ဘုရားသခင်ကို ဘယ်သူဖန်ဆင်းသလဲနှင့် .....
((ကျမ်းစာနှင့် မကိုက်ပါက ထောက်ပြပြောဆိုနိုင်ပါသည်။))
၁. ကောင်းကင်နှင့် မြေကြီးကို မဖန်ဆင်းခင်က ထာဝရ ဘုရားသခင် ဘယ်မှာ နေပါသလဲ။
ထာဝရ ဘုရားသခင်ဆိုတာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာကို မမေ့သင့်ဘူး။ ဒီတော့ သူက နေခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ဒြပ်ဆွဲအား၊ လျှပ်စစ်သံလိုက်အား၊ နျူကလိယအားများ စတဲ့ ရူပအား လေးမျိုးလုံး၊ ရှိသမျှသော လောကနိယာမ အားလုံးကို ဖန်ဆင်းထားတာဖြစ်တယ်။ ဒီတော့ ဖန်ဆင်းသူက သူနေဖို့ နေရာကို ဖန်ဆင်းလို့လဲ ရသလို၊ နေခြင်းဆိုတာကို ဖန်ဆင်းသူ ဖြစ်တဲ့အတွက် နေစရာလည်း မလိုပါဘူး။ ဒီတော့ ဘုရားဟာ ဘယ်မှာမှ နေစရာ မလိုတဲ့အတွက် ဘယ်မှာနေလဲ လာမေးစရာ မလိုပါဘူး။ ရှင်းပါတယ်နော်။
၂. ထာဝရဘုရားကို ဘယ်သူဖန်ဆင်းလဲ။
ထာဝရ ဘုရားဟာ ဖန်ဆင်းရှင် ဖြစ်လို့၊ သူဟာ ဖန်ဆင်းခြင်းဆိုတဲ့ သဘောကကို လွတ်ကင်းနေပါတယ်။ သူကို ဖန်ဆင်းစရာ မလိုပါ။
၃. ထာဝရ ဘုရားရဲ့ အတ္တုပတ္တိကို ဖော်ပြပါ။ သာမန်ထူချွန်သော လူပုဂ္ဂိုလ် သည်ပင် ထူးချွန်လာဖို့ ကြိုးစား ဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိ သည် ရှိ၏ယခုကဲ့သို့ တုနှိုင်း မမှီသော ဘုရားဂုဏ် နှင့် ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတဆူဖြစ်ဖို့ ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိ သည် ရှိသင့်လှပေသည်။ ရှိက ဖော်ပြပါ။ အကျိုးတရားတစ်ခုခုတိုင်းမှာ အကြောင်းတရားရှိတယ်။ အကြောင်း မရှိပဲ အကျိုးပေါ်ရိုး ထုံးစံ ရှိလား။
လူသားဟာ ဘုရားက ဖန်ဆင်းထားသူတွေ ဖြစ်တယ်။ အရှင်သခင် ဖြစ်သူက ဖန်ဆင်းခံကို သူနဲ့ ထိုက်တန်တဲ့ အသိဥာဏ်မျိုးပဲ ပေးစွမ်းလိမ့်မယ်။ ဖန်ဆင်းရှင်ရဲ့ ဥာဏ်တော်ကနေ စီးဆင်းတဲ့ ဖန်ဆင်းခံရဲ့ ဥာဏ်ဟာ ဖန်ဆင်းရှင်ရဲ့ အတ္တုပတ္တိဆိုတာ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။
နောက်တစ်ခုကို ဖြေပြမယ်။ အကြောင်း မရှိပဲ အကျိုးဖြစ်ခြင်းဆိုတာ လောက နိယာမ တစ်ခုဖြစ်တယ်။ ဒီလောက နိယာမဟာ ဖန်ဆင်းရှင်က ဖန်ဆင်းထားတဲ့ နိယာမ တစ်ခုပဲဖြစ်တယ်။ နောက်တစ်မျိုး ပြောလို့ရတာက တုနှိုင်းမမှီတဲ့ ဘုရား ဖြစ်တဲ့အတွက် တစ်ခုတည်းသော အကြောင်း မရှိပဲ အကျိုး ဖြစ်လာတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။
၎. မွေးဖွားလာစကပင် တဦးနှင့်တဦး အတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
ဘုရားသခင်ဟာ လူကို ဖန်ဆင်းခဲ့တယ်။ လူကို အတိုင်းအတာ တစ်ခုထိ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးခဲ့တယ်။ ဒီ ရွေးချယ်မှုတွေအတိုင်း လူတွေဟာ မတူမညီ ဖြစ်လာရတာပါပဲ။ ပမာဆိုရရင် ဆင်းရဲသားက မွေးတော့ သူလည်း ဆင်းရဲတာပေါ့။
၅. ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?
၂ မှာ ဖြေပြထားတဲ့ အတိုင်းပါပဲ။ လူ့ဥာဏ်ဟာ ဖန်ဆင်းရှင်ရဲ့ ဥာဏ်တော်ကနေ ဆင်းသက်လာတာ ဖြစ်လို့ အဘယ်အကျိုးကို မျှော်ကိုးတာ လူတွေ သိစရာ မလိုပါဘူး။
၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည်။ ဘုရားသခင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ် သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာအစွမ်းအစမှ မရှိလို့ ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?
ဘုရားဟာ လူကို ဖန်ဆင်းတုန်းက ပြီးပြည့်စုံခြင်းနဲ့ ဖန်ဆင်းပေးခဲ့တယ်။ လူ့စိတ်ကို လွတ်လပ်ခွင့်ပေးခဲ့တယ်။ အကောင်းလည်း ပေးတယ်။ အဆိုးလည်း ပေးတယ်။ အကောင်းတွေကို ရွေးယူစေနိုင်တဲ့ လူသားရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကိုလည်း ပေးတယ်။ ဘုရားစကားကို လူဟာ လွတ်လပ်စွာ လိုက်နာ ကျင့်သုံးတတ်ဖို့ စီစဉ်ခဲ့တယ်။ စည်းကမ်းတစ်ခု ထုတ်ခဲ့တယ်။ အေဒင် ဥယျာဉ်ထဲက ပန်းသီးကို မစားလေနဲ့လို့ မှာကြားထားတယ်။ ဒါပေမယ့် လူဟာ ဘုရားစကားကို နားမထောင်ဘူး။ ပန်းသီးကို စားတယ်။ အပြစ်ကို ရွေးတယ်။ ဘုရားစကား နားမထောင်လို့ ခုလို ဆင်းရဲ အမျိုးမျိုး ကြုံတွေ့ရပါသတဲ့။
၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုး သည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာပါသည် ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော ထာဝရဘုရားသည် ချမ်းသာပေးသလား ဆင်းရဲပေးသလား ဆိုတာ ဖြေကြားပေးပါ။
၆ အတိုင်းပါပဲ။ လူ့ခန္ဓာဟာ ဘုရားသခင် ဖန်ဆင်းစဉ်က ပြီးပြည့်စုံခဲ့တယ်။ အပြစ်ကျူးလွန်မိလို့ မိမိရဲ့ မကောင်းမှုကို မိမိ ပြန်ခံရခြင်းပဲ ဖြစ်တယ်။
၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူကမှ မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခဆိုးကြီးကိုပါ ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? ထာဝရဘုရား၏ မေတ္တာကို ရှင်းပြပါ။
၆ အတိုင်းပါပဲ။ ဒီလောကကြီးကို ဘုရားက ဖျက်သိမ်းချိန်ကို ဆုံးဖြတ်ပေးမယ်။ ဒီအတိုင်း ဖျက်သိမ်းမယ်။ ဘုရားစကားဆိုတာဟာ သူချမှတ်ထားတဲ့ နိယာမတွေကို manual သဖွယ် လမ်းညွှန်ပေးတဲ့ စကားပါပဲ။ ဘုရားစကား နားထောင်သူဟာ လောကနိယာမထဲက အကောင်းတွေကို ရမယ်။ ဒီ့အတွက် ကမ္ဘာဖျက်သိမ်းရင် သူ့ဝိညာဉ်ဟာ ကောင်းကင်ဘုံရောက်မယ်။ နားမထောင်သူဟာတော့ လောကထဲက မကောင်းတာတွေပဲ ရမယ်။ မကောင်းမှု ပြုသူ ဘုရားစကား နားမထောင်သူတွေနဲ့ ပတ်သက်လို့ ယုံကြည်ချက် အမျိုးမျိုး ရှိတယ်။ တစ်မျိုးကတော့ ဘုရားသခင်ဟာ အဲဒီ့လူတွေကို ထာဝရ ငရဲမှာ ထာဝရ ခံစားစေမယ်လို့ ဆိုတယ်။ နောက်တစ်မျိုးကတော့ ထာဝရ ငရဲမကျစေပဲ ထိုသူရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်တယ်လို့ ဆိုတယ်။
၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည် သင်ကိုယ်တိုင်လဲ ဒုက္ခရှိတာ ငြင်းချက်မရှိသေချာပါ၏ ဒုက္ခ ဖြစ်စေနိုင်သည့် ဒီခန္ဓာကို ထာဝရ ဘုရားက ဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ် သူမှာ ထာဝရဘုရားပင်ဖြစ်မနေဘူးလား? ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစာပြီးဖြေကြည့်ပါ။
ဖန်ဆင်းသူ ဖြစ်တဲ့အတွက် လောကကို ဖန်ဆင်းကတည်းက အကောင်း၊ အဆိုးနဲ့ အကောင်းအဆိုးကို လွတ်လပ်စွာ ရွေးချယ်ခွင့်တို့ကိုပါ ဖန်ဆင်းပြီးဖြစ်တယ်။ ဘုရားကို မယုံရင်၊ ဘုရားစကား နားမထောင်ရင် ဘုရားဖန်ဆင်းထားတဲ့ နိယာမအတိုင်း မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မှာပါပဲ။ ဘုရားသခင်ဆိုတာ ကျေးဇူးရှင် မဟုတ်ပါ။ မိမိရဲ့ ဖန်ဆင်းရှင်ပါ။ မိမိလောကကြီးရဲ့ လောကနိယာမ တစ်ခုလုံးကို ဖန်ဆင်းသူပါ။
၁၀. ထာဝရဘုရားသာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေး ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။ စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။
ဖန်ဆင်းခံဟာ ဖန်ဆင်းသူရဲ့ ဖန်ဆင်းမှု ဖြစ်လို့ သူ့စီမံချက်ကို ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ စဉ်းစားပါ။
၁၁. ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘ၀ကို ကြမ်တမ်းစေသနည်း? မအို မနာ မသေသော ကောင်းကင်နိုင်ငံတော်သို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေသနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့်ကိုက်ညီအောင် သုံးနှုံးဖြေကြားပေးပါ။
ဒီဘဝမှာ ကောင်းအောင်နေမှ နောက်ဘဝမှာ ကောင်းကင်ဘုံ ပို့မယ်ဆိုတာ ဘုရားသခင် ချမှတ်ပြီးသား အစီအစဉ်ပါ။ အိမ်ရှင်က ပေးတာထက် နေရာ အခန်း ပို ယူလို့ မရပါ။
၁၂. ထာဝရဘုရားသည် ကောင်ကင်နှင့်မြေကြီး ရေ သစ်ပင် တော တောင် လူတိရိစ္ဆာန်တို့ကို ဖန်ဆင်းခဲသည်ဟု ဆိုသည် သို့သော် ထိုထိုသော သက်ရှိ တို့ အသက်ရှင်ရေးအတွက် ရှူရှိုက်စရာ လေ ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌မပါရှိပါ။ ထို့ကြောင့် လေ ကိုဖန်ဆင်းသည်ဟူသောကျမ်း၏စာအုပ် စာမျက်နှာ အထောက်အထားတို့ ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။
သမ္မာကျမ်းစာဟာ ဖန်ဆင်းရှင်ရဲ့ မက်ဆေ့ခ်ျကို ဖန်ဆင်းခံက မှတ်တမ်းတင်ရတာ ဖြစ်တဲ့အတွက် အဖြစ်အပျက် အားလုံးကို တိကျစွာ မှတ်တမ်းတင်ထားတာ မဟုတ်ပါ။ သို့ပေမယ့် မိုးကောင်ကင်ကို ဖန်ဆင်းတယ်ဆိုတာ လေကို ဖန်ဆင်းတာ မဟုတ်ပါလား။
၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်း သာ ဖြစ်သည် ဟုဆိုပါက သူတပါး၏ စော်ကားခံရသော အမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် ဘုရာသခင်၏အလိုတော် အတိုင်းဟု သဘောသက်ရောက် ဖွယ်ရှိပေသည် ဒီလိုဆိုပါက ဘုရားသခင်၏ ဂရုဏာတော်က မည်သို့နည်း?
ဘုရားသခင်ဟာ လူသားကို လွတ်လပ်ခွင့် ပေးထားပြီးသားပါ။ သူဟာ လောကနိယာမကို ဖန်ဆင်းပြီး ဖြစ်လို့ အကုန်လုံးကို အသေးစိတ် စီမံနေစရာ မလိုပါ။
၁၄. အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာ ဖြစ်တော့၏။ ဥပမာ - သင့်အပေါ် စော်ကားချင်တိုင်း စော်ကားသောလူယုတ်မာသည် အပြစ်မှလွတ်အောင် ဘုရားသခင်ထံချဉ်းကပ်ဆုတောင်း၏ ဘုရားသခင်သည် လူယုတ်မာ၏ အပြစ်ကို ခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ် ကယ်တင်ခဲ့ပါလျှင် သင်ဘယ်လိုခံစားရမည်နည်း? အဓိပ္ပါယ် ရှိပါသလား? ရှင်းပြပါ။
ဘုရားသခင်ဟာ သူ့နိယာမတစ်ခုလုံးကို ပြောင်းလဲလိုက်ရင် ကမ္ဘာကြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားမှာဖြစ်တယ်။ ဒီတော့ လူတွေကို ကောင်းကင်ဘုံကို သူဖန်ဆင်းတဲ့ နိယာမ အတိုင်း ပို့ပေးဖို့ စီမံပြီး ဖြစ်တယ်။ ဒီအတိုင်းပဲ နိယာမကို မပြောင်းလဲပဲ အပြစ်ကို ဆေးကြောပေးဖို့ဆိုရင် သူကိုယ်တိုင် လူသားခန္ဓာနဲ့ လာခံစားပေးမှ ဖြစ်မယ်လို့ဆိုတယ်။ သင့်အပေါ်စော်ကားတဲ့ လူကို သင်က ဘာလုပ်ချင်တာပါလဲ။ သင့်ကို စော်ကားတဲ့ အတိုင်း ပြန်စော်ကား ချင်တာလား။ ဒါဟာ သင့်ရဲ့ သေးသိမ်တဲ့ ဥာဏ်ကြောင့် ဖြစ်ရတယ်။ ဘုရားရဲ့ ဥာဏ်တော်ဟာ အဆမတန် ကြီးမားလှတဲ့အတွက် သူရဲ့ အစီအမံဟာ သင်ဘဝင်ကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် ဖန်ဆင်းရှင်ကို သင်က ပြန် မေးခွန်းထုတ်ချင်သေးပါရဲ့လား။
၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့်ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော် ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်
ဘုရားသခင်ရဲ့ စီမံချက်ဟာ သင်မြင်နေရတဲ့အတိုင်း ဖြစ်တယ်။ ဒါဟာ သူ့အလိုတော် ဖြစ်တယ်။ ဒီတော့ အနန္တတန်ခိုးရှိလင့်ကစား ပြန်လည် ရုပ်သိမ်းချင်မှ ရုတ်သိမ်းမှာပါ။ သူများအိမ်မှာနေပြီး အိမ်ရှင်ကို မိမိ သဘောကျ လုပ်ခိုင်းလို့ရပါလား။
၁၆. ကိုယ့်ဟာကိုရှာစားပြီး ဘုရားကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံရှင်းကို ဘုရားပေးသည်ဟူသောအဓိပ္ပါယ်ကို ရှင်းပြပါ။ သင် မရှာထားပါက အစားအစာရပါမည်လော သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား ထိုသို့ (စားရခြင်း၊ ပြည့်စုံရခြင်းအကျိုးတရားတို့တွ
လူဟာ ကိုယ့်ဟာကိုယ် ရှာစားရတယ်ဆိုတာ လူရဲ့ ဘုရားအပေါ် မနာခံတဲ့ အပြစ်အလျောက် ဘုရား စီမံထားတဲ့ မကောင်းတာလုပ် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ မူလနိယာမအတိုင်း ဖြစ်လာတာပါပဲ။
၁၇. ထာဝရဘုရား ဖန်ဆင်းသည်မှာ တစ်ကမ္ဘာပဲဟု သိရပါသည် (သို့သော်) စကြာသဠာ အနန္တဟူသော မရေတွက်နိုင်သောဂြိလ်အမျိုးမျို
ရှိနေကြောင်းသိပ္ပံစမ်းသပ်မူတွေ၌ ဖော်ပြနေတာကို အဘယ်သို့ဖြေရှင်းမည်နည်း၊
ဘုရားဖန်ဆင်းတာ တစ်ကမ္ဘာ ဆိုတာ One World ကို ဆိုလိုတာပါ။ တစ်လောက လို့ ဆိုလိုရုံပါ။ ကမ္ဘာဂြိုဟ် တစ်လုံးတည်း လို့ ဆိုလိုတာ မဟုတ်ပါ။ အခုမြင်နေရတဲ့ ဂြိုဟ်တွေ နက္ခတ်တာရာတွေ အကုန်လုံးပါဝင်တဲ့ လောကကြီးကို ဆိုလိုတာပါ။
၁၈. ထာဝရဘုရားသည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ ဂြိလ်အသီးသီးမှ ဂြိလ်သားများ ဤကမ္ဘာသို့ရောက် ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ထိုဂြိလ်သားများကို ထာဝရဘုရားဖန်ဆင်း ခဲ့သလား ဖန်ဆင်းခဲသည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
Extraterrestrial များနဲ့ ပတ်သက်လို့ သိပ္ပံအထောက်အထား မရှိပါ။ ဒီမေးခွန်းကို ဘာမှ ပြန်တုံ့ပြန်စရာ မရှိပါ။ ရှိခဲ့ရင်တောင် လူသားများ ကို ပေးမသိထားခြင်းသာ ဖြစ်တယ်။
၁၉. သိပ္ပံစမ်းသပ်မူတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲသို့ သက်ရောက်နေပါသည် ထို့ကြောင့် သိပ္ပပညာက မှားသည်ဟုပြောမလား ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပါ။
သိပ္ပံတွေ့ရှိချက်ဆိုတာ အလွန် ရိုးရှင်းပါတယ်။ ဘက်မလိုက်ပဲ တိတိကျကျ လေ့လာတယ်။ သီအိုရီထုတ်တယ်။ စမ်းသပ်တယ်။ စာတွေ့ လက်တွေ့ ကိုက်ညီရင် ရပြီပဲ။ ဒီတွေ့ရှိချက်တွေကို ဒဿန အတွေးအခေါ် အမျိုးမျိုးကနေ တွေးရင် ဘာသာရေးကို ထောက်ပံ့တဲ့ အတွေးမျိုးလည်း ရနိုင်သလို ဘာသာရေးကို မှားတယ်ဆိုတဲ့ အတွေးမျိုးလည်း ရနိုင်တယ်။ ဖန်ဆင်းရှင်ဝါဒဟာ Realism ဝါဒဖြစ်တယ်။ ဗုဒ္ဓဘာသာလို Idealism ဝါဒမဟုတ်ပါ။ သိပ္ပံရဲ့ အချို့အပိုင်းတွေက ဘုရားသခင် မရှိကြောင်း ထောက်ပြသလိုလို ရှိနေချိန်မှာ စိတ်ဟာ အားလုံးရဲ့ အခြေခံဖြစ်တယ်ဆိုတဲ့ အိန္ဒိယ ဘာသာကြီးတွေရဲ့ အဆိုကို ကိုင်လှုပ်နေတဲ့ သိပ္ပံအယူအဆတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ သိပ္ပံနဲ့ ဘာသာရေးကို ချိန်မကိုက်ဖို့ပဲ။ သိပ္ပံဟာ ဘယ်တော့မှ ပြီးမှာ မဟုတ်တဲ့ ပန်းချီကား တစ်ချပ်ပါ။ ဘာသာရေးဆိုတာကတော့ တစ်ခါ တည်ထောင်ပြီးရင် ဘယ်တော့မှ မပြောင်းလဲတော့တဲ့ လူစွမ်းကောင်း ကိုးကွယ်မှု တစ်ရပ်ပါ။
၂၀. ထာဝရဘုရားဆိုတာ ဘယ်သူပါလဲ ဘာကြောင့်ကိုယ်စားလှယ်သားတော် လွတ်ရသလဲ။ အဘယ်ကြောင့် လောကတွင်းသို့ မဆင်းသက်သလော။ ထာဝရဘုရား၏ ရုပ်ပုံလွာတင် ဆံပင်မွေးညင်းသည် ဖြူဖွေးသောနှင့်ပွင့် နှင့်တူ၏။ မျက်လုံး (၇) လုံးပါရှိ၏။ ဦးဂျို (၇) ချောင်းရှိ၏။ ပါးစပ်တွင် အသွားနှစ်ဖက်ပါသော ဓားရှည်တစ်ချောင်းပါပြီး ခြေထောက်တော်နှင့် လက်တော်တို့တွင် မီးရဲရဲ ဖုတ်ထားသော ကြေးဝါရောင် ရှိသည်ဟု (ကျမ်းစားတို့တွင် အတိအကျ ဖော်ပြထားပါလျက်) အဘယ့်ကြောင့် တရားဟောရာတွင် ထည့်မဟောပဲ ၀ိညာဉ်တော်ဟူ၍ ဖုံးကွယ်ထားသည်ကို ရှင်းပြပါ။ ဤသို့သော ခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ကြည်ညိုဖွယ်ဟူ၍ ဘယ်လိုဆက်စပ်၊ ကြည်နူးစွာ ကြည်ညိုပါသနည်း။
ခရစ်တော်ဟာ ကိုယ်စားလှယ် မဟုတ်ပါ။ ဘုရားသခင်ရဲ့ ကိုယ်ပွား လူ့ခန္ဓာ ဆောင်လာခြင်းပဲ ဖြစ်တယ်။ နောက်တစ်ခုကတော့ ကျမ်းစာတို့မှာ အတိအကျ ဖော်ပြတယ်ဆိုရင် ဖော်ပြထားတဲ့ အတိုင်း ပြန်လည် ထောက်ပြပါ။ မပါပဲနဲ့တော့ ဘယ်လို မှ မဖြေရှင်းနိုင်ပါ။
၂၂. ဓမ္မသစ်ကို မည်သူဟော၍၊ ဓမ္မဟောင်းကို မည်သူဟောပြောပါသနည်း။ ၄င်းပုဂ္ဂိုလ်နှစ်ဥိး၏ ဟောပြောချက် အဘယ့်ကြောင့် ဆန့်ကျင်နေပါသနည်း။
ဓမ္မဟောင်းကို ရှေးဂျူးများ ရေးသားတယ်။ ဓမ္မသစ်ကို ခရစ်ယာန်များ ရေးသားတယ်။ ခရစ်ယာန်ဟာ ဂျူးဘာသာကနေ ဆန့်ကျင်လျက် ခွဲထွက်လာ တာဖြစ်တယ်။ (ဗုဒ္ဓဘာသာဟာ ဟိန္ဒူအယူကို ပုန်ကန်လျက် ခွဲထွက်လာသလိုမျိုး) ဒီတော့ သူတို့နှစ်ခုဟာ ဘယ်လိုမှ မတူနိုင်ပါ။
၂၃. စာရေးဆရာ ဆန်းလွင် ရေးသားသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း - စာအုပ်မှ ခရစ်ယာန်ဝါဒ၏ ကောက်နုတ်ချက်များကို ဖြေရှင်းနိုင်ပါသလား။
ကောက်နုတ်ချက်များကို အရင် တင်ပြပါ။ ဖြေရှင်းသူလည်း မဖတ်ရသေးတဲ့အတွက် ခေါင်းရှောင်နေဦးမယ်။ :D
၂၄. ခရစ်ယာန် ဘာသာတွင် ရှေးဘ၀၊ နောက်ဘ၀ ရှိပါသလား။ ခရစ်ယာန် ဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ကောင်းကင်နိုင်ငံတော်သို့ ၀င်ရောက်သွားဖူးသော မိသားစု နှင့် လူပုဂ္ဂိုလ်တို့၏ အမည်နှင် လိပ်စာ ရှိခဲ့ဘူးပါသလား။ ယခု ရှိနေပါလျှင် လိပ်စာ နှင့် နာမည် အတိအကျသက်သေဖော်ပြပါ။
ဘုရားသခင်ဟာ ကမ္ဘာကို ဖျက်သိမ်းမှ ဝိညာဉ်များကို တရားစီရင်ပြီး သင့်မြတ်သူတွေကို ကောင်းကင်ဘုံ ပို့ဆောင်မှာ ဖြစ်တယ်။ အခုလောလောဆယ်တော့ ဘယ်သူမှ မရောက်သေးပါ။
ဒီမှာ ကျုပ်ပြောချင်တာက ဒါလေး ဖတ်ပြီး ဗုဒ္ဓဘာသာဝင်တွေ သိပ် ဘဝင် မြင့်မသွားဖို့ ရည်ရွယ်ပါတယ်။ ဒီမေးခွန်းမျိုး မေးတာဟာ သူကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ သဘာဝကို ကောင်းကောင်း နားမလည်လို့ ဖြစ်ရတာပါ။ ဘုရားသခင်ဟာ သမ္မာကျမ်းစာက ဖော်ပြတာလောက်နဲ့ ဘယ်လိုမှ မလုံလောက်ပါ။ ကျမ်းစာဆိုတာ ဘုရားသခင်က လူတွေကို သူ့ကို ဘယ်လို မြင်စေချင်သလဲ၊ ဘယ်လို သိစေချင်သလဲဆိုတဲ့ မက်ဆေ့ခ်ျကိုပဲ ပေးတဲ့ ကျမ်းဖြစ်တယ်။ ဖန်ဆင်းရှင်က စီမံတာဟာ ပြည့်စုံပြီးသား ဖြစ်တယ်။ ဒါအပေါ် သင် မေးခွန်းထုတ်စရာ မလိုအပ်ပါ။ သူပြောတဲ့အတိုင်း နေလိုက်ရုံပါပဲ။ သင်ဟာ သူ့လက်ခုပ်ထဲက ရေပါပဲ။
ဘာသာပြောင်းသွားတယ်ဆိုတာဟာ ပြောင်းသွားတဲ့ ဘာသာက မှန်နေလို့ မဟုတ်ပါဘူး။ ဒီလူရဲ့ စိတ္တဇ အခြေအနေပေါ်လိုက်ပြီး ဖန်ဆင်းရှင်က သူနဲ့ ကိုက်ညီရင် ဖန်ဆင်းရှင်ဝါဒီ ဖြစ်လာလိမ့်မယ်။ ကိုယ့်ဟာကိုယ် တရားကျင့်ပြီးမှ လွတ်မြောက်တာကို မှန်တယ်လို့ ထင်တဲ့လူ စိတ်သက်သာတဲ့လူက ဒီ ဝါဒမျိုးကိုပဲ ကိုးကွယ်မှာ ဖြစ်ပါကြောင်း။(Kyaw Zwar Lynn)
---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®
0 comments:
Post a Comment