Wednesday, October 1, 2014

အမျိုးသမီးများအခွင့်အရေးနှင့် ဘာသာရေးအမြင် (ပထမပိုင်း)


ဘာသာအများအပြားသည် အမျိုးသမီးများကို နှိမ့်ချဆက်ဆံခြင်းပြုကြသည်ကို ထင်ရှားစွာတွေ့ရသည်၊ ခရစ်ယန်၊ ဂျူးဒစ်ဇင်၊ အစ္စလမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်တို့သည်လည်း မိန်းမများကိုနှိမ့်ချပြီး နေရာမပေးခဲ့ပေ။ မိန်းမများ နေရာရလာသော ယနေ့ခေတ်တွင်ပင် မိန်းမများသည် ယောက်ျားများနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်သည်။ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက သူ၏  “တန်းတူညီမျှရေးအတွက် ငါ့ရဲ့ ဘာသာရေးကို စွန့်လွှတ်မယ်” (Losing my religion for equality…by Jimmy Carter) ဆိုသည့် ဆောင်းပါးသည် ကျနော့်အတွေးအခေါ်နှင့် အံ့သြစွာ တထပ်တည်းကျနေသည်ကို တွေ့လိုက်ရသည်။


သူက “ဘုရားရဲ့စကားကို လှည့်ပတ်အဓိပ္ပါယ်ဖေါ်ပြီး အမျိုးသမီးများနဲ့ မိန်းကလေးများကို ဖိနှိပ်ခွဲခြားဆက်ဆံမှုဟာ ကာလကြာရှည်စွာတည်ရှိနေတယ်” ဟု ဆိုသည်။ ဂျင်မီကာတာက “ကျနော့်ဘဝ တစ်လျှောက်လုံး ခရစ်ယန် ဘာသာကို လေ့ကျင့်ခဲ့တယ်။ ဘာသာရေး သမ္မာကျမ်းစာဆရာအဖြစ် နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့တယ်။ ကျနော့်ရဲ့ ဘာသာရေး ယုံကြည်ချက်ဟာ ကျနော့်ကို အင်အားနဲ့ စိတ်သက်သာမှုကို ပေးခဲ့တယ်၊ ဒီလိုဘဲ ဘာသာရေး ယုံကြည်ချက်ဟာ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာကို ပေးပါလိမ့်မယ်။ ကျနော် တောင်ပိုင်း ဘက်ပတစ် ဘုရားကျောင်းညီလာခံကို နှစ်ပေါင်း ၆၀ အလုပ်အကြွေးပြုခဲ့တဲ့ ကာလအတွင်းမှာ အခက်အခဲများနဲ့ နာကျင်ခံစားရမှုများ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး မရှောင်နိုင်တော့တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရပါတော့တယ်။ ဒါကတော့ ညီလာခံခေါင်းဆောင်တွေက သမ္မာကျမ်းစာထဲမှ သူတို့လိုသလို ရွေးချယ်ထားတဲ့ စာပိုဒ်တချို့ကို မှီငြမ်းပြီး အိဗ် (မိန်းမ) ကို အဒမ် (ယောက်ျား) နောက်မှ ဖန်ဆင်းခဲ့ကြောင်း (မှတ်ချက်။ အဒမ်မှာ ပထမဆုံး လူသားအဖြစ် ဘုရားသခင်က ဖန်ဆင်းခဲ့သူဖြစ်ပြီး အိဗ်မှာ အဒမ်၏ နံရိုးတစ်ချောင်းကို နုတ်၍ ဖန်ဆင်းခဲ့ကြောင်း ခရစ်ယန် သမ္မာကျမ်းစာက ဆိုသည်) သူမဟာ မူလအခြေခံအပြစ်အတွက် တာဝန်ရှိသူ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အမျိုးသမီးများဟာ သူတို့ယောက်ျားများရဲ့ အမိန့်ကို နာခံရမည့်သူများသာ ဖြစ်တယ်။ စစ်တပ် ဝန်ဆောင်မှုတွေမှာ ဘာသာရေးဦးဆောင်သူများ၊ တရားဟောဆရာများအဖြစ် မိန်းမများရဲ့ ပြုလုပ်ခွင့်ကို တားမြစ်တယ်” ဟု ဆုံးဖြတ်ခဲ့သည့်အတွက်ကြောင့် ဂျင်မီကာတာသည် ဘာသာရေးညီလာခံမှ နှုတ်ထွက်ခဲ့သည်။

အမျိုးသမီးများသည် ယောက်ျားများ၏လက်အောက်တွင် ရှိရမည်ဆိုသည့်အမြင်သည် ဘာသာတရားတစ်ခုချင်းအရ သို့မဟုတ် ယုံကြည်ချက်အရ မည်သည့်ဘာသာတွင်မှ ဖော်ပြထားထားခြင်း မရှိချေ။ ဘာသာရေးယုံကြည်မှုများတွင် အမျိုးသမီးများကို နှိမ့်ချဆက်ဆံခြင်းနှင့် မတရားသဖြင့် ပြုလုပ်ခွင့်ကို အထက်အုပ်ချုပ်သူများကို ပေးအပ်ထားခြင်းကြောင့် အမျိုးသမီးများ တန်းတူညီမျှမှု အခွင့်အရေးသည် ကမ္ဘာအနှံ့ ငြင်းပယ်ခြင်းခံရပေသည်။
အမျိုးသမီးများသည် ယောက်ျားများ အလိုကျအတိုင်း လိုက်နာရမည် ကျွန်အဖြစ်ခိုင်းစေခြင်း၊ အကြမ်းဖက်ခံရခြင်း၊ အတင်းအကြပ် ပြည်တန်ဆာ ပြုလုပ်ခံရခြင်း၊ အမျိုးသမီး လိင်အင်္ဂါအစေ့ကို ဖြတ်တောက်ပြစ်ခြင်း၊ မုဒိန်းကျင့်မှုကို နိုင်ငံ၏ဥပဒေအရ ရာဇဝတ်မှုအဖြစ် မသတ်မှတ်ခြင်းတို့သည် ကျနော် လုံးဝလက်မခံနိုင်သောအချက်များ ဖြစ်သည်ဟု ဂျင်မီကာတာက ဆိုသည်။ ထို့အပြင် သန်းပေါင်းများစွာသော မိန်းကလေးများနှင့် အမျိုးသမီးများကို သူတို့၏ ခန္ဓာကိုယ်နှင့် သူတို့၏ဘဝကို ထိန်းသိမ်းခွင့်နှင့် သူတို့၏ပညာရေးကို ကောင်းစွာသင်ကြားနိုင်ခွင့်၊ အလုပ်အကိုင် လုပ်ပိုင်ခွင့် သူတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင် လူရာဝင်နိုင်ခွင့်တို့ အားလုံးကို ငြင်းပယ်ခြင်းခံခဲ့ရသည်ဟုထောက်ပြခဲ့သည်။
ထိုဘာသာရေးယုံကြည်ချက်များသည် ကျွန်ုပ်တို့နေ့စဉ်နေထိုင်မှုဘဝနှင့် အမြဲထိတွေ့နေခဲ့သည်။ အဘယ့်ကြောင့် နိုင်ငံအများအပြားတွင် ယောက်ျားလေးများက မိန်းကလေးများထက် ပညာတတ်များ အရင် ဖြစ်နေရသည်ကို ယင်းအချက်က သက်သေပြခဲ့သည်။ အချို့အစ္စလမ်မစ်နိုင်ငံများတွင် အမျိုးသမီးများကို လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ကို တားမြစ်ထားခဲ့သည်။ လက်မောင်း၊ ဆံပင်၊ မျက်နှာ၊ ခြေကျင်းဝတ်များပေါ်လျှင် အပြစ်ပေးခြင်း ခံရသည်၊ ပညာသင်ကြားခွင့်ကို ငြင်းပယ်ခံရပြီး ကားမောင်းခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။ ယောက်ျားများနှင့် ယှဉ်ပြိုင်၍ အလုပ်လျှောက်ထားခြင်းကို တားမြစ်သည်။ အကယ်၍ အမျိုးသမီးသည် မုဒိန်းအကျင့်ခံရပါက သူမသည်သာ အပြစ်ရှိသူအဖြစ် ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရတတ်သည်။

ထိုကဲ့သို့ ဖိနှိပ်ခွဲခြားဆက်ဆံမှုများနှင့်အလားတူ အလုပ်လုပ်သော အမျိုးသမီးဦးရေ အနည်းစုသာရှိသော အနောက်နိုင်ငံများတွင် လိင်ကွဲပြားမှုအရ လခပေးသောနေရာတွင် အဘယ့်ကြောင့်အမျိုးသမီးများက လခနည်း၍ရနေကို မေးခွန်းထုတ်ခဲ့ကြသည်။ ထိုအဖြစ်အပျက်များသည် ကျွန်ုပ်တို့၏သမိုင်းကြောင်းတွင် နက်ရှိုင်းစွာ ရှိနေခဲ့သည့်အပြင် ယင်းထိခိုက်နစ်နာမှုသည် ယနေ့အထိ နေ့စဉ် ခံစားနေရဆဲပင်ဖြစ်သည်။ အမျိုးသမီးများနှင့် မိန်းကလေးများကသာ ထိုအချက်ကို ခံစားနေရသည် မဟုတ်ဘဲ ကျွန်ုပ်တို့အားလုံးကိုပါ ထိခိုက်နစ်နာစေလျက်ရှိသည်။ သက်သေ အထောက်အထားများအရ အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ရင်းနှီးမြုပ်နှံခြင်းသည် လူ့ပတ်ဝန်းကျင်အတွက် ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိစေခြင်းပင်ဖြစ်သည်။ ပညာတတ်အမျိုးသမီးတယောက်သည် ကလေးကို မည်သို့ ကျန်းမာအောင် မွေးမြုရမည်ကို သိသည်၊ သူမသည် ပညာ၏တန်ဖိုးကိုသိသဖြင့် ကလေးများကို ကျောင်းသို့ပို၍ ပညာသင်ကြားစေမည်ဖြစ်သည်။ ပညာတတ်ဖြစ်၍ ဝင်ငွေပိုရလာပြီး ရလာသည့်လစာကို မိသားစုကောင်းကျိုးအတွက် ပိုသုံးနိုင်မည်ဖြစ်သည်။
မည်သည့်လူ့ပတ်ဝန်းကျင်မဆို လူဦးရေ၏ တဝက်နီးပါးရှိသည့်မိန်းမများကို ဖိနှိပ်ထားပါက မိမိကိုယ်ကိုမိမိ ဆုံးရှုံး နစ်နာစေမှုကို ဖြစ်စေသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ကိုယ့်ကိုယ်ကို ကိုယ်စား ပြုပြီး ခေတ်မမှီတော့သည့် သဘောထားနှင့် ကျင့်သုံးမှုများကို စိမ်ခေါ်သင့်ပြီ ဖြစ်သည်။ အီရန်နိုင်ငံတွင် အမျိုးသမီးများသည် ရှေ့တန်းမှနေ၍ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်တို့အတွက် ပါဝင်တိုက်ပွဲဝင်လျက် ရှိသည်ကို တွေ့နေရသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးခေါင်းဆောင်များသည် ထိုမိုင်းကွင်း (အမျိုးသမီးတန်းတူအခွင့်အရေး)ကို တက်နင်းရန် တွန့်ဆုတ်နေကြကြောင်း ကျနော်နားလည်သဘောပေါက်ပါသည်။  ဘာသာရေးနှင့် ဓလေ့ထုံးစံများသည် အလွန် အင်အားကြီးမားကြပြီး ထိလွယ်ရှလွယ် ကိစ္စရပ်များဖြစ်သဖြင့် စိမ်ခေါ်ရန် ခက်ခဲလှပါသည်။ သို့ရာတွင်ကျနော်၏ “လူကြီးများ” (ဤနေရာတွင် ဂျင်မီကာတာ၏ လူကြီးများဆိုသည်မှာ သူတို့စုပေါင်းဖွဲ့စည်းထားသော နယ်ဆင်မင်ဒဲလား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ကို ဆိုလိုသည်) နှင့် ကျနော်တို့သည် မတူညီသော ယုံကြည်မှု ဘာသာကိုးကွယ်မှုများမှ လာကြသူများဖြစ်သည်၊ ကျနော်တို့သည် မဲရရှိဖို့ စိုးရိမ်ပူပန်စရာမလို သို့မဟုတ် အငြင်းပွားများစရာများအဖြစ်မှ ရှောင်ရှားနေစရာလည်း မလိုပေ။ ကျွန်ုပ်တို့သည် မတရားမှု မှန်သမျှကိုဘယ်နေရာတွင် တွေ့တွေ့စိမ်ခေါ်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။

ဂျင်မီကာတာနှင့် လူကြီးများအဖွဲ့သည် “ဘာသာရေးရှုဒေါင့် သို့မဟုတ် ဓလေ့ထုံးစံရှုဒေါင့်မှကြည့်ပြီး အထက် အုပ်ချုပ်သူများက အမျိုးသမီးများနှင့် မိန်းကလေးများကို ခွဲခြားဖိနှိပ်မှုမှန်သမျှ ကိုလက်မခံနိုင်”ဟု ကြေညာခဲ့သည်။ အမျိုးသမီးများကို ထိခိုက်နစ်နာစေရန် ခွဲခြားဖိနှိပ်ထားသော သင်ကြားမှုများနှင့် ကျင့်သုံးမှုများ မည်မျှ အရိုးစွဲနေပါစေ ခေါင်းဆောင်များအားလုံးက စိမ်ခေါ်၍ တိုက်ဖျက်ပစ်ရန် ကျွန်ုပ်တို့က တိုက်တွန်းလိုက်သည်။ အတိအကျ ပြောချင်သည့်ကိစ္စကတော့ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် အဓိက ဘာသာရေး ယုံကြည်မှုများကို တရားဟောကြရာ၌ ဂုဏ်သရေနှင့် လူလူချင်း တန်းတူညီမျှ ရှိမှုသည်သာ အပြုသဘောဆောင်သော ဘုရားသခင်၏ မှာကြားချက်ဖြစ်သည်ကို သတ္တိရှိရှိ ထုတ်ဖေါ်ပြောဆို အသိအမှတ်ပြုကြဖို့ပင်ဖြစ်သည်။

သမ္မာကျမ်းစာထဲမှ သေချာစွာ ရွေးချယ်ထားသောစာပုဒ်များတွင် ယောက်ျားခေါင်းဆောင်များက မိန်းမများကို လွှမ်းမိုး ကြောင်းကိုသာ အချိန်ယူရှာဖွေရွေးချယ်ပြီး အမှန်တရားထက် သူတို့၏လွှမ်းမိုးမှုကို ဆုတ်ကိုင်နိုင်ဖို့ကိုသာ ရည်ရွယ် ပြုလုပ် ထားခြင်းဖြစ်သည်။ အလားတူ သမ္မာကျမ်းစာကျွမ်းကျင်သူများက ကျွန်စနစ်ကို ထောက်ခံအားပေးကြောင်းကို ဘာသာရေးအရ လက်ခံကြောင်း  ဖိနှိပ်သူအစိုးရများ အလိုကျရေးသားမှုများကိုလည်း တွေ့မြင်ရသည်။
ထိုတူညီသောသမ္မာကျမ်းစာတစ်ခုထဲတွင်ပင် အမျိုးသမီးများကိုဂုဏ်သရေရှိ လေးစားအပ်သော ခေါင်းဆောင်များအဖြစ် ထင်ထင်ရှားရှား ဖေါ်ပြချက်များကို ကျွန်ုပ် မှတ်မိနေသေးသည်။ ခရစ်ယန်ဘာသာ အစောပိုင်းကာလတွင် အမျိုးသမီးများသည် ဘုရားကျောင်းများတွင် တရားဟောဆရာများ၊ ဘုန်းတော်ကြီးများ၊ ခရစ်ယန် ဂိုဏ်းအုပ်များ၊ တမာန်တော်များ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ လေးရာစုနှစ်မတိုင်ခင် ထိုကဲ့သို့ရှိနေရာမှ နောက်ပိုင်းတွင် အင်အား ကောင်းသော ခရစ်ယန်ခေါင်းဆောင်ယောက်ျားများက မြင့်မြတ်သောသမ္မာကျမ်းစာကို သူတို့လိုသလို အဓိပ္ပါယ်ဖေါ် လှည့်စားပြီး ပုံပျက်ပန်းပျက်ဖြစ်အောင်ပြုလုပ်ခါ ဘာသာရေး၏ အမြင့်ဆုံးနေရာ အဆင့်ဆင့်ကို ယောက်ျားများကသာ ကာလကြာရှည်စွာ လွှမ်းမိုးထားနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။

အမှန်အတိုင်းပြောဆိုရလျှင် ယောက်ျားဘာသာရေး ခေါင်းဆောင်များတွင် မြင့်မြတ်သော သင်ကြားခြင်းကို ပြုခြင်းနှင့် မိန်းမများကို နှိမ့်ချခြင်း နှစ်မျိုးကို ရွေးချယ်ရမည့်အခွင့်အရေးသည် ယခင်က ရှိခဲ့သလို ယခုလည်း ရှိနေစဲဖြစ်သည်။ မြတ်သောဘုရားဒေသနာကို အဓိပ္ပါယ်ဖေါ်သည့်အခါ တန်ဖိုးရှိသော တရားမျှတမှုကို သင်ကြား ပြောဆိုမည်လော၊ သို့တည်းမဟုတ် မိန်းမများကို လက်အောက်ခံများ အဖြစ်လွှမ်းမိုးထားရန် ပြုမည်လော ဆိုသည့်ရွေးချယ်မှုနှစ်ခုတွင် မိမိအတ္တကို ဦးစားပေး၍ ယောကျာ်းဘုန်းတော်ကြီးများသည် မိန်းမများကို နှိမ့်ချ ထားရန်ကို ရွေးချယ်ခဲ့ကြသည်။ သူတို့၏ ထိုသို့ရွေးချယ်မှုကို ဆက်လက်ကိုင်စွဲထားမှုကြောင့် အမျိုးသမီးများသည် ကမ္ဘာတလွှားတွင် ဖိနှိပ် ချုပ်ချယ်မှုများကို ကျယ်ပြန့်စွာခံစားခဲ့ကြရသည်။ ဤအချက်သည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကို ပြောင်ပြောင် တင်းတင်း ဖေါက်ဖျက်ခြင်းဖြစ်သလို ယေရှုခရစ်တော်၊ သာဝကကြီးပေါလ်၊ မိုးဇက်နှင့် ပရော်ဖက် တမာန်တော်များ၊ မိုဟာမက် နှင့်အခြား ကြီးမြတ်သော ဘာသာရေး တည်ထောင်ခဲ့သူ ခေါင်းဆောင်များ ၏ သင်ကြားမှုကိုလည်း ကျူးလွန် ဖေါက်ဖျက်ခြင်း ဖြစ်သည်။ ယင်းဘာသာရေးကို စတင်တည်ထောင်ခဲ့သည့် ခေါင်းဆောင်များသည် ဘုရားသခင်၏ ကလေးများအားလုံးကို မျှတစွာဆက်ဆံ ကျင့်သုံးဖို့မှာကြားခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးက မှားယွင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုထားသည့် အမြင်များကို သတ္တိရှိရှိ စိန်ခေါ်ဖို့ အချိန်ကျရောက်ပြီဖြစ်သည်ဟု ဂျင်မီကာတာက သူ့ဆောင်းပါးတွင် နိဂုံးချုပ်ထားခဲ့သည်။

(နောက်အပတ်ဆက်ဖတ်ရန်)
၂၀၁၄ ခုနှစ်၊ ၉ လ၊ ၁၉ ရက်နေ့ထုတ် ဟစ်တိုင်ဂျာနယ်ပါ ကျနော့်ရဲ့ အမျိုးသမီးများအခွင့်အရေးနှင့်ဘာသာရေးအမြင် ဆောင်းပါး (ပထမပိုင်း) ကို အားလုံးဖတ်ရအောင်  ဒီနေရာမှာ တင်ပေးလိုက်ပါတယ်။


အားလုံးကိုလေးစားလျက်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...