မြန်မာစကား အသုံးအနူန်း နှင့် အဓိပ္ပာယ် နှစ်မျိုးရှိသော စကားများ "ရွှေဥဒေါင်း"
by အား မာန် on Sunday, April 1, 2012 at 12:08pm ·
မြန်မာစကား အသုံးအနူန်း
မြန်မာစကားမှာ စာရေးသောအခါ၌ ဖြစ်စေ၊ စာဆန်ဆန်ပြောသော အခါများ၌ ဖြစ်စေ၊ အတွဲ လိုက်လေးသုံးတတ်သော ထုံစံ ရှိ၏။ ဥပမာ “သွားရောက်” “ဖမ်းဆီး” ”ပြောဆို” ”လုပ်ကိုင်” “တုန်လှုပ်” “ဖြည့်စွတ်” စ၍ စကားလုံးများစွာတို့တွင် အတွဲလိုက် သုံးတတ်ခြင်းမှာ ထုံစံတစ်ခု ဖြစ်နေ၏။ အထူးသဖြင့် “ကြိယာ”များတွင်တစ်လုံးတည်း မသုံးစကောင်းသလောက် ဖြစ်နေ၏။ အတွဲလိုက် သုံးခြင်းအားဖြင့် အဓိပ္ပာယ် လေးနက်ခြင်းများ ရှိတတ်သော်လည်း အချို့မှာမူ ဤ အတွက်ကြောင့် ပို၍ မလေးနက်သည့်ပြင် မမှန်ကန်သောအဓိပ္ပာယ်မျိုး ပေါ်ထွက်လာခြင်းကို ပင်တွေ့ရ၏။ ဥပမာဆိုသော် “၀န်ကြီးချုပ် ဦးနုသည် မည်သည့်နေ့တွင် ပါကစ္စတန်ပြည်သို့ သွားရောက်လိမ့်မည်” ဟူသောသတင်းကို ဖော်ပြလိုက်ရာ သွားမှ မသွားရေသေးမီ “ရောက်” ဟူသော စကားသည် အပိုဖြစ်ရုံမက မှားပင်မှားသေး၏။ တလောက ဦးနု အကြောင်းကို သတင်းစာများတွင် အထက်ပါ အတိုင်း ဖော်ပြကြရာ သွားပင် မသွားဖြစ်သည်နှင့် ထိုသတင်း ၏ မှားခြင်းသည် ကွင်းကွင်းကြီး ပေါ်ထွက်နေ၏။ သွားဖြစ်သည် ဖြစ်စေ၊ မသွားဖြစ်သည် ဖြစ် စေ သွားလိမ့်မည်ဟု ဖော်ပြလျှင် လုံလောက်သင့်ပေပြီ။ “ရောက်” ဟူသော စကားလုံးကို ထည့်ရန်ပင် မလိုချေ။ သို့ရာတွင် တစ်လုံးတည်း မရေးသည့် ထုံးစံကြောင့် မထည့်မဖြစ် သကဲ့ သို့ သဘောထားလျက် ရှိကြလေသည်။ သတင်းစာများ၌ “လူတစ်ယောက်ကို ဖမ်းဆီးသည်” ဟု ရေးတတ်ကြရာ စင်စစ်မှာ ”ဖမ်းသည်”ဟု ရေးလိုက်လျှင် အဓိပ္ပာယ် ပြည့်စုံရုံသာမက နားထဲတွင် သာ၍ ပေါ်လွင်သော အသံထွက်ရှိသည် ထင်၏။
“မောင်ဘသည် အလုပ် လုပ်ကိုင် လျက် ရှိသည်” ဟု ရေးမည့်အစား ”မောင်ဘ အလုပ် လုပ်နေသည်” ဟု ရေးလိုက်လျှင် သာ၍ နားရှင်းသည် ထင်၏။ ဤရေးနည်းမျိုးသည် သတင်းစာများအတွက် အထူး သင့်လျော်သည် ထင်၏။ ခေါင်းကြီးများ အတွက် “စာခံ့” ရေးလိုက ရေးနိုင်သည်။ “သတင်းများ” အတွက်မှာ အတွဲလိုက် မသုံးဘဲ တစ်လုံးတည်း ရွှေး၍ သုံးလျှင် စက္ကူ အကုန်နည်းပြီး နားရှင်းသည် ထင်ပါ သည်။ ကျွန်ုပ်၏ အကြံပေးချက်ကို သဘောကျ၍ လိုက်သူများလည်း လိုက်ကြစေ၊ ယခု မလိုက်သေးလျှင်လည်း နောင်ကာလ၌ အထူးသဖြင့် သတင်းစာများတွင် လုံးပိုအတွဲများ ပြုတ်ကုန်ကြလိမ့်မည်ဟု မြင်ယောင်မိပါသည်။
အဓိပ္ပာယ် နှစ်မျိုးရှိသော စကားများ
မြန်မာစကားတွင် စကား တစ်လုံးသည် တစ်နေရာ၌ ကောင်းသော အဓိပ္ပာယ် ရှိ၍ အခြား နေရာတွင် မကောင်းသော အနက် ရှိတတ်ခြင်းကို တွေ့ရတတ်ပေရာ “ကြွယ်” ဟူသော စကား တစ်လုံးမှာ ထိုစကားမျိုးပင် ဖြစ်သည်။ မန္တလေးသားများသည် အောက်သားများထက် စကား လုံး ကြွယ်သည်ဟု အထက်တွင် ရေးခဲ့ဖူးရာ ၎င်းမှာကောင်းသော အဓိပ္ပာယ်နှင့်သုံးခြင်းဖြစ်၏။
စကားလုံးပေါင်း များများ တတ်သည်ဟု ဆိုလို၏။ အဆိုပါ “ကြွယ်” ဟူသော စကားလုံး သည် ပင်လျှင် မကောင်းသော အဓိပ္ပာယ်နှင့် သုံးသည်များလည်း ရှိ၏။ ဥပမာ-
“တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး အဖျား ခပ်သွယ်သွယ်”
“အိမ်ကြိုအိမ်ကြား မွေးတဲ့သား စကား ခပ်ကြွယ်ကြွယ်”
ဤစကားပုံ၌ “ကြွယ်” ဟူသော စကားလုံးသည် မကောင်းသော အနက်သဘော ရှိ၏။ စကားကြွယ်ခြင်းဟူသည်မှာ လေ ခပ်ပေါပေါနှင့် ခပ်ကြွားကြွား ပြောတတ်ခြင်းကို ဆိုလိုပါ သည်။ ထို့ပြင် “စင်” ဟူသော စကားတစ်လုံးလည်း ရှိသေး၏။ လူအများသည် “သူတော်စင်” ဟူသော စကားလုံးကို ”သူတော်သူမြတ်” ဟူသော အဓိပ္ပာယ်နှင့် သုံးတတ်ကြ၏။ သို့ရာတွင် ကျွန်ုပ် ကြားဖူးသော စကားပုံ တစ်ခုမှာကား
”သူတော်ကောင်း၊ မကောင်းထင်မိ၊ ဘေးရန်ထိ
သူတော်စင်၊ စုန်းပင်ထင်မိ၊ ပြစ်မရှိ” ဟူ ဆိုရာ ဤအတိုင်းဆိုလျှင် ”သူတော်စင်” ဟူသော စကားသည် ”လူယုတ်မာ” ဟူ၍ အဓိပ္ပာယ် ရှိလေသည်။
ရွှေဥဒေါင်း
“တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်တွင်းမှ ကြိုက်နှစ်သက်မိသောကြောင့် မျှဝေလိုက်ခြင်းဖြစ်ပါသည်။
0 comments:
Post a Comment