Monday, October 6, 2014

မိကျောင်း ငိုတယ်

(လက်သီးလက်မောင်းတန်းပြီး
ဘုရားသခင်နဲ့သူငယ်တန်းထဲကသူငယ်ချင်းဆိုသူတွေကြား
ဒီပရက်ရှင်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သူ ရွှံ့နွံ့အိုင်တွေကြား
တရွတ်ဆွဲတွားသွားရင်း ငိုစရာရှိရင် ရယ်မောတတ်သူ
ကဗျာရေးသူ မိကျောင်းတကောင်ရဲ့ လက်ယားမှုပါ...)



ဘယ်လို ကာလပျက်ကြီးလဲ
ကြပ်ပြေးကို တိရစ္ဆာန်ရုံပြောင်းတော့
ဆင်တွေက မျက်ရည်ကျသတဲ့….
ခုလည်း ဘယ်လို ဟာသပျက်ကြီးလဲ
ကမ္ဘာ့စီးပွားပျက်ကပ်မှာ အမေရိကား တင်ပို့ခံရလို့
မိကျောင်းတွေ ငိုကြသတဲ့…
ဟုတ်တယ် မိကျောင်းမင်းတွေ
ငိုကင်း ပြကြတယ် …
အပုပ်အစပ် အလွန်ကြိုက်တဲ့ မိကျောင်းဟာ
ဆူလွယ်နပ်လွယ် သူ့ကျက်စားနေကျ
ရေချို ရေငန်စပ်က
မိကျောင်းမြို့တော်ကို သတိရလို့ဆိုပြီး
မိကျောင်း ငိုတယ်
အဲဒီ မြို့တော်မှာ
မိချောင်းတရာဝီစကီ သောက်ရင်း
မိချောင်းမ တရာနဲ့ ပျော်ပါးဖူးတဲ့
မိကျောင်းမျက်ရည် ကာရာအိုကေဘား အကြောင်း
ရွှေထီးဆောင်း ညတွေကို
စားမြုံပြန် တမ်းတပြီး
မိကျောင်း ငိုတယ်
လိုက်ထိုးစရာ နောက်ကျော မကျန်တော့လို့
ကိုယ့်လက်ထဲက ဓားနဲ့
ကိုယ့်ရင်ဝကိုယ် ပြန်ထိုးဖို့ပဲ ကျန်တော့သမို့
မိကျောင်း ငိုတယ်
ကိုယ့်အရေခွံ ကိုယ်ဆုတ်ရောင်းပြီး
ခြုံစရာ အရေ မရှိတော့လို့
မိကျောင်း ငိုတယ်
ကိုယ့်အမြီး ကိုယ် ဖြတ်ရောင်းပြီး
ယမ်းစရာ အမြီး မရှိတော့လို့
မိကျောင်း ငိုတယ်
မိကျောင်း ငိုတယ်
နာဂစ် ဒေသက
မလောက်မငှဆန်ကွဲတွေ အလှူခံ
သူ့ဆီ ပြန်ပို့ပေးရမယ့် လက်ပေါက်နဲ့
မိကျောင်းငိုတယ်
ဘာဘွန်းဝီစကီခွက်ထဲမှာ
သွေးပျက်နေသလား မိကျောင်း …
မိန်းမနဲ့ ဖက်အိပ်ပြီး
လောကကို ခံတွင်းပျက်နေသလား မိကျောင်း
ကုလားအုပ်တံဆိပ် စီးကရက်သောက်ပြီး
ဘ၀အမောတွေ ဖောက်နေသလား မိကျောင်း …
မိကျောင်းထဲမှာတောင်
မင်းက မိကျောင်းမင်းလည်း ဖြစ်ပြန်ဆိုတော့
ငိုခင်းပြ ပိုကောင်းအောင်
ငမိုးရိပ်နဲ့လည်း မနီးလေတော့
ရေချိုးကြွေဇလုံထဲမှာသာ
နှာခေါင်းဖော် သေလိုက်ပါတော့ မိကျောင်း။ ။

(၁၆. ဇူလိုင်. ၂၀၀၉)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...