တောင်တန်းနှင့်လူ
by သစ္စာနီ on Saturday, April 21, 2012 at 8:11pm ·
“အရင်က အဖေ တောင်တွေတက်ခဲ့ဖူးတယ်ဆို”
သားဖြစ်သူ မေးလိုက်သော လေသံထဲတွင် မယုံသင်္ကာမှုတွေ သိသိသာသာ စိမ့်ဝင်နေသည်။ သူ့မျက်စိရှေ့က ဗိုက်ရွှဲရွဲ၊ မေးနှစ်ထက်နှင့် ကုပ်အစ်အစ် အသက်ငါးဆယ်ကျော်အရွယ် လူကြီးတစ်ယောက် တောင်တက်ခဲ့သည် ဆိုခြင်းမှာ သူ့အဖို့ ယုံတမ်းပုံပြင် တစ်ပုဒ်လို ဖြစ်နေပုံရသည်။
“ဟုတ်တယ်၊ ငါက ဘူမိဗေဒ ကျောင်းသားလေ။ တို့ဌာနက ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှ လက်ခံတာကွ။ ကျောင်းသားဘဝ တစ်လျှောက်လည်း တောထဲတောင်ထဲ ကွင်းဆင်းလေ့လာရတယ်။ ငါက ခြေလျင်နဲ့ တောင်တက်အသင်းလည်း ဝင်ခဲ့တယ်။ မြန်မာပြည်က မြင့်ပေ့ဆိုတဲ့ တောင်အတော်များများကို တက်ခဲ့ဖူးတယ် ဆိုပါတော့”
ဒီတော့မှ သားက ပြုံးရင်း ပြောသည်။
“အခုတော့ တောင်တန်းတွစဟာ အဖေ့အိပ်မက်ထဲမှာပဲ ကျန်ခဲ့ပြီ။ တောင်တက်သမား ဘဝကို အဖေ စွန့်လွှတ်လိုက်ပြီပေါ့”
သူ နားလည် မလည် မစဉ်းစားတော့ဘဲ အခန်းထဲ ဝင်လာခဲ့တော့သည်။ အလုပ်အခန်းပေါ်တွင် အစိမ်းရောင် ဖိုင်တစ်ခု ရှိနေ၏။ ဒီဖိုင်တွဲကို လှန်လှောဖတ်ရှုပြီး လေ့လာသင့်တာ လေ့လာ၊ လက်မှတ်ထိုး သင့်တာထိုး ဆောင်ရွက်ရမည်။ ဒါလည်း သူ့အဖို့ တောင်တန်းတစ်ခုပါပဲ။ သူက ဖိုင်တွဲကို သူနှင့်ဝေးရာကို တွန်းကာ ရွှေ့လိုက်ပြီး ကုလားထိုင်ပေါ်သို့ နွမ်းနယ်စွာ ထိုင်ချလိုက်သည်။ ပြီးတော့ လေးလံသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ဒီသက်ပြင်းတွေက သူ့ရှေ့တွင် တောင်တန်းတစ်ခုလို ဖြစ်တည်နေ၏။
စားပွဲအံဆွဲကိုဖွင့်ကာ အထဲက စီးကရက်ဘူးကို ဆွဲထုတ်လိုက်သည်။ ဆရာဝန်၏ တားမြစ်ချက်အရ သွေးကြောကျဉ်းရောဂါ ရနေသော သူ့ကို သူ့ဇနီး မြင့်မြင့်မူက အိမ်တွင် ဆေးလိပ်သောက်သောက်ခွင့်မပြု။ သူဆောင်ထားသော စီးကရက်ဘူးကိုလည်း အခွင့်သာတိုင်း ရှာဖွေ သိမ်းဆည်းလေ့ရှိသည်။ သူ့အလုပ်ရုံးခန်း စားပွဲအံဆွဲကတော့ အခုအချိန်အထိ မြင့်မြင့်မူရန်က ကင်းလွတ်ခွင့် ရနေ၏။ သူ့ဇနီးက သူဆေးလိပ်သောက်တာကို အားကြိုးမာန်တက် တားဆီးနေသည်မှာ ဆရာဝန်၏စကားကို နားထောင်ချင်တာလား၊ သူ့အသက်သေမှာ စိုးရွံ့တာလား။ သူ့လက်ထဲက စီးကရက်က တောင်တန်း တစ်ခုလို လေးလံနေ၏။
သူက စီးကရက်ကို အားရပါးရ ဖွာရှိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ ထိုမီးခိုးငွေ့ထဲတွင် တောင်တန်းတချို့ လွင့်ပါသွား၏။ သူ တက္ကသိုလ်တွင် သိပ်ချစ်သော သူတစ်ယောက် ရခဲ့သည်။ သို့သော် ကျောင်းမပြီးခင်မှာပင် သူတို့ ကွဲကွာသွားကြသည်။ (သူမ တမြန်နှစ်က သွေးတိုးရောဂါဖြင့် ဆုံးပါသွားခဲ့သည်။) ကျောင်းပြီးတော့ သူ နိုင်ငံခြား သင်္ဘောပေါ် တက်ခဲ့၏။ ပင်လယ်သည် သူ့အတွက် တောင်တန်းဖြစ်ခဲ့သည်။
ဒုတိယအခေါက် ပြန်လာခိုက် အိမ်က သဘောတူသော မြင့်မြင့်မူ နှင့် လက်ထပ်ယူခဲ့သည်။ နိုင်ငံတကာ လှည့်နေသော သူ့အဖို့ မိန်းမဆိုသည်မှာ တောင်ကြီးဖဝါးအောင် ဖြစ်သည်။ အချစ်အကြောင်းကိုမူ သူ မတွေးတော့။ အချစ်ဆိုသည်မှာ သူ ခြေမချနိုင်သော တောင်ထိပ်တစ်ခုသာ ဖြစ်လေသည်။ ကူးချည်သန်းချည်နှင့် သင်္ဘောပေါ်တွင် သူ ဆယ်နှစ် ကြာခဲ့သည်။ လစာကောင်းသော အရာရှိတစ်ယောက်ဖြစ်ကာ ငွေအတော်အတန် စုမိသောအခါ သူသင်္ဘောမှ ဆင်းကာ ကုမ္ပဏီထောင်သည်။ နိုင်ငံခြား သင်္ဘောသား စုဆောင်းသည်။ ခရီးသွား ကိုယ်စားလှယ် လုပ်ငန်းလုပ်သည်။ လုပ်ငန်း အခြေအနေ မဆိုးသော်လည်း အခက်အခဲတွေ ရှိသည်။ ထိုအခက်အခဲများက သူ့ကို စိန်ခေါ်သော တောင်တန်းတွေ ဖြစ်သည်။
သူ့တို့ သားတစ်ယောက် မွေးခဲ့သည်။ ထိုသားက ဘွဲ့ရပြီးပြီ။ သူ့ကုမ္ပဏီတွင် ရာထူးမြင့်မြင့် တစ်နေရာပေးထား၏။ အလုပ်ကို စိတ်ဝင်စား ဟန်မပြ။ ဘာလုပ်ချင်မှန်းလည်း မသိ။ ဂစ်တာ တစ်လက်နှင့် သီချင်းရေးသည်။ သူနားမလည်နိုင်သော ပန်းချီကားတွေရေးသည်။ ကားလှလှလေးတွေ တစ်စီးပြီး တစ်စီး ပြောင်းစီးသည်။ ကောင်မလေး လှလှလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းတွဲသည်။ တစ်အိမ်တည်း နေသော သူနှင့် သူ့သား၏ အကြားတွင် တောင်တန်းတွေ ခြားနေသည်။
“အစ်ကိုကြီး စီးကရက်သောက်တာ တော်သင့်ပြီ၊ ပပကြည့်နေတာ တစ်ဆက်တည်း သုံးလိပ်ရှိနေပြီ”
ဘူးကို အံဆွဲထဲ ပြန်ထည့်သိမ်းလိုက်၏။ သူကလည်း မြင့်မြင့်မူ အငယ်စားလေးပါပဲ။ ဒါမေမယ့် သူ့ကျတော့ နှစ်ခြိုက်နေမိသည်။ ဝင်းနုသော အသားအရေနှင့် တောက်ပကြည်လင်သော မျက်လုံးဝိုင်းဝိုင်းလေးတွေကို ရင်ဖိုနေမိတာလား။ ချိုသာသော အသံနှင့် ပါးချိုင့်ပြုံးလေးကို စွဲငြိနေမိတာလား။ သူနှင့် သုံးလေးခါ ရုပ်ရှင်ကြည့်ဖူး၊ သုံးလေးခါ ညစာစားဖူးကာ သုံးလေးခါ အဖိုးတန် လက်ဆောင်ဝယ်ပေးဖူး၏။ ကောင်မလေးက လိုက်လိုက်လျောလျော ရှိသည်။ သူ့အဖို့ လှပသော အိပ်မက်တောင်တန်း။
သူ့ရှေ့တည့်တည့် ပပ၏ စားပွဲခုံအထက် နံရံပေါ်တွင် မိတ်ဆွေတစ်ဦး လက်ဆောင်ပေးထားသော ရွှေချည်ထိုး ပန်းချီကားတစ်ချပ်ရှိနေသည်။ ပန်းချီကားထဲတွင် ပုဏ္ဏကဘီလူးသည် ဝိဓူရအမတ်ကို မြင်းမြီး၌ ချည်နှောင်ကာ တောင်စဉ်ခုနှစ်ထပ် ဒုန်းစိုင်းနေပုံကို သရုပ်ဖော်ထား၏။ လောကဓံတရား တောင်းစဉ်ရှစ်ထပ်တွင် သူဒရွတ်တိုက် ပါနေခိုက် ရှေ့ကမြင်းစီးကာ ခရီးနှင်သူသည် ဘယ်သူဖြစ်အံ့နည်း။ ကံလား၊ အတ္တလား၊ သက္ကာယဒိဌိလား။
“အစ်ကိုကြီး ဘာတွေစဉ်းစားနေတာလဲ”
“တောင်တန်းတွေ အကြောင်းပါ”
ပပက ရယ်လိုက်သည်။ ပြီးမှ...
“တောင်တက်သမားတွေဟာ အရူးတွေပဲ၊ တောင်ထိပ်က ကြည့်ရတဲ့ ရှုမျှော်ခင်းကို မြင်ချင်လို့တဲ့။ တောင်တွေပေါ်ကို အသက်စွန့်ဆတက်နေကြတယ်”
“လူတိုင်းဟာ တစ်ခုခုအတွက်တော့ ရူးသွပ်နေကြတာပဲပေါ့ ပပရယ်”
“အစ်ကိုကြီးကရော ဘာရည်ရွယ်ချက်နဲ့ တောင်တက်ခဲ့တာလဲ”
“တစ်ဦးနဲ့တစ်ဦး ရည်ရွယ်ချက် မတူကြဘူး။ တစ်ချို့က ဂုဏ်ယူချင်လို့၊ တချို့က လူစွမ်းလူစ ပြချင်လို့၊ တချို့ကျတော့လည်း ဇွဲနဲ့ခံနိုင်ရည်ကို စမ်းသပ်ချင်လို့၊ တချို့ကတော့ တစ်ကိုယ်ရည် ခံစားမှုကြောင့်ပေါ့လေ...”
“အစ်ကိုကြီးကရော”
“ကိုယ် တောင်တွေတက်ခဲ့တယ်ဆိုတာကတော့...”
သူက စကားကို အတန်ကြာအောင် တုံ့ဆိုင်းနေပြီးမှ တစ်လုံးချင်း လေးတွဲ့စွာ ပြောလိုက်သည်။
“တောင် တန်း တွေ ရှိ နေ လို့ ပါ ပဲ”
သစ္စာနီ (ပြာဖြစ်သွားသော ပန်းသီး နှင့် အခြားမော်ဒန် ဝတ္ထုတိုများ)
0 comments:
Post a Comment