မဟောင်းတဲ့ အမြင်သစ်
by Zay Ya on Tuesday, April 3, 2012 at 4:50pm
ကျနော် မြတ်နိုးတဲ့ ဆရာတစ်ပါး - ဒဿနိက ဗေဒ ပါမောက္ခ ဆရာဒေါက်တာ ခင်မောင်ဝင်း ရဲ့ ဆောင်းပါး စာတိုလေး တစ်ပုဒ် ဖြစ်ပါ တယ်။ မူရင်း ဆောင်းပါး အမည် ကလည်း "မဟောင်းနိုင်သော အတွေးအမြင်သစ် တစ်ရပ်" လို့ ပေးထား တယ်။ "အနောက်တိုင်း ဒဿနဗေဒ ကို မြန်မာ့ မျက်စိဖြင့် ကြည့်ခြင်း" အတွဲ (၂) ရဲ့ အစမှာ ပါရှိပါ တယ်။
ဆရာ့ အမြင်က ရိုးတယ်။ မေးခွန်း အချက်တွေက ရှင်းတယ်။ ကျနော့ အမြင် အရ - ဆရာ့ မေးခွန်းတွေဟာ အစွမ်း သတ္တိ ရှိနေပါတယ်။ ။ အဲ့ဒီ ရိုးရှင်းတဲ့ စကား အပေါ်မှာ ထင်ဟပ်နေတဲ့ သူ့အမြင် ၊ သူ့မေးခွန်း တွေ ကို ကျနော် ကြိုက် တယ်။ ပို စိတ်ဝင် စားတာက ဆရာ မေး တဲ့ မေးခွန်း တွေ ဖြစ်ပါတယ်။
ဒီ ဆောင်းပါးရဲ့ အဆုံးသတ်နား လောက် မှာ အဲ့ မေးခွန်း တွေ ပါဝင်တယ်။ ဆရာ့စကားကို ဆက် စဉ်းစား တာ မစဉ်းစားတာ ကျနော် မပြောလိုပါဘူး။ - မြင်အောင် မကြည့်သင့်ဘူးလား လို့ အတွေး ရောက်လို့ တင်ပါတယ်။ အားလုံးကို - ကျေးဇူး တင် တယ်။
ဇေယျ
.................
မဟောင်းနိုင်သော အတွေးအမြင်သစ် - ဒေါက်တာ ခင်မောင်ဝင်း (ဒဿန)
ဥရောပ တိုက်မှာ စက်မှုတော်လှန်ရေး ဖြစ်တယ်။ လူတွေက လူသုံးကုန် ပစ္စည်းတွေ တော်တော်များများ ထုတ်လုပ် လာနိုင်တယ်။ အဲ့အခါ လူတွေ ရဲ့ မျှော်လင့်ချက်လည်း မြင့်မား လာတယ်။ စက်မှု တော်လှန်ရေး ခေတ် မတိုင်မီက လူတွေ ထင်ကြတာက လူတွေ အချင်းချင်း စစ်ဖြစ်ကြတာဟာ လူသုံးကုန် ပစ္စည်း ဖူဖူ လုံလုံ မရှိလို့ဘဲ လို့ ထင်ကြတယ်။
အခု စက်မှု တော်လှန်ရေး ဖြစ်ပြီးပြီ။ လူသုံးကုန် ပစ္စည်းတွေလည်း ဖူဖူလုံလုံ ထုတ်လာပြီ။ ဖြစ်လာတဲ့ ပြဿနာတွေက ပစ္စည်း မဖူလုံ တဲ့ ပြဿနာ မဟုတ်တော့ဘူး။ ပစ္စည်းတွေကို လိုတာထက် ပိုထုတ်နိုင်တဲ့ နိုင်ငံတွေက သူတို့ရဲ့ ပိုလျှံတဲ့ ပစ္စည်းတွေ အတွက် ဈေးကွက် ရှာကြ တဲ့ ပြဿနာ ဖြစ်လာတယ်။ ဒီ ဈေးကွက် ရှာတဲ့ ပြဿနာက ပစ္စည်း ဖူလုံမှု မရှိတဲ့ ပြဿနာထက် ပိုကြီးမား လာတာ ကို တွေ့ရ တယ် ။ ဒီတော့ ဘာဖြစ်လာသလဲ။ ပိုလျံနေတဲ့ ပစ္စည်း အများကို ပိုင်ကြတဲ့ နိုင်ငံ အချင်းချင်း ရန်ဖြစ်ကြတယ်။ ဒါနဲ့ပဲ "ပထမ ကမ္ဘာ စစ်ကြီး" ဆို တဲ့ စစ်ကြီး ဖြစ်လာပါတယ်။ ဒီ "ပထမ ကမ္ဘာစစ်ကြီး" ကို "ကမ္ဘာစစ်ကြီး" ဆိုပေမယ့်လည်း တကယ်ကတော့ "ကမ္ဘာ စစ်ကြီး" မဟုတ်သေး ပါဘူး။ ဥပမာ - ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပထမကမ္ဘာစစ်ကြီး တုန်းက စစ်ဒဏ်ကို မခံခဲ့ရဘူး။
ဒုတိယကမ္ဘာစစ်ကြီး ကမှ ပိုမို ကျယ်ပြန့်တဲ့ စစ်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ လည်း ပါလာတယ်။ စစ်တလင်း ဖြစ်ခဲ့ ရတယ်။ နိုင်ငံကြီး တွေဟာ တစ်ဖက်နဲ့ တစ်ဖက် မျက်နှာ ချိုသွေးတယ်။ ဝါဒ ဖြန့်ခဲ့ကြတယ် ။ ဒါပေမယ့် သူတို့ရဲ့ အရင်းခံ ရည်မှန်းချက် ကတော့ မိမိ တို့ရဲ့ ဈေးကွက်ကို ပိုမို တိုးချဲ့ရေး ပဲ ဖြစ်တယ်။ ဈေး ကွက်တွေ အများကြီး ရထားတဲ့ အင်္ဂလိပ်တို့၊ ပြင်သစ် တို့ ၊ ဒတ်ခ်ျ တို့ကို ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် မရသေး တဲ့ ဂျာမနီတို့၊ ဂျပန်တို့၊ အီတလီတို့က စစ်စတိုက် ကြတာပဲ။
ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီး ဟာ တကယ့် ဒုတိယ ကမ္ဘာစစ်ကြီး မဟုတ်သေးဘူး။ ဥပမာ - အမေရိကန် ဟာ ဒုတိယ ကမ္ဘာစစ်ကြီး ထဲမှာ ပါပေမယ့် သူ့နိုင်ငံဟာ စစ်ဘေး စစ်ဒဏ် ကို မခံခဲ့ရဘူး။ အခုလို ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ စစ်ဘေး စစ်ဒဏ်ကို မခံခဲ့ရလို့ပဲ ဒုတိယ ကမ္ဘာ စစ်ကြီး အပြီးမှာ အမေရိကန် ဟာ အချမ်းသာ ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့တယ်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခါနီးမှာ အမေရိကန် က ဂျပန်ပြည်မှာ အဏုမြူ ဗုံးချခဲ့တယ်။ လူတွေ အတော်သေခဲ့တယ်။ ဂျပန် က စစ်ကို အရှုံးပေး ခဲ့ရတယ်။ ဒီ အဏုမြူ ဗုံးဟာ ကမ္ဘာ့ သမိုင်းကြောင်း ကြီး တစ်ခုလုံး နဲ့ လူတွေရဲ့ အတွေးအခေါ်ကို အများကြီး ပြောင်းလဲ စေ ခဲ့တယ်။ သို့ ပေမယ့် ဒီ အဏုမြူ စွမ်းအင်ဟာ တစ်ဘက်က ကြည့်မယ် ဆိုရင် လူသား တစ်ရပ်လုံးကို အကျိုး ပြုနိုင်လောက် အောင် အင်အား ကြီးမား တယ်။ ကမ္ဘာပေါ်မှာ ဒါလောက် အင်အား ကြီးမားတဲ့ ရုပ်စွမ်း ပကားကို မတွေ့ခဲ့ရဖူးဘူးရယ်။
ဒါ့ကြောင့် အဏုမြူ စွမ်းအား မှာ ဘက် နှစ်ဖက် ရှိတယ်။ တစ်ဖက်က လူသား တစ်ရပ်လုံးကို ဖျက်ဆီးဖို့နဲ့ အခြား တစ်ဖက်က လူသား တစ်ရပ်လုံး ကို ကယ်တင် ပေးဖို့ ဖြစ်တယ်။ ဘယ်လမ်းကို ရွေးမလဲ ဆိုတာ ဘယ်သူမှ အဆုံး အဖြတ် မပေးနိုင်ဘူး။ လူသား တစ်ရပ်လုံး ကပဲ အဆုံး အဖြတ် ပေးရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လူသား တစ်ရပ်လုံးမှာ ခက်ခဲနေတာက "ဓန ဥစ္စာကို ဘယ်လို ဝေငှ မလဲ" ဆိုတဲ့ ပြဿနာပဲ။ ကမ္ဘာပေါ်မှာ ချမ်းသာ တဲ့နိုင်ငံ ကလည်း အလွန် ချမ်းသာ၊ ဆင်းရဲ တဲ့ နိုင်ငံကလည်း အလွန် ဆင်းရဲ ဖြစ်နေတယ်။ ဒါ့ပြင် တစ်နိုင်ငံ ထဲမှာ ကြည့်ရင်တောင် ချမ်းသာ တဲ့ လူတွေ က အလွန် ချမ်းသာ၊ ဆင်းရဲ တဲ့ လူတွေက အလွန် ဆင်းရဲနဲ့ -- "လူသား" ကို "လူသား တစ်ရပ်လုံး" လို့ ခေါ်ရတာဟာ ဘာလဲ လို့ တောင် ပြောဖို့ မလွယ် ဘူး။
ဒီလို ပစ္စည်း ဥစ္စာ အရ ကွာဟမှု ပြဿနာကို ဖြေရှင်းဖို့ ကွန်မြူနစ် ဝါဒ၊ ဆိုရှယ်လစ် ဝါဒတွေ ပေါ်လာတယ်။ သူတို့ ပေါ်လာခါမှ ပိုဆိုး လာတယ်။ ဂိုဏ်း ဂဏ တွေ ပေါ်လာတယ်။ လူအချင်းချင်း သွေးခွဲတဲ့ လူတန်းစား တိုက်ပွဲ တွေ ပေါ်လာတယ်။ စစ်အေး ဆိုတာ ပေါ် လာတယ်။ ဒါနဲ့ပဲ အခုအခါ သမိုင်းတစ်ကွေ့ မှာ ကွန်မြူနစ် ဝါဒ၊ ဆိုရှယ်လစ် ဝါဒ ကို ခေါက်ထား လိုက်ရတော့တယ်။
ဒါပေမယ့် နိုင်ငံရေး ဝါဒတွေ ဘာပဲ ဖြစ်နေ ဖြစ်နေ၊ အဏုမြူ စွမ်းအင် ကို လူသားတွေ အကျိုး အတွက် သုံးမလား ၊ ဒါမှ မဟုတ်၊ လူသား တစ်ရပ် ပြုတ်ပြုတ်ပြုန်း တာ အတွက် သုံးမလား ဆိုတဲ့ ပြဿနာ ကတော့ ပျောက်မသွား ဘူး။ ရှိနေဆဲပဲ။ ဒါ့ကြောင့် လူသား တစ်ရပ်လုံး အကျိုး အတွက် အဏုမြူ စွမ်းအင်ကို သုံးနိုင်တဲ့ နည်းလမ်းကို ရှာရလိမ့်မယ်။
ကျွန်တော် မြင်တဲ့ နည်းလမ်း တစ်ခုကတော့ လူအချင်းချင်း မေတ္တာ ပွားများ စေမယ့်၊ လူအချင်းချင်း ဆက်ဆံ ရာမှာ သစ္စာတရားကို တည်ဆောက် နိုင်မယ့် ဘာသာ ရေး အဆုံး အမတွေကို ဖော်ထုတ်ဖို့၊ အဏုမြူ ခေတ်မှာပဲ ဘာသာရေးဟာ အရေးကြီး ကြောင်း ဖော်ပြ ကြဖို့ ဖြစ်ပါတယ်။ ဤ နည်းလမ်းမှ တစ်ပါး အခြား နည်းလမ်းကို ကျွန်တော့် အဖို့ စဉ်းစားလို့ မရဘူးရယ်။
ဒါ့ကြောင့် အဏုမြူ စွမ်းပကား ဟာ အကြီးမား ဆုံးလား လို့ မေးရင် ကျွန်တော် ဖြေချင်တာက အဏုမြူ စွမ်းပကား ဟာ အကြီးမားဆုံး မဟုတ်သေး ပါဘူး။ သူ့ထက် ကြီးမားတဲ့ စွမ်းပကား ရှိပါသေးတယ်။ အဲ့ဒီ စွမ်းပကား ကတော့ ဘာသာရေး စွမ်းပကား ပါပဲ။ လူတွေ ဟာ မေတ္တာ တရား ပွားများ ကြရင်၊ သစ္စာတရား ရှိကြရင် လူတန်းစား ကွာဟမှုဟာ နည်းလာမယ်။ လူတန်းစား ကွာဟ မှု နည်းလာရင် လူသား တစ်ရပ် လုံး ဟာ တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်လာမယ်။ ဒါဆို ဘယ်အန္တရာယ် မျိုးကမှ လူသားကို ဖျက်ဆီးလို့ မရနိုင်ဘူးပဲ။
ဒါ့ကြောင့် မဟောင်း နိုင်တဲ့ အတွေးအမြင် သစ် တစ်ရပ် အနေနဲ့ ကျွန်တော်တို့ တွေးဖို့က "အဏုမြူ ခေတ်မှာ ကိုးကွယ်တဲ့ ဘာသာ အသီးသီး ဟာ ညီညီ ညွတ်ညွတ်နဲ့ လူသား တစ်ရပ်လုံး အတွက် ဘယ်လို ရပ်တည် ကြမလဲ" ဆိုတာပဲ ဖြစ်ပါတယ်။
.................
~ အနောက်တိုင်း ဒဿန ဗေဒကို မြန်မာ့မျက်စိဖြင့် ကြည့်ခြင်း ( အတွဲ ၂ - စာမျက်နှာ ၁၂ - ၁၄ )
..................
April 3rd 2012 at 4:15 PM
..................
0 comments:
Post a Comment