Tuesday, April 3, 2012

04.04.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, April 4, 2012 at 7:11am · 

ရွေးကောက်ပွဲ ရလဒ်အပေါ် နိုင်ငံတကာက တုန့်ပြန်
ရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာ့အနာဂါတ် အတွက် အရေးပါတယ်လို့ ဘန်ကီမွန်းပြော
မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက တုန့်ပြန် ချီးကျူးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံအတွက် ပိုကောင်းမွန်တဲ့ အနာဂါတ်ရေးကို ရှေ့ရှုတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ဖေါ်ညွှန်းပြောဆိုလိုက်ပြီး မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားတခု ဖြစ်တယ်၊
ငြိမ်းချမ်းပြီး ဒီမိုကရေစီကျတဲ့ အနာဂါတ်ရေးကို ရှေ့ရှုတဲ့ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ် ဆိုတာကို အခိုင်အမာ ယုံကြည်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
တခါ EU ဥရောပ သမဂ္ဂ ရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ Catherine Ashton ကလည်း ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ မြန်မာ အစိုးရနဲ့ မြန်မာ ပြည်သူတွေ ကို ချီးကျူးဂုဏ်ပြုလိုက်ပြီး မြန်မာနိုင်ငံနဲ့ ဥရောပ သမဂ္ဂ အကြား ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးသစ်တရပ် ထားရှိနိုင်ဖို့ မျှော်လင့်နေပါတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန် အစိုးရကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုခဲ့သလို ဦးသိန်းစိန် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NLD အပါအဝင် ဒီမိုကရေစီ အင်အားစုတွေနဲ့ပါ အတူ လက်တွဲပြီး တည်တံ့ခိုင်မြဲပြီး နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အစိုးရကလည်း ဒီကြားဖြတ် ရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ ထုတ်ဖေါ် ချီးကျူးလိုက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုရှိတဲ့ လမ်းကြောင်းပေါ် ဆက်သွား မယ်လို့ အမေရိကန် အစိုးရက မျှော်လင့်ပါကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
တခါ ပြင်သစ် သမ္မတ နီကိုလက်စ် ဆာကိုဇီးကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အခုလို အနိုင်ရခဲ့တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် အောင်ပွဲတရပ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့မှုတွေအတွက် အောင်ပွဲလို့ ဆိုနိုင်ကြောင်း ပြင်သစ်ပြည်သူတွေကိုယ်စား ဂုဏ်ပြုစကား ပြောသွားခဲ့ပါတယ်။

ဒေါက်တာ စိုးမင်းကို ဦးမင်းထက်က တွေ့ဆုံ မေးမြန်းခဲ့ပိတ်ဆို့ မှု ရုပ်သိမ်းဖို့ ရည်ရွယ် မဲပေးတာလို့ ဒေါက်တာစိုးမင်းပြော
ဒီကြားဖြတ် ရွေးကောက်ပွဲ မှာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ကို ပြည်သူ တွေ မဲပေး လိုက်တာ ဟာ သူတို့တွေ အနေနဲ့ ပြောင်းလဲမှု လိုလား တဲ့အတွက် ကြောင့်ရယ်၊ စီးပွားရေး ပြဿနာတွေကို အဆင်ပြေချင်စေချင်တဲ့ဆန္ဒတွေကြောင့်သာ ဖြစ်တယ်လို့ ကော့မှူး မဲဆန္ဒနယ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှုံးနိမ့် သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် လောင်း ဒေါက်တာ စိုးမင်းက ပြောပါတယ်။
တိုင်းပြည် စီးပွားရေးအဆင်ပြေမှ ကျန်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအပိုင်းတွေ ပြေလည်လာကြလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ မဲဆန္ဒရှင်တွေက မဲထည့်ကြတာဖြစ်တယ်၊ အဓိက ကတော့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ ရည်ရွယ်ပြီး မဲပေးကြတာဖြစ်တယ်လို့ ယူဆကြောင်း သူက ဆိုပါတယ်။
ကြံ့ခိုင်ဖွံဖြိုးရေးပါတီအနေနဲ့က နိုင်ငံတော် အချုပ်အခြာအာဏာတည်မြဲရေးကိုသာ ဦးတည်ကာကွယ်တယ်၊ ဒါကြောင့် လတ်တလောမှာ ပြည်သူလူထုရဲ့ လိုလားချက်နဲ့ ပါတီရဲ့ လိုလားချက်မှာ အနည်းငယ် ကွာဟာမှုတွေ ရှိကောင်းရှိနေနိုင်မယ်၊ အနာဂတ်မှာတော့ ပြည်သူနဲ့ ပါတီကြား အချိန်ယူ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဒေါက်တာစိုးမင်းက ဘီဘီစီကို ပြောပါတယ်။
ပါတီရဲ့ ယူဆချက်အရ တိုင်းပြည်မှာ စီးပွားရေးအရ တခြားအင်အားကြီးနိုင်ငံတစ်ခုခုက လွမ်းမိုးမှုလုပ်လာရင် တိုင်းပြည် အချုပ်အခြာ အာဏာ ထိပါးလာနိုင်တဲ့အတွက် ပါတီအနေနဲ့ အခုလို အချုပ်အခြာအာဏာကို ဦးစားပေး ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အခုချိန်မှာ ပြည်သူလူထုတွေဟာ နိုင်ငံရေးအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒဘက်မှာ ရပ်တည်မယ်၊ နောင်တချိန်မှာ သူတို့လိုလားတဲ့ မူဝါဒ ဘောင်ကျော်လာရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကို ရပ်တည်မယ် ဆိုတဲ့ သူတွေလဲ ရှိနေပါသေးတယ်လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။
ဒေါက်တာစိုးမင်းဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲ ၄ သောင်းကျော်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဒုဗိုလ်မှူးကြီး အဆင့် အထိ စစ်ဖက် ဆိုင်ရာ ဆရာဝန် တာဝန် ထမ်းဆောင်ခဲ့ ဘူးသူလည်းဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အောင်ပွဲဆင်အပြောင်းအလဲမှာ NLD ကို ဖယ်ထားလို့ မရ တာကို ပြ
အဝေးရောက် ပြည်ထောင်စု ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် က ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ အပြောင်းအလဲ ဖြစ်စဉ်မှာ NLD ဟာ မပါမဖြစ် အရေးပါ တယ် ဆိုတဲ့ အချက် ကို ပြသလိုက်တာပဲ လို့ ပြော ပါတယ်။
အမေရိကန်မှာ အခြေစိုက်နေထိုင်နေတဲ့ အတိုက်အခံ အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း က ကြားဖြတ်ရွေးကောက်ပွဲ မှာ အမတ် နေရာ ၄၀ ကျော်လောက်အတွက်သာ ဝင်ပြိုင် ရတာ ဖြစ်တာကြောင့် လွှတ်တော် အတွင်း NLD အမတ်တွေ အနည်းအကျဉ်းသာ နေရာရတာ ဖြစ်ပေမယ့် NLD မဲအပြတ်အသတ် နိုင်အောင် လူထု က ထောက်ခံလိုက်တာကို ကြည့်လိုက် ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါပဲ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ လုပ်လို့ မရတာ ထင်ရှား နေကြောင်း ပြော ပါတယ်။
ဒါပေမယ့် လွှတ်တော်အတွင်း က အင်အားကြီးပါတီ က အပြောင်းအလဲ ကို ဆက်လုပ်မှသာ အပြောင်းအလဲ က ရှေ့ဆက်တိုးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
NLD လွှတ်တော်တွင်း ကို ဝင်ရောက်သွားပြီးတဲ့ နောက်ပိုင်းမှာလည်း ပြည်ပအင်အားစု တွေ အနေနဲ့ ပြည်ပမှာ ဆက်လက်ရပ်တည် လှုပ်ရှားဖို့ လိုသေးကြောင်း လည်း သူ က ပြော ပါတယ်။
မြန်မာနိုင်ငံ အတွင်း အပြောင်းအလဲ တွေ များစွာ လုပ်ဖို့ လိုနေသေးပြီး လွတ်လပ် ပွင့်လင်းစွာ လုပ်ကိုင် နိုင်မှု ကလည်း မရေရာ သေးတဲ့ အခြေအနေ တွေ ကြောင့် သူ့ အနေနဲ့ ပြည်ပ က နေ လှုပ်ရှားမှု တွေ ကို ဆက်လက် လုပ်သွားဖို့ စီစဉ်ထားဆဲ ဖြစ်ကြောင်း သူ က ပြောပါတယ်။

ကချင်ဒေသ က စစ်ပွဲတွေ ကြောင့် အိုးအိမ် စွန့်ခွာ ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေရွေးကောက်ပွဲ အသံတွေကြားက သေနတ်သံတွေ
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနေတဲ့ အချိန် မှာပဲ ကချင်ပြည်နယ် ဘက်မှာတော့ စစ်ပွဲသံတွေ ကြားရ ဆဲ ပါ။
ရှမ်းပြည်နယ် မူဆယ်မြို့နယ်နဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းမှာ အစိုးရ စစ်တပ် နဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIA တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတယ်လို့ သိရပါတယ်။
မူဆယ်မြို့နယ် မုန်းပေါ်ရွာနားက ခါလီခူးရွာမှာ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ရာမှာ အသေ အပျောက် ရှိခဲ့တယ်လို့ သိရပါတယ်။
မိုးမောက်မြို့နယ် စိန်လုံရွာနားက ခါ့ခမ်း ရွာနား မှာလည်း KIA နဲ့ အစိုးရတပ်တွေအကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
NLD အောင်ပွဲ ရတဲ့ အတွက် မဝေးတဲ့ အနာဂတ်မှာ လွှတ်တော်အတွင်း သူတို့ရဲ့ တိုက်တွန်းမှု တွေကြောင့် ကချင်ဘက်မှာ ဖြစ်နေတဲ့ အစိုးရ ထိုးစစ်တွေ ရပ်တန့်သွားမယ် လို့ မျှော်လင့် ပါသလား လို့ KIA ရဲ့ နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ KIO က တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးလာနန်း ကို မေးတဲ့ အခါ စစ်ပွဲ တွေ ကို ညွှန်ကြားနေတာ က ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တာကြောင့် လွှတ်တော် က သိပ်လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး လို့ ပြောပါတယ်။ 

ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့တယ်လို့ သမ္မတပြောNLD အနိုင်ရရှိမှု သမ္မတဦးသိန်းစိန် ကြိုဆို
မြန်မာသမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က အပြတ်အသတ်နဲ့ အနိုင် ရရှိသွားတဲ့အပေါ် ကြိုဆိုထောက်ခံကြောင်း ပြောကြား လိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က အာဆီယံခေါင်းဆောင် တွေနဲ့ သီခြား ဆွေးနွေးမှု အတွင်း အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး၊ ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လို့ လည်း သူက ပြောကြားသွား ခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံ တွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြ တယ်လို့ သတင်းတွေလည်း ရရှိပါတယ်။
ကျန်ရှိနေသေးတဲ့ မဲရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် ကြေညာသွားခဲ့ အပြီးမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် ၄၅ နေရာမှာ NLD က ၄၃ နေရာ၊ ကျားဖြူပါတီက ၁ နေရာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တနေရာ အသီးသီး နိုင်ရရှိသွားကြပြီ ဖြစ်ပါ တယ်။

စစ်တပ် အရာရှိကြီးတွေ ဘာကြောင့် ဒီအချိန် ရာထူးတိုးသလဲ
အင်္ဂါနေ့က ထုတ်ဝေတဲ့ အစိုးရ သတင်းစာတွေ မှာ ဖော်ပြရေးသားချက်တွေ အရ မြန်မာ နိုင်ငံ စစ်တပ် အကြီးအကဲ တချို့ရဲ့ ရာထူး တွေတိုးမြှင့် ပေးခဲ့တာ တွေ့ရပါတယ်။
စစ်တပ် အကြီး အကဲတွေ ရာထူးတိုးပေး တာဟာ စစ်တပ် အခန်းကို တိုးမြှင့်တာလို့ မြင်ကြ
သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ပ ခရီးစဉ်ကို လိုက်ပါ ပို့ဆောင်တဲ့ သတင်းကို ဖော်ပြရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး လို့ ဖော်ပြပြီး ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နဲ့ တခြား ထိပ်ပိုင်း စစ်ဘက် ဆိုင်ရာ အရာရှိကြီး တချို့ကို ရာထူး တစ်ဆင့်တိုး ဖော်ပြ ထားတာ ဖြစ်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်(လေ)က ဒုတိယ ဗိုလ်ချုပ်ကြီး ကနေ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအဖြစ် မူလ ထက် ရာထူး တဆင့်မြင့် သွားပါတယ်။
ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ကို လည်း ရာထူး တစ်ဆင့် တိုးပေးလိုက်တဲ့ အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်း ဖြစ်သွား ပါတယ်။
ဒါဟာ လက်ရှိသွားနေတဲ့ မြန်မာ နိုင်ငံရဲ့ အပြောင်း အလဲတွေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ချီးမြှောက်တဲ့ သဘောလို့ ပြောနိုင်ကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူ သွားခဲ့ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ကြီး အဆင့် ရှိတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ် အစမ်း ခန့်ထားခဲ့ပြီး အခု တစ်နှစ်ပြည့်ချိန်မှာ အတည်ပြု ခန့်ထားတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံရောက် ဘီဘီစီ သတင်းထောက် ကိုချိုက စစ်တပ် အသိုင်း အဝိုင်းနဲ့ သတင်းထောက် အသိုင်း အဝိုင်းရဲ့ ပြောဆိုမှု တွေကို ကိုးကား ပြောပါတယ်။
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူတို့ လွှတ်တော်ထဲ ရောက်ရင် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ကနေ ဖယ်ရှားဖို့ လုပ်ဆောင် မယ်လို့ ပြောထားခဲ့ တာမို့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်သမျှ နေရာ အားလုံး နီးပါး အနိုင်ရ တယ် ဆိုတဲ့ ရလဒ် ထွက်ပေါ်လာ ချိန်မှာ စစ်တပ် အကြီးအကဲတွေရဲ့ ရာထူးတွေ တိုးပေးလိုက်တာ တွေ့ရတာကတော့ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို တိုးမြှင့် ယူလာတယ်လို့ ဆိုနိုင်ကြောင်း ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။

တရုတ်-မြန်မာ ဒေါ်လာသန်း ၃၁၀ ဖိုး စာချုပ်ချုပ်
အောင်ကြည် | တနင်္လာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ တရုတ်နိုင်ငံ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များသည် အမေရိကန်ဒေါ်လာ သန်း ၃၁ဝ ဖိုးရှိ ကုန်သွယ်မှု သဘောတူစာချုပ်ကို မတ်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၂ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော ကွမ်ရှီး ကုန်စည်ပြပွဲ ကျင်းပစဉ် လက်မှတ် ရေးထိုးခဲ့ကြောင်း ကွမ်ရှီးဒေသမှ အဆင့်မြင့် အရာရှိများနှင့် ကုမ္ပဏီမှ အရာရှိများက ဆိုသည်။

“စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃၁ဝ တန်ဖိုးရှိ စီးပွားရေး သဘောတူညီချက် စာချွန်လွှာ စုစုပေါင်း ၂ဝ ခုကိုမြန်မာနဲ့ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်တွေက မတ်လ ၃ဝ ရက်နေ့မှာ လက်မှတ် ထိုးကြပါတယ်” ဟု ကွမ်ရှီးဒေသ ဒု-အုပ်ချုပ်ရေးမှုး မစ္စတာ ရန်တောင်ရှီက မတ်လ ၃၁ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိအောင်ကြီး ကုမ္ပဏီသို့ အလည်အပတ် ရောက်ရှိစဉ် ပြောကြားသည်။
တရုတ်နိုင်ငံ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များသည် အမေရိကန်ဒေါ်လာ သန်း ၃၁ဝ ဖိုးရှိ ကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆို (ဓါတ်ပုံ အောင်ကြည်၊ မဇ္ဈိမ)
ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် လက်မှတ်ရေးထိုးခြင်း မပြုလုပ်မီ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်နှင့် ကွမ်ရှီးဒေသ ဒုအုပ်ချုပ်ရေးမှုး မစ္စတာ ရန်ထောင်ရှီတို့ ဦးဆောင်ကာ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂ဝဝ ကျော်တို့ ဆွေးနွေးပွဲ ကျင်းပခဲ့သေးသည်။

“ဒေါ်လာ သန်း ၃၁ဝ ထဲမှာ ကုန်သွယ်ရေး သဘောတူညီချက်အတွက် သန်း ၁၁ဝ နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ရန် အတွက် သန်း ၂ဝဝ ပါဝင်ပါတယ်” ဟု ကွမ်ရှီးဒေသမှ နိုင်ငံတကာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဌာနမှ ဒု-ဌာနမှူး မစ္စဘိုင်လျန်က ဆိုသည်။

မစ္စတာ ရန်တောင်ရှီကလည်း “မြန်မာနိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေကြောင့်မြန်မာနိုင်ငံဖက်က ဝယ်လိုအားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလိုအပ်နေတဲ့အတွက် ကွမ်ရှီးဒေသနဲ့ မြန်မာအကြား ကုန်သွယ်မှု တနှစ်ထက် တနှစ် ပိုမိုတိုးတက်လာပါလိမ့်မယ်” ဟု ဆိုသည်။

မြန်မာနှင့် ကွမ်ရှီးဒေသ တို့အကြား ကုန်သွယ်မှုသည် ၂ဝ၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၆ ဒဿမ ၁၉ သန်း ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု မစ္စတာရန် က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားများ ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းများတွင် စက်ယန္တရားများ ပိုမို လိုအပ်နေသည်ကို တွေ့ရှိရကြောင်း မစ္စတာ ရန်တောင်ရှီက ဆိုသည်။
တရုတ်နိုင်ငံ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များသည် အမေရိကန်ဒေါ်လာ သန်း ၃၁ဝ ဖိုးရှိ ကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆို (ဓါတ်ပုံ အောင်ကြည်၊ မဇ္ဈိမ)
ကွမ်ရှီးဒေသ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး မြှင့်တင်မှု လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပုဂ္ဂလိက လုပ်ငန်း ရှင်များအနေဖြင့် ငွေအရင်းအနှီးများ ပိုမို လိုအပ်မည်ဖြစ်ရာ ကွမ်ရှီးပြည်နယ် အစိုးရအနေဖြင့် မည့်သည့်နည်းလမ်းဖြင့် ကူညီရမည်ဆိုသည်ကို  နိုင်ငံအစိုးရချင်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် ရှိကြောင်း မစ္စတာ ရန်တောင်ရှီက ဆိုသည်။

“ကွမ်ရှီးဒေသနဲ့ မြန်မာနိုင်ငံ ကုန်သွယ်မှု လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ တိုးတက်ဖို့ လုပ်ဆောင်ရာမှာ အတားအဆီး အခက်အခဲတချို့ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အခွန်ကောက်ခံရေး လုပ်ငန်း အဆင့်တွေ ပိုမို အဆင်ပြေ ကောင်းမွန်ဖို့ လိုနေပါသေးတယ်” ဟု မစ္စတာ ရန်တောင်ရှီက ဆိုသည်။

ကွမ်ရှီး ထုတ်ကုန်ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာတွင် ကျင်းပလျက်ရှိရာ ကွမ်ရှီးဒေသရှိ မြို့ပေါင်း ၁၄ မြို့ရှိ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်မှ ဝန်ထမ်း ၅ဝဝ ကျော် တက်ရောက်ခဲ့သည်။

အဆိုပါ ပြပွဲတွင် ကွမ်ရှီးဒေသမှ ထုတ်ကုန် ပစ္စည်း စုစုပေါင်း ၁,ဝဝဝ ကျော်ကို ပြခန်းပေါင်း ၁ဝဝ ခန့် ဖြင့် ပြသခဲ့ရာ စက်ယန္တရားများ လုပ်ငန်းသုံးယဉ်များ၊ လူစီးမော်တော်ယဉ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကိရိယာများ လျှပ်စစ် ပစ္စည်းနှင့် အီလက်ထရောနစ် ပစ္စည်းများ LCD တီဗွီများ၊ အနုပညာ လက်ရာများ၊ တရုတ် ရိုးရာ တိုင်းရင်းဆေးများ၊ စားသောက်ကုန်များနှင့် အဝတ်အထည်များ ပါဝင်သည်ကို တွေ့ရှိရသည်။

ပြပွဲတွင် ဦးဆောင် ပါဝင်သော ကွမ်ရှီးဒေသ မှ စီးပွားရေး ကုမ္ပဏီများတွင် ကွမ်ရှီး လျူကောင်း စက်ယန္တယား ကုမ္ပဏီ၊ ကွမ်ရှီး ဒုန်ဖန်း လျူကျီူး မော်တော်ယာဉ် ကုမ္ပဏီ၊ ကွမ်ရှီး ယူချိုင်း စက်ယန္တရား ကုမ္ပဏီနှင့် ကွမ်ရှီး စန်ချွမ် ကုမ္ပဏီတို့ ပါဝင်သည်။

ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီမှ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ အန်ဒီဇောင် က “ကျနော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကနေ ဝယ်လိုအား မနှစ်ကထက် ပိုမို ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လျှင်လျှင်မြန်မြန် တိုးတက်နေပြီး နိုင်ငံရေးကလည်း ပိုမိုတည်ငြိမ်လာလို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီသည် မြန်မာနိုင်ငံမှ အောင်ကြီး ကုမ္ပဏီ လုပ်ငန်းစုနှင့် အမေရိကန် ဒေါ်လာ ၁ဝ သန်းဖိုး စက်ယန္တရား ၁၂ဝ ကို တင်သွင်းရန်အတွက် မတ်လ ၃ဝ ရက်နေ့တွင် စာချုပ် ချုပ်ဆိုပြီး ဖြစ်သည်။

လျူကောင်း စက်ယန္တရား ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း ယခင်နှစ်ကထက် အရောင်းတန်ဖိုး စုစုပေါင်း ၆၅ ရာခိုင်နှုန်းခန့် တိုးတက်မည် ဟု မျှော်မှန်းထားသည်ဟု မစ္စတာ ဇောင်က ဆိုသည်။

“ကျနော်တို့အနေနဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ အောင်ကြီးကုမ္ပဏီကတဆင့် အမေရိကန် ဒေါ်လာ သန်း ၂ဝ တန်ဖိုးရှိ စက်ယန္တာရား ၃ဝဝ ခန့် ရောင်းချဖို့ မျှော်မှန်းထားပါတယ်။ ၂ဝ၁၁ ခုနှစ်က အောင်ကြီးကုမ္ပဏီ ကနေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖို့း စက်ယန္တရား စုစုပေါင်း ၁၈၅ ခု တင်သွင်းခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

အောင်ကြီးကုမ္ပဏီ လုပ်ငန်းစုကို ၂ဝဝ၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှ စတင်ကာ ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီနှင့် ချန်းလုံ ကုမ္ပဏီတို့ အတွက် မြန်မာနိုင်ငံ တဦးတည် ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေး သစ်ထုတ်လုပ်ရေး နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းသုံး ယန္တရားများကို တင်သွင်းခဲ့သည်ဟု အောင်ကြီး ကုမ္ပဏီ လုပ်ငန်းစုမှ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးအောင်သူက ဆိုသည်။

လျူကောင်း စက်ယန္တရား ကုမ္ပဏီသည် ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော အိန္ဒိယ ပန်လွိုင် ကုမ္ပဏီအတွက် အမေရိကန် ဒေါ်လာ ၁၇ သန်း တန်ဖိုးရှိ ယန္တရားပေါင်း ၇၃ ခုကို ရောင်းချခဲ့သေးသည်။

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်
မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာလိုက်သည်။

၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ပြီးပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၂ နေရာတို့ ဖြစ်ကြသည်။

ထုတ်ပြန်ကြေညာချက်များအရ "ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ယှဉ်တွဲပါ လွှတ်တော်မဲဆန္ဒနယ်များ၏လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာလိုက်သည်"ဟု ကော်မရှင်ကြေညာချက်တွင် ဖေါ်ပြပါရှိ သည်။ ကျန် ၅ နေရာမှ ရလဒ်များကို မကြာမီရက်ပိုင်းအတွင်း ကောမရှင်မှ တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်း

ပည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်
မျိုးသန့်၊ ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အင်္ဂါနေ့ညနေတွင် ပြီးသတ်ကြေညာလိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏  အင်္ဂါနေ့ကြေညာချက်အရ အနိုင်ရရှိသူ ငါးဦးတွင် NLD ကိုယ်စားလှယ် သုံးဦး ထပ်မံ ပါဝင်လာသည်။

ပြည်သူ့လွှတ်တော်အတွက် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီနှင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တို့မှဒေါ်ခင်မွှေးလွင်တို့ အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် အမှတ် ၃ အတွက် ဒေါက်တာမြင့်နိုင် က NLD ကိုယ်စားလှယ်များအဖြစ် အရွေးချယ်ခံရခြင်း ဖြစ်သည်။တနင်္လာနေ့က ထုတ်ပြန်သည့် ကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၅ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတို့တွင် NLD က အနိုင်ရရှိထားပြီး ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီသည်  ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ NLD သို့ ကူးပြောင်းလာ၍ NLD အတွက် အမျိုးသားလွှတ်တော် အမတ်နေရာ ၅ နေရာ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် NLD ၏ လွှတ်တော်အမတ် စုစုပေါင်းမှာ ၄၄ ယောက်ရှိနေသည်။

ထို NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးအနက် နှစ်ဦးမှာ ပဲခူးနှင့်ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်များတွင် တက်ရောက်ကြမည်ဖြစ်ပြီး ကျန် ၄၂ ဦးသာ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် တက်ရောက်ကြမည်ဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး ရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃၂ ဦးသာ ရှိနေမည် ဖြစ်သည်။

လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၆၅၆ ဦး ရှိမည် ဖြစ်သည်။

ထို့ကြောင့် အသစ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော်တွင် NLD လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦးမှာ ၆.၄ ရာခိုင်နှုန်းအဖြစ် ပါဝင်ကိုယ်စားပြုနေမည် ဖြစ်သည်။

ကော်မရှင်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်း က လည်းကောင်း၊ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြ ကလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...