02.04.2012 နေ့ဖတ်ရန်သတင်းများ
·
by Myanmar Journal on Wednesday, April 4, 2012 at 7:09am
NLD အနိုင်ရ တာကို အစိုးရ ဘယ်လို တုံ့ပြန် နိုင်မလဲ
မဲဆန္ဒနယ် အများစုက ကြားဖြတ် ရွေကောက်ပွဲ ရလဒ် တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာ နေ့က ကြေညာခဲ့ပါတယ်။
မဲဆန္ဒနယ် ၄၅ နယ် အနက် လောလောဆယ် နေရာ ၄၀ ရဲ့ ရလဒ်တွေကို ကြေညာရာမှာ အန်အယ်လ်ဒီ ပါတီက နေရာ ၄၀ စလုံးမှာ အနိုင်ရနေတာ တွေ့ရပါတယ်။
အခု ပေါ်ထွက်လာတဲ့ ရလဒ် အပေါ် အစိုးရ ဘက်ကတော့ အနိုင်ရတဲ့ ပါတီကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါ့မယ်လို့ သမ္မတ ကရော လွှတ်တော် ဥက္ကဌနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ တို့က အရင် ကတည်းက ပြောထားတဲ့ အတိုင်း ကြိုဆို ကြမယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က ဘီဘီစီကို ပြောပါတယ်။
အခု စစ်တပ်ဘက်ကလည်း အရင်ကလို မဟုတ်တော့တဲ့ အတွက် အန်အယ်လ်ဒီ အနိုင်ရတာကို ကန့်ကွက်စရာ ရှိမယ် မထင်ဘူးလို့ သူက ဆက်ပြောပါတယ်။
လက်ရှိ လွှတ်တော်ထဲမှာ ရွေးကောက်မခံရဘဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ရှိနေတာဟာ ဒီမိုကရေစီနည်း မကျတဲ့ အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစား သွားမယ် ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ပါတီ အနေနဲ့ ဒီကစ္စကိုမှ မဟုတ်ဘဲ ဘယ်လို ရေးရာ ကိစ္စကို မဆို ပါလီမန် အမတ်တွေရဲ့ ကြိုးစားမှုနဲ့ အချိန် အတိုင်း အတာ တစ်ခုမှာ ပြင်ဆင် သွားနိုင်မှာပါလို့ ဒေါက်တာ နေဇင်လတ်က ပြော ပါတယ်။
အစိုးရ ဘက်က မှန်းတဲ့ အတိုင်း ဖြစ်လာပုံ မရ
အခု ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ် အသတ် အနိုင်ရသွားလိမ့်မယ် ဆိုတဲ့ ရလဒ် မျိုးကတော့ အစိုးရ ဘက်က မျှော်မှန်း ထားမှာ မဟုတ်ဘူးလို့ မြန်မာ့ နိုင်ငံ ရေးနဲ့ လက်ရှိ ကြားဖြတ် ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာ နေတဲ့ ဂျပန် နိုင်ငံ ကန်တ တက္ကသိုလ်က သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက ပြော ပါတယ်။
အစိုးရ အနေနဲ့ အခု ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပေးခဲ့တာကို ကြည့်ရင် နေရာတိုင်းမှာ နိုင်ဖို့ မဟုတ်ရင်တောင် တဝက်ကျော်တော့ အနည်းဆုံး မျှော်လင့်ခဲ့ ပုံ ရတယ်လို့ ခန့်မှန်း နိုင်ကြောင်း သူက ပြော ပါတယ်။
ပြီးခဲ့တဲ့ ၁၉၆၀ ရွေးကောက်ပွဲ တုန်းက စစ်တပ်က ထောက်ခံတဲ့ တည်မြဲ ဘက်က အနိုင် မရလို့ ၁၉၆၂ ခုနှစ်က အာဏာ သိမ်းမှု ဖြစ်ခဲ့တယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းကလည်း အန်အယ်လ်ဒီက အနိုင်ရခဲ့တဲ့ ရလဒ်ကို အသိ အမှတ် မပြုဘဲ အမျိုးသား ညီလာခံ ပေါ်ပေါက် လာခဲ့တဲ့ အကျိုးဆက်မျိုး တွေ့ခဲ့ဖူးတယ် လို့ သူကပြောပါတယ်။
ဒီဖြစ်ရပ် တွေ အရ မှန်းထား သလို ဖြစ် မလာတဲ့ ရလဒ် ကြောင့် အစိုးရရဲ့ နိုင်ငံရေး ဗျူဟာ အပေါ်ကို ရိုက်ခတ်မှု ရှိလာ နိုင်တယ် လို့လည်း ဒေါက်တာ အေးချမ်းက ပြောပါတယ်။
အခု ရွေးကောက်ပွဲ ရလဒ် အရ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကို အခိုင်အမာ ထောက်ခံမှု ပြသလိုက်တဲ့ အတွက် အစိုးရ အဖွဲ့တွင်း တင်းမာတဲ့ သဘောထား ရှိသူတွေနဲ့ ပျော့ပြောင်းပြီးပြုပြင် ပြောင်းလဲရေး လိုလားသူတွေကြားမှာ တင်းမာမှုတွေ လည်း ရှိလာနိုင်တယ်လို့ ဒေါက်တာ အေးချမ်းက ပြောပါတယ်။
တဒေါ်လာကို ၆ ကျပ်ကနေ ကျပ် ၈၁၈ အဖြစ် နှုန်းရှင် ပြောင်းလဲ သတ်မှတ်
မြန်မာကျပ်ငွေရဲ့ နိုင်ငံခြားငွေ လဲနှုန်းကို နှုန်းရှင်အဖြစ် ဗဟိုဘဏ်က ဒီကနေ့စတင် သတ်မှတ်လိုက်ပါတယ်။
အမေရိကန်တဒေါ်လာကို အရင် သတ်မှတ် ထားတဲ့ ၆ ကျပ်အစား၊ ၈၁၈ ကျပ် အဖြစ် မြန်မာနိုင်ငံ ဗဟိုဘဏ်က တရားဝင်ဈေး အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါဟာ အစိုးရ အနေနဲ့ ငွေလဲနှုန်း ထိန်းချုပ်ထားတာကို စတင် လျှော့ပေးလိုက်တဲ့ လုပ်ဆောင်မှု အဖြစ် တွေ့မြင်ရပြီး နှစ်ပေါင်းများစွာ အတွင်း မြန်မာ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ကြီးမားဆုံးသော အပြောင်းအလဲ တခု ဖြစ်ပါတယ်။
အခုလို ငွေလဲနှုန်းပြောင်းလဲ သတ်မှတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အတွက် အဓိက အတားအဆီး ဖြစ်နေတာကို ဖယ်ရှားလိုက်နိုင်တာ ဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က ပြောပါတယ်။
မြန်မာ ဗဟိုဘဏ်ကို သွားရောက် အကြံပေးခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အကြံပေးက အခုလို ငွေကြေးစနစ် ပြောင်းလဲတာဟာ မြန်မာ့စီးပွားရေးရဲ့ အရေးပါတဲ့ အဆင့်တခုဖြစ်ပြီး၊ နောက်ထပ် အဆင့်ဆင့် ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လိုအပ်ကြောင်း ဘီဘီစီကိုပြောပါတယ်။
ငွေလဲနှုန်းနဲ့ ပတ်သက်လို့ အေဒီဘီ အကြီးအကဲ ပြောပြီ
အဲဒီငွေလဲနှုန်းတွေကို မြန်မာ နိုင်ငံက ပုဂ္ဂလိကဘဏ် ၁၉ ခုက ဗဟိုဘဏ်နဲ့ အတူ နေ့စဉ်ညှိနှိုင်းပြီး ရောင်းလိုအားနဲ့ ဝယ်လိုအားတွေ အပေါ်အခြေခံသတ်မှတ်သွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ကို သွားရောက် အကြံပေးခဲ့တဲ့ ADB Institute က အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။
ဒါပေမယ့် ငွေလဲနှုန်းဟာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုရဲ့ အစိတ်အပိုင်း တရပ်သာဖြစ်ပြီး ဥပေဒပြုရေး အပါအဝင် အခြား ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့ သူက ထောက်ပြခဲ့ ပါတယ်။
ဒေါက်တာ JP Verbiest က မြန်မာနိုင်ငံရဲ့ ငွေကြေးစံနစ်ကို နှုန်းတခုထဲ ဖြစ်အောင် သတ်မှတ်ဖို့ ကြိုးပမ်းချက်ဟာ ချောချောမွေ့မွေ့နဲ့ အောင်မြင်လိမ့်မယ်လို့ ယူဆ ကြောင်းပြောတယ်။
သူဟာ ဒီလုပ်ငန်းစဉ်အတွက် မြန်မာ ဗဟိုဘဏ်ကို အကြံပေးဖို့ ပြီးခဲ့တဲ့သီတင်း ပတ်ထဲမှာဘဲ သွားရောက်ခဲ့တာဖြစ်ပြီး ADB Institute ရဲ့အကြံပေး ပုဂ္ဂိုလ်ဖြစ်သလို အရင်ကလည်း ADB ရဲ့ အဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူက ဒီငွေကြေးစံနစ် ပြုပြင်ပြောင်းလဲတာ ဟာ မြန်မာ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တရပ်သာ ဖြစ်ပြီး structural adjustment လို့ စီးပွားရေးပညာရှင်တွေ ခေါ်ကြတဲ့ နောက်ထပ် အဆင့်ဆင့်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။
ငွေလဲနှုန်း ပြုပြင်ပြောင်းလဲတာဟာ အလွန့် အလွန် အရေးကြီးတဲ့ကိစ္စဖြစ် ပေမယ့် တချိန်ထဲမှာ တခြား အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ဖို့ လိုအပ်ပါတယ်လို့ သူက ပြောသွားပါတယ်။
ဥပမာ သွင်းကုန်တွေကိုလွတ်လပ်ခွင့်ပေးဖို့၊ ဒီနေရာမှာလည်း တခါထဲ အကုန်ဖွင့်ပေးလိုက်ဖို့ ဆိုတာ ထက် တဖြည်းဖြည်းချင်းဖွင့်ပေးသွားဖို့၊ လိုတယ်လို့ပြောပါတယ်။
သူက မြန်မာနိုင်ငံရဲ့ ဘဏ်စံနစ်မှာ နှစ်ပေါင်းများစွာ ပိတ်ဆိုထားတဲ့ကြားက ထိပ်ပိုင်းက အရာရှိတွေ အတွင်းမှာ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ အများကြီး ရှိနေသေးတာကို အံသြစရာ တွေ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် လက်တွေ့မှာ ငွေကြေးမူဝါဒတွေ ဘယ်လို ချမှတ်မလဲဆိုတဲ့ အတွေ့အကြုံတော့ လိုပါလိမ့်မယ်လို့ ဆိုပြီး Institution building လို့ခေါ်တဲ့ စံနစ်တကျ ဖွဲ့စည်းဆောင်ရွက်မှု အပိုင်းကိုလည်း အားကောင်းအောင် လုပ်ဖို့လိုနေတာကို သူက ထောက်ပြပါတယ်။
ဥပမာ ဥပဒေ ပြဌာန်းတာတို့၊ ပြဿနာ တခုကို တကယ်တမ်း မှန်မှန်ကန်ကန် သရုပ်ခွဲပြီး ဆန်းစစ် အဖြေရှာနိုင်ဖို့ အတွက် အရည်အချင်းတွေ တိုးမြင့်လာအောင် လုပ်ဖို့ လိုနေတယ်လို့ ပြောပါတယ်။
သဘာဝပတ်ဝန်းကျင် နဲ့ပတ်သက်လို့ အဲဒီလို ဆောင်ရွက်နိုင်မှု အင်အားတွေ နည်းနေသေးတယ်လို့ ပြောပေမယ့် မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အများကြီး ကောင်းတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အဲဒီနိုင်ငံတွေ အားလုံးထဲမှာ စီးပွားရေးဖွံ့ဖြိုးဖို့ အဖြစ်နိုင်ဆုံး နိုင်ငံလို့ ဆိုပြီး မြန်မာနိုင်ငံမှာ သယံဇာတတွေ ပေါများ သလို စိုက်ပျိုးနိုင်တဲ့မြေရဲ့တဝက်လောက်ကိုဘဲ အသုံးပြုရသေးတယ်၊ နိုင်ငံကကြီးပြီး လူဦးရေကနည်းတယ်၊ လူတွေဟာ အလုပ် ကြိုးစားကြတယ် ဆိုတဲ့ အချက်တွေကို စောစောက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပေါင်း စည်းလိုက်ရင် မုချဖွံ့ဖြိုးတိုးတက်မယ်လို့ သူကယူဆနေပါတယ်။
ဒီလိုအရှိန်နဲ့ဖွံ့ဖြိုး တိုးတက်နိုင်ဖို့ အတွက် ပိတ်ဆို့ အရေးယူမှုတွေကိုတော့ ဖယ်ရှားမှ ဖြစ်နိုင်လိမ့်မယ်လို့ ADB Institute က Dr JP Verbiest ကပြောပါတယ်။
Dr JP Verbiest ဟာ အာရှအလယ်ပိုင်း အပါအဝင်အာရှဒေသ အတော်များများမှာ အလုပ်လုပ်ခဲ့ဘူးပြီး လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ၂၅ နှစ်လောက်က ဗီယက်နမ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာ မှာလည်း ပါခဲ့သူ တယောက် ဖြစ်ပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲကို ဒေသတွင်း အာဆီယံ နိုင်ငံတွေ ကြိုဆို
မြန်မာ ကြားဖြတ် ရွေးကောက်ပွဲ အပေါ် ဒေသတွင်း အာဆီယံနိုင်ငံတွေကလည်း ဝမ်းသာ ကြိုဆိုလိုက် တယ်လို့ သိရပါတယ်။
မဲမသာမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပေမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်လို့ အာဆီယံ စောင့်ကြည် လေ့လာသူတွေက ပြောပါတယ်။
အာဆီယံခေါင်းဆောင် ဆူရင်ပစ်စုဝမ်က ဒီရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ အဖွဲ့အစည်းတွေနဲ့ ပြန်ပေါင်းစပ်ဖို့ ဖြစ်သင့်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ချောချော မွေ့မွေ့နဲ့ ကျင်းပနိုင်ခဲ့တာကို ဝမ်းသာကြောင်း ထိုင်းအစိုးရကလည်း ထုတ်ပြန် ကြေညာခဲ့ ပါတယ်။
ဒီရွေးကောက်ပွဲကို ရိုးသားပြီး စိတ်အားထက်သန်စွာ ကျင်းပေးခဲ့တဲ့ အတွက် ချီးကျူးကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာ စောင့်ကြည့်သူတွေကို ဖိတ်ခေါ်ခဲ့တာဟာလည်း မြန်မာ အစိုးရမှာ ရွေးကောက်ပွဲတွေကို လွတ်လပ် မျှတအောင် ကျင်းပ ပေးချင်တဲ့ စိတ်ပိုင်းဖြတ်ချက် ရှိနေတာကို ပြနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို အားပေးဖို့ အတွက် ပိတ်ဆို့ အရေးယူမှု တွေကို ရုပ်သိမ်း ပေးတာ အပါအဝင် အဓိပ္ပါယ် ရှိတဲ့ တုန့်ပြန်မှုတွေ လုပ်ကြဖို့ ထိုင်းနိုင်ငံက တိုက်တွန်းထားပါတယ်။
တခြား အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတွေ ကလည်း အခု ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြောင်းလဲမှုတွေ အတွက် အခွင့်အလမ်းတခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲကို ကျင်းပနေတာ ဖြစ်ပေမယ့် ဒီဆွေးနွေးပွဲမှာ မြောက်ကိုးရီးယား နျူးကလီးယားကိစ္စကို ပဲ အဓိက ဆွေးနွေးမယ်လို့ သိရပါတယ်။
မဲဆန္ဒနယ် နေရာ ၄ဝမှာ NLD နိုင်ပြီလို့ ကော်မရှင် ကြေညာ
မြန်မာနိုင်ငံမှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် နှစ်နေရာနဲ့ တိုင်းဒေသကြီး နှစ်နေရာ စုစုပေါင်း နေရာ ၄၀ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အနိုင်ရရှိ ထား ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးတင်အေးက လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ကျန်တဲ့ ပြည်သူ့လွှတ်တော် နှစ်နေရာ ဖြစ်တဲ့ စစ်ကိုင်းတိုင်း မင်းကင်း မဲဆန္ဒနယ်နဲ့ တနင်္သာရီတိုင်း ကျွန်းစု မဲဆန္ဒနယ်တွေရဲ့ အနိုင်အရှုံး ရလဒ်တွေကို မနက်ဖြန် ဧပြီ ၃ မှာ ဆက်လက် ကြေညာပေးသွားမှာ ဖြစ်ပြီး၊ စစ်ကိုင်းတိုင်း နှစ်နေရာနဲ့ ရှမ်းပြည်နယ်က တနေရာအတွက် ရလဒ်တွေကို သဘက်ခါ ဧပြီ ၄ မှာ ဆက်လက် ထုတ်ပြန် ကြေညာပေးသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် စုစုပေါင်း အမတ်နေရာ ၄၅ နေရာမှာ NLD က ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြန်ပြီ
အိန္ဒိယနိုင်ငံ ပူးနေးမြို့ အခြေစိုက် ဆာရ်ဟတ် လူမှုရေးအဖွဲ့ကနေ အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ ဒီကနေ့မှာ ရွေးချယ် လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်ပြီး အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ခဲ့တာကြောင့် ဒီဆုကို ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဆုတံဆိပ်နဲ့ ဆုကြေးငွေ အိန္ဒိယ ရူပီးငွေ ဆယ့်တသိန်း (၁၁ သိန်း) ကို လာမယ့် ဂျူလိုင်လမှာ ပေးအပ်မှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာယူနိုင်အောင် ဖိတ်ကြားမယ်လို့ ပြောပါတယ်။
ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေး ဆုဟာ အရှေ့တောင်အာရှ နိုင်ငံတွေက ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ကိုယ်ကျိုးစွန့် လှုပ်ရှားသူတွေနဲ့ ဒေသတွင်း တိုးတက်မှုအတွက် လုပ်ဆောင်သူတွေကို နှစ်နှစ် တကြိမ် ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဒီဆုဟာ ပထမဆုံးဆု ဖြစ်တယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲဟာ လူထု အောင်ပွဲဘဲလို့ ဒေါ်စု ပြောကြား
ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နေရာအားလုံးနီးပါး အ ပြတ်အသတ်နဲ့ အနိုင် ရရှိသွားတဲ့အတွက် ဝမ်းမြောက် ရွှင်မြူးနေကြတဲ့ ထောင်ပေါင်းများစွာ လူထုကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီရလဒ်ဟာ ဒီမိုကရေစီရေး အောင်ပွဲ တရပ် ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး မြန်မာပြည်ဟာ ခေတ်စနစ်သစ် တခုအတွက် ကြိုတင် ပြင်ဆင် ထားသင့်ပြီ ဖြစ်ကြောင်း ပြောကြားပါတယ်။
အထူးသဖြင့် အစိုးရဝန်ထမ်းတွေ ကြီးစိုးတဲ့ နေပြည်တော်လို နေရာမှာ အရှုံးပေါ်ခဲ့တာကြောင့် စစ်တပ်က ကျောထောက် နောက်ခံနဲ့ တက်လာတဲ့ အခုလက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အခုရွေးကောက်ပွဲမှာ အကြီးအကျယ် အရှုံးပေါ်သွားတဲ့အတွက် ပါတီတွင်းမှာ ဆိုးဆိုးဝါးဝါးကို ရိုက်ခတ်မှု ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေက သုံးသပ်ပါတယ်။
ကြံ့ခိုင်ရေးပါတီ ပြည်သူ့ အားပေးမှု မဆုံးရှုံးသေးလို့ ဆို
ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရှုံးနိမ့် သွားရပေမဲ့လည်း ပြည်သူတွေရဲ့ ထောက်ခံမှုကို လုံးဝ ဆုံးရှုံးသွားပြီလို့တော့ မယူဆဘူးလို့ နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေက ဘီဘီစီကို ပြောပါတယ်။
ရှုံးနိမ့်သွားတဲ့အတွက်လည်း သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူးလို့ သူက ဆိုပါတယ်။ တိုင်းပြည် ကောင်းကျိုးကို ဆောင်ရွက်ချင်သူတွေ အနိုင်ရသွားတာလဲ ကောင်းတယ်လို့ သူက ဆိုပါတယ်။
သူအနေနဲ့လည်း တိုင်းပြည် ကောင်းကျိုး၊ ဒေသကောင်းကျိုး အတွက် ဆက်လုပ်သွားမယ်လို့ ဦးလှသိန်းဆွေ က ဘီဘီစီကို ပြောပါတယ်။
ပါတီစွဲ၊ လူမျိုးစွဲ၊ဝါဒစွဲ နဲ့ ဂိုဏ်းဂဏ စွဲ မထားပဲ အားလုံး လက်တွဲ ပူးပေါင်းမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မယ်၊ ဒါကြောင့် ကြံ့ခိုင်ရေးကလဲ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ နေပြည်တော်မှာ အနိုင်ရတဲ့ အန်အယ်ဒီ ကိုယ်စားလှယ်တွေနဲ့လည်း တိုင်းပြည် ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
ဦးလှသိန်းဆွေ ဟာ နအဖ အစိုးရ လက်ထက်တုန်းက ဘဏ္ဍာရေး ဒုတိယ၀န်ကြီး တာဝန် ယူခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်ပါတယ်။
မြန်မာ ရွေးကောက်ပွဲအတွက် အမေရိကန် ဂုဏ်ယူတယ်လို့ ဆို
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အစိုးရ တာဝန်ရှိသူတွေဆီက ကနဉီး တုန့်ပြန် ပြောဆိုမှုတွေ ထွက်လာပါပြီ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ဒီနေ့ ကြားဖြတ် လွှတ်တော် ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
တရားဝင် ရလာဒ်တွေကို မကြေညာရသေးပေမယ့် ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြသူအားလုံးအတွက် အမေရိကန် အစိုးရက ဝမ်းသာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။
အခု မဲထည့်ကြသူတွေ အတော်များများဟာ ခုမှ ပထမဆုံး မဲထည့်ဖူးကြသူတွေ ဖြစ်တယ်လို့ သိရပြီး အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေး အားထုတ်မှုတွေကို ဆက်လက် ထောက်ခံသွားမှာဖြစ်တဲ့ အပြင် ရှေ့ဆက်လုပ်ဆောင်မှုတွေမှာ အာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မှီအောင် ဆက်လုပ်သွားဖို့ အရေးကြီးတယ်လို့ မစ္စက် ကလင်တန်က ဆိုပါတယ်။
ဒီလို နိုင်ငံတကာ စံချိန် စံညွှန်းမှီဖို့ ပွင့်လင်းထင်သာမှု ရှိရမှာ ဖြစ်တဲ့အပြင် ခြိမ်းခြောက်မှုတွေ၊ မသမာမှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းပေးသွားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
တခါ အီးယူ ဥရောပ သမဂ္ဂရဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ကူညီထောက်ပံ့ရေး ဌာန အကြီးအကဲ Malgorzata Wasilewska ကလည်း မြင်ရသလောက် အနေအထားကို အားတက်မိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မဲဆန္ဒပေးပွဲတွေဟာ အစစအရာရာ အေးအေးချမ်းချမ်း ရှိတာ တွေ့ရတော့ ဝမ်းသာကြောင်း၊ နောက်ပိုင်းမှာလည်း အေးအေးချမ်းချမ်း ရှိမယ်လို့ မျှော်လင့်ကြောင်း၊ မဲတွေ ရေတွက်ပြီးတဲ့ထိ စောင့်ကြည့်ပြီး နောက်ပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်မှာ ဖြစ်တယ်လို့ အီးယူ ဥရောပ သမဂ္ဂရဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ကူညီထောက်ပံ့ရေး ဌာန အကြီးအကဲက ပြောသွား ပါတယ်။
“ခေတ်သစ်ကြီးရဲ့ အစလို့ပဲ ကျမတို့ မျှော်လင့်ပါတယ်”
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ယခုအချိန်သည် ခေတ်သစ်တခု၏ အစဟု မျှော်လင့်ပါကြောင်း တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့အပြီး အသစ်စက်စက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
“ဒါဟာ ခေတ်သစ်ကြီးတခုရဲ့အစလို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်သို့ ရောက်ရှိလာသော ရာပေါင်းများစွာသော လူထုကို ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သည့် ၄၅ နေရာအနက် နေရာ ၄ဝ ၏ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တနင်္လာနေ့တွင် ထုတ်ပြန်ရာ NLD က နေရာ ၄ဝ လုံး အနိုင်ရရှိထားသည်ဟု ဆိုသော်လည်း NLD ကမူ ၎င်းတို့ ၄၃ နေရာ အနိုင်ရရှိပြီးဖြစ်ကြောင်း တရားဝင် မဟုတ်သေးသော ရလဒ်များကို အခြေခံကာ ပြောဆိုထားသည်။
ဤရွေးကောက်ပွဲကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သူတို့ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို အလျှင်အမြန် ရုပ်သိမ်းလာဖွယ် ရှိနေသည်။
ဧပြီလ ၂ ရက် ၂၀၁၂ ခုနှစ် တနင်္လာနေ့က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံကောင်း ရိုက်ယူနိုင်ရန်အတွက် သတင်းထောက်များ အတင်းတိုးဝှေ့ နေရာယူနေကြစဉ်။ (ဓါတ်ပုံ - လင်းဘိုဘို၊ မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်သည် ဆင်းရဲမွဲတေမှုဒဏ်ကိုခံနေရသော နိုင်ငံမှလူပေါင်းသန်း ၆ဝ အတွက် အပြောင်းအလဲများဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
“ကျနော်တို့ အလုပ်လိုချင်တယ်၊ မီးလိုချင်တယ်၊ ရေလိုချင်တယ်။ အခုက သိပ်ဒုက္ခ ရောက်တယ်။ ဒေါ်စုက သိပ်သြဇာကြီးတယ်။ ဒီတော့ ကျနော်တို့နိုင်ငံကို ပြောင်းလဲလာ အောင်လုပ်နိုင်မှာပဲ” ဟု လမ်းဘေးတွင် အဝတ်အထည် ရောင်းချသူ ကိုသိန်းတန်က တနင်္ဂနွေနေ့ က ပြောသည်။
တနင်္လာနေ့က NLD ရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုက “အခုက စပြီး ကျမတို့ နိုင်ပြီလို့ မစဉ်းစားရဘူး။ တာဝန်ထမ်းဆောင်ဘို့၊ အလုပ်လုပ်ဘို့အတွက် အစလို့ပဲ တွေးရမယ်” ဟု ပါတီမှ ရွေးကောက် တင်မြှောက်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်များကို သတိပေး ပြောကြားခဲ့သည်။
အကျင့်ပျက်ခြစားသော ဝန်ကြီးများကို မိမိ၏ ဝန်ကြီးအဖွဲ့မှ မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် လည်းကောင်း၊ အောက်ခြေနှင့် အလယ်အလတ်အဆင့်ရှိ အုပ်ချုပ်ရေး ယန္တရားအတွင်း ရှိနေသော ကြိုးနီစနစ်ကို မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ မဲဆန္ဒရှင် အများစုက အာဏာရပါတီကို ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမပေးခဲ့ကြခြင်း ဖြစ်ကြောင်း အကဲခတ်အချို့က သုံးသပ် ပြောဆိုနေကြသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေဖြစ်သော နေပြည်တော်တွင်ပင် NLD ကို ရှုံးနိမ့်ခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် ရွေးကောက် တင်မြှောက်ခံခဲ့ရသော ဇမ္ဗူသီရိ မဲဆန္ဒနယ် အပါအဝင် နေပြည်တော် ၄ နေရာလုံးတွင် NLD က အနိုင်ရရှိသွားကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။
အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်နေသော ဦးညိုအုန်းမြင့်ကမူ NLD အနေဖြင့် ကြံ့ခိုင်ရေးပါတီနှင့် သင့်မြတ်စွာ ဆက်ဆံသင့်ကြောင်း ပြောသည်။
“စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ ခုလို အပြတ်အသတ်နိုင်တာဟာ နှစ်ပေါင်း ၅ဝ ကျော် အာဏာရယူထားခဲ့တဲ့ အစိုးရ အတွက် ခြိမ်းခြောက်မှု တရပ်ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာရပါတီကို ပြေပြေလည်လည်ဘဲ ဆက်ဆံ ချဉ်းကပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျနော်တ ကယ့်ကို စိုးရိမ်ပါတယ်။ အာဏာရပါတီထဲက လက်ရှိခေါင်းမာသူတွေ တကယ့်ကို ကြောက်သွားမှာ စိုးရိမ်မိပါတယ်။ ဒါဟာ သူတို့အတွက် အခုကနေ ၂ဝ၁၅ ခုနှစ်အထိ အလွန်စိုးရိမ်စရာ ကိစ္စတရပ် ဖြစ်နေမှာပဲ” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။
ဤအတောအတွင်း အခြားပုဂ္ဂိုလ်များကမူ ယခုအခြေအနေကို ရှေ့တွင် ရရှိလာမည့် အခွင့်အလမ်းများအဖြစ် ရှုမြင်နေကြသည်။
“ဒါဟာ မြန်မာနိုင်ငံအတွက်တော့ လာမယ့် အာရှရာစုမှာ လက်တွဲပါဝင်နိုင်ဘို့ ရှည်လျားတဲ့ ဖြစ်စဉ်ကြီးရဲ့ အစပါပဲ” ဟု ကမ္ဘောဒီးယား အခြေစိုက် Leopard Capital တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဒေါက်ဂလပ်စ် ကလေတန် က ပြောဆိုလိုက်သည်။ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းသွားသည်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ဒေါ်လာသန်း ၁ဝဝ ရံပုံငွေတရပ် ရှာဖွေရန် ဤကုမ္ပဏီက စီစဉ်ဆောင်ရွက်နေ သည်ဟု သူက ဘလွန်းဘတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
“အခုရွေးကောက်ပွဲကို လက်ခံလိုက်ပြီဆိုတာနဲ့ ပိတ်ဆို့အရေးယူမှုကို ဆက်ထားဘို့ဆိုတာ အကျိုးအကြောင်းပြ စရာသိပ်မရှိတော့ပါဘူး” ဟုလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ သူထမ်းဆောင်ရမည့် လွှတ်တော်တာဝန်များ အပေါ်သာ အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။
“ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အခြားပါတီတွေအနေနဲ့ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိလာအောင် ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ်ထားသော အစီရင်ခံစာတရပ်ကို နောက်ပိုင်းတွင် ထုတ်ပြန်သွား မည်ဟုလည်း ပြောဆိုခဲ့ သည်။
သို့သော် သမ္မတ ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်အနေဖြင့် လွှတ်တော်အမတ် နေရာအားလုံး၏ ၈ဝ% ကျော် ကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။
ရွေးကောက်ပွဲကို စောင့်ကြည့်အကဲခတ်ရန်အတွက် အမေရိကန်၊ EU နှင့် အိမ်နီးချင်း နိုင်ငံများမှ သတင်းထောက်များ ကို မြန်မာနိုင်ငံက အကန့်အသတ်ဖြင့် ဖိတ်ကြားခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲများသည် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသော အချိန် ဖြစ်သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒများကို သေသေချာချာ ပြန်လည်လေ့လာသုံးသပ်သင့်ပြီ” ဖြစ် ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်း အက်ရှတန်က မတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲ မသမာမှုများ၊ လိမ်လည်မှုများ တနင်္ဂနွေနေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ရလိမ့်မည်ဟု ထင်ထား ခဲ့ကြသော်လည်း အသေးအဖွဲ တချို့တလေမှအပ ထင်သလောက် ဖြစ်မလာခဲ့ကြောင်း တွေ့ရသည်။ အကဲခတ် အများအပြားကမူ ယခု ကြားဖြတ်ရွေးကောက်ပွဲသည် အာရှစံချိန်နှင့် ကြည့်လျှင် အံ့အားသင့်စရာ ကောင်းလောက်အောင် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
ထိုအတောအတွင်း နိုင်ငံ့ခေါင်းဆောင်အများအပြားနှင့် အကဲခတ်များကမူ သမိုင်းတွင်မည့် မဲပေးမှုအပေါ် အဆိုးအကောင်း ဝေဖန်ပြောကြားရန် ချိန်ဆဆဲရှိကြသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ရွေးကောက်ပွဲသည် “လွတ်လပ်၊ မျှတ၍ ထင်သာမြင်သာရှိသော”ရွေးကောက်ပွဲဖြစ်ကြောင်း အာဆီယံ ထိပ်သီးအစည် အဝေး မတိုင်မီ ဖနွမ်းပင်မြို့တွင် သတင်းထောက်များကိုပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက သတင်းပေးပို့ထားသည်။
အေပီသတင်းဌာန၏ သတင်းပေးပို့ချက်တွင်မူ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် စူဝမ်က ရွေးကောက်ပွဲ မဲလာထည့်သူဦးရေ များပြားသည်ဟု အကဲခတ်များက သတင်း ပေးပို့လာကြောင်း၊ အင်ဒီနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ က မြန်မာ နိုင်ငံတွင် မကြာသေးမီ ကာလများက ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ သည် `နောက်ကြောင်းပြန်လှည့်´ တော့မည်မဟုတ်ကြောင်း ယခု ရွေးကောက်ပွဲများက နောက်ထပ် အာမခံပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ယခု ရွေးကောက်ပွဲကို အရေးပါသော ရှေ့သို့ တိုးတက်မှုကြီးတရပ်ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဘော့ကား က တနင်္လာနေ့က ပြောဆိုလိုက်သည်။
“ရွေးကောက်ပွဲတွေဟာ တကယ့်ကို စစ်မှန်တယ်ဆိုတာ သိရတာနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ ကျနော်တို့စဉ်းစားသွားမှာဖြစ်ပါတယ်” ဟု သူက ပြောဆိုလိုက်သည်။ သို့သော် ယခုထက်ထိ မြန်မာနိုင်ငံတွင် စာအုပ်စာတန်းများအပေါ် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများလည်း ဆက်လက် ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်းကိုလည်း သူက သတိပေး ပြောဆိုလိုက်သည်။
“ခုလို ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ စဉ်းစားဆောင်ရွက်တာဟာ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်လာတာနဲ့ အချိုးညီပဲ ဖြစ်ပါလိမ့်မယ်။”
အရှေ့တောင် အာရှနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ တို့နှင့်ဆွေးနွေးပြောဆိုပြီးမှသာ ထိုကိစ္စများကို ဆက်လက်ဆောင်ရွက်မှာဖြစ်သည်ဟုလည်း ဘော့ကား က ပြောဆိုသွားသည်။
ယခု ရွေးကောက်ပွဲများ ပြီးနောက် နွားတင်းကုပ် ဟု ချစ်စနိုးခေါ်ကြသော NLD ရုံးချုပ် သည် ကမ္ဘာသိ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီအတွက် သင်္ကေတ သစ်တခု ဖြစ်လာတော့မည် ဖြစ်သည်။ အာရှနိုင်ငံများသို့ သွားရောက်ကြသော ကမ္ဘာလှည့် ခရီးသည်များအတွက် အရေးတကြီး သွားရောက်ကြည့်ရှုရမည့် နေရာ တနေရာဖြစ်လာခဲ့ပြီဟု ဝေါစထရိဂျာနယ် သတင်းထောက် ပက်ထရစ်ဘာထရာ က သတင်းပေးပို့ ထားသည်။
“ထိုင်းက ပင်လယ်ကမ်းခြေတွေကို သွားရင် ဒီကိုကော ဘာလို့ မလာရမှာလဲဗျာ” ဟု ဘယ်လ်ဂျီယံ လူမျိုး ခရီးသည် အသက် ၂၄ နှစ်အရွယ် ဗင်ဒင်ဘရွတ် က ဒေါ်အောင်ဆန်း စုကြည် အမှတ်တရ ပြက္ခဒိန်နှင့် တီရှပ်များကို ရွေးချယ် ဝယ်ယူရင်း ပြောကြားလိုက်သည်။ ထိုအထဲတွင် သူမရုပ်ပုံနှင့် “ကျမ အားလုံးကို မေတ္တာထားပါတယ်” ဟူသော စာတန်းပါ တီရှပ်တထည်လည်း ပါဝင်သည်။
စားပွဲပေါ်တွင် ဒေါ်စုပုံပါ တီရှပ်များ၊ ပိုစတာများ၊ သော့ချိတ်များ၊ ဘေ့စ်ဘော ဦးထုပ်များ၊ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသော ဒေါ်စုပုံများ အပြည့်အလျှံရှိနေသည်။ ထူးခြားသည်မှာ ဧပြီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာ မြန်မာ့အလင်းတွင် ဒေါ် အောင်ဆန်း စုကြည်အကြောင်း သော်လည်းကောင်း၊ NLD အကြောင်းသော် လည်းကောင်း ရေးသားဖော်ပြထားခြင်း မရှိပေ။ အစိုးရအဖွဲ့ဝင် အရာရှိကြီးများ မဲပေးနေပုံ များကိုသာ ဖော်ပြ ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုမှစ၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းမှ အသစ်စက်စက် NLD အမတ်များကို စည်းရုံးလေ့ကျင့်သည့်အလုပ်သို့ ပြောင်းလဲ လုပ်ဆောင်ရတော့မည် ဖြစ်သည်။ တချိန်တည်းတွင် လက်ရှိ အစိုးရ ရာထူးကြီးများ ရယူထားကြသည့် ဗိုလ်ချုပ်ဟောင်းများနှင့် သူတို့အကြား ရှိနေသည့် အတွေးအခေါ် ကွာဟာမှု ကိုလည်း ပေါင်းကူးတံတားထိုးပေးဘို့ ကြိုးပန်းရဦးမည် ဖြစ်သည်။ လွှတ်တော်တွင်း အတိုက်အခံများအတွက် စိတ်ဓါတ် အသစ်နှင့် အာရုံစူးစိုက်စရာအသစ်ကို သူမက ဆောင်ကြဉ်းလာမည် ဖြစ်သည်။
စီးပွါးရေးမြို့တော် ရန်ကုန်မြို့မှ ၄ နာရီကြာ ကားမောင်းသွားရသည့် နေပြည်တော်တွင် နေထိုင်ရန် ဒုတိယ အိမ်တလုံး ကို သူမ ရှာဖွေနေကြောင်းဖြင့် သတင်းထောက်များကို တနင်္လာနေ့က သူမက ပြောကြားခဲ့သည်။
“ကျမမှာ ခွေးလေးတကောင် ရှိတာကိုလည်း မမေ့ကြပါနဲ့။ သူ့ကို ကျမနဲ့အတူ ခေါ်သွားရမှာပါ” ဟု ရယ်ရွှန်းပြောရှာ သည်။
သူ့သားငယ် ကင်မ်က လက်ဆောင်ပေးခဲ့သော ခွေးကလေး တိုက်ချိတို သည် နေပြည်တော်တွင် လူအများ စိတ်ဝင်စား စရာ အထူးအဆန်း ဖြစ်လာလိမ့်မည်ဟု ရိုက်တာ သတင်းထောက် အင်ဒရူးမာရှယ် က ရေးသားထားသည်။နေပြည်တော်သည် ယခု အချိန်ထိ နိုင်ငံခြားသံရုံးများ ပြောင်းရွှေ့ခြင်း မရှိသေးသည့်အတွက် အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး ဒေါ်စု လွှတ်တော်သို့ ရောက်ရှိလာသည့်အတွက် ထိုကိစ္စမှာလည်း အပြောင်းအလဲများ ပေါ်ပေါက်လာဖွယ် ရှိနေပါသည်။
0 comments:
Post a Comment