Sunday, April 8, 2012

အောင်သွယ်ကောင်း


မပြေမလည်ဖြစ်နေတဲ့ လူနှစ်ဦးအကြား (သို့) အင်အားစုတွေအကြားမှာ ပြဿနာတွေ၊ သံသယတွေ ပြေငြိမ်းပြီး ပြန်ပေါင်းထုတ် လက်တွဲနိုင်ဖို့ရာ အကျိုးဆောင် အောင်သွယ်ကောင်းတွေရှိဖို့ အမှန်တကယ် လိုအပ်ပါတယ်။
နှစ်ဘက်အကြား ပြေလည်မှုရဖို့ အကျိုးဆောင်ပေးသူဟာ နှစ်ဘက်လုံးမှာရှိတဲ့ ပကတိအခြေအနေတွေ၊ အခက်အခဲတွေ၊ သဘောထားရေးရာတွေ၊ လိုလားချက်ဆန္ဒတွေကို မှန်မှန်ကန်ကန် သုံးသပ်အကဲဖြတ် နိုင်စွမ်း ရှိသူ ဖြစ်ရပါမယ်။ ဒါမှသာ နှစ်ဦးနှစ်ဘက်ပြေလည်ရေးအတွက် ဘယ်လိုညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုတာကို ကောင်းကောင်း သိမြင်နားလည်နိုင်မှာပါ။
VOA အသံလွှင့်ဌာန တပ်မှူးတပ်သားပြောစကား ကဏ္ဍကနေ ခုနောက်ပိုင်း ထုတ်လွှင့်တဲ့ တပ်မှူးတပ်သား ပြောစကားတွေကိုနားထောင်ရတာ အတော်လေးကျေနပ်အားရမိပါတယ်။ သူတို့အများစုဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာမှ တပ်ကအနားယူခဲ့တဲ့ အရာရှိဟောင်းတွေဖြစ်ပြီး လက်ရှိ NLD ပါတီမှာ ဝင်ရောက်ဆောင်ရွက် နေသူတွေ ဖြစ်တာကိုလည်း သတိပြုမိပါတယ်။ အဲဒီအတွက် ဝမ်းသာကျေနပ်မိပါတယ်။

သူတို့ရဲ့အမြင်သုံးသပ်ချက်တွေက တပ်ထဲမှာလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို များစွာထင်ဟပ်မှု ရှိနေပြီး တပ်မတော်သားတွေရဲ့ အာရုံစိုက်မှုကိုလည်း ရရှိနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။ ကျနော်လက်လှမ်း တမီ လေ့လာမိသမျှ တပ်မတော်သားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအကြား သဘောကွဲလွဲမှုနေမှုတွေထဲမှာ ထင်သာမြင်သာရှိတဲ့ စွပ်စွဲပြောဆိုချက်တွေပါသလို တချို့ကိစ္စတွေမှာ တဘက်ရဲ့ဆိုလိုရင်း အဓိပ္ပါယ်ကို အခြား တဘက်က ဆုပ်ဆုပ်ကိုင်ကိုင် မရှိလှဘဲ ကိုယ်သန်ရာသန်ရာ အမြင်နဲ့သုံးသပ်ဝေဖန်ရာက သဘောထားတွေ ဖီလာဆန့်ကျင် ဖြစ်နေတာတွေလည်း ရှိပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတ်လ ၁၄ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းအပေါ် တပ်မတော် သားတချို့ ရှုမြင်သုံးသပ်ပုံနဲ့ မတ်လ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် ဒီမိုကရေစီရေး အင်အားစုတွေဘက်ကလူတချို့ သုံးသပ်ကောက်ချက်ဆွဲပုံတွေကို ကြည့်ရင် သိမြင်နိုင်ပါတယ်။
ကြာရှည်လှတဲ့ သမိုင်းကာလတလျှောက် ဖီလာဆန့်ကျင်ဖြစ်ခဲ့ရတဲ့ အကျိုးဆက် သံသယတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တပ်မတော်ထဲက တရားလက်လွတ်အနိုင်ကျင့်ပြုမူသူ တချို့ကြောင့် ပြည်သူလူထုတွေ ထိခိုက် နစ်နာ ဘဝကြမ္မာဆိုးတွေ ကြုံတွေ့ခဲ့ရတာတွေ ငြင်းမရအောင် ရှိနေပါတယ်။ ဒီဖြစ်ရပ်တွေ အများစုဟာ တပ်မတော်က နိုင်ငံ့တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေချိန်မှာ ဖြစ်ပွားခဲ့ရတာ ဖြစ်တဲ့အတွက် လူထုရဲ့ ရင်ဖွင့်တိုင်တည်မှုတွေ၊ ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာရတာပါ။
တဘက်ကကြည့်ရင်လည်း စစ်အုပ်ချုပ်ရေးကာလဖြစ်လင့်ကစား လူထုအကျိုးစီးပွား ထိခိုက်စေတဲ့လုပ်ရပ်ကို တပ်မတော်သား အားလုံးက လုပ်ခဲ့သလားဆိုတဲ့ အချက်လည်း ရှိနေပါတယ်။ တကယ့်အခြေအနေ မှာလည်း ပြစ်မှုကျူးလွန်သူအရေအတွက်ဟာ တပ်မတော်တခုလုံးနဲ့စာရင် အနည်းစုသာ ဖြစ်ပါတယ်။ ကျယ်ပြန့်ရှုပ်ထွေး လှတဲ့ လူ့အဖွဲ့အစည်း ပြဿနာများကို သူမှန်တယ် ကိုယ်မှန်တယ် ဆွေးနွေးငြင်းခုံနေလို့လည်း တိုင်းပြည် အခြေအနေ ထူးထူးခြားခြား တိုးတက်ကောင်းမွန်မလာတဲ့အပြင် တင်းမာမှုတွေသာ ဆက်လက်ဖြစ်တည် နေတာကို လက်တွေ့မြင် နေရပါပြီ။ အများစုအတိုင်းအတာအရ နားလည်မှု တည်ဆောက်ပြီးမှ တဦးချင်းအမှား တွေကို ထောက်ပြဝေဖန်ကြရင် သင့်တော်မယ်လို့ ယူဆမိပါတယ်။
လက်ရှိအချိန်မှာ တပ်မတော်နဲ့ ဒီမိုကရေစီရေးအင်အားစုတွေအကြား ညီညွှတ်ရေးရဖို့ ကြိုးစားနေတဲ့ကာလ ဖြစ်တာနဲ့အညီ ဒီမိုကရေစီ အင်အားစုတွေဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ဟာ အကြီးအမှူးအင်အားစု နေရာမှာရှိနေပါတယ်။
ကျနော့်အနေနဲ့ NLD မှာရှိပြီးသား တပ်မတော်ခေါင်းဆောင်ဟောင်းများကို မလေးစား၍ မဟုတ်ပါ။ သို့သော် သူတို့တပ်နဲ့ဝေးခဲ့တာကြာပြီဆိုတော့ ပြောင်းလဲလာသော တပ်မတော်မျိုးဆက် အနေအထားကို ထဲထဲဝင်ဝင် မသိနိုင်တော့ပါ။ မြန်မာပြည်ကို နှစ်ပေါင်း ၅၀ စစ်ခေါင်းဆောင်တွေ အုပ်စိုးလာတာ၊ အာဏာအပြောင်းအလဲ မရှိတာ မှန်ပေမဲ့ တပ်တွင်းပြောင်းလဲမှု (အုပ်ချုပ်မှုအခြေအနေ၊ သက်သာချောင်ချိရေးဆောင်ရွက်ပုံ၊ အရာရှိ/စစ်သည်များရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်) အနေအထားတွေကို မျက်ခြေမပြတ်ထိတွေ့ ဆက်ဆံမှုရှိသူမှ တပ်ရဲ့ ပကတိအခြေအနေကို သုံးသပ်နိုင်မှာပါ။ ဒီနေ့ တပ်မတော်ဟာ ဖဆပလခေတ်၊ မဆလခေတ်က တပ်မတော် မဟုတ်တာ့ပါ။ မျိုးဆက်ပြောင်းလဲမှုနဲ့ ခေတ်အခြေအနေလိုက် တဦးချင်းစဉ်းစားတွေးခေါ်မှု ပြောင်းလဲလာတာ တွေလည်းရှိပါတယ်။
NLD မှ အဆင့်ဆင့်သော ခေါင်းဆောင်များအနေနဲ့ မကြာသေးမီနှစ်ကာလအတွင်း တပ်မှ အငြိမ်းစားယူလာ သော တပ်မတော်သားများကို အလေးဂရုထား ထိတွေ့ဆက်ဆံမှု ပြုလုပ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် NLD မှာ ယခုထက်ပိုပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာဖို့ ကမ်းလှမ်းသင့်ပါတယ်။ သူတို့ဟာ တပ်မတော်နဲ့ ဒီမိုကရေစီ အင်အားစုများ အပြန်အလှန်နားလည်မှုရရှိရေးကို ကြားခံဆက်သွယ်ပေးသော အောင်သွယ်ကောင်းတွေ ဖြစ်နိုင်ကြောင်း အကြံပြု တင်ပြချင်ပါတယ်။  
ညီညွှတ်ရေးသို့ ဦးတည်လျက်...

နေမင်းသူ
၈ အေပြီ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...