< ကျွန်တော့်ရဲ့ လိပ်ပြာလေး >
xxxxxxxxx `` အဆုံးသတ်ကို သိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်.... ပျော်ရွှင်စွာ အစပြုခဲ့မိ......ပြိုလာတဲ့ ကောင်းကင်ကြီးအောက်....... တစ်ယောက်...ထဲ´´xxxxx
xxxxxx `` နင်ဘာမှ မမှားဘူး ချစ်သူလေး´´ xxxxxxxx
ခပ်ကျယ်ကျယ် ဖွင့်ထားတဲ့ ဒီသီချင်းသံလေးကို ဒီရှေ့ ကို မရောက်ခင်ကတည်းက ကြားနေရတယ်...
အလိုလို ခြေလှမ်းတွေက အရှိန်နှုန်းရဲ့ တ၀က်လောက် နှေးသွားမိတယ်.. လမ်းလျှောက်နေလျှက်က သီချင်းလေးကို နှစ်သက်မိသွားလို့ထင်ပါတယ်။
ကိုညီထွဋ်ရဲ့ `` တစ်ယောက်ထဲ´´ ဆိုတဲ့ သီချင်းလေးပါပဲ။
အရှေ့ က ဖြတ်လျှောက်မိတော့ အိမ်ဘက်ကို ကြည့်မိလိုက်တယ်... အိမ်ရှေ့ မှာ သစ်ခွပန်းလေးတွေနဲ့ တခြားပန်းလေးတွေကိုလည်း အများကြီးစိုက်ထားတယ်....
မနက်ခင်းရဲ့ နေခြည်နုနု အောက်မှာ လိပ်ပြာလေးတွေတောင် ပျံဝဲနေလေရဲ့။
တိုက်ဆိုင်လွန်းတဲ့ သီချင်းလေးကြောင့် ရင်ထဲမှာ နွေးထွေးပြီး အားအင်တွေ ယုတ်လျော့သလို ခံစားလိုက်ရတဲ့ အချိန်၊
ပန်းပွင့်လေးတွေ လှလှပပ ပွင့်လန်းနေတဲ့ အချိန်၊
လိပ်ပြာလေးတွေကို မြင်လိုက်ရတဲ့အချိန် တစ်စုံတစ်ယောက်ကို ပြင်းပြင်းပျပျ သတိရလိုက်မိတယ်....
သူနေလို့မှ ကောင်းရဲ့လား၊ ကိုယ်တမ်းတမိလိုက်တဲ့ အချိန်မှာ တစ်စုံတစ်ယောက်နဲ့များ ပျော်ရွှင်နေပြီလားလို့.... မဆီမဆိုင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိတော့လည်း အရှိတရားအတိုင်း လှပကြည်လင်နေတာပါပဲ။
======================
`` နောက်တစ်ပုဒ် ထပ်ပြောပြ....´´
`` ဟာ... ကုန်ပြီလေ.. ရိုမီယိုနဲ့ ဂျူးလိယက်၊ ရှင်မွေ့နန်းနဲ့ မင်းနန္ဒာ၊ သုဓနုနဲ့ ဒွေးမယ်နော်....ဒါပဲသိတယ်.. ကျန်တာ မသိတော့ဘူး...´´
`` ဟွန့် ဒါဆို မီးမီးပြောပြမယ် သေချာနားထောင်.´´
`` ဟုတ်.... ကဲ့...... ပါ ´´
`` တစ်ခါတုန်းကတဲ့.... အင်မတန် လှပတဲ့ ပန်းဥယျာဉ်ကြီးတစ်ခုရှိတယ်တဲ့´´
`` ဟုတ် ´´
`` အဲဒီ ပန်းဥယျာဉ်ကြီးထဲမှာ အင်မတန်လှပပြီး မွှေးပျံ့ တဲ့ ပန်းတွေလည်း မရေမတွက်နိုင်အောင် ပွင့်နေကြတယ်တဲ့... ´´
`` ဟုတ်´´
`` ကိုကိုနော်... ကောင်းကောင်းနားထောင်ကွာ....မီးမီး စိတ်တိုလာပြီ ´´ နှုတ်ခမ်းလေးစူ၊ မျက်နှာလေးပုပ်ပြီး မျက်စောင်းလေးနဲ့ ပြောလာတဲ့ မီးမီးကိုကြည့်ရင်း သဘောကျလွန်းလို့ ဟက်ဟက်ပက်ပက်ကို ရယ်လိုက်မိတယ်...
ပြီးတော့ မီးမီးက သူသိထားခဲ့တဲ့ လိပ်ပြာလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်အကြောင်းလေးကို စူးစူးနစ်နစ် စိတ်ဝင်တစား ပြောပြခဲ့တယ်။
သူပြောတဲ့ ချစ်ပုံပြင်လေးထဲမှာ အင်မတန်လှပ၊ အင်မတန် မွှေးပျံ့ ပြီး ရက်ရှည်ခံတဲ့ ပန်းပွင့်လေးပေါ်မှာ ပျော်ရွှင်ကြည်နူးနေကြတဲ့ လိပ်ပြာမောင်နှံလေးက တစ်ဦးနဲ့ တစ်ယောက် ဘယ်လောက်ပိုပြီး ချစ်မြတ်နိုးရတဲ့ အကြောင်းကို သက်သေပြုချင်လို့ နောက်နေ့ မနက်မှာ ဒီပန်းပွင့်လေးဆီကို ဘယ်သူအရင်ရောက်သလဲ.... အရင်ရောက်တဲ့သူက ပိုချစ်ရတဲ့သူ လို့ သတ်မှတ်မယ် ဆိုတဲ့ ဂိမ်းလေးတစ်ခု လုပ်လိုက်ကြတယ်တဲ့....။
နောက်နေ့ မနက်မှာတော့ လိပ်ပြာအထီးလေးက နေမထွက်ခင် ရောင်နီသန်းပြီး ပျံသန်းလို့ရတာနဲ့ ပန်းပွင့်လေးဆီကို ပျံသန်းလာခဲ့တယ်တဲ့။
ပန်းပွင့်လေးဆီကို ရောက်တော့ ညဘက်မှာ ပွင့်ဖတ်လေးတွေ ပြန်ပိတ်သွားတတ်တဲ့ ပန်းပွင့်လေးက ပွင့်တောင် ပြန်မပွင့်သေးဘူးတဲ့.... သူ့ချစ်သူ လိပ်ပြာမလေးလည်း မရောက်သေးတော့ လိပ်ပြာ အထီးလေးက ကျေနပ်ရင်း ပြုံးနေဖြစ်ခဲ့တယ်တဲ့။ ဒီပြိုင်ပွဲမှာ သူနိုင်သွားပြီလေ..... သူ့ချစ်သူကို သူ ပိုချစ်ကြောင်း ပြောပြနိုင်တော့မှာကိုးနော်။
ဒီလိုနဲ့ နေထွက်လာတဲ့ အချိန်မှာ ပန်းပွင့်လေးက ဖြည်းဖြည်းချင်း ပြန်ပွင့်လာတယ်..
ဒီအချိန်အထိလည်း လိပ်ပြာမလေးက ရောက်မလာခဲ့ဘူး....တဲ့။ လိပ်ပြာအထီးလေးကလည်း သူ့ချစ်သူ လိပ်ပြာမလေး မေ့နေတာလား. ဒါမှမဟုတ် နေများမကောင်းလို့လားလို့ တွေးရင် စိတ်တွေ ပူရင်းနဲ့ လာရာလမ်းလေးကိုပဲ မျှော်ကြည့်နေမိတယ်တဲ့။
နောက်ဆုံး ပန်းပွင့်လေးရဲ့ ပွင့်ဖတ်လေးတွေ အကုန်လုံး ပြန်ပွင့်လာတဲ့ အချိန်မှာတော့ လိပ်ပြာအထီးလေးဟာ ထင်မှတ်မထားတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်...တဲ့။
ပန်းပွင့်လေးထဲမှာ သူ့ချစ်သူ လိပ်ပြာမလေး သေဆုံးနေခဲ့ပြီတဲ့လေ....
သူတို့ရဲ့ ပြိုင်ပွဲလေးမှာ ရှုံးခြင်း နိုင်ခြင်းထက် လိပ်ပြာမလေးက ပိုပြီးချစ်မြတ်နိုးရတဲ့အကြောင်းကို ချစ်သူကို သိစေချင်လို့...။
လိပ်ပြာအထီးလေးထက် အရင်ရောက်နှင့်နေချင်လို့ ညဘက်မှာ မပြန်ပဲနဲ့ ပန်းပွင့်လေးပေါ်မှာ စောင့်နေရင်း ပွင့်ဖတ်လေးတွေ ပြန်ပိတ်သွားတဲ့ အချိန်မှာ မွန်းကျပ်ပြီး လိပ်ပြာမလေးက သေဆုံးသွားခဲ့ရတယ်လို့ မီးမီးက ပြောပြခဲ့တယ်။
အဲဒီတုန်းက မီးမီးပြောပြတဲ့ ချစ်ပုံပြင်လေးက တကယ် မဟုတ်မှန်း သိလျှက်နဲ့ ကျွန်တော် ဆို့ဆို့နစ်နစ်ကြီး ခံစားခဲ့ရတယ်။
မီးမီးက ဆက်ပြီးမေးလာနေသေးတယ်.. `` အဲဒီလိပ်ပြာမလေးက ဘယ်သူလဲ သိလား´´တဲ့။
ကျွန်တော် ခေါင်းကိုပဲ ခါပြနေခဲ့မိတယ်... မီးမီးကို အဲဒီလို လိပ်ပြာမလေး မဖြစ်စေချင်ပါဘူး...၊
နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း ချစ်သူရဲ့ အသက်ကို ဆုံးရှုံးစေလောက်တဲ့ ဂိမ်းတစ်ခုကို ဘယ်တော့မှ အစမပြုနိုင်ပါဘူး...
လိပ်ပြာမလေးက မီးမီး ဖြစ်ခဲ့မယ်ဆိုရင် ပုံပြင်လေးရဲ့ သဘောအရ မီးမီးကို အသက် ဆုံးရှုံးစေခဲ့သူက သူ့ချစ်သူ ကျွန်တော်ပဲ ဖြစ်ရတော့မှာပေါ့....။
တကယ်တော့ မီးမီးကို ကျွန်တော် မြတ်နိုးခဲ့တာဟာ လိပ်ပြာမလေးထက် မလျော့ဘူး ဆိုတာကို မီးမီးကို ပြောပြချင်ပေမယ့် ၀မ်းနည်းစိတ်ကြောင့် မပြောပြဖြစ်ခဲ့ပါဘူး။ နောက်ပြီး ဒီဇာတ်လမ်းလေးထဲမှာ မီးမီးကို ရှိမနေစေချင်ပါဘူး... ဖြစ်နိုင်မယ်ဆိုရင် ဒီပုံပြင်လေးကို မီးမီးကို မေ့ပစ်လိုက်စေချင်ပါတယ်။
ချစ်သူရဲ့ သေဆုံးခြင်းတွေကို ငေးကြည့်နေဖြစ်ခဲ့တဲ့ လိပ်ပြာအထီးလေးရဲ့ အကြောင်းကိုတော့ မီးမီးက ဆက်ပြောမပြခဲ့ပေမယ့်.... ကျွန်တော် ဆက်ပြီး စဉ်းစားဖြစ်ခဲ့ပါတယ်... ဒီလို အဖြစ်ဆိုးကို ဘယ်လိုလူက ခံစားနိုင်မှာလဲလို့လေ...
ဒီအဖြစ်လေးကြောင့် သူလည်း အဲဒီနေရာမှာတင် သေဆုံးသွားမှာပဲ... တကယ်လို့လိပ်ပြာမလေးက သူ့ကို ထားရစ်ခဲ့တယ်... အခြားလိပ်ပြာလေးတစ်ကောင်နဲ့ လိုက်ပါရင်း သူ့ကို စွန့်ပစ်ခဲ့မယ်ဆိုရင်တောင်မှ သူ ခံနိုင်ရည် ရှိဦးမှာ... အဲလိုလေးက ပိုကောင်းဦးမယ် ဆိုတဲ့ အတွေးလေးကိုပေါ့...
=========================
ကျွန်တော် မနှစ်သက်ခဲ့တဲ့ လိပ်ပြာလေးနှစ်ကောင်ရဲ့ ပုံပြင်လေးကို ကျွန်တော် ဘယ်သောအခါမျှ ဘယ်သူ့ကိုမှ မပြောပြတော့ဘူးလို့ ဆုံးဖြတ်ထားလိုက်တယ်....
ဆိုးရွားလွန်းလှတဲ့ နှလုံးသား ခံစားချက်တစ်ခုကို မကူးစက်စေချင်လို့ပါ... ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ ဒီလိပ်ပြာပုံပြင်လေးကို မမေ့နိုင်ခဲ့ပါဘူး..
ထို့အတူ မီးမီးကိုလည်း ကျွန်တော် မေ့ပျောက်မရခဲ့ပါဘူး....။
အခုတော့ ကျွန်တော့်ရဲ့ လိပ်ပြာမလေးလည်း အခြားလိပ်ပြာလေးတစ်ကောင်နဲ့ လိုက်ပါသွားခဲ့ပြီလေ... တော်ပါသေးတယ်... လိပ်ပြာပုံပြင်လေး အသက်ဝင်မလာခဲ့လို့။
စဉ်းစားရင်း ဆက်လျှောက်လာတုန်း ဗြုန်းဆို မိုးတွေ ရွာချလာတယ်...
သီချင်းလေးရယ်၊ ပန်းလေးတွေရယ်၊ လိပ်ပြာလေးတွေရယ် ဆုံတုန်း မီးမီးကို သတိရမိလိုက်တော့ မိုးတွေ အုံ့လာတာကိုလည်း ကျွန်တော် မသိလိုက်ဘူး... မိုးဖွဲလေးတွေ ကျဆင်းလာတာလည်း ကျွန်တော် မသိလိုက်ဘူး....
ဟုတ်ပါတယ်... အချစ်ဆိုတာ မိုးရေစက်လေးတွေနဲ့ တူတယ်တဲ့.... တဖွဲဖွဲကျဆင်းလာတုန်း မသိလိုက်ပေမယ့် သတိထားမိလိုက်တဲ့ အချိန်မှာတော့ တစ်ကိုယ်လုံးရွှဲရွှဲစိုသွားပြီတဲ့လေ....။
ဟိုးအရင်ကလည်း မိုးတွေ ရွာနေတုန်း `` မီးမီးကို ဘယ်လောက်ချစ်သလဲ´´ လို့ မေးခဲ့ဘူးတယ်... မိုးစက်လေးတွေကြည့်ရင်း `` မရေမတွက်နိုင်တဲ့ မိုးစက်လေးတွေလောက် ချစ်တယ်´´ လို့ ပြန်ပြောခဲ့ဘူးပါတယ်...
`` မီးမီးကတော့ ကိုကို့ကို မိုးကောင်းကင်ကြီးလောက် ချစ်တယ်.... မိုးစက်လေးတွေက မိုးကောင်းကင်ကြီးရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုပဲလေ... ဟုတ်တယ် မဟုတ်လား´´ တဲ့၊ `` ဟုတ်ပါတယ်´´လို့ ပြုံးရင်း ပြန်ပြောဖြစ်ခဲ့သေးတယ်..။
=================================
မိုးခိုမလို့ နီးစပ်ရာ လဘက်ရည်ဆိုင်ထဲ ၀င်လိုက်မိတယ်....
အံ့သြစရာကောင်းလောက်အောင် ၀ိုင်းစုခိုင်သိန်းရဲ့ `` တစ်နေရာစာ ´´ဆိုတဲ့ သီချင်းလေးကို ဖွင့်ထားလေရဲ့...။
`` မမြင်နိုင်တဲ့ ကိုယ့်ရဲ့ စိတ်တွေ မင်းရဲ့အနားမှာ ရှိနေတုန်း.... မြင်နိုင်တဲ့ မင်းရဲ့ အနားမှာ ရှိနေခဲ့တာ ငါ မဟုတ်ဘူး......´´ တဲ့။
သီချင်းရေးဆရာတွေနဲ့ အဆိုတော်တွေက ပုံပြင်အဟောင်းလေးတွေကို အင်မတန် အသက်သွင်းနိုင်ကြတာပဲလို့ တွေးဖြစ်ခဲ့ပါတယ်...။
သီချင်းလေးတွေ၊ ပန်းလေးတွေ၊ လိပ်ပြာလေးတွေနဲ့ မိုးစက်လေးတွေ ကြားထဲမှာ ကျင်လည်ရှင်သန်ရင်း ဘယ်လိုအခြေအနေ ဘယ်နေရာမှာ ဖြစ်ဖြစ် ကျွန်တော် မီးမီးကို ပျော်ရွှင်နေစေချင်ပါတယ်....
တကယ်လို့ မဖြစ်မနေ လိပ်ပြာပုံပြင်လေးကို အသက်သွင်းရမယ်ဆိုရင်တော့ ချစ်သူကို ပိုပြီး ချစ်မြတ်နိုးရကြောင်း ပြောပြနိုင်ဖို့အတွက် စောင့်ရင်း သေဆုံးသွားခဲ့သူကို လိပ်ပြာမလေးရဲ့ ကိုယ်စား လိပ်ပြာအထီးလေးကိုပဲ ဖြစ်စေချင်ပါတယ်... ဒီလိပ်ပြာ အထီးလေးကလည်း အခုထိ မြတ်နိုးနေတတ်တဲ့ ကျွန်တော်သာ ဖြစ်နေခဲ့မယ်ဆိုရင်ပေါ့...။
(ကွန်ဆူးမား)(၅-၇-၂၀၁၄)

0 comments:
Post a Comment