03.04.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, April 4, 2012 at 7:10am ·
မာလီနိုင်ငံမှာ အခြေခံဥဒေကို ပြန်ကျင့်သုံးမယ်
မာလီနိုင်ငံမှ အာဏာသိမ်း ခေါင်းဆောင်တွက အရင် အခြေခံ ဥပဒေကို တနင်္ဂနွေနေ့ကစလို့ ပြန်လည်ကျင့်သုံးတော့မှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
နောက်ပြီး အစိုးရ ရုံးတွေ အဖွဲ့အစည်းတွေ ကိုလည်း ပြန်လည် ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်က တပ်တွင်းပုန်ကန်ပြီး မာလီသမ္မတကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်း တပ်ဖွဲ့အနေနဲ့ တနင်္ဂနွေနေ့ည နောက်ဆုံးထားပြီး အရပ်သားအစိုးရကို အာဏာလွှဲ ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေက အချိန်ပေးထားတာ ဖြစ်ပါတယ်။
အဲဒီလိုမှ မဟုတ်ရင်တော့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မာလီနိုင်ငံ မြောက်ပိုင်းက တွားရတ် သူပုန်တွေကတော့ စစ်ရေးအရ အသာစီး ရမှုတွေ အလျင်အမြန်ရှိခဲ့ပြီးနောက်မှာတော့ အခုတခါ တင်ဘက်တူး ကန္တာရ မြို့ တဝိုက်မှာ သေနတ်သံတွေ အကြီးအကျယ် ကြားနေရတယ်လို့ သတင်းရရှိပါတယ်။
တင်ဘက်တူးမြို့မှာ ရှိတဲ့ စစ်အခြေစိုက်စခန်းတခုကို သူပုန်တွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အစိုးရတပ်ဖွဲ့တွေ ထွက်ပြေးသွားကြပုံပေါ်တယ်လို့ မျက်မြင် တွေ့ရှိသူ တဦးက ပြောပါတယ်။
အဲဒီမြို့ဟာ အစိုးရတပ်ဖွဲ့တွေရဲ့ နိုင်ငံမြောက်ပိုင်းက နောက်ဆုံး အမာခံမြို့ဖြစ်ပါတယ်။ တွားရတ် သူပုန်တွေဟာ အခု မြို့ကို ဝိုင်းထားကြပြီဖြစ်ပါတယ်။
ကိုလံဘီယာမှာ ဓါးစာခံတွေ ပြန်လွတ်လာ
ကိုလံဘီယာနိုင်ငံမှာ FARC သူပုန်အဖွဲ့ ဆယ်စုနှစ်ကျော် ထိန်းသိမ်းထားတဲ့ နောက်ဆုံးကျန်တဲ့ ရဲနဲ့ စစ်တပ်ဖွဲ့ဝင် ဓါးစာခံ ၁၀ဦး အခုအခါ ပြန်လွတ်လာပြီလို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။
အဲဒီဓါးစာခံတွေကို ကိုလံဘီယာ နိုင်ငံ တောနက်ထဲကနေ ဘရာဇီး စစ်ရဟတ်ယာဉ် တစင်းနဲ့ ပြန်ခေါ်လာတာဖြစ်ပြီး ဘေးကင်း စိတ်ချရတဲ့ နေရာဆီ ခေါ်သွားပြီ ဖြစ်ပါတယ်။
ဓါးစာခံတွေကို ပြန်လွှတ်ပေးမယ်လို့ FARC သူပုန်အဖွဲ့က အခုနှစ် အစောပိုင်းက ကတိ ပြုခဲ့တာ ဖြစ်ပြီး ဒါဟာ ငြိမ်းချမ်းရေး ဖေါ်ဆောင်လိုတဲ့ လက္ခဏာ တရပ် ဖြစ်တယ်လို့ ကြားဝင် စေ့စပ်သူတွေက ဖေါ်ညွှန်း ပြောဆိုခဲ့ကြပါတယ်။
FARC သူပုန်တွေအနေနဲ့ ပြန်ပေးဆွဲပြီး ငွေတောင်းတာမျိုးတွေ မလုပ်တော့ဘူးလို့ ကတိပြုထားပေမယ့် အရပ်သား ရာပေါင်းများစွာကို ခုချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားဆဲပဲလို့ ယူဆရပါတယ်။
အာဆီယံနဲ့မြန်မာအကြားစာမျက်နှာသစ်ဖွင့်နိုင်
မြန်မာနိုင်ငံကို သူ့အစီအစဉ်နဲ့သူဒီမိုကရေစီနဲ့ အမျိုးသားသင့်မြတ်ရေးလမ်းကြောင်း ပေါ် လျှောက်နိုင်အောင် အားပေးခဲ့ကူညီခဲ့တဲ့ အာဆီယံနိုင်ငံအားလုံး ဒီအောင်မြင်မှုမှာ သူတို့ ဆောင်ရွက်ချက်တွေပါတယ်ဆိုတာကို ပြောနိုင်မယ်ထင်ပါတယ်။ အာဆီယံခေါင်းဆောင် တွေနဲ့ ဝန်ကြီးတွေအားလုံးက သူတို့ရဲ့ ကျေနပ်အားရမှုကိုဖော်ပြခဲ့ကြပြီး မြန်မာသမ္မတ နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကိုပြောခဲ့ကြပါတယ်။ ဒါဟာအာဆီယံအတွက် စာမျက်နှာသစ်တရပ် ဖွင့်တာဖြစ်သလို မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာပေါင်းစည်းရေးအတွက်ရော၊ အာဆီယံကတဆင့်ကမ္ဘာနဲ့ ပိုဆက်ဆံ ရာမှာရော ပိုပြီးယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေအများကြီးပွင့်လာပါ လိမ့်မယ်။
မြန်မာသမ္မတကသူတို့ဟာဒီမိုကရေစီစံနစ်ဆီရောက်တဲ့အထိဒီလမ်းကြောင်းအတိုင်းဆက်ပြီးသွားမယ် ဆိုတာမျိုးအာမခံချက်ပေးခဲ့ပါသလား။
မြန်မာသမ္မတကလုပ်ငန်းစဉ်ဟာ ရလာဒ်ထက်ပို အရေးကြီးတယ်ဆိုတာကိုပြောသွားခဲ့ပါတယ်။ သူဆိုလိုတာက ဒါဟာ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ဖြစ်တယ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပုံနဲ့ပတ်သက်လို့ အာဆီယံစောင့်ကြည့်လေ့လာသူတွေကလည်း မဲပေးသူတွေ ကစိတ်အား ထက်ထက်သန်သန်နဲ့ထွက်လာကြတဲ့အတွက် ကျေနပ်မှုကိုဖေါ်ပြကြ ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေဟာ လမ်းကြောင်းမှန်အတိုင်းဆက်သွားဖို့ဟာ မြန်မာနိုင်ငံအတွက်လည်းကောင်း သလိုအာဆီယံအတွက်လည်းကောင်းမှာပါ။ မြန်မာနိုင်ငံမှာအမျိုးသားသင့်မြတ်ရေးအတွက်ရှေ့ဆက် ဆောင်ရွက်ချက်တွေနောက်မှာအာဆီယံနိုင်ငံတွေကလည်းရပ်တည်သွားမှာပါ။
အဲဒီလိုရပ်တည်မယ်ဆိုရင်အာဆီယံကလက်တွေ့မှာဘာတွေလုပ်ပေးမှာလဲ။
အာဆီယံအနေနဲ့ကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံကိုအာဆီယံမိသားစုနဲ့ဆက်ဆံရာမှာရော၊ နိုင်ငံတကာနဲ့ဆက်ဆံရာမှာပါ အခွင့်အလမ်းတွေပိုရလာအောင် ပညာရေး၊ကျန်းမာရေး၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး တွေကိုပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါဆိုရင်မြန်မာနိုင်ငံသားတွေကိုတိုက်ရိုက်အကျိုးရှိ စေမှာလည်းဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးလို့ပြောကြတဲ့နေရာမှာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကလည်း ဆက်ပြီးရှိနေပါတယ်။ အဲဒီပိတ်ဆိုမှုတွေကိုမကြာခင်ရုပ်သိမ်းမယ့်လက္ခဏာမျိုးမြင်ရပြီလား။
တရားဝင်ပြောတာတော့မရှိသေးပါဘူး။ ဒါပေမယ့် စောင့်ကြည့်ကြသူတွေ၊ ကျွန်တော်တို့နဲ့ဆွေးနွေးဖက် တွေအများကြီးဆီက မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပုံ ကို အားရကြောင်းပြောတာ ကြားရပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေကိုရုပ်သိမ်းသင့်တယ်လို့အာဆီယံ နိုင်ငံတွေကြားမှာလည်း သဘောတူထားပါတယ်။ အဲဒီလိုရုပ်သိမ်းမယ်ဆိုရင်မြန်မာနိုင်ငံကိုကမ္ဘာနဲ့ဆက်ဆံရာမှာ အခွင့်အလမ်း တွေများကြီးပွင့်လာစေပါလိမ့်မယ်။ ဒါဆိုရင်မြန်မာပြည်သူတွေအတွက်အကျိုးဖြစ်မှာဖြစ်သလို၊ မြန်မာ နဲ့ပတ်သက်လို့စိတ်ရှည်ရှည်စောင့်ကြဖို့ပြောနေတဲ့အာဆီယံအတွက်လည်း အရင်ကလိုအငြင်းပွားစရာ အခြေအနေမျိုးမရှိတော့ဘူးပေါ့ဗျာ။ မြန်မာနိုင်ငံဟာလမ်းချိုးတခုကိုရောက်ခဲ့ပြီဆိုတော့နောက်ပြန် လှည့်စရာမရှိတော့ဘူးပေါ့။
အခုဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်လာပါပြီ။ ဒီအတွက်မြန်မာနဲ့အာဆီယံပေါင်းစည်းရေးမှာပိုကောင်းလာစရာရှိပါလား။
သူဟာမြန်မာ့နိုင်ငံရေးကိုအသက်ဝင်အောင်လုပ်ခဲ့တယ်လို့အသေအချာပြောနိုင်ပါတယ်။ မြန်မာပြည်သူ တွေကိုလည်းခွန်အားတွေပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်အာဆီယံ ပေါင်းစည်းရေး အတွက်လည်း အပေါင်းလက္ခဏာ ဆောင်တဲ့ ဆောင်ရွက်ချက်တွေအများကြီးလုပ်နိုင်ပါလိမ့်မယ်။ သူဟာ ဒီမိုကရေစီရေး အတွက်သတ္တိရှိရှိဆောင်ရွက်ခဲ့သူ အဖြစ် လူတွေ ကြားမှာသိပ်ရေပန်းစားတယ် ဆိုတဲ့အချက်ဟာ မြန်မာတွေအတွက်သာမက အာဆီယံတခုလုံးအတွက်ပါ သိပ်အားကောင်းတဲ့ လက္ခဏာတရပ်ပါ။ သူ့ရဲ့ခေါင်းဆောင်မှုကိုတကမ္ဘာလုံးကလည်းလေးစားအားကျကြပါတယ်။
သူ့မှာအရည်အချင်းတွေရှိတာ၊ လူကြိုက်များတာကတော့ရှင်းပါတယ်။ စောစောကဒေါက်တာဆူရင် ပြောခဲ့သလိုသမ္မတဦးသိန်းစိန်က ရလာဒ်ထက်ဖြစ်စဉ်ကိုဦးစားပေးတယ်ဆိုတဲ့အချိန်မှာဒေါ်အောင် ဆန်းစုကြည်ကဖွဲ့စည်းပုံဥပဒေကိုပြင်ချင်တယ်ဆိုတာမျိုးရလာဒ်ကိုလိုချင်နေပါတယ်။ အခုချိန်မှာ ရင်ကြားစေ့ဖို့ကြိုးစားနေဆဲဖြစ်တဲ့ဒီနှစ်ဖက်ကြားမှာပဋိပက္ခတခုခုဖြစ်လာရင်အာဆီယံအတွက်မထိ ခိုက်နိုင်ဘူးလား။
အဲဒါကတော့ မြန်မာနိုင်ငံနဲ့မြန်မာခေါင်းဆောင်တွေအကြားဆက်ဆံရေးပါ။ အခုဒေါ်အောင်ဆန်းစုကြည် ဟာခေါင်းဆောင်တဦးအနေနဲ့ ပါလီမန်ထဲကိုရောက်လာပါပြီ။ သူတို့အချင်းချင်းကြားမှာပြေလည်အောင်ဖြေရှင်းကြလိမ့်မယ်လို့ အာဆီယံကရော၊ ကမ္ဘာက ပါမျှော်လင့်နေကြပါတယ်။
အီးယူနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး ဧပြီလကုန်မှာ ဆွေးနွေးဖွယ်ရှိ
ဧပြီလ ၂၃ ရက် လက်ဇင်ဘတ် နိုင်ငံမှာ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်မယ်လို့ အီးယူနိုင်ငံခြားရေးမူဝါဒ ရုံးပြောခွင့်ရ မစ္စ ကိုအီယန်ချစ်က ဆိုပါတယ်။ရွေးကောက်ပွဲ ကျင်းပပုံနဲ့ တခြား ပြုပြင် ပြောင်းလဲရေး တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ ဆုံ ဆွေးနွေးမှု၊ လူမျိုးစု လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး အဖြေရှာမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု စတာတွေကို သုံးသပ် စဉ်းစားမယ်လို့ သူက ဆိုပါတယ်။
မနှစ်က ထဲက စတင်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဥရောပ သမဂ္ဂက ဆက်လက် ကြိုဆို ထောက်ခံ သွားမယ်လို့လည်း ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ မစ္စကက်သရင်း အက်ရှတန်က ပြောကြား ခဲ့ပါတယ်။
ပိတ်ဆို့မှုတွေ ဖွင့်ပေးမယ်ဆိုရင် လက်နက် တင်သွင်းခွင့်၊ သစ်ခုတ်လှဲခွင့်နဲ့ သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားတာတွေ၊ လူပုဂ္ဂိုလ် တယောက်ချင်း အလိုက် စီးပွားရေး ပိတ်ဆို့ ထားတာတွေကို ပြန် ရုပ်သိမ်း ပေးပြီး ဖွံ့ဖြိုးမှု အထောက်အပံ့ တွေလည်း ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးတွေဆီက အပြုသဘော ထင်မြင်ချက် ပေးမယ် မျှော်လင့်ပေမယ့် လောလောဆယ်တော့ ဘယ်လို ပြောင်းလဲရေးတွေ လုပ်မယ် မပြော နိုင်သေးဘူးလို့ မစ္စ ကိုအီယန်ချစ်က ပြောကြား သွားပါတယ်။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်မြင်မှုကို ကြိုဆိုကြောင်း သူက ဆက်ပြော ပါတယ်။ မမှန်ကန်တာ တွေ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစီအစဉ်တကျ ပီးဆုံးသွားခဲ့ပီး အစိုးရ ပြောတဲ့ ကတိတည်တဲ့ အတွက် ကျေနပ်တယ်လို့လည်း ဆိုပါတယ်။ ဒီ အစည်းအဝေး အပီးမှာ ကက်သရင်း အက်ရှ်တန် မြန်မာပြည်ကို သွားလိမ့်မယ်လို့ ရွေးကောက်ပွဲ မတိုင်ခင်က ထုတ်တဲ့ ဥရောပ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ကမ္ဗောဒီးယား အစိုးရကလည်း ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို ပိတ်ဆို့ ထားတာတွေ ပြန်ဖွင့်ပေးဖို့ ဧပြီ ၂၇ ရက်မှာ ကျင်းပမယ့် အာစီယံနဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ တောင်းဆိုမယ်လို့ သတင်းရရှိပါတယ်။
ကုလကိုယ်စားလှယ်အဖွဲ့ ဆီးရီးယားရောက်တော့မယ်
ကုလသမဂ္ဂရဲ့ ရှေ့ပြေး ကိုယ်စားလှယ်အဖွဲ့တခု ဟာ ဆီးရီးယားနိုင်ငံမှာ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေ ချထားရေး ဆွေးနွေးဖို့အတွက် မြို့တော် ဒမားစကပ်စ်ကို လာမယ့် ၄၈ နာရီ အတွင်း ရောက်ရှိမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ အထူးကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ပြောခွင့်ရသူက ပြောကြား ပါတယ်။
အခုရှေ့ပြေး အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦး ဒါမှမဟုတ် ၆ ဦး ပါဝင်မှာ ဖြစ်တယ်လို့ ပြောခွင့်ရသူက ဆိုပါ တယ်။
ဆီးရီးယားမှာ ပစ်ခတ်မှုတွေ ရပ်စဲဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဧပြီလ ၁၀ ရက်နေ့ကို နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ပေးဖို့ မစ္စတအာနန်က တိုက်တွန်းခဲ့ပြီး နောက်တနေ့မှာ အခုလို ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ သွားမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။
ဆီးရီးယားအစိုးရကလည်း အခု နောက်ဆုံးချိန် သတ်မှတ်ချက်ကို သဘောတူထား ပြီး ဖြစ်ပါတယ်။
ဧပြီလ ၁၀ ရက်နေ့ မှာမှ ဆီးရီးယား အစိုးရက အပစ်မရပ်ဘူးဆိုရင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ ရှေ့တိုး အရေးယူ ဆောက်ရွက်မှုတွေ လုပ်ရမယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။
အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေကတော့ အစိုးရတပ်ဖွဲ့တွေဟာ အတိုက်အခံတွေ ခြေကုပ်ယူထားတဲ့ နေရာတွေကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲကို ဒေါ်လာ ၁ သောင်းအထိ သယ်ခွင့်ရ
မြန်မာနိုင်ငံကို ပြည်ပ ကနေ သွားရောက် လည်ပတ်မယ့် နိုင်ငံခြားသား တွေနဲ့ ပြည်ပမှာ အလုပ်လုပ် နေတဲ့ မြန်မာ ပြည်သား တွေကို အမေရိကန် ဒေါ်လာ ၁ သောင်း ဒါမှမဟုတ် အဲဒီ တန်ဖိုးနဲ့ ညီမျှတဲ့ နိုင်ငံခြား ငွေကို သယ်ဆောင် သွားခွင့်ပြု လိုက်ပြီ လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန် ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒေါ်လာ ၁ သောင်းနဲ့ အထက် ဆိုရင်တော့ အကောက်ခွန် ဌာနကို အသိပေး တင်ပြရမှာ ဖြစ်ပါတယ်။ အရင်တုန်း ကတော့ ဒေါ်လာ ၂ ထောင်ဘဲ သယ်ဆောင် သွားခွင့် ရှိပါတယ်။
ဒီလို လုပ်ဆောင် ရတာ ကလည်း မြန်မာ့ စီးပွားရေး တိုးတက် လာဖို့ နဲ့ ခရီးသွား လုပ်ငန်း တိုးတက် လာဖို့ အတွက် ဖြစ်တယ်လို့ ဗဟိုဘဏ်က တာဝန်ရှိသူက ပြောပါတယ်။
ခရီးသွား လုပ်ငန်းနဲ့ ပက်သက်ပြီး အီးဗီဇာ လို့ခေါ်တဲ့ နိုင်ငံခြားသားတွေ အတွက် ပြည်ဝင်ခွင့် ဗီဇာ ကိုလည်း အခုလ ၁ ရက်နေ့က စပြီး အွန်လိုင်းကနေ လျှောက်ခွင့် ပြုလိုက် ပြီလို့ ဟိုတယ်နဲ့ ခရီး သွားလာရေး ဝန်ကြီး ဌာနက ကြေညာ ထားပါတယ်။ လောလောဆယ် မှာတော့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံသားတွေပဲ စတင် လျှောက်ခွင့် ရှိမှာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင် က ဒီ အွန်လိုင်း ဗီဇာ ကို အမြန်ဆုံး လုပ်နိုင်တဲ့ စံနစ် ဖြစ်တယ် လို့ပြောပါတယ်။
ဒါပေမယ့် လည်း တကယ်လျှောက်တဲ့ အခါ ၃ ရက်လောက် အထိကြာနိုင် တယ်လို့ပြောဆို နေကြတာနဲ့ပတ်သက်လို့တော့ လုံခြုံရေး အရ စစ်ဆေး စရာ ရှိတာကြောင့် လို့ယူဆ ရတယ် ဆိုပြီးပြောပါတယ်။
အခုအခါ ကမ္ဘာလှည့် ခရီးသည် တွေလည်း မြန်မာ နိုင်ငံ ကို အများအပြား လာရောက်နေ ကြပြီး၊ လွန်ခဲ့တဲ့ နှစ်တုန်းက ရန်ကုန် လေဆိပ် ကို ရောက်လာတဲ့ ခရီးသည် ၄ သိန်းလောက်ရှိတယ် လို့ ဦးတင်ထွန်းအောင်က ပြောပါတယ်။
အခုနှစ် မှာတော့ ၅ သိန်းကျော် ၆ သိန်းလောက် အထိခရီးသွားတွေ လာရောက် ကြလိမ့်မယ်လို့ ခန့်မှန်းရ ကြောင်း၊ ခုလို ခရီးသည်တွေ အလာများလို့ ဟိုတယ် တွေ မလုံမလောက်ဖြစ်လာ တာကြောင့် တည်းခိုခန်းခ ကို ၄ ဆလောက်အထိ ဈေးမြင့် တင်လိုက်တာ တွေလည်း ရှိနေတယ်လို့ ဦးတင်ထွန်းအောင်က ပြော ပြခဲ့ပါတယ်။
ဒေါ်စု ငြိမ်းချမ်းရေးကိစ္စ ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားများပြော
ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၃ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသားဒေသများရှိ ငြိမ်းချမ်းရေး ပြဿနာများကို ဦးစားပေး ဖြေရှင်းသင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက တိုက်တွန်းလိုက်သည်။
အရေးပါသည့် လွှတ်တော်အမတ်တဦး အနေဖြင့် လွှတ်တော်တွင်း လုပ်ကိုင်စရာ ကိစ္စများစွာ ရှိမည်ဖြစ်သော်လည်းဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေးကို မေ့ထားမည် မထင်ကြောင်း၊ သို့သော် ယင်းကိစ္စကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်းသွားမည်ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး က ပြောသည်။
ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားဒေသများရှိ ငြိမ်းချမ်းရေး ပြဿနာများကို ဦးစားပေး ဖြေရှင်းသင့်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက တိုက်တွန်း (ဓါတ်ပုံ မဇ္ဈိမ)
“ဒေါ်စုက ကျနော်တို့ တိုင်းရင်းသားအရေးကို မေ့မယ်လို့ မထင်ဘူး။ အခြေအနေက တိုင်းရင်းသားအရေးကို ပစ်ထားလို့ မရနိုင်ဘူး။ သူ ပစ်ထားလို့ မရအောင်လည်း ကျနော်တို့ တွန်းအားပေးရမှာ” ဟု မဇ္ဈိမကို ပြောသည်။
ယခုနှစ်ဆန်းကမှ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးက တိုင်းရင်းသားအရေးကိစ္စသည် နိုင်ငံ အတွက် အရေးကြီးဆုံးအချိန် ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးလုပ်ငန်း သုံးခုအဖြစ် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြခံဥပဒေပြင်ဆင်ရေးတို့ကို ပြည်သူလူထုထံ တင်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၄ နေရာ ပြိုင်သည့် အနက် ၄၃ နေရာ အနိုင်ရရှိထားပြီး ရှမ်းပြည်နယ် ကလောမြို့နယ် နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ ကဲ့သို့သော တိုင်းရင်းသားဒေသများတွင်ပါ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နှစ်ပေါင်းများစွာက မဖြေရှင်းနိုင်ခဲ့သည့် ငြိမ်းချမ်းရေးပြသာနာအား ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု တိုင်းရင်းသားများက ယုံကြည် အားကိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တဒေါင့်တနေရာမှ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း လည်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
“သူက တိုင်းရင်းသားတွေအပေါ် ဆက်စပ်မှုရှိတယ်။ စေတနာလည်း ရှိတော့ သက်ဆိုင်ရာ လွှတ်တော် ခေါင်းဆောင်တွေက သူ့ကို တာဝန်ပေးမယ်လို့ ယုံကြည်တယ်။ သူ လုပ်လိမ့်မယ်လို့ ယုံကြည်တယ်”ဟု နိုင်ဟံသာက မဇ္စျိမကိုပြောသည်။
ထို့အပြင် “၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်တဲ့အနေရာမှာ အများကြီး အထောက်အကူ ပေးနိုင်မယ်လို့ ယုံကြည်တယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ နားလည်မှုရှိတယ်။ အဲဒီအပေါ်မှာ သူ့ကို ထောက်ခံတယ်။ သူဘယ်ထောက်ထိ လုပ်နိုင်မလဲ ဆိုတော့ အစိုးရ ဘယ်လောက်ထိ ခွင့်ပြုမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟု ပြောသည်။
အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ကချင်ခေါင်းဆောင် တဦးကလည်းဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖခင်ကဲ့သို့ တိုင်းရင်းသားအရေးကို ဦးစားပေးမည်ဟု ယူဆကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးမှာ နံပါတ်တစ် ဖြစ်သင့်ကြောင်း ပြောကြားသည်။
“ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာတွေကို နောက်က ခေါင်းဆောင်တွေ ဘယ်သူမှ လိုက်မလုပ်ဘူး။ ခု (သူ့)သမီး လက်ထက် ပြန်ဖော်ဆောင်မယ်ဆိုရင် သမိုင်းပေးတာဝန် ကျေပွန်တာပဲ။ ပထမဆုံး တိုင်းရင်းသား ငြိမ်းချမ်းရေးကိစ္စ လုပ်ပေးဖို့၊ ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ဖို့တွေ လုပ်ရင်ကောင်းမယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စက အရေးကြီးဆုံးပဲ။ ပြီးမှ ဒီမိုကရေစီအရေး ဆက်လုပ်စေချင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်တွင်း ဆောင်ရွက်မည့် လမ်းပြမြေပုံ (Roadmap) ရေးဆွဲကာ တိုင်းရင်းသားအရေးကို အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း လည်း အဆိုပါ ကချင်ခေါင်းဆောင်က ပြောသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များသည် လွတ်လပ်ရေး ရယူရာတွင်တောင်းတန်းနှင့် ပြည်မမခွဲခြားဘဲ တန်းတူအခွင့်အရေးအတွက် ပြည်မ-တောင်တန်း ပူးပေါင်းရေး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
ရွှေ့ဆိုင်းထားသည့် ကချင်ပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် KIO အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးလိုကြောင်း NLD ထုတ်ပြန်ချက်ကို KIO က ကြိုဆိုခဲ့သော်လည်း ယခုချိန်ထိ နှစ်ဘက်တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။
KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့်ဆွေးနွေးမည်
မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို သောကြာနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် “အပစ်အခတ် ရပ်ဆိုင်းဖို့အတွက် ပဏာမ သဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ဖို့အတွက် ဘာတွေလိုမလဲဆိုတာ ဆွေးနွေးသွားမှာပါ” ဟု နော်မေဦး က ပြောသည်။
KNU နှင့် အစိုးရတို့ကြား အပစ်ရပ်ရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပဏာမ သဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် အပြစ်အခတ် ရပ်စဲရန်၊ နှစ်ဘက်လုံး ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်မှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။
KNU ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် KNU က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တပ်များရုပ်သိမ်းပေးခြင်း မရှိသေးဟု နော်မေဦးက ဆိုသည်။
“တိုက်ပွဲတွေဖြစ်နေတာ မရှိပေမယ့် အပြောင်းမလဲ ကြီးကြီးမားမားကြီးတော့ မရှိပါဘူး။ ဒါ့အပြင် ဆိုးဆိုးရွားရွား အခြေအနေလည်း ဖြစ်မနေပါဘူး တိုက်ပွဲဖြစ်သလိုမျိုးပေါ့။ ကရင်ရွာတွေမှာ အစိုးရရဲ့ တပ်တွေရှိနေတုန်းပဲ၊ စစ်ဒေသ ဆိုတာ သေနတ်တွေ အမြဲတမ်းတဒုန်းဒုန်းနဲ့ ပစ်နေမှ မဟုတ်ဘူး” ဟု မဇ္ဈိမကို ရှင်းပြခဲ့သည်။
သောကြာနေ့ ဆွေးနွေးပွဲသို့ KNU ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့နှင့်အတူ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၂၁ ဦး လိုက်ပါသွားမည်ဟုလည်း သိရသည်။
KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်မှ စစ်ဌာနချုပ်များမှ တပ်မှူးများ၊ ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်လူထုနှင့်လည်း တွေ့ဆုံရန်ရှိသည်။
KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၆ ရက် ၇ ရက်နေ့များတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိပြီး “နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှု သဘောထား၊ သူတို့တွေနဲ့ ဘယ်လိုနေရာမျိုးတွေမှာ အင်အားဖြည့်ပြီးတော့ အလုပ် လုပ်လို့ရမလဲ။ ဒီဟာတွေကို ကျမတို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ကျမတို့အားလုံး စုပေါင်းပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်” ဟု နော်မေဦးက မဇ္ဈိမကိုပြောသည်။
KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို အစိုးရမှ လွှတ်ပေးခြင်းသည် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးမှု အတွက် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုကို ရရှိစေပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ဝင်ခဲ့သည့် NLD ပါတီမှ အမတ်များ လွှတ်တော်တွင်း ဝင်ရောက်ခွင့် ရရှိခြင်းကလည်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်စေမည်ဟုလည်း KNU ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦးဖြစ်သူ နော်မေဦးက ယူဆသည်ဟု လည်း မဇ္ဈိမကိုပြောသည်။
0 comments:
Post a Comment