေတယ် ပြောတယ်ကွ၊ အဲဒါပျားရည် စစ်စစ်လိုချင်တယ်.. မင်းကူညီ နိုင်မလား” တဲ့။
“ရတာပေါ့ ဆရာကြီးရာ.. ဒါပေမဲ့ကျနော်ဆေးလိပ်သောက်တာကို ဆရာကြီး တာဝန်ယူပေးမလား” လို့ သူ့ဆီက တာဝန်ယူနိုင်မှုကို မေးကြည့်လိုက်တော့....
“မင်းအဆင်ပြေအောင်သာ လုပ်ပါကွာ.. ကျန်တာ ငါ့တာဝန်ထား” လို့ ကတိပေးတယ်။ သိတဲ့အတိုင်းပဲဗျာ... ရေတပ် တပ်သားသစ်အခြေခံသင်တန်းမှာက ဆေးလိပ်သောက်ခြင်းကို အပြင်းအထန် တားမြစ်ထားတာ။ ခိုးသောက်လို့ မိရင် အရိုက်ခံရတယ်၊ ဒါမှမဟုတ် စစ်မြေပြင် အပြစ်ပေးနည်းနဲ့ မိတာ။ ကျနော်က ဆေးလိပ် မသောက်တတ်ပါဘူး။ ဒါပေမဲ့ လူ့ထုံးစံအတိုင်း မလုပ်ပါနဲ့ဆို ခိုးလုပ်ရတဲ့ အရသာကိုခံစားချင်လို့ ဆေးလိပ် ခိုးသောက်သူတွေထဲ ကျနော်လည်း ပါတယ်။ ညမီးပိတ်ချိန်ရောက်ပြီဆိုတာနဲ့ အိပ်ယာဘေးမှာ နို့ဆီဘူးခွံထဲ ဆေးလိပ်ခေါင်းထိုးပြီး အပြိုင်အဆိုင်သောက်ကြတာ။ ဆေးလိပ်သောက်တာမိလို့ ကိုယ်တိုင်အပြစ်ပေးမခံရဘူး ပေမဲ့ ကိုယ့်ရှေ့မှာတင် နမူနာတွေ မြင်ထားရတာ။ မကြောက်ဘဲ နေပါ့မလား.....။
ဆရာကြီးတဦးဆီက နားလည်မှုနဲ့ခွင့်ပြုချက်ရပြီဆိုတော့ လုပ်ငန်းစရပြီပေါ့ဗျာ... ညမိုးချုပ် ၈ နာရီလောက်ဆို ဆရာကြီးနားကပ်ပြီး မျက်ရိပ်မျက်ကဲပြရတယ်။ သူက ကျနော့်အနားကပ်ပြီး “ဟိုတိုင်မှာ ချိတ်ထားတဲ့ ကုတ်အင်္ကျီအိတ်ထဲမှာ မီးခြစ်နဲ့ဆေးလိပ် အဆင်သင့်ရှိတယ်... ယူသွား...” လို့ တိုးတိုးလေး ပြောတယ်။ ပျားအုံ ရှိတဲ့နေရာဘေးနားက မှောင်ရိပ်ထဲမှာ ဆေးသမားတချို့ ကျနော်အလာကို မျှော်နေကြပြီ။ ဆေးလိပ်ကို မီးညှိပြီး တာနဲ့ ပျားအုံကို အယောင်ပြကြည့်... လက်ထဲက ဆေးလိပ်တိုဟာ စုန်းမီးလို လက်ဆင့်ကမ်းသွားလိုက်တာ ကိုယ်ဆီပြန်ရောက်တဲ့အချိန်မှာ ဖင်ဆီခံကို မီးစွဲနေပြီ။ ကျနော် ပျားအုံစစ်ဆင်ရေးဝင်နေချိန်မှာ ဆရာကြီးက မီးကင်းစောင့်ပေးရရှာတယ်။ တခါတလေ ကိုယ်တော်ချောများက ဆေးလိပ်သောက်ရုံတင် အားမရနိုင်သေးဘဲ ပုဂံထဲက ပျားရည်ကိုပါ မျက်စောင်းထိုးကြသေးတယ်။ မတတ်နိုင်ဘူးလေ အားလုံးအတွက် အဆင်ပြေတဲ့နည်း ကို တတ်နိုင်သမျှ ဆောင်ကျဉ်းပေးရတာ...။
အခက်အခဲတွေကြားထဲက ပျော်ရွှင်စရာ အမှတ်တရလေးတွေပါ။ သူငယ်ချင်းတဦးကတော့ အဲဒီအချိန်က ပျားဖွပ်တဲ့အရသာကို သူ့တသက်ဘယ်တော့မှ မမေ့နိုင်ဘူးဆိုပြီး နောင်တွေ့တိုင်းကို ပြောဖြစ်နေတော့တာ။ ခုချိန်မှာ ကျနော်တို့ သူငယ်ချင်းတွေ ပြန်ဆုံတွေ့ကြရင် ရှေးဟောင်းနှောင်းဖြစ် ပြောစရာတွေ မကုန်ခမ်းနိုင် အောင်ကို ရှိနေတော့မှာ..။ တခါတခါတော့လည်း အတိတ်မှာပြန်အိပ်ပျော်နေတာပဲ ကောင်းမယ်လို့ တွေးမိ ပါတယ်ဗျာ...။
သူငယ်ချင်းများသို့ အမှတ်တရ ရှိလျက်....

နေမင်းသူ
၅ အေပြီ ၂၀၁၂




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...