“ မြေလွတ် မြေရိုင်း” တဲ့လား
by Wai Maw on Saturday, April 7, 2012 at 9:39am
---ဦးဖိုးသာအောင် (နော်ဝေ)
၇။၎။၂၀၁၂
၁၉ ရက် မတ်လ ၂၀၁၂ နေ့က ပြည်ထောင်စုလွတ်တော်က မြေလွတ်မြေရိုင်းနဲ့ ပါတ်သက်ပြီး လယ်ယာမြေဥပေဒေတခုကို အတည်ပြုပေးလိုက်ပါတယ်၊ ဒီအပေါ်မှာ လွတ်တော်အမတ်များဖြစ်ကြတဲ့ ဦးအေးမောင်၊ ဦးဖေသန်းတို့ရဲ့ ဝေဖန်သံတွေကိုလည်း ကြားရပါတယ်။
ယခုအတည်ပြုလိုက်တဲ့ မြေယာဥပဒေသည် တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အကျိုးသက်ရောက်သည်ဆိုတာထက် ပို၍ဆိုးနိုင်စရာတွေ ဖြစ်လာနိုင်တယ်လို့လည်း ကြားရပါတယ်၊
ခေတ်အဆက်ဆက်မှာ မြေယာဥပဒေတို့သည် ရှုတ်ထွေးပါတယ်လို့ ပြောကြပေမယ့် ရှင်းလို့မရသည့် ကိစ္စမျိုးတော့ မဟုတ်ပါဘူး၊
အစိုးရနှင့် ပြည်သူ နှစ်ဦး နှစ်ဘက်လုံး စိတ်စေတနာကောင်း ရှိကြလျှင် အလွယ်တကူ ရှင်းလို့ရတဲ့ကိစ္စပါပဲ၊ အထူးသဖြင့် စိတ်စေတနာကောင်း ရှိသည်ကတော့ ပြည်သူလူထုပါပဲ။
၁၉၅၃ ခု မြေယာဥပဒေသည် လွတ်လပ်ရေး မရမီက မတရား ရေးဆွဲထားသည့် မြေယာဥပဒေကို ဖျက်သိမ်းပြီး ပြင်ဆင်ရေးဆွဲလိုက်သည့် ဥပေဒဖြစ်သည်၊ အင်္ဂလိပ်လက်ထက်က လယ်လုပ်သူသည် လယ်ကူလီသာဖြစ်သည် ဆိုသော မတရားလွန်းသည့် ဥပေဒေမှ လယ်လုပ်သူသည် လယ်ပိုင်ခွင့်ရပြီဆိုသည့် အနည်းငယ်သက်သာသည့် ဥပေဒေကို ပြောင်းလဲခံစားလိုက်ရခြင်းပင် ဖြစ်သည်။
သို့သော် အဲဒီအချိန်တုံးက အဆိုးကြီးမှ အဆိုးလေးသို့ ပထမဆုံးအကြိမ်ပြောင်းလဲ ယူခါစမို့ အပြစ်မဆိုသာပါ၊ ၁၉၅၃ ခုနှစ်မှာ ကျွဲ နွား စားကျက်မြေ ကာကွယ်ထိမ်းသိမ်းရန်အတွက်ဆိုပြီး လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၄၁ (၂) ကို ပြဌါန်းခဲ့ပါတယ်၊ ကျွဲ နွား စားကျက်မြေများနှင့် ရွာဘုံမြေများ မပျက်စီးမထိခိုက်စေရန်အလိုငှါ မည်သည့်အခြေအနေတွင် ရှိစေကာမူ ကျွဲနွားစားကျက်မြေနှင့် ရွာဘုံမြေများအပေါ်တွင် ဝင်ရောက်ကျူးကျော်လုပ်ကိုင်မှု မှန်သမျှကို ခွင့်မပြုဟု ဆိုပါသည်။
စည်းမျဉ်းစည်းကမ်းမဲ့နေခြင်းနှင့် နှိုင်းယှဉ်လျှင် စဉ်းကမ်းဥပေဒသတ်မှတ်ပြဌါန်းခြင်းကို ကြိုဆိုကြရမည်သာ ဖြစ်ပါသည်
၊ သို့သော် ကျွဲ နွားစားကျက်မြေတို့ ရွာဘုံမြေတို့ကို မည်သူက သတ်မှတ်မည်နည်း အတိအကျသတ်မှတ်ခြင်းများကော ရှိပါရဲ့လားဟု မေးခွန်းထုတ်လျှင် တာဝန်ယူဖြေဆိုသူ မရှိပါသဖြင့် အိယောင်ဝါး ဥပဒေမျိုးသာ ဖြစ်ပြီး လူထုက သူ့အသိနှင့်သူသာ စောင့်ရှောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် အဓိကကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ကျွဲ နွား ဆင်၊ မြင်း၊ ဆိတ် စသည့် တိရစ္ဆာန်များအပေါ် မှီခိုနေရသောကြောင့် စားကျက်များ ထားရှိပေးရမည်ဖြစ်သည်၊
မြေလွတ် မြေရိုင်းနှင့် စားကျက်မြေကိုလည်း ခွဲခြားသတ်မှတ်ရပါမည်၊
ပထမအနေဖြင့် ကျွဲ နွား စားကျက်မြေနှင့် ရွာဘုံမြေ ဆိုသည်ကို တိကျရှင်းလင်းစွာ ခွဲခြားသတ်မှတ်ပြီးမှ ဒုတိယအနေဖြင့် မြေလွတ်မြေရိုင်းဆိုသည်ကို ခွဲခြားသတ်မှတ်ရပါလိမ့်မည်၊
တိတိကျကျ သတ်မှတ်ရပါမည်။
မြန်မာနိုင်ငံတွင် အထက်ပါ တိကျသည့် သတ်မှတ်ချက်မျိုး မရှိသေးပါ၊ မြန်မာနိုင်ငံ မြေဧရိယာအားလုံး၏ တစ်မိုင်စတုရန်းကွက်နှင့် အတိုင်းအတာမြေပုံသည် အင်္ဂလိပ်အစိုးရက တိုင်းတာရေးဆွဲပေးထားမှု အပေါ်မှာသာ မှီခိုလုပ်ကိုင်ခဲ့ရပါသည်၊ စစ်အာဏာရှင်ခေတ်ကို ရောက်တဲ့အခါ အဲဒီ တိကျတဲ့ မြေတိုင်းဇယားတွေတောင် ပျောက်ခမန်းဖြစ်ခဲ့ပါတယ်၊ အကုန်သိမ်း အစိုးရအတွက်တော့ ပျောက်လေကောင်းလေပါပဲ၊ ဒါမှ သူတို့ထင်သလို ကျဲနိုင်မှာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြေကို မြန်မာနိုင်ငံသားတိုင်းပိုင်သည်၊ အများပိုင်ဖြစ်သဖြင့် မြေကြီးကို မည်သူမျှ ထင်တိုင်းကျဲ၍ မရပါ၊ အများဆန္ဒနှင့်အညီ သတ်မှတ်ရေးဆွဲ အတည်ပြုပေးသည့် စည်းမျဉ်းဥပဒေအတိုင်းသာ မြေကြီးကို စီမံခန့်ခွဲ ပြုလုပ်နိုင်ခွင့်ရှိသည်၊ မြေကြီးကို အစိုးရကလည်း ပိုင်လို့မရ၊ ကုမ္ပဏီအဖွဲ့အစည်းကလည်း ပိုင်လို့မရ၊ ပုဂ္ဂလိကကလည်း ပိုင်လို့မရပါ၊ သတ်မှတ်သည့် ဥပဒေဘောင်ထဲမှသာ စီမံလုပ်ကိုင်ခွင့်ရှိပါသည်။
မြေကြီး မြေပြင်တွင် သဘာဝက သတ်မှတ်ပြဌါန်းသည့် မွေးရာပါဥပဒေရှိသလို လူသားတို့က လိုအပ်သလို ထိမ်းသိမ်းစောင့်ရှောက်ရန် ရေးဆွဲသတ်မှတ်သည့် ဥပဒေလည်း ရှိပါသည်၊
ရေမြေ့သနင်းပြည့်ရှင်မင်းသော်မှ မြေကြီးကို ဖျက်ဆီးခွင့်မရှိပါ၊
သို့သော် စစ်အာဏာရှင် မ.ဆ.လ ခေတ်မှာ ၁၉၆၃ လယ်ယာမြေ သီးစားချထားရေး ဥပဒေတို့ လယ်လုပ်သူသာ လယ်ပိုင်ခွင့်တို့စတဲ့ မြေယာဥပဒေတွေကို သူတို့သဘောနှင့်သူတို့ သတ်မှတ်ပြဌါန်းခဲ့ကြသည်၊ အနှစ်သာရကတော့ မြေပြင်အားလုံးကို စစ်အစိုးရက ပိုင်ပါတယ်ဆိုတဲ့ သဘောပဲဖြစ်သွားပါသည်၊
အမိန့်ကြော်ငြာစာအမှတ် ၄/၇၈ ဖြင့်လည်း မြေယာနှင့် မြေယာထွက်ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားခွင့် စိုက်ပျိုးလုပ်ကိုင်ခွင့်များကိုလည်း အစိုးရက တိုးမြှင့်ချုပ်ကိုင်ခဲ့ကြပါတယ်။
ယနေ့ စစ်တပိုင်းအစိုးရသစ်၏ လက်ထက်တွင်လည်း ယခင်က မရှင်းလင်းရသေးသည့် မြေယာပုံစံ အမျိုးမျိုး သတ်မှတ်ပြဌါန်း မှုကိုလည်း မလုပ်ကိုင်နိုင်သေးပါ၊ ယခင်က မတရားသဖြင့် ပြဌါန်းထားသည့် မြေယာဥပဒေနှင့် နည်းဥပဒေများကိုလည်း စနစ်တကျပြင်ဆင်ရေးဆွဲပြီး လူထု၏ အတည်ပြုချက်ခံယူကာ လူထုဆန္ဒနှင့်အညီ ပေါ်ပေါက်မည့် မြေယာဥပဒေကိုလည်း မရေးဆွဲနိုင်သေးပါ၊ သို့ပေမယ့် သုတ်သုတ်သက်သက် ရုပ်ရုပ်ယက်ယက်နှင့် မြေလွတ်မြေရိုင်း ဥပေဒဆိုပြီး စစ်ဗိုလ်တမတ်သားနှင့် ကြံ့ဖွံ့အမတ်အများစုပါ လွတ်တော်က ထုတ်ပြန်လိုက်ပါသည်။
၁၉၅၃ ခုနှစ်မှ စ၍ ယနေ့အထိ တိကျပြတ်သားမှန်ကန်ပြီး တရားမျှတသည့် မြေယာဥပဒေဆိုတာ မရှိသေးပါ၊ စစ်အာဏာရှင် အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သည့် မြေယာဥပဒေဆိုသည်မှာလည်း အုပ်စိုးသူများအတွက် တဘက်စောင်းနင်း ဥပဒေများသာဖြစ်ပါသည်၊ ဤသည်များကို မှန်မှန်ကန်ကန် ပြုပြင်ခြင်းမျိုးမရှိသေးဘဲ ယခု ၁၉၊ ၀၃၊ ၂၀၁၂ မြေလွတ်မြေရိုင်း ဥပဒေဆိုတာ ထွက်ပေါ်လာပြန်ပါပြီ၊
သမတက လတ်မှတ်ထိုးလျှင် အတည်ဖြစ်ရတော့မည်၊ သို့သော် ပြည်သူ၏ ဝေဖန်ချက်များနှင့်ပြန်လည် ပြင်ဆင်နိုင်သည်ဟုလည်း ဆိုပါသည်၊
သတိပြုမိသည်မှာ အခုတလော ဥပဒေကြမ်းတွေကို လွတ်တော်မှာ တင်သွင်းခြင်း အတည်ပြုခြင်းများကို တက်သုတ်ရိုက်ပြီး လုပ်နေတာလည်း တွေ့နေရပါသည်၊
ဒါ ထူးခြားနေပြန်ပါသည်၊ အခု ဌာနဆိုင်ရာသုံးပိုင်ခွင့် ဘတ်ဂျက် ဥပဒေကိုလည်း ပြဌါန်းလိုက် ပြန်ပါသည်၊
ထုံးစံအတိုင်း ကာကွယ်ရေး အသုံးစရိတ် က အများဆုံးပင်။
မြေလွတ်မြေရိုင်းကို ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ လုပ်ငန်းရှင်ကြီးများကို မြေဧက ငါးသောင်းအထိ ငှါးရမ်းခွင့်ရကြမည်၊
နောက်ထပ် ဧက ငါးထောင်စီတိုးတက်ငှါးရမ်းမည်ဖြစ်သည်၊
ပြည်သူတဦးချင်းစီကိုတော့ ဆယ်ဧကမှ ဧက ငါးဆယ်ထိ ငှါးရမ်းလုပ်ကိုင်ခွင့်ရှိသည်၊ ဤမြေယာဥပဒေသည် ပြည်တွင်းထက် ပြည်ပလုပ်ငန်းရှင်ကြီးများကို ရည်ရွယ်ပါသည်၊
တပြိုင်နက်တည်းမှာ ပြည်တွင်းမှ စစ်အာဏာရှင်ခေတ် ကြီးပွါးချမ်းသာလာကြသည့် ပြည်သူ့မေတ္တာခံယူသည့် လုပ်ငန်းရှင်ကြီးများအတွက်လည်း ခိုင်တော့မည့် မာတော့မည့် ဥပဒေပင်ဖြစ်နေပါသည်၊ မြန်မာအစိုးရသစ်သည် ဈေးကွက်စီးပွါးရေးစနစ်ကို အမှန်တကယ်ဖေါ်ဆောင်နေပါသည်၊ ပြည်ပရင်းနှီးမြုပ်နှံမှု့များအတွက် လမ်းဖွင့်ပေးနေပါပြီဟူသော နိုင်ငံကြီးများ၏ ထောက်ခံချက်များကိုလည်း ရနိုင်ပါလိမ့်မည်။
သို့သော် ဖြစ်ထွန်းမည့် အကျိုးစီးပွါးသည် မည်သူ့အတွက်ဖြစ်မည်နည်းဆိုသည်မှာ မေးခွန်းထုတ်စရာပါ၊ ပြည်သူ့ဆန္ဒမဟုတ်သည့် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အတူ လွတ်လပ်တရားမျှတမှု့မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် စစ်ဦးစီးအစိုးရကို ခိုင်မာသွားစေရန် နိုင်ငံကြီးတို့ကို ဆွဲဆောင်နိုင်သည့် မြေယာ ဥပဒေမျိုးဖြစ်သွားမည်လား၊ ကိုယ်ကျိုးကို တဘက်သတ်ကြည့်တတ်သည့် ပြည်ပ ကုမ္ပဏီနှင့် လုပ်ငန်းရှင်တို့ အကြိုက် ဥပဒေမျိုးဖြစ်သွားမည်လား၊ မည်သို့ဆိုစေ မြန်မြန်ဆန်ဆန် အတည်ပြုပြဋ္ဌာန်းမည်ကား အမှန်ပင်ဖြစ်နေပါသည်။
သို့သော် ၂၀၊ ၃၊ ၂၀၁၂ နေ့က နောက်ဆက်တွဲကြားရသည်မှာ မြေလွတ်မြေရိုင်း ငှါးရမ်းခြင်းနှင့် ပါတ်သက်ပြီး သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေးကိုလည်း ထည့်သွင်းတွက်ချက်ရမည်ဟု ပါရှိပါသည်။ ပြည်သူလူထု၏ သဘောထားဝေဘန်ချက်များကို အလေးထား ဂရုပြုပြီး ပြုပြင်သင့်တာတွေ ပြုပြင်နိုင်သည်ဆိုသည့် အားရစရာ စကားများလည်း ကြားရပါသည်။
ဒါဆိုလျှင် လွတ်လပ်ရေးရပြီး ဒီမိုကရေစီအစိုးရလက်ထက်တွင် အရှေ့တောင် အာရှ စပါးကျီလည်းဖြစ်၊ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံလည်း ဖြစ်တဲ့ အတွက် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဟု သတ်မှတ်ခံခဲ့ရပါသည်၊
နိုင်ငံ ချမ်းသာတယ်ဆိုတာ ပြည်သူအများစု စားဝတ်နေရေး ချောင်လည်တာကို ဆိုလိုပါသည်။
အဲဒီ့ ချမ်းသာတဲ့ မြန်မာပြည်သည် စစ်အာဏာရှင် စနစ်၏ လက်အောက်တွင် ဆင်းရဲနိုင်ငံကြီးဖြစ်ခဲ့ရပါသည်၊
အုပ်စိုးသူ စစ်အာဏာရှင်များကတော့ စာရင်းမဝင် အင်းမဝင် ကမ္ဘာ့ အချမ်းသာဆုံးကြီးတွေဖြစ်နေပါသည်။
ဆိုလိုသည်မှာ မြေကြီးပေါ်မှ သဘာဝနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိမ်ကော ဆုတ်ယုတ်သွား၍ မဟုတ်ပါ၊
စစ်အစိုးရဆိုးများ၏ စီမံခန့်ခွဲမှု့ လွန်စွာ ညံ့ဖျင်းသည့် အပြင် အလွန်အကျူး သိမ်းပိုက်ခိုးဝှက်ခဲ့ကြသည့် အတွက် သူတို့ လူတစုမှာ ထားစရာမရှိအောင် ချမ်းသာကြပြီး ပြည်သူလူထုကြီးမှာတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲကုန်ပါတော့သည်၊
အလွန်အရေးကြီးသည် မြေကြီးကို ရောင်းချ ပေါင်နှံ ငှါးရမ်းသည်ဆိုသည်မှာ တိုင်းပြည်တွင် စီးပွါးရေးချွတ်ခြုံကျ နွံနစ်နေသည့် အခါမျိုးနှင့် အခြားရွေးချယ်စရာလမ်း မရှိသည့် အခါမျိုးမှာမှ စဉ်းစား လုပ်ကိုင်ရသည့် အဖြစ်ပါ၊
ယနေ့ မြန်မာနိုင်ငံသည် အိုးရောင်း ခွက်ရောင်းသာမက အိမ်ရောင်း မြေရောင်းရမယ့် အခြေကို ဆိုက်နေပြီလား၊ မြေယာငှါးရမ်းလုပ်ပိုင်ခွင့်ပေးသည့် ကိစ္စသည် အလွန်ကြီးမားပြီး သတိကြီးကြီးနှင့် လုပ်ရမည့် ကိစ္စဖြစ်သဖြင့် အစိုးရကောင်းတရပ်မှ စဉ်းစဉ်းစားစား လုပ်ရမည့် ကိစ္စဖြစ်နေပါသည်၊ ယနေ့ စစ်ဦးစီး အစိုးရကို အစိုးရကောင်းဟု မည်သို့မျှ မသတ်မှတ်နိုင်သေးပါ။
သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေး ရှု့ထောင့်မှ ကြည့်ပြန်လျှင် မြန်မာစစ်အာဏာရှင် အစိုးရ အဆက်ဆက်၏ လက်ထက်တွင် စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခဲ့ကြခြင်းမရှိသည်ကို တွေ့ရပါသည်၊ ခေတ်ပြောင်း စနစ်ပြောင်းရမည်မှာ မလွှဲမရှောင်သာဖြစ်လာချိန်တွင် *နောက်ဆုံးပိတ် အိတ်နဲ့လွယ်* ဆိုသလို တိုင်းပြည်၏ ရင်းမြစ်တွေကို အိုးရောင်းခွက်ရောင်း ရောင်းပြီး အပွကြံသည့် အစီအစဉ်များထဲမှ တခုဖြစ်သည့် မြစ်ဆုံဆည် စီမံကိန်းကိုကြည့်လျှင် သိနိုင်ပါသည်၊
သဘာဝ ပတ်ဝန်းကျင်ပျက်စီး ပျောက်ပျက်ရုံမျှမက တနိုင်ငံလုံး ပျက်သုန်းရမည့် ကိစ္စကြီးပါ၊ ရပ်ဆိုင်းထားလို့ တော်ပါသေးသည်၊
အင်းတော်ကြီးနှင့် အင်းလေးတို့ ခန်းခြောက်လာခြင်းသည် စစ်အစိုးရများအဖို့ ထည့်သွင်းစဉ်းစားရန် ဝေးပါသေးသည်၊
အရှေ့ရိုးမ၊ အနောက်ရိုးမ၊ အလယ်ရိုးမပေါ်ရှိ သဘာဝသစ်တောများ တက်တက်ပြောင်နေတာသာ ကြည့်ကြပါတော့၊
လောဘ၏ သားကောင်များ အုပ်ချုပ်ရေးအာဏာရှိနေသ၍ တောတောင်ရေမြေသဘာဝ၏ တန်ဘိုးကို နားလည်ကြမည်မဟုတ်ပါ၊
နှစ်ပေါင်း ငါးဆယ်လောက် ဖျက်ဆီးခြင်းကို ခံလိုက်ကြရပါပြီ။
ယ္ခုမြေလွတ်မြေရိုင်း ဥပဒေ ပြဋ္ဌာန်းပြီး ငှားရမ်းကြဦးမည်ဆိုပါသည်၊
အမှန်တကယ် မြေလွတ်မြေရိုင်းအဖြစ် မထားရှိသင့်တော့ပဲ တိုင်းပြည်အတွက် အကျိုးအမြတ်လည်းဖြစ်မည်ဆိုလျှင် ငှါးရမ်းသင့်ပါသည်၊
ဤအချက်ကို ပြည်သူက ဆုံးဖြတ်ရပါမည်၊ အထူးသဖြင့် ဒေသခံများက ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ပါသည်။
အစိုးရက ဖြစ်စေ လွှတ်တော်က ဖြစ်စေ ဒေသခံများ၏ ဆန္ဒသဘောထားကို အမှန်တကယ်ရယူပြီးမှသာ ဆုံးဖြတ်လုပ်ကိုင်ရမည်ဖြစ်သည်။
ဒေသခံပြည်သူများသည် စီးပွါးရေး အမြင်ထက် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအမြင်ဖြင့် သဘောမတူပါက မြေယာ ငှားရမ်းခြင်းကို လုံးဝမပြုလုပ်သင့်ပါ၊ ဥပမာ- မြစ်ဆုံစီမံကိန်းမျိုးဖြစ်ပါသည်၊
ယနေ့ မြန်မာနိုင်ငံတွင် မှန်ကန်တိကျပြီး ပြည်သူလူထုကြီးတရပ်လုံး၏ အတည်ပြုပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံ မရှိသေးပါ၊
မှန်ကန်တိကျသည့် ပြည်ထောင်စုမူလည်း မပေါ်ပေါက်သေးပါ၊
အမည်ခံ ၂၀၀၈ ဖွဲ့စည်းပုံမျှဖြင့် ယ္ခုလို အရေးကြီးလှသည့် မြေယာဥပဒေများကို အလျှင်စလို ပြဋ္ဌာန်းသတ်မှတ်မှု့များဖြင့် ရောင်းဝယ် ငှားရမ်းမှု့များ မလုပ်သင့်သေးပါ၊
--ဦးဖိုးသာအောင် (နော်ဝေ) -------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
0 comments:
Post a Comment