မြိုင်ရာဇာဆြာဒင်နှင့်ကော့တောင်ကျွန်းတွင် မျက်နှာဖြူစုံတွဲအသတ်ခံရမှု ။ ။
၁။ဒီရက်ပိုင်းအတွင်းလူတကာပါးစပ်ဖျားမှာ ရေပန်းအစားဆုံးသတင်းကတော့ ကော့တောင်ကျွန်းလူသတ်မှုပါပဲ။ မြန်မာလူငယ်နှစ်ဦး ဟာ လူသတ်တရားခံဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို မယုံကြည်တာကြောင့်၊မြန်မာသံရုံးက တာဝန်ရှိသူရှစ်ဦးပါဝင်တဲ့ အဖွဲ့ ဟာ မနက်ဖန် ကော့တောင်ကျွန်းကို ရောက်ရှိပြီး အခင်းဖြစ်နေရာကို စစ်ဆေးကြပါလိမ့်မယ်။အဲဒီအဖွဲ့ထဲမှာ ကျုပ်နဲ့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသုံးယောက်လည်းပါလေရဲ့။
၂။ နောက်ဆုံးသတင်းအရ လူသတ်မှုနဲ့ စွပ်စွဲခံရတဲ့မြန်မာလူငယ်တွေဟာ
ကော့စမွေကျွန်းအကျဉ်းထောင်မှာရှိနေလို့ဆို ပါတယ်။ အခင်းဖြစ်ပွား ရာ
ကော့တောင်ကျွန်းကိုဝင်ရောက်စစ်ဆေးပြီးမှ ကော့စမွေအကျဉ်းထောင်ကို
သွားရောက်ပြီး စွပ်စွဲခံရသူလူငယ်တွေနဲ့ သွားရောက်တွေ့ ဆုံကြပါလိမ့်မယ်။
သတင်းစာမျက်နှာမှာတော့ ဒီအမှုအပေါ်ဝေဖန်မှုတွေသောသောညံနေပါပြီ။ စစ်တမ်းတစ်ခု
ကောက်ယူရာမှာ ဗမာလူငယ်တွေသတ်တာ မဖြစ်နိုင်ဘူး ဆို တဲ့ဘက်က
၉၅%သဘောထားမှတ်ချက်ပေးကြပါတယ်။
၃။ မြန်မာသံရုံးကစေလွှတ်တဲ့အဖွဲ့ကို လေးလေးနက်နက်သတိပေးချင်တာတစ်ခုကတော့ အသက်ကိုဥာဏ်စောင့်တယ်ဆိုတဲ့ဆိုရိုးပါပဲ။ “ငါတို့ဟာ သံရုံးကလာတာပဲ””နိုင်ငံတစ်ကာကစောင့်ကြည့်နေတာမို့ ဘယ်ကောင်ဘာလုပ်ရဲမှာလဲ” ဆိုတာမျိုးတွေယောင်လို့တောင် မတွေး ပါလေနဲ့။ထိုင်းမာဖီးယားတွေရဲ့တွေးခေါ်လုပ်ကိုင်ပုံဟာ စဉ်းစားဆင်ခြင်တုံတရားအင်မတန် ကင်းမဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့တရား စီရင်ရေးဟာလည်း တိုးသာဆုတ်သာနိုင်လွန်းတဲ့အခြေအနေပါ။ ဒီမိုကရေစီနိုင်ငံ အမည်ခံထားသော်ငြား မျက်နှာကြီးအမှုတွေကို ကိုင်တွယ်ရာမှာ ဗမာပြည်နဲ့ သူမသာ၊ကိုယ်အသုဘပါပဲ။
၎။ ဒါကြောင့် စွပ်စွဲခံရတဲ့ဗမာလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရတုန်းမှာ နောက်ထပ်စိတ်ဆင်းရဲစရာသတင်းမကြားပါရစေနဲ့လို့ ဆုတောင်းပါရဲ့။နိဂုံးချုပ်ပြောချင်တဲ့အချက်ကတော့ ထိုင်းနိုင်ငံသားတွေကိုယ်တိုင်က၊ ထိုင်းအစိုးရအဖွဲ့၊ထိုင်းရဲတပ်ဖွဲ့အဆင့်မြင့် အရာရှိကြီးတွေ ပါဝင်ပတ်သက်ဇာတ်ညွန်း ဆွဲထားဟန်ရှိတယ်လို့ယူဆနေကြတဲ့၊ ဒီအမှုမှာ ဗမာသံရုံးကစေလွှတ်တဲ့အဖွဲ့လောက်နဲ့ တစ်စုံတစ်ရာထူးခြားလာစရာအကြောင်းမမြင်ပါဘူး။ဗြိတိန်နိုင်ငံရဲတပ်ဖွဲ့လို၊ အဆင့်မြင့်စုံစမ်းထောက် လှမ်းရေးအဖွဲ့တွေပါဝင်လာမှသာ မျှော်လင့်ချက်ရောင်ခြည်သန်းလာနိုင်ပါလိမ့်မယ်။
၅။ အစိုးရိမ်လွန်ရန်ကော ဆိုကြရင်ဖြင့် ကိုဂါမဏိရဲ့ ဖေ့စ်ဘွတ်ကနေကူးယူလာတဲ့ အောက်ပါသတင်းကိုဖတ်ပြီးမှသာ စကားရှေ့ဆက်ကြ စေလိုပါတယ်။
ထိုင်းရဲတွေ အခုထိမဖော်နိုင်သေးတဲ့ ၁၉၈၉ ခုနှစ်တုံးကစိမ်းလဲ့ကန်သာ စိန်ပြာအမှု။ ။
* ၁၉၈၉ ခုမှာ ဆော်ဒီအာရေဗျနန်းတော်မှာ ဆော်ဒီမင်းသားတယောက်ဆီ အလုပ်လုပ်နေတဲ့ ထိုင်းအလုပ်သမားတယောက်က မင်းသား ရဲ့နန်းစဉ်ရတနာ ဒေါ်လာ သန်း (၂၀) ဖိုးကို ခိုးပြီး ထိုင်းကိုပြန်လာခဲ့တယ်။ ဒီထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စိန်ပြာတလုံးလဲ ပါတယ်။ ဆော်ဒီ ကသိသွားပြီး လိုက်တဲ့အခါ ထိုင်းရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပြန်လာတဲ့အလုပ်သမားကိုဖမ်း၊ လက်ဝတ်ရတနာတွေ ပြန်သိမ်း ပြီး ဆော်ဒီနိုင်ငံကိုသွား ပြန်အပ်လိုက်တယ်။ဒါပေမဲ့ ပြန်အပ်လိုက်တဲ့ ရတနာ တဝက်ကျော်က အတုတွေဖြစ်နေပြီး စိန်ပြာကြီးလဲ ပါမလာ ဘူး (မနူဟာဘုရင်ရဲ့ စိန်လို့ ယူဆရတယ်)။
*ထိုင်းသတင်းစာ တွေမှာတော့ အကောင်ကြီးကြီးကတော်တွေ အရင်မတွေ့ဖူးတဲ့ စိန်လည်ဆွဲတွေ ဝတ်ပြီး ပွဲတက်တဲ့ ဓာတ်ပုံတွေ ပါလာတယ်။ဒါကြောင့် ဆော်ဒီအစိုးရက ဘန်ကောက်ကို မင်းမျိုးမင်းနွယ်တယောက်လွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ အဲ့လူ ပြန်ပေးဆွဲ အစ ဖျောက်ခံလိုက်ရတယ်။ ဒီအမှုကိုစုံစမ်းနေတဲ့ ဆော်ဒီသံရုံးက သံအရာရှိ လေးယောက်လဲ ဘန်ကောက်မှာဘဲ ပစ်သတ်ခံလိုက်ရ တယ်။
*လက်ဝတ်ရတနာတွေကို အတုလုပ်ပေးတဲ့ ရတနာဆိုင်ရှင်နဲ့သူ့မိန်းမ၊သူ့သားလဲ အသတ်ခံလိုက်ရတယ်။ထိုင်းရဲဒုဗိုလ်ချုပ်ကြီး တယောက် တော့ တရားရုံးတင်ခံရပြီး ရတနာဆိုင်ရှင်သတ်မှုနဲ့ သေဒဏ်ပေးခံရတယ်။ နောက်ပိုင်းမှာ သေဒဏ်ကိုနှစ် (၅၀) ထောင်ဒဏ်ပြောင်း လိုက်တယ်။ တရားသူကြီး နှစ်ယောက် အလုပ်ထုတ်ခံရတယ်။ထိုင်းရဲ ငါးယောက်ကို ဖမ်းပြီး တရားရုံးတင်ခဲ့ပေမဲ့ (၂၀၁၄) ခုမှာ အမှုကို ပလပ်ပေး လိုက်တယ်။ အခုထိ ဒီအမှု သေချာ မပေါ်သေးသလို ပျောက်နေတဲ့ရတနာတွေလဲ ပြန်မရသေးပါ။

0 comments:
Post a Comment