Sunday, April 22, 2012

ဒီမိုကရေစီ ခရီးသည် [သွန်းနေစိုး]


by Thorn Nay Soe on Sunday, April 22, 2012 at 2:35pm 

ကိုမင်းကိုနိုင်လွတ်အပြီး သိပ်မကြာခင် ဒီခရီးကို ကျနော်သွားခဲ့ခြင်း ဖြစ်ပါသည်။

အစကတော့ မရေးဖြစ်တော့မလို့ပါပဲ။ အလုပ်တာဝန်တွေက များပြားနေတာကြောင့်ပါသည်။ ပြီးတော့ခရီးက တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ အတော်ကြီးရှည်သွားတာဆိုတော့ ပြန်လာတဲ့အခါ အတော်လေးကြာသွားခဲ့ပြီ။ သတင်းအနေနဲ့ကြည့်ရင် နည်းနည်းဟောင်းသွားပြီပေါ့။
ပြီးတော့ အဲဒီနောက်ပိုင်းမှာလည်း သတင်းကြီးတွေက ဆက်တိုက်လာနေတော့ ကိုယ်တိုင် စီးမျောလိုက်ပါရင်း အဲဒီအကြောင်း မဆက်ဖြစ်ခဲ့။ ရင်ထဲမှာတော့ အမြဲရှိနေခဲ့ပါသည်။
ခုနောက်ပိုင်း အကြောင်းတိုက်ဆိုင်လာတော့မှ ဒီအကြောင်းလေး ရေးဖြစ်ပါတော့သည်။


ကျနော် အဲဒီတုန်းက သွားဖြစ်ခဲ့သည်က မြစ်ဝကျွန်းပေါ်တလွှား။
ဆားမလောက်၊ ပန်းတနော်၊ ကျောင်းကုန်း၊ မြောင်းမြ၊ ကန်ကြီးဒေါင့်၊ ပုသိမ်၊ ဒါးက၊ အိမ်မဲ၊ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်း ... စသည်တို့ပင်။ သွားဖြစ်သည်က ခေါင်းစဉ်တပ်ထားသည့်အတိုင်း ဒီမိုကရေစီခရီးကို လျှောက်လှမ်းခြင်းဟု ဆိုရမည်လား။

ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ ခင်းပေးသဖြင့် ဒီမိုကရေစီလမ်းကား အစပေါ်ချေပြီ။ လမ်းကြောင်း မဖုံ့တဖုံ့ မြင်စပြုပြီ။
ဒီလမ်းကို မြေသားသိပ်သွားအောင် ကျစ်လျစ်ခိုင်မာအောင် ဘယ်သူတွေက လုပ်ရမည်နည်း။
ကျနော်တို့ ပြည်သူအားလုံးက အတူတကွ ကြိုးပမ်းကြရပါမည်။

ကျနော်တို့တွေက ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်နေရာအလိုက် ကြိုးစားကြပါမှ ဒီမိုကရေစီလမ်းသည် မြေသားကျစ်လစ် တည်တံ့ပေတော့မည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းတစ်ခုမှာ ထိုအတိုင်းပြောဘူးသည်။ ပြည်သူအားလုံး ပါဝင်ကြိုးစားကြရန်။

ဒီအချိန်မှာ ကိုယ်ကလည်း ခုတလော...
ရပ်ကွက်အထာနဲ့ပြောတဲ့ ဒီမိုကရေစီကျမ်း
ဆိုပြီး စာအုပ်လေးတစ်အုပ်ထုတ်ထားဖြစ်၏။
ကျနော်တို့ ပြည်တွင်းစာအုပ်ဈေးကွက်က ထောင်ဂဏာန်းမျှသာ။

တစ်ပြည်လုံးက ပြည်သူတွေဆီ ပြန့်နှံ့ဖို့က ကိုယ်တိုင် ခရီးတွေသွားပြီး ပြောပြဆွေးနွေးတာက ပိုကောင်းပေမည်။ ထိုသို့ ကျနော် သဘောရ၏။ ထို့ကြောင့် ဘယ်သွားမလဲ စဉ်းစားတော့
၁ - မြစ်ဝကျွန်းပေါ်
၂ - ရခိုင်ဘက်
၃ - ကချင်ပြည်နယ်
၎ - ထားဝယ်ဘက်
စသဖြင့် အကြံရ၏။ လောလောဆယ် ပြောစရာ ကိစ္စရှိနေသော နေရာများ။

ထိုအထဲတွင် မြစ်ဝကျွန်းပေါ်တစ်လွှားကို ကျနော်အရင်ဆုံးသွားဖြစ်ခဲ့သည်။
ခရီးက နှစ်ဆင့်။ တစ်ခေါက်ပတ်ပြီး ရန်ကုန်ပြန်လာ။ ဒီသင်္ကြန်နားနီးတော့ နောက်တစ်ခေါင် ထပ်သွား၏။
မြစ်ဝကျွန်းပေါ်တော်တော်နှံ့နှံ့ပြားပြားဟုပဲ ဆိုကြပါစို့။


ဒါပေမဲ့ သာမန်ပြည်သူတစ်ယောက်မို့ သာမန်ပြည်သူတစ်ယောက်အတိုင်း သွားခဲ့ခြင်းသာဖြစ်ပါသည်။
ကျောပိုအိတ်လေးတစ်လုံးလွယ်ကာ  တစ်မြို့ဝင် တစ်မြို့ထွက်။
တစ်ချို့မြို့တွေမှာ ကျနော့်နာမည်ကို ကြားဘူးကြသည်။
လေးလေးစားစား။ အတော်ခမ်းကြီးနားကြီး ဧည့်ခံ၏။
ပြောဆိုဆွေးနွေးကြတော့လည်း လူအယောက် ၁၀၀၊ ၂၀၀ လာတာရှိသည်။
တစ်ချို့မြို့တွေမှာတော့ လက်ဘက်ရည်ဆိုင်ကလေးလောက်မှာ ပြီးရတာလည်း ရှိသည်။

ဘာပဲဖြစ်ဖြစ် ကျနော်ပျော်သည်။
တကယ့်ပြည်သူတွေနှင့် ထိတွေ့ဆွေးနွေးရသည်ကိုး။
သူတို့အမြင်တွေက သိရ ကြားရသည်မှာ အားတက်စရာကောင်းလှသည်။ သဘောကွဲသည်များရှိပါကလည်း ချက်ချင်းပြန်ရှင်းလို့ ရတာဆိုတော့ အဆင်ပြေသည်လေ။

အဲဒီလို သွားရတဲ့မြို့တွေထဲမှာ ကျနော်အခု Facebook ပေါ်တွင် ရေးလိုသည်က မြောင်းမြအကြောင်းဖြစ်ပါသည်။
ဘာလို့ဆိုတော့ မြောင်းမြနှင့် နောက်ထပ် တစ်မြို့မှာသာ Facebook ပေါ်မှ သူငယ်ချင်းများနှင့် ဆုံခဲ့ရ၏။
တခြားမြို့တွေမှာတော့ ကိုယ့်ဖာသာ စာအုပ်ဆိုင်အဆက်သွယ်၊ စာဖတ်ပရိသတ်အဆက်အသွယ်တွေနှင့် သွားရ တွေ့ရ၏။
တချို့မြို့တွေမှာဆို Facebook ဆိုတာ ဝေလာဝေး။ အင်တာနက်ပင် တစ်ခါမှ မသုံးဘူးသူများနှင့်လည်း ဆုံရသည်။


ထားပါတော့။ မြောင်းမြအကြောင်းလေးပြောရလျှင်
မြောင်းမြသည် နောက်ပိုင်း အတော်နာမည်ကြီးလာသောမြို့ကလေး ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် တက်ကြွစွာ ကြိုဆိုခဲ့သော မြို့။
အခုနောက်ပိုင်းလည်း တခဲနက်သော ရဲရဲတောက်လုပ်ရပ်များကြောင့် ကျနော်တို့ လေးစားနေရသော မြို့ကလေးဖြစ်ပါသည်။

ကျနော်သွားဖြစ်ခဲ့သည်က ခုလို ကာလမတိုင်ခင်လေးမှာဖြစ်သည်။
ပုသိမ်မှ တစ်ဆင့် ဟီးနိုးကားကြီးနှင့် သွားရ၏။
လမ်းက ကြမ်းလိုက်သည့်ဖြစ်ချင်း။ ကျောက်ခဲစားတောင် အစာကျေတယ်ဆိုသော လမ်းမျိုး။
တကယ်လည်း ကျောက်ခဲတွေချည်းခင်းတားတာ တွေ့သည်။

ခုတလော မြန်မာနိုင်ငံရှိလမ်းတွေမှာ ဘာကပ်သင့်နေသည်မသိ။ ဒီလို ကျောက်ကြမ်းတွေခင်းထားတာ တော်တော်များများတွေ့သည်။
ဘိုကလေးရောက်တုန်းကလည်း မြို့အထွက်မှာ ကျနော်တို့ ထိုခရီးကြမ်းကို ကြုံရသည်။
ကတ္တရာခင်းမှာဖြင့် ခင်းပေါ့။ အခုတော့ တော်တော် ဆန်းသည်ဟု ပြောရမလား။
မြေသားလမ်းကမှ သွားရတာ စိတ်ချမ်းသာပါသေးသည်။

မြောင်းမြအသွားတုန်းကတော့ ကားကလည်း လမ်းမှာ နှစ်ခါလောက်ပျက်။
လူတစ်ကိုယ်လုံး မိုက်တိုက်ဆန်နှင့် ကြိုးဝိုင်းထဲမှာ တွေ့ထားသလို ဂျုံးဂျုံးကျပြီးမှ ရောက်သွား၏။
အဝေးပြေးဂိတ်မှာ ဆိုင်ကယ်များဖြင့် မြောင်းမြသားအုပ်စု ဆီးကြိုနေ၏။


'ကျနော် နာမည် ကဲကဲ ပါ'
အပြုံးချိုချိုနှင့် လူငယ်တစ်ဦးက မိတ်ဆက်သည်။
သူတို့အုပ်စုဝင် လူငယ်တစ်ဦး ဆိုင်ကယ်နောက်မှ လိုက်ခဲ့လိုက်သည်။

မြောင်းမြမြို့ကလေးက သိမ်သိမ်မွေ့မွေ့ကလေး လှနေသည်။
ဟိုတယ်တစ်ခုရှေ့တွင် ရပ်ပေး၏။
'ဆရာ နားလိုက်ပါဦး' တဲ့။

ရေမိုးချိုးလိုက်ပြီးတော့  ပြီးပြီးချင်းပင် မြောင်းမြသူရဲကောင်းများနှင့် တွေ့ဆုံရပါသည်။
ဆိုင်ကယ်တစ်အုပ်နှင့် လူငယ်တစ်စု။
တက်ကြွနေသော မျက်နှာများ။
ကိုသက်ပိုင်ကြူကို ထိုအခါမှပင် မြင်ဘူးရ၏။
အပြုံးချိုချိုကို မြင်ရပြန်သည်။
ကျနော့်ကိုထမင်းကျွေးကြ၏။

သူတို့နှင့်စကားစမြည်ပြော။
လူငယ်များနှင့် ကျစ်ကျစ်လျစ်လျစ် ဆွေးနွေးပွဲကလေးသာ လုပ်ရန် ပြောကြ၏။
ကျနော်က ကြို ပါမစ်တင်ထားတာမျိုးလည်း မဟုတ်။ ဒါမျိုးက သိပ်ကျယ်ပြန့်လည်း မကောင်းလှ။
တလွဲအမြင်ခံရနိုင်သည်လေ။

သူတို့စီစဉ်မှုအတိုင်း စာကြည့်တိုက်ခန်းမသို့ သွားကြ၏။
ဖျောက်တိဖျောက်ကြားဖြင့် တဖြည်းဖြည်းလူကများလာသည်။
အားရသည်မှာ လူငယ်တွေချည်း။ ပြီးတော့ အားလုံးက ဒီမိုကရေစီကို စိတ်ဝင်စားကြသည်။

ကျနော်က သမိုင်းကြောင်းနှင့် ချီကာ ပြောပြခဲ့။ ဒီမိုကရေစီအကြောင်း လူ့အခွင့်အရေးအကြောင်း ကိုယ်သိသမျှလေးတွေ ဖြန့်ဝေခြင်းပေါ့။
မေးကြမြန်းကြ ဆွေးနွေးကြ။
သူတို့ကို ကိုယ်သိတာလေးတွေ ပြောပြရသလို၊ သူတို့ဆီမှ အသိအမြင်ကို ကြားရသဖြင့်လည်း ကိုယ့်မှာ အသိသစ်တိုးရပါသည်။


ပြောရင်း ဆွေးနွေးကြရင်း အတော်ညည့်နက်သွားခဲ့သည်။
သူတို့ဆီမှ ပြန်လာတော့ ကိုယ့်ကိုယ်ကို အတွေးတစ်ခုဖြင့် ကျေနပ်နေမိ၏။
'ငါတို့ အနာဂတ်သည် မဆိုးလှပါတကား'
ကျနော့်ထက် ငယ်သော လူငယ်များ၊ ကျနော့်ထက် တက်ကြွသော လူငယ်များ။
အနာဂတ်သည် သူတို့လက်တွင် ရှိ၏။

သူတို့သည် ရေပေါ်ဆီမဟုတ်သော အခွင့်ထူးခံမဟုတ်သော တကယ့် ပြည်သူများလည်းဖြစ်သည်။
ပြီးတော့ သူတို့က တလေးတနက် စေတနာကြီးစွာ ရှိနေသည်။
ကျနော်တို့တိုင်းပြည်၏ ယူနစ်တစ်ခုချင်းကို အဲဒီလို လူငယ်တွေဖြင့် တည်ဆောက်ထားသည်ဆိုလျှင် အနာဂတ်ကို ဘာစိုးရိမ်စရာရှိပါတော့မည်နည်း။

ကျနော့်ကိုပြန်ပို့ရင်း လမ်းက အဆောက်အဦတစ်ချို့ကို ပြရင်းရှင်းပြကြ၏။
ဒါက ဒေါ်ခင်ကြည်နေခဲ့သောအိမ်။ ဒါက ဆရာဒီးဒုတ်ဦးဘချိုနေခဲ့သည့် အိမ်။ သြော် ရေခံမြေခံကောင်းလွန်းလှသည့် မြို့ပါတကား။ ဒါကြောင့်မို့လည်း ဒီလိုစိတ်ဓါတ်အင်အားတွေ ရှိနေသပေါ့။

နောက်နေ့နံနက်မှာ မြောင်းမြမြို့က ပြန်ခဲ့သည်။
တခြား မြို့များသို့ ခရီးဆက်ရပေဦးမည်လေ။
တခြားမြို့တွေမှာရော ဒီလို လှိုက်လှဲနွေးထွေးသော ကြိုဆိုမှုကို ကြုံရပါ့မလား?
ဒီလို တက်ကြွသော အားမာန်တွေကို ရရှိပါ့မလား?
ဒီလို ဆွေးနွေးဖလှယ်ခွင့်မှ ရပါ့မလား?
ကျနော်မသိ။ သို့သော် လမ်းရှိနေမှတော ဆက်သွားရပေဦးတော့မည်။

နားထဲတွင် ဆရာဒေါက်တာသန်းထွန်းဆောင်းပါးများမှ စာတစ်ပိုဒ်ကိုသတိရမိ၏။
'သွားရမည့်ခရီးက ဝေးသေးသည်။ ခြေသာလျှင် ယာဉ်ရှိကုန်၏။'
တဲ့။ အင်း ... ကျနော်က ဟီးနိုးကားကြီးနဲ့ဆိုတော့ တော်ပေသေးသပေါ့။

သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...