ရာသီဖျား
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Monday, April 2, 2012 at 3:15pm ·
Post Owner; ;ဒေါက်တာ သန်းဦး
မြန်မာနိုင်ငံသည် မြောက်ကမ္ဘာ လုံးခြမ်းရှိ အာရှတိုက်၏ တောင်ဘက် ထိုးထွက်လျက် ရှိသော
ကျွန်းဆွယ်ကြီး သုံးခု အနက် အရှေ့ဘက် ဆုံး ဖြစ်သော အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် တည်ရှိပြီး
မြန်မာနိုင်ငံ၏ အများစု သုံးပုံ နှစ်ပုံ ကျော်မှာ အပူပိုင်းဇုံ အတွင်းတွင် တည်ရှိကာ မြောက်ပိုင်း အချို့
ဒေသ များသာ နွေးသမပိုင်း ဇုံတွင် တည်ရှိ သဖြင့် မုတ်သုံရာသီ ခံစားသော ရာသီ ဖြစ်သည်။ နွေ၊
မိုး၊ ဆောင်း သုံး ရာသီ ခံစားသော သဘာဝ ရှိသည်။ ထို့ကြောင့် နွေမှ မိုးအကူး၊ မိုးမှ
ဆောင်းအကူး၊ ဆောင်းမှ နွေအကူး တို့တွင် ရာသီ အကူးအပြောင်း ဖျားနာတတ် ကြသည်။
ဤသည်ကိုပင် ရာသီဖျားဟု သတ်မှတ် ကြခြင်းပင်၊ ထိုသို့သော ကူးပြောင်း ချိန်များတွင်
အပူအအေး မညီမျှမှု၊ စွတ်စို ထိုင်းမှိုင်းမှု၊ ပတ်ဖွဲ့သိပ်သည်းမှု စသည့် ဥတုရာသီ ဖောက်ပြန်မှု
အလီလီကိုလည်း ခံစား ရတတ်သည်။ ထိုအခါ နှာမွှန်၊ နှာရည်ယို၊ ချောင်းဆိုး ချွဲထ၊ တချို့
ရင်ပါကျပ်၊ မျက်စိနာ၊ အာသီးရောင် ကြရုံမျှမက တုပ်ကွေး ဖျားလည်း ဖျားတတ် ပေသေးသည်။
လူကို အန္တရာယ်ပြု ရောဂါရ စေသော ရောဂါ ပိုးများကို အရွယ် ပမာဏ အချိုးအစား အရ
အကြမ်းဖျင်း ခွဲခြား ပြရသော် ပရို့တိုဆိုဝါ ပိုးများ၊ ဖန်းဂပ်စ် ပိုးများ၊ ဗက်တီးရီးယား ပိုးများနှင့်
ဗိုင်းရပ်စ် ပိုးများ ဖြစ်ပေရာ အထက် ဖော်ပြပါ ရာသီဖျား ခေါ် တုပ်ကွေး ဖျားကို ဖြစ်စေသော
ရောဂါပိုးမှာ ဗိုင်းရပ်စ်ပိုး အမျိုးအစား ဖြစ်ပြီး မျိုးခွဲ အနေဖြင့် အေ၊ ဘီ၊ စီ ဟူ၍ သုံးလီ ခွဲခြား
ရှိနေပြန် ပါသည်။ အဆိုပါ တို့အနက် လူစု လူဝေး၊ လူအုပ်စု အလိုက်၊ နယ်မြေ ဒေသ အလိုက်
အများအပြား စုပုံ ဖြစ်ပွား စေနိုင်သော အစွမ်း ရှိသည့် မျိုးခွဲမှာ အေ အမျိုးအစား ဖြစ်ပြီး ဒုက္ခလည်း
အပေးဆုံး၊ ကူးစက်မှု နှုန်းလည်း အမြန်ဆုံး ဖြစ်ပေသည်။ မည်မျှ မြန်ဆန် သနည်းဟူမူ နာရီပိုင်း၊
ရက်ပိုင်း အတွင်း၊ အိမ်လုံးကျွတ်၊ ရွာလုံးကျွတ်၊ ရပ်ကွက်လုံးကျွတ် ကူးစက် နိုင်စွမ်း ရှိသဖြင့် တချို့
အိမ်များတွင် ရေပေးမည့်သူ မရှိအောင်ပင် ဖြစ်ခဲ့ ကြဖူးသည်များ ရှိခဲ့သည်။ ဤသို့ဖြင့် တုပ်ကွေး
ရောဂါသည် ရောဂါ ဖြစ်ပွား ခံစား နေရသူထံမှ အခြား သူများထံ ကူးစက် မြန်လှပေရာ မိသားစု
တစ်စုတွင် တစ်ယောက် တုပ်ကွေး ရောဂါ ကူးစက်မှု ခံရပါက တစ်နည်း ရောဂါ လက္ခဏာ ပြပြီး
စတင် ဖြစ်ပွား လာပါက ကျန်မိသားစုဝင် များထံ လွယ်လင့် တကူ ကူးစက် နိုင်ပြီး မိသားစုလုံး
ကျွတ် တုပ်ကွေး ရောဂါ ဖြစ်တတ်ကြ ပေသည်။ သို့ဖြစ်၍ မိသားစုဝင် တစ်ဦးဦးတွင်
တုပ်ကွေးရောဂါ၏ ကနဦး လက္ခဏာများ ဖြစ်သော နှာရည်ယို၊ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်
ကိုက်ခဲကာ စတင် ဖျားလာပြီ ဆိုကတည်းက ကျန်မိသားစုဝင်များ အားလုံး အထူး ဂရုပြု ဆင်ခြင်
နေထိုင်ကြရန် လွန်စွာ အရေးတကြီး လိုအပ် လှပေသည်။ အဘယ့်ကြောင့် ဆိုသော် အထက်
ဖော်ပြပါ ရောဂါ လက္ခဏာများ ခံစား နေရသူ တစ်ဦး၏ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊
စကားပြောခြင်း တို့ဖြင့် အဆိုပါ ပုဂ္ဂိုလ်၏ ပါးစပ်နှင့် နှာခေါင်း ပေါက်တို့မှ ဗိုင်းရပ်စ် ပိုးများသည်
ပတ်ဝန်းကျင် လေထုထဲသို့ လွယ်လင့် တကူ ပျံ့နှံ့ သွားစေသောကြောင့် ဖြစ်သည်။ ရောဂါ
ဖြစ်ပွားသူ၏ ဟတ်ချိုး တစ်ချက်သည် ဝန်းကျင် တစ်ဝိုက် အတွက် ရောဂါ ကူးစက်ရန် အလွန်
လုံလောက်သည်။ ရောဂါ ဖြစ်ပွားသူနှင့် တရင်းတနှီး နေထိုင်ပြုစု မိရာက ဗိုင်းရပ်စ်ပိုးမှာ အုံနှင့်
ကျင်းနှင့် နှာခေါင်း ပေါက်များမှ တစ်ဆင့် အသက်ရှူပြွန်များ အတွင်းသို့ ဝင်ရောက် သွားပြီး
နှစ်ရက်ခန့် အတွင်းတွင် ရောဂါ လက္ခဏာ ပြပေတော့သည်။ ထိုကာလများတွင် ရောဂါပိုး ကူးစက်
ခံရသူမှာ ခေါင်းအုံ ကိုက်ခဲခြင်း၊ ကိုယ်လက် တောင့်တင်း မအီမသာ ဖြစ်ခြင်းဖြင့် စတင် ခံစားခဲ့
ရသည်။ ဤသို့ဖြင့် ဝင်ရောက် လာသော ဗိုင်းရပ်စ်ပိုးသည် အာခေါင်၊ လည်ချောင်းနှင့်
လေပြွန်များတွင် အနေများရာမှ တိုးပွားလာ (Viral Load များလာသော အခါ ရောဂါ
လက္ခဏာများ ပြကြ ပေတော့သည်။ သိသာ ထင်ရှားသော ရောဂါ လက္ခဏာများမှာ ဖျားပြီး
ကိုယ်အပူချိန် တက်ခြင်း၊ ခေါင်းပြင်းထန် စွာကိုက်ခြင်း၊ ခေါင်း တစ်ခုလုံး အုံခဲခြင်း၊ မျက်လုံးများ
ပူခြင်း၊ နှာရည်ယို၊ နှာမွှန် ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်း၊အသံအက် အသံပျက်ခြင်း၊
အစားအသောက် ပျက်ခြင်း၊ တစ်ကိုယ် လုံးရှိ အဆစ်အမျက် အကြောအခြင်များနှင့်
ကြွက်သားများ နာကျင် ကိုက်ခဲခြင်း စသော လက္ခဏာများ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ် ခံစားရ
ပါသည်။ ယခု ဖော်ပြခဲ့သော ရောဂါ လက္ခဏာ များမှာ လူ၏ အသက် အန္တရာယ်ကို ရုတ်ခြည်း
ထိခိုက် နိုင်လောက်သည် မဟုတ်စေကာမူ နောက်ဆက်တွဲ ရောဂါများ လိုက်လာမည် ဆိုပါက
ဘူးလေးရာ ဖရုံဆင့် ဖြစ်ပြီး ရာသီဖျား တုပ်ကွေးဖျား အလေး မထားမိရာက မမျှော်လင့်သော
ဆုံးရှုံးမှု အထွေထွေနှင့် တွေ့ကြုံရလျက် အသက်ပင် ပေးရတတ် ပါသည်။ သို့ဖြစ်ပေရာ
ဤရောဂါအပေါ် သတိလျော့ကျ ပေါ့ဆ မနေဘဲ ကျန်းမာရေး အသိ တရား ရှိရှိနှင့် သတိထား
စောင့်ကြည့် ဆောင်ရွက်ကြရန်မှာ လွန်စွာ အရေးကြီးလှ ပေသည်။ ဤနေရာတွင် တုပ်ကွေး၏
နောက်ဆက်တွဲ ရောဂါ များမှာ တစ်ခု ပြီး တစ်ခု သို့မဟုတ် ပြိုင်တူ ဝင်ရောက်တတ် ပေသည်။
ရောဂါ ခံစားနေရသူ၏ အသက် အပိုင်းအခြား၊ ကိုယ်ခံရည် စွမ်းအား၊ စားသောက်သော
အစားအစာ အာဟာရ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ကျန်းမာရေး အသိအမြင် ဗဟုသုတ၊
သောက်သုံးသော ဆေးဝါးများ အပေါ် မူတည်၍ နောက်ဆက်တွဲ ဆင့်ပွား ရောဂါများ ဝင်ရောက်
လာရခြင်းပင်။ ရာသီဖျား တုပ်ကွေး ဖြစ်နေစဉ်တွင် ကာယကံရှင်၌ ကိုယ်ခံ စွမ်းရည် ကျဆင်း
နေချိန်နှင့် တိုက်ဆိုင် နေပါက အခြားသော ဗက်တီးရီးယား ရောဂါပိုးများ ထပ်ဆင့်
ဝင်ရောက်လာကြကာ အသက်ရှူ လေပြွန် ရောင်ခြင်း (Bron-chitis)၊ အဆုတ် အအေးမိခြင်း
(Pneumonia)၊ ချောင်းတဟွတ်ဟွတ်ဆိုး လည်ချောင်းကွဲ သွေးစပါ လာတတ်ခြင်း (Severe
cough with Blood stained mucus)၊ အာသီးရောင်ခြင်း (Tonsillitis) နှင့် ယင်း၏
နောက်ဆက်တွဲ လေးဖက်နာ နှလုံးရောင်ခြင်း (Rheumatic Carditis)၊ ဗိုင်းရပ်စ်ပိုးများ
ဦးနှောက်တွင်း ဝင်ရောက်ကာ ဦးနှောက် မြှေးရောင် ခြင်း (Viral encephalitis) တို့အပြင် နှလုံး
ကြွက်သားများ ရုတ်တရက် လှုပ်ရှားမှု လျော့ကျ သေဆုံးခြင်း (Acute heart failure) တို့သည်
နောက်ဆက်တွဲ ရောဂါဆိုးများ အဖြစ် ဝင်ရောက် တတ်ပေသည်။ သို့ဖြစ်ပေရာ သာမန် တုပ်ကွေး
ရောဂါမှာ ကြောက်စရာ မဟုတ်သော်လည်း ယခု ဖော်ပြခဲ့ ပြီးသော နောက်ဆက်တွဲ ရောဂါ
လက္ခဏာ တစ်ခုခု သတိပြု မိပါက ချက်ချင်းပင် တတ်ကျွမ်း နားလည်သော ဆေးဘက် ဆိုင်ရာ
ဆရာဝန်နှင့် ပြသကာ လျင်မြန် ထိရောက်စွာ ကုသမှု ခံယူရန်မှာ လွန်စွာ အရေးကြီးလှ ပေသည်။
အချိန်မီချုပ် အစုတ် သက်သာ၊ ကာကွယ် ခြင်းသည် ကုသခြင်းထက် ထိရောက်၏ ဟူသော
ဆိုရိုးစကားများ အတိုင်း တုပ်ကွေး ရောဂါအားလည်း မဖြစ်မီ ကြိုတင် ကာကွယ်ရန်မှာ အထူး
လိုအပ်လှ ပါသည်။ မိမိ၏ မိသားစုဝင် အိမ်သား တစ်ဦးဦးတွင် တုပ်ကွေး ရောဂါ ဖြစ်ပြီ ဆိုပါက
အဆိုပါ ပုဂ္ဂိုလ်နှင့် အတူ အိပ်ခြင်း၊ စားခြင်း၊ စကားပြောခြင်း တို့ကို အခိုက်အတန့် ရပ်ဆိုင်းပြီး
သီးခြား နေထိုင် အနားယူ စေရ မည်။ နို့တိုက် မိခင် တုပ်ကွေး ဖျားလျှင် နို့တိုက်ချိန်တိုင်း
နှာခေါင်းစည်း ဝတ်ဆင်ပြီးမှ နို့တိုက်ရမည့် အပြင် ကျန်အချိန်များတွင် ကလေးကို ချီပိုးခြင်းပင်
မပြုသင့်ပေ။ အထူးသဖြင့် ရာသီ ဖျား တုပ်ကွေးဖျား ထူပြောသော ရာသီ အကူးအပြောင်း များတွင်
လူစုလူဝေး ရှိရာ ပွဲလမ်း သဘင် ရုပ်ရှင် ဗီဒီယိုရုံများသို့ မသွားသင့်ပါ။ အိပ်ရေး မပျက်စေရ။
အိပ်ရေး ဝ၀ အိပ်ရမည်။ ကျန်းမာရေးနှင့်၊ ဥတုရာသီနှင့် ညီညွတ် မျှတသော အစားအစာ
အာဟာရ မှီဝဲရမည်။ ခရမ်းသီး၊ ဝက်သား၊ ငါးသလောက်၊ ပုစွန်၊ မှို၊ မျှစ်၊ ရွှေဖရုံသီး၊ အုန်းသီး၊
အုန်းနို့၊ ငါးရှဥ့်၊ တညင်းသီး၊ ဆူးပုပ်ရွက် အစရှိသည့် အကြောတက် ကိုယ်လက် ကိုက်ခဲ စေသည့်
အစားအသောက် များကို သတိထား ရှောင်ကြဉ် ရပေမည်။ နေ့စဉ် အိပ်ရာထနှင့် ညနေစောင်း
တို့တွင် သင့်လျော်သော ကိုယ်လက် လှုပ်ရှား အားကစားမှု တစ်ခုခု ပြုသင့်သည်။ ထိုသို့
မပြုလုပ်နိုင်ပါက အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက် သင့်သည်။ မိုးရွာနေပါက မိမိ အိမ်ခန်း
တွင်းတွင်ပင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် ပေးသင့်သည်။ ရေချိုးကာ နီးတိုင်း ရေအဝ
သောက်ပြီးမှ ရေချိုးသင့်သည်။ ရေချိုး ရာတွင်လည်း စိမ်ပြေနပြေ မချိုးသင့်ပါ။
သင့်တင့် လျှောက်ပတ်ရုံသာ ချိုးသင့် သည်။ အောက်ပိုင်း တစိုစို အအေးခံ အဝတ်လျှော်ခြင်း၊
မိုးရေ ကြာရှည် အမိခံခြင်း၊ ခေါင်းကို မိုးစိုရေစိုခြင်း တို့ကို ရှောင်သင့်သည်။ ဆေးလိပ်
သောက်ခြင်း၊ ကွမ်းစားခြင်း တို့ကိုလည်း အတတ် နိုင်ဆုံး ရှောင်ရှားသင့်သည်။ အိပ်ရာထ၊
အိပ်ရာဝင်ကာနီးတိုင်း လေကောင်း၊ လေသန့်ရရာ နေရာတွင် အသက်ရှူ လေ့ကျင့်ခန်းကို
ဆယ်မိနစ်ခန့်စီ ဆောင်ရွက်သင့်သည်။ အထက် တွင် ဖော်ပြပြီးဖြစ်သော တုပ်ကွေးကြိုတင်
လက္ခဏာများ ခံစားရသည်နှင့် တစ်ပြိုင်နက် ဆားရည် နွေးနွေး ငုံထွေး အာလုတ် ဆေးခြင်းကို
အနည်းဆုံး တစ်နေ့လျှင် သုံးကြိမ် ပြုလုပ်သင့် သည်။ ကြွေပန်းကန် စောက်အတွင်းသား
ပရုပ်ဆီသုတ်၊ ရေနွေး သုံးပုံနှစ်ပုံ ခန့်ထည့်၊ တင်ပျဉ်ခွေပေါ် အဝတ်ခံတင်၊ အပေါ်မှ စောင်ခြုံပြီး
အပူငွေ့ ရှူခြင်း (Steam inhalation) ကိုလည်း တစ်နေ့လျှင် သုံးကြိမ်ခန့် ဆောင်ရွက်မှု
ပေးသင့်သည်။ ဤသို့ ကြိုတင်ကာကွယ်၊ ဖြစ်စ ကုသပါလျက်မှ ရုတ်တရက် သက်သာခွင့် မရလျှင်
နီးစပ်ရာ ဆေးရုံ ဆေးပေးခန်း၊ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်း တို့ထံ ပြသကာ လိုအပ်သော
ကုသမှုကို ဆောလျင်စွာ ခံယူ ကုသရပေမည်။ သို့မှသာ ရာသီဖျား၊ တုပ်ကွေးဖျားနှင့် တကွ
နောက်ဆက်တွဲ ရောဂါဆိုးများကို ပြတ် သားစွာ တွန်းလှန် ကာကွယ် နိုင်ကြမည် ဖြစ်ပေသည်။
Source : Health Digest News Journal
0 comments:
Post a Comment