Tuesday, October 14, 2014

မြန်မာတို့အတွက် အမျိုးသားရေးစိန်ခေါ်သံ။ (ဒုတိယပိုင်း)

မြန်မာတို့အတွက် အမျိုးသားရေးစိန်ခေါ်သံ။(ဒုတိယပိုင်း)

(၃) ကံဆိုးရှာကြသည့်ဗြိတိန်သားစုံတွဲ။

အံ့ဘနန်းလှပဆန်းကျယ်သောပင်လယ်ရှုခင်း၊ကြီးမားသောကျောက်တုံးကျောက်ဆောင်ကြီးများ၊ရောင်စုံငါးကြီးငယ်များ၊ရှုမငြီးဖွယ်ရေအောက်ရှုခင်းများကို ထိုးဖောက်မြင်နိုင်သည့်ကြည်လင်စိမ်းလဲ့နေသော ပင်လယ်ရေသွင်ပြင်တို့ကြောင့် ကမ္ဘာအနှံ့မှ ရေအောက်ရှုခင်း ကြည့်၊ရေငုတ်သမား( Divers)တို့အပါအဝင် ကမ္ဘာလှည့်ခရီးသည်များအထူးစိတ်ဝင်စားကာ အပန်းဖြေကြသည့် ကော့တောင်ကျွန်း၏ ကမ်းခြေတနေရာ၌ ၂၀၁၄ခုနှစ်စက်တင်ဘာလ(၁၅)ရက်နေ့နံနက်တွင် ရက်ရက်စက်စက်အသတ်ခံထားရသော ဗြိတိသျှလူမျိုးစုံတွဲ ဒေးဗစ်မေလာနှင့် ဟန်နာ ၀ှစ်သာရစ်တို့၏အလောင်းများကို တွေ့မြင်ခဲ့ကြရသည်။

ဗြိတိန်အမျိုးသမီးဟန်နာဝှစ်သာရစ်(၂၃)နှစ်မှာ မတရားပြုကျင့်ခံထားရပြီး၊ရုပ်ပျက်ဆင်းပျက်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး အသက်(၂၄)နှစ် အရွယ်ဒေးဗစ်မေလာအမည်ရှိ ဗြိတိန်အမျိုးသားအလောင်း၏မျက်နှာဘေးနှစ်ဖက်တွင် သံလက်သီးနှင့်အလားသဏ္ဍာန်တူသော လက်သီးကြားတွင်အချွန်ညှပ်၍ ထိုးသွင်းခံရသည့်ဒဏ်ရာများကိုတွေ့ကြရသည်။၎င်းတို့နှစ်ဦးသည်နိုက်ကလပ်တစ်ခုတွင် ပျော်မြူးကြရင်း သန်းခေါင်ယံအချိန်ခန့်တွင် ကမ်းခြေသို့ရောက်ရှိသွားကြပြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟုသတင်းများကဆိုသည်။

(၄)ထိုင်းရဲတပ်ဖွဲ့၏ကချွတ်ချော်လွဲမှားသောဆောင်ရွက်မှုအဆင့်ဆင့်။

လူသတ်မှု ဖြစ်ပြီးပြီးချင်း ထိုင်းရဲတပ်ဖွဲ့က ရွှေ့ပြောင်းအလုပ်သမားများအပေါ် သံသယရှိသူများအဖြစ် ပထမဆုံး ပစ်မှတ် ထားခဲ့ကြ သည်။ကော့တောင်ကျွန်းပေါ်ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားတို့ကို ဒလမန်းကြမ်းပိုက်စိပ်တိုက်ဖမ်းဆီးကာ လူသတ်တရားခံ စာရင်း သွင်းရန်အားထုတ်ခဲ့ကြသည်။ဤသည်မှာထိုင်းနိုင်ငံတလွှားတွင် မြန်မာရွေ့ပြောင်းအလုပ်သမားအပေါ်ထိုင်းရဲတို့ ပြုမူလေ့ရှိသော လုပ်ရပ်ဖြစ်၍ ဤသို့သောရက်စက် ယုတ်မာသည့်သတ်ဖြတ်မှုမျိုးကိုထိုင်းလူမျိုးလုပ်လေ့မရှိဟုပင်သတင်းထုတ်ပြန်ခဲ့သည်။

သံသယဖြင့်ခေါ်ယူစစ်မေးခံရသည်မြန်မာအလုပ်သမားများကို ရိုက်နှက်ညှင်းပန်းနှိပ်စက်ပြီးနောက် မျိုးရိုးဗီဇ(DNA)စစ်ဆေးမှုပြုလုပ်ခဲ့ ရာ အသတ်ခံရသူတို့၏အလောင်းများပေါ်မှ ဒီအန်အေနှင့်ကိုက်ညီမှုမရှိသောကြောင့် ဖမ်းဆီးထားသည့် မြန်မာအလုပ်သမားများကို ပြန် လွှတ်ပေးခဲ့ရသည်။

ထိုနောက်လူသတ်မှုအတွက် သေဆုံးသူဒေးဗစ်မီလာ၏သူငယ်ချင်း၊ ရှောင်မက်အန်နာကို ဘန်ကောက်မြို့သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ ကြောင်းသတင်းများထွက်ပေါ်လာခဲ့ပြန်ပြီး၊သွေးစွန်းသောဘောင်းဘီကို၎င်း၏ခရီးဆောင်အိတ်အတွင်းမှတွေ့ရသော်လည်း ခိုင်မာသောအထောက်အထားမဟုတ်ဟုဆိုကာ လွှတ်ပေးခဲ့ပြန်သည်။

ထို့နောက်စကော့တလန်လူမျိုးခရီးသွားတစ်ဦးမှ သေဆုံးသူ ဟန်နာကို ထိုင်းအမျိုးသား နှစ်ဦးက ဗလက်ကာယပြုရန် ကြိုးစားနေ သည်မြင်ရပြီးဒေးဗစ်မီလာက ဝင်ရောက်ဟန့်တားဖို့ ကြိုးစားခဲ့ကြောင်း၊ထိုသူနှစ်ဦးသည်ကျွန်းပေါ်၌သြဇာကြီးမားသူများဖြစ် ကြောင်းဖေ့စ် ဘွတ်စာမျက်နှာတွင် သတင်း တင်လိုက်သဖြင့်၊ကော့တောင်ကျွန်းအေစီဘားပိုင်ရှင်နှင့် သူ၏မန်နေဂျာတို့အပေါ် သံသယဖြစ်ဖွယ်ရှိ သော်လည်း ထိုင်း ရဲတို့က ထိုအချက်ကိုလည်းပယ်ချခဲ့ပြန်သည်။

 လူပေါင်းနှစ်ရာကျော်ကို ဒိအန်အေစစ်ဆေးခဲ့သော်ငြား၊ပြစ်မှူကျူးလွန်သူကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပဲ၊ဇာတ်သိမ်းခန်းမရောက်နိုင် သည့် ပြဇာတ်ရှည်တစ်ပုဒ်ကဲ့သို့ အီခံနေသော သပွတ်အမှုအပေါ်၊ ထိုင်းနိုင်ငံဆိုင်ရာအင်္ဂလန်သံအမတ်ကြီးကိုယ်တိုင် ဖိအားပေး လာသည့်အခါ၊ထိုင်းအစိုးရသည် ကော့တောင်ကျွန်းမှ ရဲတပ်ဖွဲ့ကိုအစားထိုးလဲလှယ်ပြီးမကြာမီရက်ပိုင်းမှာပင် လူသတ်မှုတရားခံများမှာ မြန်မာလူငယ်နှစ်ဦးဖြစ်ကြောင်း၊၎င်းတို့ကိုယ်တိုင်ဖြောင့်ချက်ပေး ကြောင်း၊ဒီအန်အေစစ်ဆေးမှုတူညီကြောင်း သတင်းထုတ်ပြန်ခဲ့ကာ ဇာတ်လမ်းကိုအဆုံးသတ်ပစ်ရန်ကြိုးပမ်းခဲ့လေသည်။

ဝန်ခံသည်ဆိုသော  မြန်မာ နှစ်ဦးက ၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာတီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲနှစ်ဦး ချစ်တင်းနှောနေသည်ကိုမြင်ပြီး စိတ်မထိန်းနိုင်၍  ပြစ်မှု ကျူးလွန်ခဲ့သည် ဟု ထွက်ဆိုထားကြောင်း ထိုင်းရဲက ပြောဆိုသည်။သတိပြုရန်အချက်မှာ တရားခံအဖြစ်စွပ်စွဲခံရသူနှစ်ဦးသည် ပထမအကြိမ်ခေါ်ယူစစ်ဆေးခံခဲ့ရစဉ်က ဒီအန်အေမတူ ညီသောကြောင့် ပြန်လွှတ်ပေးခဲ့သူဖြစ်နေခြင်းပေတည်း။
ဤသို့ဖြင့် မြန်မာရွေ့ပြောင်းအလုပ်သမား ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့သည် သေစေလိုသောရည်ရွယ်ချက်ဖြင့် လူသတ်မှု၊မုဒိန်းမှု၊ ပစ္စည်းခိုးယူမှုနှင့်ထိုင်းနိုင်ငံအတွင်းတရားမဝင်၊ဝင်ရောက်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးကာ၊ရုံးတင်တရားစွဲဆိုနိုင်ရန် အတွက် ဥပေဒအကြံ ပြုချက်တောင်းခံသည့်အခြေအနေသို့ရောက်ရှိလာခဲ့သည်။

(၅) မထုံတက်တေး၊တုံဏိဘာဝေနေရာမှသည် မြန်မာအစိုးရတစတစပါဝင်သက်သက်လာခဲ့ခြင်း။

ကော့တောင်ကျွန်းမှ မြန်မာအလုပ်သမားများကို ပထမဆုံးအကြိမ်စတင်ဖမ်းဆီးစဉ်ကမူ ဘန်ကောက်သံရုံးမြန်မာသံအမတ်ကြီးသည် မြန်မာအလုပ်သမားအရေးကို ဖုတ်ပူမီးတိုက်ဝင်ရောက်ကိုယ်တွယ်ရန်ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်စုံတရာမရှိချေ။  အထက်အမိန့်ကိုစောင့် မျှော်နေတတ်သည့်စစ်ဗိုလ်ဟောင်းတစ်ဦးပီပီ၊ဝတ်ကျေတန်းကျေလေသံဖြင့်“ဝတ္တရားအရဖမ်းဆီးတာစစ်တာဆေးတာလောက်တော့ရှိမှာပေါ့လေ၊ကျနော်တို့စောင့်ကြည့်ခိုင်းထားပါတယ်” ဟူသောမှတ်ချက်ကိုသာပြုခဲ့၏။

ဒုတိယအကြိမ်အဖြစ် အသက်(၂၁)အရွယ် မြန်မာအလုပ်သမားလူငယ်နှစ်ဦးဖြစ်သော  ဇော်လင်း၊မောင်မောင်နှင့်ဝင်းဇော်ထွန်းတို့ကို လူသတ်မှုတရားခံအဖြစ် ထပ်မံဖမ်းဆီးပြီး ယင်းတို့၏ဒီအက်အေသည်သတ်ခံရသူ၏ခန္ဓာကိုယ်မှ ဒီအန်အေနှင့်တူညီကြောင်း သတင်း ထုတ်ပြန်ခဲ့ခြင်းအပေါ်ထိုင်းမီဒီယာများ၊နိုင်ငံတကာရောက်မြန်မာပြည်ဖွားတို့၏ဝေဖန်စူးစမ်းများစတင်ပေါ်ပေါက်လာခဲ့သည်။အလွှာအသီးသီးမှ ဆောကြောမှု များပိုမိုပြင်းထန်လာသည့်အခါတွင်မှ၊ မြန်မာသံရုံးသည်အဆိုပါအမှုအခင်းနှင့်ပတ်သက်၍ ဦးထွန်းအေးခေါင်းဆောင် သည့်၊ထိုင်းရှေ့နေနှစ်ဦး ပါဝင်သော၊အဖွဲ့ဝင်ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့တွင်ပါဝင်သည့် ၎င်းအဖွဲ့ တွင်ပါဝင်သည့် ရှေ့နေဦး အောင်မျိုးသန့်၊ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့မှ ဦးကျော်သောင်း၊ဖန်ငအခြေစိုက်ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေး ရှင်းမှ ကိုမင်းဦးတို့ သုံးဦးကို စာရေးသူ သိရှိပြီး ၎င်းတို့သည် ထိုင်းမြန်မာကိစ္စရပ်များကို ရင်းနှီးကျွမ်းဝင် သူများဖြစ်သည့်အလျောက်၊ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့၏ဘဝကို သဘောပေါက်နားလည်စာနာနိုင်သူများဖြစ်သည်။

၎င်းအဖွဲ့သည်အောက်တိုဘာ(၅)ရက်နေ့တွင် တရားခံအဖြစ် စွပ်စွဲခဲ့ရသူလူငယ်နှစ်ဦးနှင့် တွေ့ဆုံနိုင်ခဲ့ရာ စွပ်စွဲခံရသူလူငယ်နှစ်ဦးမှာ မြန်မာပြည်ပေါက်ရန်ကုန်သားဆိုသူ ဗမာစကားပြန်နှင့်ထိုင်းရဲတို့၏ရိုက်နှက်ညှင်းပန်းမှုခံရကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ထိုစကားပြန်နှစ်ဦ်းသည် ဘာသာခြားများဖြစ်နေသည့်အတွက် ယင်းအမှုအပေါ်စိတ်ဝင်စားမှုဒီရေတိုးတက်လာသည့်နည်းတူ ခေတ် အမြင်ခေတ်အတွေးရှိ၍သမာသမတ်ကျသော ထိုင်းလူမျိုးများ၊ရာဇဝတ်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာလေ့လာထောက်ပြနေသည့် စီအက်အိုင်(Critical Thinking Skeptics Investigation)ကဲ့သို့သော ထိုင်းအခြေစိုက်ဆိုရှယ်နက်ဝပ်မီဒီယာများမှ ဓမ္မဓိဋ္ဌာန်ကျသော စိစစ်မှုများကိုဖော်ထုတ်တင်ပြလာခဲ့ရာမှ တဆင့် ကမ္ဘာကျော်အမှုကြီးအဖြစ်သို့ကူးပြောင်းရောက်ရှိသွားခဲ့သည်။

ပထမပိုင်းတွင်ထိုင်းရဲတပ်ဖွဲ့သည် ဖမ်းဆီးထားသောလူငယ်သုံးဦးအနက်မှ အစိုးရသက်သေအဖြစ်စာရင်းသွင်းထားခံရသည့် အသက် (၂၄)နှစ်အရွယ်မောင်မောင် အမည်ရှိလူငယ်အား သံရုံးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခွင့်မပေးပဲ ငြင်းဆန်တင်းခံနေခဲ့သော်ငြား ကမ္ဘာတဝှမ်းမှမီဒီယာတို့၏ဖိအားကြောင့်နောက်ဆုံးတွင်တွေ့ဆုံခွင့်ြ့ပုခဲ့ရသည်။ထိုသို့တွေ့ဆုံရာတွင်ထိုင်းရဲမှူးကြီးသည်ဘာသာပြန်သား
ကြီးခေါ်အောင်ကိုဦးကို သူ၏နံဘေးတွင် ခေါ်ယူထားခဲ့ပြီး သားကြီးက၊စွပ်စွဲခံရသူတို့အားရိုက်နှိပ်ခဲ့ခြင်း အပေါ်မီဒီယာများတွင် ဖွင့်ဟ ခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာကိုယ်စားလှယ် အဖွဲ့မှရှေ့နေဦးအောင်မျိုးသန့်အား မကျေချမ်းသည့်အမူအရာပြကာ မချေမငံစကားဆိုခဲ့ သည်ဟုလည်းဆိုသည်။

 မြန်မာသံရုံးအထူးအဖွဲ့သည် အောက်တိုဘာ (၆) ရက်တွင်ဖမ်းဆီးခံ မြန်မာလူငယ်နှစ်ဦးကို စစ်ဆေးမေးမြန်းရာ ၎င်းတို့၏ ထွက်ဆိုချက်များနှင့် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော စစ်ဆေး ချက်များမှာ ကွဲလွဲနေပြီး မြန်မာလုပ်သားနှစ်ဦးက ၎င်းတို့အားဥပဒေ အရအကာအကွယ်ပေးရန် မြန်မာအစိုးရထံ  တောင်းဆိုခဲ့သည်။ မြန်မာသံရုံးအထူးအဖွဲ့ သည် အောက်တိုဘာ (၇) ရက်က လည်း မှုခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းရှိ မျက်မြင်သက်သေများဖြစ်သော ဖမ်းဆီးခံ မောင်ဝင်းဇော်ထွန်း၏အစ်ကိုကိုနိုင်နှင့် အခြားမြန်မာ လုပ်သားသုံးဦးအား မေးမြန်းရာ ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးသည်တရားခံဖြစ်နိုင်ခြေမရှိ ကြောင်း ပြောဆိုသည်။

အဓိကသက်သေစာရင်းဝင် မောင်မောင့်အနေဖြင့် စွပ်စွဲခံရသူနှစ်ဦးပြစ်မှုကျူးလွန်ခြင်းကို မိမိမတွေ့မြင်မသိရှိပါဟုဖွင့်ဟ ပြောဆို လာချိန်တွင်ကား ၎င်းအမှုအပေါ်စိတ်ဝင်စားမှုဒီရေအမြင့်ဆုံးအမှတ်သို့ရောက်ရှိခဲ့ပြီး မြန်မာအစိုးရ အနေဖြင့် ပြည်ထောင်စု အဆင့် စစ်ဆေးရေးကော်မီရှင်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးတော့မည်ဖြစ်ကြောင်းကြေညာခဲ့ရသည်။ပြည်ထောင်စု အဆင့်စစ်ဆေးရေး အဖွဲ့ဖွဲ့ စည်းခဲ့ခြင်းသည် သံရုံကိုယ်စားလှယ်အဖွဲ့၏ကြိုးပမ်းအားထုတ်မှုနှင့်ကောင်းစွာချိတ်မိပြီးအထောက်အပံ့ဖြစ်စေခဲ့သည်ကားအမှန်ဖြစ်၏။ ထိုအဖွဲ့၏စွမ်းဆောင်ရည်ကိုအလေးအနက်အသိအမှတ်ပြုမိသည်။

(ဆက်လက်ဖော်ပြပါမည်။)

(၃) ကံဆိုးရှာကြသည့်ဗြိတိန်သားစုံတွဲ။
အံ့ဘနန်းလှပဆန်းကျယ်သောပင်လယ်ရှုခင်း၊ကြီးမားသောကျောက်တုံးကျောက်ဆောင်ကြီးများ၊ရောင်စုံငါးကြီးငယ်များ၊ရှုမငြီးဖွယ်ရေအောက်ရှုခင်းများကို ထိုးဖောက်မြင်နိုင်သည့်ကြည်လင်စိမ်းလဲ့နေသော ပင်လယ်ရေသွင်ပြင်တို့ကြောင့် ကမ္ဘာအနှံ့မှ ရေအောက် ရှုခင်း ကြည့်၊ရေငုတ်သမား ( Divers) တို့အပါအဝင် ကမ္ဘာလှည့်ခရီးသည်များ အထူးစိတ်ဝင်စားကာ အပန်းဖြေကြသည့် ကော့တောင်ကျွန်း၏ ကမ်းခြေတနေရာ၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ(၁၅) ရက်နေ့ နံနက်တွင် ရက်ရက်စက်စက်အသတ်ခံထားရသော ဗြိတိသျှလူမျိုးစုံတွဲ ဒေးဗစ်မေလာနှင့် ဟန်နာ ၀ှစ်သာရစ်တို့၏ အလောင်းများကို တွေ့မြင်ခဲ့ကြရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...