Monday, April 2, 2012

ငါ ငါတို့ သည်ကား ...


by တကျော့ ပြန်ဟစ် တလာ on Tuesday, April 3, 2012 at 2:56am 

Monday, April 2, 2012

 မနက်အိပ်ယာထတာနဲ့ နောက်နေ့ပို့ချမယ့် သင်္ခန်းစာတွေနားထောင်ဖို့ရာ စာနည်းနည်း ကြို
ဖတ်ဖြစ်တယ် ။ အမြင်အာရုံကို ဖမ်းစားလိုက်တာက အာဆီယံအဖွဲ့ပါ ။ ဆက်စပ် အတွေးနယ်ချဲ့
မိပြန်တယ် ။

အာဆီယံ ဘာလုပ်သလဲဆိုတာထက် အဖွဲ့ဖြစ်တည်လာရတဲ့ အကြောင်းရင်းက ခေါင်းထဲဝင်
လာတယ်။ အတိုဆုံး အဖြေကတော့ “ငါတို့” ဆိုတဲ့ စိတ်အမြင်ကို တည်ဆောက်လိုက်တာပဲလို့
မြင်လာတယ် ။


နိုင်ငံတစ်နိုင်ငံက ဘာကြောင့်များ “ငါတို့” ဆိုပြီး စိတ်ထဲဖြစ်လာရုံတင်လေးအတွက် အလေး
တကြီးနဲ့ အဖွဲ့စည်း ထောင်ရရောလား ၊ မေးစရာရှိလာတယ် ။

နိုင်ငံအဆင့်မှာတင် ကြည့်ရအောင် ။ ၂၀ ရာစုမှာ ကိုလိုနီတွေပြိုကွဲပြီး နယ်နိမိတ်အတိကျနဲ့
နိုင်ငံတွေ ပေါ်ပေါက်လာခဲ့ကြတယ် ။ ဘာကြောင့်လဲ ။ အတိုချုပ်ကတော့ “ငါတို့” ဆိုတဲ့ ကိုယ်ပိုင်

သဏ္ဍာန် (identity) ၊ ကိုယ့်နဲ့ တစ်သားထဲရှိတယ်လို့ ယုံကြည်ယူဆတဲ့ အဝန်းအဝိုင်းတွေကို စု
စည်း တည်ဆောက်လာခဲ့ကြလို့ပါ ။ ကျနော် ပြောတယ်လို့ မထင်ပါနဲ့ ၊ ပညာရှင်တွေ လေ့လာသူ
တွေစကားကို တစ်ဆင့်ခံပြောတာပါ ။

ငါ ၊ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု ၊ ငါ့နယ်ပယ် ၊ ငါစိုးမိုးပိုင်ဆိုင်တဲ့ ... စသည်ဖြင့်ကနေ ကိုယ့်တူရာ
တူရာတွေ ဆွဲစုပြီး နိုင်ငံတွေ ဖြစ်လာခဲ့တယ် ဆိုကြပါစို့ ။ ဒါဟာ လူသားတစ်နွယ်လုံး လုပ်နေကြ
တာပါ ၊ တစ်ကမ္ဘာလုံး ဖြစ်နေတာပါ ။ တားဆီးလို့ မရပါဘူး ။ ဒါပေမယ့် ငါတို့မှ ငါတို့ ၊ ငါတို့က ပို
မြတ်ပိုသာတယ် ၊ ရှိသမျှ ငါတို့ပိုင်တယ် ငါတို့ အကုန်ယူမယ် ဆိုတဲ့အခါမတော့ ပြဿနာ ရှိလာ
တတ်ပါတယ် ။ လူတိုင်း ဆက်စပ်တွေးလို့ရတာမို့ အကျယ်မချဲ့တော့ပါ ။

ဆက်စပ်တွေးရင် ... ငါနဲ့ ငါ့ဆွေမျိုးတွေဆို သွေးစကားပြောတယ်ဆိုပြီး (စိတ်ထဲက ထင်တာ
ဖြစ်ပေမယ့်) စေတနာ အကြင်နာ ပိုတတ်ပါတယ် ။ ငါ့သူငယ်ချင်း ၊ ငါ့လမ်းထဲကလူ ၊ ငါ့ရပ်ကွက်
သားဆိုရင်လည်း အမြင်မကြည်တာတွေ ရှိနိုင်ပေမယ့် စိတ်နေကတော့ နီးတယ်လို့ ထင်တတ်ကြ
ပြန်ပါတယ် ။ ငါ့ပေါက်တူးလေး ခဏဌားလိုက်ရမလား ၊ သူ့ဆိုင်က အကြွေးလေး နည်းနည်း
လောက် ယူစားလိုက်ရမလား ၊ အိမ်ကပိုနေတဲ့ဟင်းတွေ ဝေမျှစားမလား ... “မလား” ပေါင်းက
တော့ အများကြီးပါ ။

ဒီတော့ အာဆီယံကကော ။
သူတို့လည်း အမှန်တော့ အိမ်ချင်းကပ်လျက် တစ်ရပ်ကွက်သားတွေလိုပါပဲ ။ မတူပေမယ့် နီး
ကြပါတယ် ။ နီးစပ်တာကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ဖို့က “ငါတို့ ၊ ငါတို့အဖွဲ့”ဆိုပြီး အ
ကောင်ထည်ဖေါ်လိုက်ရင် အပေါ်က “မလား” ပေါင်းများစွာကို သုံးစွဲလာနိုင်ကြမှာမို့ ဒီအဖွဲ့ဖြစ်
လာပေါ်လာတယ်လို့ ယေဘုယျ ပြောနိုင်တယ် ။ အမှန်ကတော့ ယထာဘူတကျတဲ့ စိတ်ထား ၊
ရိုးသားပွင့်လင်းမှုနဲ့ အပြန်အလှန် အကျိုးတူစေတနာတွေ ထားနိုင်ကြရင် ဘာအဖွဲ့မှ မလိုဘူးလို့
လဲ ပြောလို့ရတယ် ။ ဘယ်လိုဖြစ်ဖြစ် လူ့သဘာဝအရ တစ်လွှာတက်ပြီး အဖွဲ့ဖွဲ့တာကို အပြစ်မြင်
တာ မဟုတ်ပေမယ့် ဖြစ်တတ်တဲ့သဘောကို မြင်သလိုပြောတာပါ ။


ကဲ အာဆီယံဖြစ်ပြီ ၊ ဗမာလည်း ပါလာပြီ ၊ ဆယ်နှစ်လည်း ကျော်ခဲ့ပြီ ။ ဒါပေမယ့် ဗမာက ခု
ထိ အခြား အာဆီယံအဖွဲ့ဝင်တွေနဲ့ စိတ်နေလည်း မနီး ၊ “ငါတို့” ဆိုတဲ့ အနေထားလည်း ဖြစ်မ
လာ ။ ဘာ မှားနေသလဲ ။

နိုင်ငံတိုင်းမှာ လူ့အဖွဲ့စည်းအဖြစ် ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူမှုအစိတ်အပိုင်းကလေးတွေ
ရှိပါတယ် ။ စစ်တပ်ဟာလည်း တစ်စိတ်တစ်ပိုင်းပါ ။ အဲဒီ တစ်စိတ်တစ်ပိုင်းထဲက အားလုံးကို (အ
စစ်အမှန်မဟုတ်ပဲ) ကိုယ်စားပြုဖို့ ကြိုးစားလေတော့ အခြားနိုင်ငံတွေရဲ့ လူမှုအဖွဲ့စည်းတစ်စုံလုံးကို
အတိုင်းတာတစ်ခုအထိ ကိုယ်စားပြုထားသူတွေနဲ့ အလွမ်းမသင့်တာ သိပ်တော့မဆန်း ။

ဘယ်နေရာမှာ သတိထားမိနိုင်မလဲဆိုတော့ ... တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ စစ်
တပ်အချင်းချင်းပဲ ဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုး ၊ အခြားနိုင်ငံက စစ်အကြီးကဲတွေနဲ့ကျ အတော်
တန် အလွမ်းသင့်တာတွေဟာ “ငါတို့”ဆိုတာနဲ့ မကင်းပါ ။ လက်တစ်ဖက်ထဲနဲ့ “ငါ” တစ်ကိုယ်လုံး

ကို ကိုယ်စားပြုလို့ မရသလို ၊ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုက “ငါတို့”ဆိုပြီး လုပ်လို့မရတဲ့သဘော
ကို ငါတကောကောခဲ့သူ အတော်များများ လစ်လျူ ရှုခဲ့ကြတာတော့ သေချာပါ ။


ထားတော့ ။ စစ်အေးခေတ်မှာ ကွန်မြူနစ်နဲ့ အရင်းရှင် ၊ ခုခေတ်မှာ မွတ်ဆလင် အဖွဲ့တွေအ
ပါဝင် အစွန်းရောက်အဖွဲ့တွေကနေ အကြမ်းနည်းနဲ့ လုပ်ကိုင်ပြီး နိုင်ငံတည်ထောင်ဖို့တွေအထိ
ကြိုးစားလာခဲ့ကြတာကို သိကြမှာပါ ။ သူတို့လည်း “ငါတို့” နဲ့ “သူတို့” ဆိုတဲ့ အမြင်တွေကို တည်
ဆောက်သုံးစွဲခဲ့ကြတာကြောင့် ပြဿနာ ဝဲကယက်တွေထဲမှာ တဝဲလည်လည်ပါပဲ ။ ဒါတွေရဲ့ အ
ရင်းခံကတော့ ဘာသာအယူဝါဒတွေကို ဥပဒေပြုတာနဲ့ နိုင်ငံအုပ်ချုပ်ရေးတွေကနေ ခွဲထုတ်ဖို့ကြိုး
စားတဲ့ secularism လှုပ်ရှားမှုကြောင့်လို့ ထောက်ပြကြပါတယ် ။ ဒီဖြစ်စဉ်ကနေ သင်္ခန်းစာယူလို့
ရတာက အရာတိုင်းလိုလိုမှာ တန်ပြန်ဆန့်ကျင်တဲ့ အင်အားစုတွေ ရှိနေတာနဲ့ ၊ တစ်စုတစ်ဖွဲ့က
နေ အားလုံးကို အုပ်စီးဖို့ ကြိုးပမ်းတဲ့ အခါမျိုးတွေမှာ ဆန့်ကျင်မှုတွေ ရှိလာနိုင်ပြီး လုပ်ပုံကိုင်နည်း
လွဲချော်ရင် အားလုံးပဲ နစ်နာနိုင်တယ် ဆိုတာကိုပါ ။

ဒါနဲ့ယှဉ်ပြီး ပြောရရင် မြန်မာပြည်မှာ ပြည်မ(ဗမာတွေ)ရဲ့ လက်ဝါးကြီးအုပ်ဖို့ ကြိုးပမ်းမှုတွေ
ကြောင့် တိုင်းရင်းသားအများစုရဲ့ တွန်းကန်မှုကို အကျိုးတူ ပြန်ရနေတာဆိုရင် လက်ခံနိုင်ကြမ
လား ။

ခုနေမှာ ဒီမိုကရေစီစနစ်ကို ဦးတည်နေပြီ ၊ မကြာခင်မှာ ဒါမျိုးတွေ မရှိနိုင်တော့ဘူးလို့တော့
စိတ်ကူး မယဉ်စေချင်ပါ ။ ဒီမိုကရေစီစနစ်ဟာ နိုင်ငံရေးအရ ပြေလည်စရာ လမ်းစတွေနဲ့ ပိုနီး
လာစေတာ မှန်ပေမယ့် ၊ နိုင်ငံရေးပြေလည်တာဟာ လူမျိုးရေး ပြေလည်တာလို့ တစ်ဖက်သတ်
တရားသေမှတ်ယူလို့ မရပါဘူး ။ တဆက်ထဲမှာ ဗမာ အများစုနဲ့ မြို့နေ တိုင်းရင်းသားအချို့က

ကွဲပြားခွဲခြားမှုတွေ မခံစားမိဘူး ၊ အားလုံးကို သွေးချင်းတွေလို မှတ်ယူတယ် စသည်ဖြင့် ပြော
နိုင်ကြပါတယ် ။ ဒါကို ဆန့်ကျင်မပြောချင်ပါဘူး ၊ ဒါပေမယ့် လက်တွေ့ဘဝကို ငဲ့ကြည့်ရအောင် ။


မြစ်ဆုံကိစ္စမှာ ခြိမ့်ခြိမ့်သဲခဲ့သမျှ ကချင်တွေအတွေက် ဘယ်သူတွေ ဘယ်လောက်အထိ ပြော
ကြသလဲ ၊ နှုတ်အားဖြင့် ကိုယ်အားဖြင့် စောင်မမှုတွေ ဘယ်လောက်ရှိခဲ့သလဲ ။ ကိုကျော်သူနဲ့ တစ်
ဖွဲ့ထဲကသာ ဒီကွက်လပ်ကိုဖြည့်ဖို့ ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ် ။ မကြာခင်က လောပိတ ဓါတ်
အားတိုင်အောက်မှာ အာဏာပိုင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ကလေးနှစ်ယောက် သေသွား
တဲ့အဖြစ်ကို ကြည့်လိုက်ရင်လည်း မှတ်ချက်ပေးသူ အများစုရဲ့ “ငါတို့” နဲ့ “သူတို့” ဆိုတဲ့ သဏ္ဍာန်
ခွဲခြားမှုကို အထင်းသား မြင်ကြည့်လို့ ရပါတယ် ။ (လင့်)

ဆီယိုပေါက်ရှာသလို အသေးစိတ် အပြစ်နာဆာရှာပြီး ပြောတာမျိုးဟာ မှားတာတွေ မဟုတ်ပေ

မယ့် အကျိုးမဖြစ်တာကြာင့် ချန်ထားခဲ့ပါ့မယ် ။ သေချာတာကတော့ သူတို့နဲ့ ငါတို့ဆိုတာမျိုးတွေ ရှိ
နေသမျှ ကာလပတ်လုံး မြန်မာပြည်မှာ လူမျိုးရေးအကြိတ်အခဲတွေ မပြေလည်နိုင်ပါ ။

အားလုံးကို “ငါတို့”ဆိုပြီး စိတ်ထဲထားနိုင်ကြတဲ့ ကာလမှာမှ အားလုံးချောမွေ့တဲ့
အကျိုးဖြစ်မယ့် လမ်းတစ်ခုကို အတူလျှောက်နိုင်ကြမှာပါ 

ကျနော်ကတော့ မျှော်လင့်ပါတယ် ။ ဒီလို မျှော်လင့်သူတွေ များလာပြီး လက်တွေ့မှာလည်း
အကောင်ထည်ဖေါ်ဖို့ ကြိုးစားသူတွေ အင်အားကောင်းလာတဲ့ တစ်နေ့မှာတော့ ....


မန်းကိုကို
၀၂ ၊ ၀၄ ၊ ၂၀၁၂

Posted by မန်းကိုကို at 4/01/2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...