အနာဂတ်မြန်မာ့အရေး (၂) နှင့် (၃) ....
By Rozoner King in Big Brothers & Sisters ·
[By May Thingyan Hein]
အပတ်စဉ်ထုတ်ဂျာနယ် တွေထဲက The Trade Times ဂျာနယ် Vol.1 No .2 နဲ့ No.3 ထဲမှာ အခန်းဆက် ဆောင်းပါးအနေနဲ့ ဖော်ပြနေတဲ့ အနာဂတ် မြန်မာ့အရေးဆိုတဲ့ နိုင်ငံရေးဆောင်းပါးကို နိုင်ငံရေး စိတ်ဝင်စားသူများ
ဖတ်သင့်တဲ့ ဆောင်းပါးအနေနဲ့ ညွှန်းချင်ပါတယ်။
မတူညီသော အမြင်များကိုလည်း ဆွေးနွေးလို့ရပါတယ်။ တိုင်းပြည်တပြည်အတွက် စနစ်ကောင်းခြင်း၊ ဆိုးခြင်း၊ အုပ်ချုပ်သူကောင်းခြင်း၊ဆိုးခြင်း စတဲ့ ကိစ္စရပ်တွေက ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းနေစဉ် ကျမတို့ တိုင်းပြည်အတွက် များများဆွေးနွေးကြရမဲ့ ကိစ္စရပ်တွေဖြစ်တယ်လို့ မြင်မိတဲ့အတွက် ညွှန်းလိုက်ခြင်းဖြစ်ပါတယ်။
အနာဂတ်မြန်မာ့အရေး(၂)
ဝင်းနိုင်သောင်း
နိုင်ငံတစ်နိုင်ငံအတွက် ခိုင်မာသည့်စနစ်တစ်ခု အရေးကြီးသည်ဆိုရာတွင် ဆိုလိုသည်မှာ ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံပဒေသာဖြစ်သည်။
ကမ္ဘာပေါ်တွင် နိုင်ငံမျိုးစုံရှိကြသလို နိုင်ငံဖွဲ့စည်းတည်ဆောက်ရာတွင် စနစ်မျိုးစုံ ရှိကြသည်။ ယူနီယံ၊ ယူနိုက်တက်၊ ဖက်ဒရယ်၊ ကွန်ဖက်ဒရေးရှင်း၊ ယူနက်တရီ အစရှိသဖြင့် အမျိုးမျိုး ဖွဲ့စည်းကြ၏။
ထိုစနစ်မျိုးစုံကို ချုံ့ကြည့်မည်ဆိုလျှင် တစ်ပြည်ထောင်စနစ်(Unitary System)ကလွဲလျှင် ကျန်စနစ်များသည် ကျင့်သုံးသည့်စနစ်ပုံစံအနည်းငယ်ကွဲပြားသည်မှလွဲ၍ ပြည်ထောင်စုစနစ်များသာ ဖြစ်ကြသည်။
ယူနစ်တရီစနစ်သည် လူမျိုးတစ်မျိုးတည်းအပေါ်မှာ အခြေခံသည့်အတွက် နိုင်ငံဖွဲ့စည်းတည်ဆောက်ရာတွင် ပြဿနာ အနည်းဆုံးဖြစ်၏။ ကျန်ပြည်ထောင်စုစနစ်များသည် ပြဿနာ အနည်းအများသာ ကွာခြား၏။
ဖွဲ့စည်းမှု မှန်ကန်ပြီး ကျင့်သုံးသည့် အုပ်ချုပ်မှုပုံသဏ္ဍာန်ကိုက်ညီသည့် နိုင်ငံများတွင် ပြဿနာနည်းပါး၏။
ထိုကြောင့်ပင် နိုင်ငံအသီးသီးရှိခေါင်းဆောင်များ၊ နိုင်ငံရေးပညာရှင်များ၊ နိုင်ငံရေးသမားများသည် ကိုယ့်နိုင်ငံနှင့် ကိုက်ညီမည့်စနစ်ကို ရှာဖွေဖန်တီးကြခြင်းပင် ဖြစ်သည်။
လူမျိုးစုအသီးသီး၊ အယူအသီးသီး၊ ယဉ်ကျေးမှုအသီးသီး၊ ဘာသာအသီးသီးအပေါ်မှာ အခြေခံပြီး နိုင်ငံတည်ဆောက်ကြရသည့်အတွက် ပြည်ထောင်စုစနစ် နိုင်ငံများတွင် ပြဿနာမသေးလှပါ။
လူမျိုးစုပြဿနာ၊ ယဉ်ကျေးမှုပြဿနာ၊ ဘာသာရေးပြဿနာ၊ ကြီးနိုင်ငယ်ညှဉ်းပြဿနာစသည်ဖြင့် မျိုးစုံကြုံတွေ့ရနိုင်သည်။ ကြုံလည်း ကြုံတွေ့နေရဦးမည်ဖြစ်၏။ လူနှင့် လူ့ပတ်ဝန်းကျင်ဖြစ်သည့်အတွက် ပြဿနာသည် ရှိနေမည်သာဖြစ်သည်။
သွေးထွက်သံယို ပြဿနာများ၊ အစုလိုက် အပြုံလိုက်အစဖျောက်သည့် ပြဿနာများ၊ လူမျိုးတုန်းသတ်ဖြတ်ခြင်းပြဿနာများ အစရှိသဖြင့် ကြီးမားသော ပြဿနာများမရှိစေရန်သည အရေးကြီး၏။မည်သို့ထိန်းမည်နည်း။ အင်မတန် အရေးကြီးလှပေသည်။
တချို့က ‘ ကွန်မြူနစ်စနစ်သာ ကောင်းသည်။ ကွန်မြူနစ်စနစ်ဖြင့် သွားခြင်းအားဖြင့် လူတန်းစားပြဿနာ၊ လူမျိုးရေးပြဿနာအနည်းဆုံးဖြစ်သည်’ ဟူ၍ ဆိုကြ၏။
တချို့က” ဆိုရှယ်လစ်စနစ်သာလျှင် အဆင်အပြေဆုံး။ ၀ါဒရေးအားဖြင့် လွတ်လပ်မှုနှင့် တင်းကျပ်မှုကြားထဲတွင် ရှိသဖြင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုနှင့် တန်းတူအခွင့်ရေး ညီမျှသည် ” ဟူ၍ဆိုကြပြန်သည်။
ထိုအတူ “ဒီမိုကရေစီသာလျှင် အဆင်အပြေဆုံး။ ဒီမိုကရေစီမရှိသည့်အတွက် လူတန်းစားပြဿနာ၊ လူမျိုးရေးပြဿနာများ ကြုံတွေ့ရခြင်းဖြစ်သည် “ဟူ၍လည်းကောက်ချက်ဆွဲကြ၏။
စသည့်ဖြင့် ပြည်ထောင်စုနိုင်ငံသစ်တစ်ခု တည်တိုင်းတည်တိုင်းကိုယ့်အမြင်၊ ကိုယ့်အယူအဆအပေါ်မှာ အခြေခံကာဖွဲ့စည်းတည်ဆောက်ကြခြင်းဖြစ်၏။
ဤသည်ကိုပင် ဦးဆောင်မှုအခန်းကဏ္ဍတွေ ရှိကြကုန်သော ပုဂ္ဂိုလ်များ၏ ဆန္ဒအရ အစမ်းသပ်ခံခဲ့ရသော အခြေအနေဟု အဓိပ္ပာယ်ဖော်ခြင်းဖြစ်၏။
လက်ရှိခေတ်တွင် ဒီမိုကရေစီကျင့်စဉ်သည် ရေပန်းစား၏။ ကိစ္စတော်တော်များများတွင် ဒီမိုကရေစီပေတံဖြင့် တိုင်းထွာကြ၏။ ကောင်းမွန်လှပေသည်။
သို့သော် ပေတံဖြင့် တူ မတူသည့်အတွက် အငြင်းအခုံများလည်း ကိစ္စရပ်တိုင်းလိုလိုတွင်ရှိတတ်ကြ၏။
ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးများတွင်ပင် အငြင်းအခုံထူကြ၏။ ပြည်သူလူထုနှင့် နိုင်ငံကို ဦးတည်ပြီးခိုင်မာသည့် ဖွဲ့စည်းပုံရှိသည့် နိုင်ငံများတွင် ရန်ပွဲများ၊ တိုက်ပွဲများအထိရောက်သွားခြင်းမရှိခဲ့။
ပြည်နယ်များသည်လည်း ပြည်နယ်အရေးထက် ပြည်ထောင်စုအရေးကို ပို၍ ဦးစားပေး၏။
ပြည်နယ်နှင့်ဗဟိုအစိုးရအကြား အခွင့်အာဏာကို ဖွဲ့စည်းပုံဖြင့် ခွဲခြားထားသည့်အတွက် အခွင့်အာဏာသည် ပါတီအပေါ်၊ တစ်ဦးတစ်ယောက်အပေါ်မှာ မတည်ဘဲ ဖွဲ့စည်းပုံပေါ်တွင်သာ တည်၏။
ဤအချက်သည် အင်မတန်မှ အရေးကြီးလှပေသည်။ ပြည်ထောင်စုစနစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကောင်းမွန်မျှတရန်လိုအပ်သလို ခိုင်မာရန်လည်း အရေးကြီး၏။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးအကြီးဆုံးမှာ ကောင်းမွန်မျှတပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ်သည်။
အင်္ဂလိပ် ထိုးထည့်ပေးသွားသော ဆူးတစ်ချောင်းသည် ယခုထက်တိုင်အောင်ပင်နုတ်၍မရသေး။ ခေတ်အဆက်ဆက်ခေါင်းဆောင်များ ကြိုးစားပြီးနုတ်ခဲ့၏။ ယခုလည်း နုတ်နေ၏။
ဆူးကို ပထမဦးဆုံး စနုတ်သူမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။ ပင်လုံတွင် စနုတ်၏။ ထို့နောက် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုခေတ်နှင့်ကိုက်ညီသည့်ပုံစံအတိုင်း တိုင်းရင်းသားအားလုံး၏ အခွင့်အရေးကို ထိုက်သင့်သလို ပေးခဲ့သည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရှေးရှု၏။
သို့သော် အင်္ဂလိပ်လက်အောက်တွင် ရေးဆွဲခဲ့သည့်အတွက်သော်လည်းကောင်း၊ နှစ်ပေါင်း ၁၀၀ကျော်ကြာ သွေးခွဲခံခဲ့ရသည့် အခြေအနေကြောင့်သော်လည်းကောင်း၊ လွတ်လပ်ရေးရရန် အရေးကြီးနေသည့် အချိန်ဖြစ်သည့် အတွက်သော်လည်းကောင်း ဖွဲ့စည်းပုံသည် အတန်အသင့် အားနည်းခဲ့ရ၏။
၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လည်း တိုင်းရင်းသားအရေးနှင့် ပြည်ထောင်စု အရေးကို ထိုခေတ်နှင့်လျော်ညီသောပုံစံဖြင့် ရေးဆွဲရှေးရှုခဲ့သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံတွင်မရှိသော တိုင်းရင်းသားပြည်နယ် ခုနှစ်ပြည်နယ် တိုးချဲ့ဖွဲ့စည်းခဲ့၏။ နိုင်ငံသားအခွင့်ရေး တန်းတူပေးခဲ့၏။
သို့သော် တစ်ပါတီစနစ်ကို အခြေခံသလို အာဏာတစ်နေရာတည်းတွင် တည်သည့်အတွက်လိုအပ်ချက်ရှိခဲ့၏။
ယခု ကျင့်သုံးလျက်ရှိသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ တိုင်းရင်းသားအရေး၊ ပြည်နယ်အရေးများ ဖွဲ့စည်းတည်ဆောက်ရာတွင် ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံနှင့် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံများကို အခြေခံလေ့လာ၊ ပြည်ထောင်စု မပြိုကွဲရေးနှင့် ကြီးနိုင်ငယ်ညှင်းပြဿနာများ၊ ဒေသအလိုက်မဖြစ်ပေါ်စေရန် ရှေးရှုရေးဆွဲ ခဲ့သည်ကို တွေ့ရသည်။ တိုင်းရင်းသားအားလုံး နိုင်ငံသားအခွင့်အရေး တန်းတူရှိ၏။
ယခုခေတ် ကာလအခြေအနေနှင့်ယှဉ်ထိုးစဉ်းစားလျှင် ကောင်းမွန်သည်ဟုမြင်သည်။ ဖွဲ့စည်းပုံအသက်ဝင်ပြီး ကျင့်သုံးလျက်ရှိနေသည်မှာ တစ်နှစ်သားသာလျှင် ရှိသေးသည်။
အကောင်းအဆိုး ကွဲပြားခြင်း မပေါ်နိုင်သေး။ အချိန်ရလာသည်နှင့် အမျှ ပေါ်လာပါလိမ့်မည်။ ကောင်းလျှင် ဆက်လက်ကျင့်သုံး၊ မကောင်းလျှင်ပြင်၊ သို့သော် ပျက်စီးသည်အထိတော့ မဖြစ်စေလိုပါ။
ဤသည်ပင်လျှင် အနာဂတ်မြန်မာ့အရေးအတွက် ကောင်းမွန်လိမ့်မည်ဟု ဆိုချင်သည်။
အနာဂတ် မြန်မာ့အရေး(၃)
အနာဂတ် မြန်မာ့အရေးသည် ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံပေါ်တွင် တည်သလိုကမ္ဘာ့ရေးကို ချိန်ဆတတ်ရန်လည်း အင်မတန်မှ အရေးကြီးလှပေသည်။
ထို့အတူ ဒေသတွင်း အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန်နှင့် သိက္ခာရှိရှိရပ်တည်နိုင်ရန်လည်း မေ့ထား၍မရပါ။
မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရသော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေး အားပြိုင်မှုအနေအထားများအရ သော်လည်းကောင်း အရေးပါသော ဒေသတစ်ခုဖြစ်သည်။
အဓိကကျသော အချက်နှစ်ချက်ရှိ၏။ ပထမအချက်မှာ အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများကို ဆက်စပ်ပေးလျက်ရှိသော အရှေ့တောင်အာရှနိုင်ငံများထဲမှ ကုန်းချင်းဆက်နိုင်ငံတစ်ခုဖြစ်၏။
ဒုတိယအချက်မှာ ကမ္ဘာအရေးတွင် အားပြိုင်ခဲ့သော ၊ အားပြိုင်နေသော လက်ဝဲ၊ လက်ယာ အင်အားကြီးအုပ်စုများကြားထဲတွင် ရှိနေသည့် မဟာဗျူဟာ နယ်မြေတစ်ခုဖြစ်၏။
ထိုအချက်နှစ်ချက်ကို တစ်ပြိုင်တည်း ထင်ရှားစွာ တွေ့နိုင်သည်မှာ လူဦးရေ သန်းထောင်ကျော်ရှိသော လက်ဝဲ၊ လက်ယာ၊ အဖြူအမည်းနိုင်ငံကြီးနှစ်နိုင်ငံကြားတွင် ရှိနေပြီး ထိုနိုင်ငံ နှစ်နိုင်ငံကို ဆက်စပ်ပေးနေခြင်းပင်ဖြစ်၏။
ဤအခြေအနေသည် အားသာချက်ရှိသလို အားနည်းချက်များလည်းရှိ၏။ အားသာချက်ကို အသုံးချတတ်ပါက နိုင်ငံမှာ ကြီးပွားချမ်းသာ နိုင်၏။ ထို့အတူ အားနည်းချကို ရှောင်ပြီး အားသာချက်အဖြစ် ပြောင်းနိုင်ပါကလည်း နိုင်ငံအေးချမ်းသာယာနိုင်၏။
မြန်မာနိုင်ငံ၏ အဓိကအားသာချက်ဖြစ်သလို အားနည်းချက်လည်း ဖြစ်သွားနိုင်သည့် အခြေအနေတစ်ခုမှာ ဘင်္ဂလာပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ပင် ဖြစ်သည်။
ထိုထွက်ပေါက်ကို တရုတ်ကလည်း နှစ်သက်သလို ထိုထွက်ပေါက်ကိုပိတ်ထားနိုင်ရန်အတွက်လည်း အနောက် အုပ်စုက မျက်စိကျ၏။
တရုတ်နိုင်ငံ၏ အနောက်ဘက်ခြမ်း တစ်ခြမ်းလုံးသည် ကုန်းတွင်းပိတ်ဒေသဖြစ်၏။ အထူးသဖြင့် ယူနန်ပြည်နယ် သည် ဧရိယာကျယ်သလို ပင်လယ်ထွက် ပေါက်ပိတ်နေသည့်အတွက် ပင်လယ် ထွက်ပေါက် ရှိသော ပင်လယ်ထွက်ပေါက်နှင့်နီးသော ဒေသများလောက် ထွန်းကားမှုမရှိချေ။
ယူနန်ပြည်နယ်မှပင်လယ်ထွက်ပေါက်ရရန် တရုတ်ပြည်တွင်း ပင်ကီလိုမီတာ ၅,၀၀၀ ခန့်သွားရ၏။ မြန်မာနိုင်ငံမှ ဖြတ်သန်းခွင့်ရပါက ကီလိုမီတာ ၁,၀၀၀ ခန့်ဖြင့်ပင်ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမကွေ့ကို ရရှိနိုင်၏။
ထို့အတူ တောင်တရုတ်ပင်လယ်မှ ဘင်္ဂလားဒေ့ရ်ု၊ ပါကစ္စတန်နှင့် အရှေ့အလယ်ပိုင်းဒေသများအထိ ထိုးဖောက်နိုင်ရန် ခရီးမိုင်ပေါင်းများစွာသွားမှပင် အိန္ဒိယသမုဒ္ဒရာ ကိုရောက်မည်ဖြစ်၏။
အရေးကြီးသည့် ပြဿနာတစ်ခုမှာ အနောက်အုပ်စု၏ ထိန်းချုပ်မှုမကင်းသလိုအချက်အခြာကျသော မလက္ကာရေလက်ကြားကို ဖြတ်သန်းရခြင်းပင်ဖြစ်၏ ။
0 comments:
Post a Comment