Wednesday, October 8, 2014

ရဲဆိုလျှင်လည်း ရာထူးကြီးမှ .....

လုံခြုံရေးယူနေသည့် ရဲတပ်သားများကိုတွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
၂၀၁၀ ပြည့်နှစ်က မှော်ဘီမြို့နယ်ရှိ ရဲတပ်သားတစ်ဦးထံသို့ ၎င်း၏ဇနီးဖြစ်သူ ဖမ်းဆီးခံထားရကြောင်း လှိုင်မြို့နယ်မှ မိတ်ဆွေရဲများက သတင်းလှမ်းပို့ခဲ့သည်။ ထိုအချိန်ထိ ဇနီးဖြစ်သူ အချုပ်ခန်းတွင်း ရောက်နေ ရသည့်အကြောင်းရင်းကို သူမသိရှိသေးပါ။
ဇနီးရှိရာ စခန်းတွင်းသို့ သွားရောက်မေးမြန်းလိုက်ချိန်မှသာ ဇနီးသည်က ပြည့်တန်ဆာမှုဖြင့် သမိုင်းလမ်းဆုံ အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
လူမှုဖူလုံရေးစနစ် အားနည်းမှုများနှင့် အခြားသော ချို့ယွင်းမှုများက အောက်ခြေရဲဝန်ထမ်းမိသားစုများ၏ဘ၀ကို သာမန်လူများ တွေးထင်ထားသည်ထက် ပိုမိုဆိုးရွားသည့် အခြေအနေမျိုးသို့ ရောက်ရှိနေကြရသည်။
နိုင်ငံတော်၏ ထောက်ပံ့မှုအားနည်းချက်များက မိသားစုဘ၀ရပ်တည်ရန် ခက်ခဲမှုများအပြင် လုပ်ငန်းတာဝန်များကို ထိရောက်စွာ မလုပ်ကိုင်နိုင်မှုဖြင့်လည်း ရင်ဆိုင်နေကြရကြောင်း လက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများက ပြောသည်။
‘‘ကူညီပါရစေသာ ပြောတာ။ ရဲတွေက အကူအညီတောင်းနေရတာပဲ များတယ်’’ ဟု ရန်ကုန်မြို့လယ်ရှိ ရဲစခန်းတစ်ခုမှ လုပ်သက်ငါးနှစ်ရှိ အသက်(၂၅)နှစ်အရွယ် ဒုရဲအုပ်တစ်ဦးက ရယ်သံနှောပြောလာသည်။
ပြီးခဲ့သည့် နှစ်လယ်မှစကာ စခန်းများတွင် အမှုစရိတ်ထုတ်ပေးမှုများရှိနေပြီဟု ဆိုသည့်တိုင် အောက်ခြေ၀န်ထမ်းများ မသုံးဖူးကြသေးကြောင်း ရဲအချို့ကဆိုသည်။
အခြေခံလိုအပ်ချက်ဖြစ်သော ယူနီဖောင်းပင် ပြည့်စုံလုံလောက်အောင် ပေးနိုင်မှုမရှိခြင်းကြောင့် ဦးထုပ်မှ ဖိနပ်အထိ မိမိတို့ကိုယ်တိုင် ၀ယ်ယူဝတ်ဆင်နေကြရသည်ဟု နေပြည်တော်မှ အသက် (၂၅)နှစ်အရွယ် ရဲတစ်ဦးကဆိုသည်။ ခေါင်းစခြေဆုံး ယူနီဖောင်း၊ လက်နက်တုတ်နှင့် အသုံးအဆောင်များ စုံလင်စွာဝယ်ယူရမည်ဆိုပါက ရဲတစ်ယောက်ရသော လစာကိုးသောင်းကျော်ဖြင့်ပင် မလုံလောက်ပါ။ လွန်ခဲ့သော လေးလခန့်က ယူနီဖောင်းအတွက် ပိတ်စများနှင့် ချုပ်ခ ကျပ်တစ်သောင်းစီ ထုတ်ပေးနေပြီဟု ဆိုကြသည်။ အရာရှိကြီးများကတော့ ကျပ်နှစ်သောင်းခန့်ပေးရသော ထိုင်းချုပ်ကိုမှ ကြိုက်ကြသည်ဟု ရဲဝန်ထမ်းများက ပြောသည်။
ရဲဝန်ထမ်းများမှာ လစာနှင့် ထောက်ပံ့မှု ပေါင်းလိုက်လျှင်ပင် လူတစ်ယောက်အတွက် စားဝတ်နေရေးကို လူတန်းစေ့ မဖြေရှင်းနိုင်သေးပါ။
‘‘အားတော့နာတယ်ဗျာ။ လက်ထိတ်မ၀ယ်နိုင်သေးလို့ သံကြိုးနဲ့ပဲ ချီလိုက်မယ်နော်’’ဟု အားနာစကားအဆိုခံခဲ့ရဖူးကြောင်း ၂၀၁၀ ခုနှစ်က H2O ဗုံးပေါက်ကွဲမှုကြောင့် ဗဟန်းအချုပ်ခန်းတွင် နှစ်လခန့်ကြာနေထိုင်ပြီး ပြန်လည်ရုံးထုတ်စဉ် ရဲတစ်ဦးပြောကြားပုံကို Democratic Voice of Burma (DVB)မှ သတင်းထောက်ဦးဇေကြီးက ပြန်လည်ပြောပြသည်။
ထိုမလုံလောက်မှုများက အမှုများဖြေရှင်းရာတွင် တရားခံများကို အပြောင်းအရွှေ့လုပ်ရန်ပင် တက္ကစီမငှားနိုင်သဖြင့် တရားခံမိသားစုများထံမှ ကားခငွေအတွက် မျက်နှာပူစွာ အကူအညီတောင်းခံရသည်များလည်း ရင်ဆိုင်ကြရကြောင်း ရဲဝန်ထမ်းအချို့က ပြောသည်။
အောက်ခြေရဲဝန်ထမ်းများကြားမှာ ထူးခြားသည့် ‘‘လစာရောင်းဝယ်မှု’’စနစ်တစ်ခု ရှိသည်။
လစာတစ်သိန်းခွဲခန့်ရသော ရဲဝန်ထမ်းများသည် လမကုန်မီကပင် လစာရောင်းသည်ဟူသော ခေါင်းစဉ်ဖြင့် ကျပ်တစ်သိန်းကို ရယူလိုက်ပြီး လကုန်ချိန်တွင် မိမိတို့ ငွေပေးထားသူက လစာကိုထုတ်ယူလိုက်ပြီး ကျပ်တစ်သောင်းခွဲ နုတ်ယူလိုက်သည့် လစာရောင်းဝယ်မှု ဖြစ်သည်။
‘‘မပြည့်စုံမှုတွေကို ဖြေရှင်းရတော့ အဲဒါတွေက လာဘ်ပေး၊ လာဘ်ယူမှုတွေ ဖြစ်လာတာပေါ့’’ ဟု ရဲလုပ်သက် ၂၂ ရှိ အသက် (၄၀)နှစ်ခန့်အရွယ်ရှိသူ ဒုရဲမှူးတစ်ဦးက ပြောသည်။
ငွေကြေးမလုံလောက်သော အောက်ခြေရဲဝန်ထမ်းများသာ လာဘ်ပေးလာဘ်ယူမှု လုပ်နေကြသည်မဟုတ်ဘဲ တပ်ဖွဲ့ဝင်အားလုံးလိုလိုပင် အကျင့်ပျက်ခြစားမှုကို ပြုလုပ်ကြသည်ဟု ရဲများက မှတ်ချက်ပြုကြသည်။
ရဲများကို ပြည်သူလူထုက မုန်းလာကြသည်မှာလည်း မပြည့်စုံမှုကြောင့် ကျေနပ်လောက်အောင် ပြည်သူ့ဝန်ဆောင်မှု မလုပ်နိုင်သောကြောင့်ဖြစ်သည်ဟု ရဲဝန်ထမ်းများကလည်း ယုံကြည်နေကြသည်။
‘‘လူတစ်ရာမှာ ခုနစ်ဆယ်လောက်က ရဲကိုအမြင်မကြည်ကြဘူး’’ဟု ဒုရဲအုပ်ဇာနည်အောင်ကပြောသည်။
‘‘တပ်ဖွဲ့မှားတာတော့ တပ်သားစစုကတည်းကကို မှားနေတာ’’ဟု အထက်ပါအရာရှိကဆိုသည်။ သူ့ဆန္ဒအရဆိုလျှင် ဆယ်တန်းအောင်လောက်မှသာ ရဲတပ်ဖွဲ့ဝင်ခွင့်ခွင့်ပြုစေလိုသည်။ ရဲတပ်ဖွဲ့ထဲတွင် ကောင်းစွာပညာမသင်ကြားခဲ့ရသူများစွာလည်း ရှိနေသည်။
တပ်ဖွဲ့ထဲတွင် ညဥ့်နက်ပိုင်း လမ်းမပေါ်ရှိနေတတ်သူများ၊ ဆိုက်ကားသမားများအား ရဲလုပ်မှာလား၊ ထောင်ထဲဝင်မှာလား မေးခွန်းများမှတစ်ဆင့် ရဲအဖြစ် ရွေးချယ်ဝင်ရောက်လာသူများလည်း ရှိနေသည်ဟု လုပ်သက်ဆယ်နှစ်ရှိသော ဒုတပ်ကြပ်ရဲဝန်ထမ်းက ပြောသည်။
လူတန်းစေ့အောင်ပင် မနေထိုင်နိုင်ဘဲ အဂတိလိုက်စားမှု ကျူးလွန်ကြပြီး အများပြည်သူ အမုန်းခံရသော ရဲဝန်ထမ်းဘ၀ကို ၀င်ရောက်လုပ်ကိုင်လိုသူများလည်း နည်းနေသည်ဟု ရဲအချို့က မှတ်ချက်ပြုကြသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရဲတပ်ဖွဲ့ဝင် အင်အားခုနစ်သောင်းကျော်ရှိပြီး ယင်းအရေအတွက်မှာ နိုင်ငံလူဦးရေနှင့်ယှဉ်ပါက အတော်ပင်နည်းနေသည်။ ရန်ကုန်မြို့မှ ရဲတစ်ယောက်သည် ပြည်သူ ၁၁၀၀ နှင့် အချိုးရှိနေသည်ဟု ဒုရဲအုပ်တစ်ဦးက ပြောပါသည်။
အင်အားနည်းသည်က ပြည်သူကို ထိန်းချုပ်နိုင်မှုတွင် အားနည်းလာသည်ကို ‘‘ပြစ်မှုဖြစ်တာတွေ ပိုများလာတာပေါ့’’ ဟု ရန်ကုန်မြို့လယ်စခန်းတစ်ခုမှ ဒုရဲအုပ်က သုံးသပ်သည်။
လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုနှင့် ဓားပြမှုကဲ့သို့သော အမှုများ အပါအ၀င် ရဲတပ်ဖွဲ့မှ အမှုကြီးအဖြစ် သတ်မှတ်ထားသော အမျိုးအစား ဆယ်မျိုးတွင် ၂၀၁၀ ခုနှစ်က အမှုပေါင်း ၁၃၆၄ မှု ဖြစ်ပွားရာမှ ၂၀၁၂ ခုနှစ်တွင် ၂၃၁၈ မှုထိ ရှိလာ၍ အမှုဖြစ်ပွားနှုန်းသည် သုံးနှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။
ခိုးမှုအမျိုးမျိုး ပါဝင်သော ရဲတပ်ဖွဲ့မှ သတ်မှတ်ထားသော အခြားအမှုခုနစ်မျိုးမှာ ၂၀၁၀ ခုနှစ်တွင် ၄၀၀၀၀ ကျော်ရုံသာ ဖြစ်ပွားခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၄၅၀၀၀ ကျော်ထိ ဖြစ်လာခဲ့၍ သုံး နှစ်အတွင်း အမှုဖြစ်ပွားမှု ၅၀၀၀ ကျော်ထိ မြင့်တက်လာခဲ့သည်။
ရဲတပ်ဖွဲ့ ပြည့်စုံမှုမရှိခြင်းက တပ်ဖွဲ့တွင်း ၀င်ရောက်ပြီးသူများ ရဲလောကတွင်းမှ ထွက်လိုသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်ရဲများကဆိုသည်။
သို့သော် ပခုံးပေါ်တွင် ကြယ်သုံးပွင့်ရောက်ရှိနေပြီဖြစ်သော လုပ်သက် ၂၀ ကျော် ရန်ကုန်မြို့ပေါ်မှ ဒုရဲမှူးနီနီဝင်းကမူ ရဲဘ၀ကို ပျော်ရွှင်နေပြီဖြစ်သည်ဟု ဆိုလာသည်။
မပြည့်စုံမှုများစွာအပေါ် အထက်အရာရှိများက မျက်ကွယ်ပြုထားပုံကို လုပ်သက်ဆယ်နှစ်ရှိ ရဲတပ်ကြပ်တစ်ဦးက ‘‘လူကြီးတွေက သူတို့ကောင်းဖို့ပဲကြည့်တာ။ အောက်ကလူတွေ ဘယ်လိုနေနေ လှည့်မကြည့်ဘူး’’ဟု မှတ်ချက်ပေးလိုက်သည်။
ရဲတပ်ဖွဲ့တွင် အောက်ခြေအဆင့် ရဲဘော်များသည် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်မည်ဆိုပါက တစ်သက်ချမ်းသာနိုင်သူ ရှိမလာနိုင်တော့ဟု အဆိုပါရဲကဆိုလာသော်လည်း ‘‘မှတ်ချက် ရဲမှူးကြီးများမပါ’’ဟု လက်ညှိုးလေးထောင်ကာ သုံးရစ်တပ်ကြပ်ကြီးက သတိပေးစကားဆိုလိုက်သေးသည်။
ပေ ၄၀ ပတ်လည်ခန့်ရှိသည့် သွပ်မိုး၊ အုတ်ကာဖြင့် အဆောက်အအုံက ရဲစခန်းအ၀င်ဝတွင် နေရာယူထားသည်။ ယင်းနောက်သို့  ခြေလမ်း ၂၀ ခန့် လမ်းလျှောက်ပြီးချိန်တွင်တော့ ၁၀ ပေပတ်လည်ခန့်ရှိသည့် သွပ်မိုးသွပ်ကာ ရဲဝန်ထမ်းအိမ်ရာများက ပူးကပ်စွာနေရာယူထားသည်။
‘‘နို့ဆီဘူးထဲ နေရသလိုပဲ’’ဟု မောင်ဖြစ်သူရဲက ပြောလာသည်ဟု အစ်မ၀မ်းကွဲဖြစ်သူ ဒေါ်သန်းနုက ဆိုသည်။
အိမ်အတွင်း ၀င်ရောက်မည်ဆိုပါကလည်း ဂျပန်များတွေ့လျှင် နှုတ်ဆက်သကဲ့သို့ ခန္ဓာကိုယ်တစ်ဝက်ခန့် ကိုင်းညွှတ်ရန် လိုအပ်သည်။ ‘‘အမိုးပြိုမှာစိုးလို့ မိုးကာကို ကြေးနန်းနဲ့ ချီထားတဲ့ အောက်မှ အိပ်ရတယ်’’ဟု မြို့လယ်ကောင်ရဲစခန်းမှ ကြယ်တစ်ပွင့်ရှိ ဒုရဲအုပ်ကဆိုသည်။
တပ်ဖွဲ့ဝင်များ၏ ဇနီးများအကြားမှာ ဈေးရောင်းထွက်သူများရှိကြသလို လျှော်ဖွပ်ရန် အပ်လာသော အ၀တ်များကို လျှော်နေကြသူများလည်း ရှိသည်။ စခန်းတွင်း နေထိုင်သူအဖို့ မိသားစုသီးသန့်အိမ်သာဟူ၍မရှိ။ တပ်ဖွဲ့မိသားစုဝင် လူတစ်ရာနီးပါးရှိသည့် ၀င်းတွင်း စုပေါင်းအိမ်သာခြောက်လုံးခန့်ကိုသာ ၀ိုင်း၍သုံးကြရသည်။
၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကစ၍ ပြည်သူလူထုအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲလိုက်သည်မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် နှစ် (၅၀) ပြည့်ခဲ့ပြီ ဖြစ်သည်။
ယခုနှစ် ၅၀ ကျော်၍ ရဲတပ်ဖွဲ့၏ ရွှေရတုအလွန်ကာလရောက်လာသည့်တိုင် ရဲအဖြစ် ၀င်ရောက်လာသော ရဲများသည် ရဲတပ်ဖွဲ့၏အမြင့်ဆုံးရာထူးကို မပိုင်ဆိုင်နိုင်သေးဘဲ ထိုနေရာကို တပ်မတော်မှ အရာရှိများ ဆက်တိုက်အမွေခံနေဆဲ ဖြစ်သည်။
ဘ၀တစ်လျှောက်လုံးကို ရဲတပ်ဖွဲ့ဝင်အဖြစ် ဖြတ်သန်းလာပြီး ပင်စင်ယူချိန်တွင်မူ နိုင်ငံတော်သမ္မတက ပေးသည်ဟူသော ၀န်ထမ်းကောင်းတံဆိပ်တစ်ခုသာ အိမ်တွင်ကျန်ခဲ့သည်ဟု ရဲဝန်ထမ်းပင်စင်စားတစ်ဦး၏ သမီးဖြစ်သူ မကလျာက ပြောသည်။
ခက်ခဲစွာရုန်းကန်ကြရသည့် ရဲဝန်ထမ်းများအကြား ရာထူးအမြင့်ပိုင်းများကို စစ်တပ်မှ ကူးပြောင်းလာသူများ နေရာယူလာမှုကို ‘‘ရင်ထဲမှာတော့ ဘ၀င်မကျဘူးပေါ့’’ဟု သက်ပြင်းတစ်ချက်နှင့်အတူ ကြယ်တစ်ပွင့်အရာရှိက မှတ်ချက်ပြုခဲ့သည်။
ရဲတပ်ဖွဲ့၏ ရာထူးအမြင့်ပိုင်းများကို အောက်ခြေရဲဘ၀ ဖြတ်သန်းမှုမရှိသော၊ ရဲဘော်များနှင့် နီးစပ်မှုမရှိသော မိုးကျရွှေကိုယ် တပ်မတော်အရာရှိများ နေရာယူမှုက မူဝါဒပိုင်းလုပ်ဆောင်နိုင်သည့်တိုင် အောက်ခြေရဲများအပေါ် နားလည်နိုင်မှုနှင့် စာနာမှု အားနည်းချက်များလည်း ရှိနေသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
ရဲဝန်ထမ်းဘ၀ကို ဖြတ်သန်းလာပြီး ရဲဘော်များ၏ဘ၀ကို စာနာနားလည်နိုင်သော ထူးချွန်သည့် ရဲအရာရှိကြီးများကိုသာ ရဲချုပ်ဖြစ်စေချင်သော ရဲဘော်များ၏ဆန္ဒကို ရန်ကုန်မြို့လယ်စခန်းတစ်ခုမှ ဒုရဲအုပ်ဇာနည်အောင်က ယခုကဲ့သို့ ဖွင့်ဟလိုက်သည်။
‘‘ရဲစစ်စစ် ရဲချုပ် ဖြစ်စေချင်တယ်’’

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...