Saturday, April 7, 2012

Communication skills


by Phio Thiha on Monday, April 2, 2012 at 10:54pm 

Management ကို စိတ်ဝင်စားတာကြောင့် ရွှေဂုံတိုင်က Wise Int'l School မှာ Practice Management သင်တန်းလေး တက်ဖြစ်နေပါတယ်။ အဲလိုတက်လိုက်မှပဲ ကိုယ်အရင်က မသိခဲ့တာတွေ အတော်လေး သိလာခဲ့ရပါတယ်။ ဒီ စီမံခန့်ခွဲမှု (Management) နဲ့ ခေါင်းဆောင်မှု (Leadership) ဆိုတဲ့ ဘာသာရပ်တွေဟာ အခုခေတ်မှာ အတော်လေးကို ခေတ်စားလာပါတယ်။ စာအုပ်တွေဆိုလဲ ဖတ်လို့တောင် မကုန်နိုင်အောင်ပါပဲ။ ပျော်ပွဲရွှင်ပွဲလေး ကျင်းပတာကစလို့ တိုင်းပြည်တည်ဆောက်ရေးအထိ နေရာတိုင်းမှာကို အရေးကြီးလာတာပါ။


မနေ့က သင်သွားတဲ့ ခေါင်းစဉ်လေးကတော့ Communication & Interpersonal skills ပဲ ဖြစ်ပါတယ်။ အခုမှ Powerpoint slides ၅ချပ်လောက်ပဲ ပြောရသေးတယ် ဆိုပေမဲ့ နားထောင်နေရင်းနဲ့ကို ကျွန်တော်တို့ ဆရာဝန်တွေအတွက် တကယ်အသုံးတည့်မှာပဲ လို့မြင်လာမိတဲ့အတွက် အဲဒါလေးတွေကို ပြန်ပြီး share လုပ်ပါရစေ..

ကျွန်တော်တို့တတိယနှစ်မှာ ဆေးရုံစဆင်းတော့ ပထမဆုံးသင်ရတာက လူနာကို ရောဂါရာဇ၀င် (History taking) ဘယ်လိုမေးရတယ်၊ သူဖြေချင်လာအောင်၊ ကိုယ့်ကို ယုံကြည်လာအောင် ဘယ်လိုပြောဆိုဆက်ဆံရတယ် ဆိုတဲ့ Communication skills ပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ဆရာဝန် ဖြစ်လာချိန်မှာတော့ ဒီပညာက လူနာကို ရောဂါရာဇ၀င်မေးတဲ့ နေရာမှာတင် မဟုတ်တော့ဘဲ တရားစွဲဆိုခံရတဲ့အခါ၊ မီဒီယာတွေနဲ့ တွေ့တဲ့အခါမှာပါ အသုံးချတတ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

Communication - transferring and understanding meanings.

ဆက်သွယ်မှုဆိုတာဟာ ကိုယ်သိထားတဲ့အသိ၊ ရှိထားတဲ့အမြင်တစ်ခု၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို လူတစ်ဖက်သား သိသွားအောင်၊ သိရုံတင်မက နားပါလည်သွားအောင် လုပ်ရတဲ့အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။

Communication can take many forms :
- oral vs written
- verbal vs non-verbal
- interpersonal vs organizational

ဆက်သွယ်မှုတစ်ခုကို ဆောင်ရွက်ရင် ၃ မျိုးပြုလုပ်တတ်ပါတယ်.. စကားနဲ့ပြောလို့ ရတယ်၊ စာနဲ့ရေးပြလို့ ရတယ်၊ အမူအရာနဲ့လဲ ပြလို့ရပါတယ်။ လူနာကို တစ်ယောက်ချင်းရှင်းပြတဲ့အခါ စကားကို အဓိကထား သုံးပြီးတော့ လူထုကို တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်သက်လို့ ကျန်းမာရေးအသိပညာပေးတဲ့အခါကျ စကားအပြင် လက်ဟန်ခြေဟန်နဲ့ပါ သရုပ်ပြပေးရပါတယ်။ အဲလိုမဟုတ်ဘဲ စာစောင်တွေမှာ ပညာပေးဆောင်းပါးတွေ ရေးတာမျိုး၊ လက်ကမ်းစာစောင်တွေ ဝေတာမျိုးကျတော့ စာနဲ့ရေးပြီး ဆက်သွယ်တာပဲ ဖြစ်ပါတယ်။ အဲလို အပြော၊ အရေးနဲ့ အပြ ၃မျိုးရှိတဲ့ထဲမှာ အပြကတော့ အထိရောက်ဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် လူနာနဲ့စကားပြောတဲ့အခါ ၀မ်းနည်းစရာကို ပြောနေပြီး အမူအရာက ပြုံးရွှင်နေလို့ မရသလို၊ ၀တ်တာ စားတာ နေတာ ထိုင်တာကအစ သတိထားဖို့ လိုပါတယ်။

နောက်ပြီး ဆက်သွယ်တယ်ဆိုတာမှာ ဆရာဝန်နဲ့ လူနာတစ်ယောက်ချင်း စကားပြောတာလဲ ရှိသလို၊ ဆရာဝန်က လူအများကို ပညာပေးရတာမျိုးလဲ ရှိပါတယ်။ ဒါမှမဟုတ် မြန်မာပြည်က ဆရာဝန်တွေနဲ့ ကိုရီးယားက ဆရာဝန်တွေ အဲလိုတစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြောရ၊ ဆွေးနွေးရတာမျိုးလဲ ရှိပါတယ်။

Communication Process

Sender >>> Channel >>> Receiver >>> Feedback to Sender

ဆက်သွယ်မှုတစ်ခုမှာ အပိုင်း ၄ ပိုင်းပါဝင်ပါတယ်..
(၁) သတင်းတစ်ခု၊ အသိတစ်ခုကို ပေးချင်တဲ့သူ - သူက ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် ပြောပြနိုင်ဖို့ လိုပါတယ်။
(၂) သတင်းပေးမဲ့ ကြားခံ မီဒီယာ - ဒါကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်၊ အဆင်ပြေတာကို သုံးဖို့ပါပဲ။ အခုလို မီးတွေပျက်နေတဲ့ အချိန်မှာ email ကို မသုံးသင့်ဘဲ ဖုန်းနဲ့ဆက်သွယ်တာမျိုး၊ ဖုန်းကလဲ လိုင်းသိပ်မမိတာကြောင့် အရေးကြီးကိစ္စတွေဆို လူချင်းတွေ့ပြီး ပြောလိုက်တာက ပိုကောင်းတာမျိုးပေါ့။
(၃) နားထောင်သူ - သူလဲ အရေးကြီးတာပါပဲ၊ တစ်ဖက်က ပြောချင်တာကို သေချာနားစိုက်ထောင်တတ်ဖို့ လိုပါတယ်။
(၄) ဘယ်လောက်နားလည်လဲ ပြန်ဆန်းစစ်ဖို့ - ဒါကတော့ ဆက်သွယ်မှုတစ်ခုမှာ အရေးကြီးဆုံးပါပဲ။ ကိုယ်ပြောတာကို သူသိမှသိရဲ့လား၊ နားရောလည်ရဲ့လား သေချာအောင် လုပ်ဖို့လိုပါတယ်။ ကိုယ်က email ပို့ထားတယ်၊ သူက မီးပျက်နေလို့ မဖတ်ရသေးဘူး၊ သူဖတ်ရတော့ ကိုယ်ချိန်းတဲ့အချိန်ကို လွန်သွားပြီ ဆိုတာမျိုးတွေ မဖြစ်ဖို့ပါ။ အပေါ်က ၃ခု အားနည်းနေရင်တောင် feedback ကို သေချာလုပ်နိုင်ရင် ဆက်သွယ်မှုတစ်ခုဟာ အောင်မြင်နိုင်ပါတယ်။

Communication Barriers

ဒီအပိုင်းကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးပါပဲ။ ဆက်သွယ်မှုတစ်ခုကို အရာမရောက်ဖြစ်စေတဲ့ အချက် ၆ ချက်ရှိပါတယ်..

(1) Filtering - စစ်ထုတ်တယ်လို့ တိုက်ရိုက်ပြန်လို့ မရပါဘူး၊ သတင်းတစ်ခုကို နားထောင်တဲ့သူအတွက် စိတ်ချမ်းသာရအောင် လျှော့ပေါ့ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာဆရာဝန်တွေ ပြောလေ့ရှိတဲ့ ကောင်းသွားမှာပါ ဆိုတဲ့ စကားမျိုးပေါ့၊ ဒါကြောင့်လဲ ပြဿနာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်၊ ကြားမိလိုက်ကြမှာပါ၊ဒါဟာ ဆရာဝန်ငယ်တွေအတွက်တော့ သင်ခန်းစာယူရမှာပါပဲ။ ဒီလိုဆိုပြီး အမြဲတမ်း တည့်တည့်ကြီး ဘွင်းဘွင်းကြီးပဲ ပြောရမယ်လို့တော့ မဆိုလိုပါဘူး၊ နည်းနည်းလေး စဉ်းစားချင့်ချိန်လို့ရအောင်ပါ။

(2) Selective Perception - တစ်ဖက်က နားထောင်တဲ့သူက ကိုယ်လိုရာကို ဆွဲပြီးတွေးတာမျိုးပါ၊ အထူးသဖြင့် အစားသောင်းကျန်းသူကို အစားရှောင်ဖို့ ပြောရင် တွေ့ရတတ်တာမျိုးပါ။

(3) Information overload - ဒါကတော့ မလိုအပ်ပဲ ဆေးပညာအသုံးအနှုန်းတွေ အများကြီးသုံးပြီး ရှငိးပြတာမျိုး၊ မလိုတာတွေကိုပါ ရောပြီးပြောလိုက်တာမျိုးပါ။ အဲလိုအခါမျိုးမှာ လူနာက ဘာကိုမှ မမှတ်မိတော့ဘဲ ဖြစ်သွားတတ်ပါတယ်၊ လူနာရဲ့ ပညာအရည်ချင်းကို လိုက်ပြီး ပေးချင်တဲ့ information ကို ချင့်ချိန်တတ်ဖို့ လိုပါတယ်။

(4) Emotion - ဒါကတော့ ကျွန်တော်တို့ဆရာဝန်တွေ အားအနည်းဆုံးနဲ့ သတိအထားသင့်ဆုံး အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ Final part 1 တုန်းက သင်ရပါတယ်၊ မှုခင်းဆရာဝန်က တရားခွင်မှာ သက်သေထွက်ဆိုရင် တစ်ဖက်ရှေ့နေက ကိုယ့်ကို အသရေပျက်အောင်၊ စိတ်မတို တိုအောင်ပြောပြီး ဆွတဲ့အခါ တည်တည်ငြိမ်ငြိမ်ရှိဖို့ အရေးကြီးကြောင်းပါ။ ကျောင်းသားဘ၀ကတော့ အဲလိုအမှုတွေ မလိုက်ဘူး၊ နယ်မသွားဘူး၊ ဒါကြောင့် ဒါတွေ သိဖို့မလိုပါဘူးဆိုရင်တောင် အခုတော့ မရတော့ပါဘူး၊ အကြောင်းက ကိုယ်ကိုယ်တိုင် တရားစွဲဆိုခံရတာတွေ ကြုံလာနိုင်တာကြောင့်ပါပဲ။ အနည်းဆုံးတော့ လူအများရဲ့ရှေ့မှာ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ခံရရင်၊ တစ်ဖက်လူနာရှင်က ကိုယ့်ကို ရင့်ရင့်သီးသီးတွေ ပြောနေခဲ့ရင်၊ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းပြီး ဖြေစရာရှိတာကို ချက်ကျလက်ကျ ဖြေနိုင်ဖို့၊ ဖြေတတ်ဖို့ လိုပါတယ်။ သူက ရိုင်းလို့ဆိုပြီး ကိုယ်က ပြန်ရိုင်းလို့ မရသလို စိတ်လှုပ်ရှားပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ ဖြေနေလို့ မရပါဘူး။

(5) Language - ဒါကတော့ နိုင်ငံခြားသွားမဲ့သူတွေ၊ လူမျိုးပေါင်းစုံနဲ့ ကြုံရမဲ့သူတွေ သတိထားသင့်တဲ့အရာပါ။ ဘာသာစကား ပိုင်နိုင်ဖို့ လိုသလို၊ စကားလုံးရွေးချယ်သုံးနှုန်းတတ်ဖို့လဲ လိုပါတယ်။ ဘန်းစကားတွေချည်း သုံးနေရင်လဲ တစ်ဖက်က အလွယ်တကူ နားလည်ချင်မှ လည်မှာပါ၊ နောက်ပြီး အထင်အမြင်လဲ သေးသွားနိုင်ပါတယ်။

(6) Apprehension - ဒါကတော့ နားထောင်သူရဲ့ ပညာအရည်အချင်းနဲ့ သက်ဆိုင်ပါတယ်။ ကိုယ်ပြောချင်တဲ့သူရဲ့ အနေအထားကို ကြိုတင်သိထား၊ ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုးပါပဲ။

Overcoming Barriers

ဒီလို ဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းများကို သိပြီဆိုရင် ဒါတွေကို ဘယ်လိုရှင်းရမယ်ဆိုတာကို ဆက်ကြည့်ကြရအောင်ပါ..

Be calm & cool - ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့ခံစားချက်တွေကို ချုပ်တည်းထားနိုင်ဖို့ လိုပါတယ်။

Action speaks louder than words - ကိုယ့်အမူအရာက လူနာအထင်သေးစရာ ကောင်းအောင် ကပျက်ကချော် ဖြစ်မနေဖို့ လိုပါတယ်၊ စတွေ့တွေ့ချင်း First impression မှာကတည်းက လူနာလေးစားအောင် ပြုမူတတ်ဖို့ လိုပါတယ်။

Use Feedback - အစောက ပြောခဲ့သလိုပဲ၊ ဆက်သွယ်မှုတစ်ခု ထိရောက်ဖို့အတွက် feedback ကအရေးကြီးဆုံးပါပဲ။ နိုင်ငံတကာက ဟောပြောပွဲတွေမှာဆို မစခင်မှာ background knowledge ဘယ်လောက်ရှိသလဲ သိဖို့မေးခွန်းလေးတွေ အရင်ဖြေခိုင်းပါတယ်။ ဟောပြောပွဲပြီးတာနဲ့ သူတို့ဘယ်လောက်သိသွားလဲဆိုတာကို မေးခွန်းတွေထပ်မေးပြီး စစ်ပြန်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကိုယ်ရဲ့ဆက်သွယ်မှုဟာ အောင်မြင်တယ်၊ မအောင်မြင်ဘူး သိနိုင်ပါတယ်။ အနည်းဆုံးတော့ အဲလို မလုပ်နိုင်ရင်တောင် ကိုယ်ပြောခဲ့သမျှတွေကို ခြုံငုံပြီး ပြောပြလိုက်ဖို့တော့ လိုပါတယ်။

Simplify language

Listen actively - လူနာက ကိုယ့်ကိုပြောတာပဲ ဖြစ်ဖြစ်၊ မီဒီယာက ကိုယ့်ကို မေးမြန်းနေတာပဲ ဖြစ်ဖြစ် အသေအချာ နားစိုက်ထောင်တတ်ဖို့ လိုပါတယ်။ ကိုယ်ပြန်ပြောတဲ့အခါမှာလဲ တစ်ဖက်လူက သေချာနားထောင် မထောင် ဂရုစိုက်ကြည့်နေဖို့ လိုပါတယ်။  ။

လူဟာ အနာဂတ်ကို မျှော်တွေးတတ်ဖို့ လိုသလို၊ အနာဂတ်မှာ ဖြစ်လာနိုင်တာတွေအတွက်လဲ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီ communication skills ဟာလဲ ကျွန်တော်တို့တွေအနာဂတ်မှာ မတတ်မဖြစ် တတ်ထားရမဲ့ ပညာတစ်ခု ဖြစ်လာပါပြီ။ ဒါတွေကတော့ ကျွန်တော်စဉ်းစားမိသလောက်လေး ပြန်ပြီး share လိုက်တာပဲ ဖြစ်ပါတယ်။ နောက်ထပ်ပြောသင့် ဝေမျှသင့်တာလေးတွေ ရှိလာရင်လဲ ကြိုးစားရေးသားသွားပါဦးမယ်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...