မိုးပြိုရင်တောင် စိုကြရုံထက်မပိုဘူး
ရွာတွေ့မှ
လမ်းဆုံးတာသေချာမှာလား
သွားမရလို့ခဏရပ်လိုက်တယ် ဟန်နီ
ကင်းမဲ့ဇုံရောက်မှမြည်တဲ့ဟွ
ရာသီမှားပြီး ရင်ခုန်မိခဲ့တယ်
ကိုယ်တို့နဲ့အနာဂတ်ကြား
နှင်းလားမြူလား မကွဲပြား
မှုန်ဝါးနေတာတော့ သေချာတယ်
မိုးပြိုမယ်ဆိုလည်း
စိုရုံထက်မပိုဘူး ဟန်နီ
ယုံကြည်မှုမှာ....
ဆိုးဆေးလို စွဲမြဲလိုက်ချင်တယ်
လွယ်လွယ်နဲ့စံပယ်တွေ ပွင့်ကြပြီပဲ
ပန်လည်း ပန်နေကြပါပြီ
ဟောဒီအခက်အခဲနောက်က ဘုံကလေးမှာ
ဖျော်တိုက်မယ့်ကော်ဖီလေးတော
တစ်ယောက်နဲ့တစ်ယောက်ကြားက အကွာအဝေး
တစ်ယောက်နဲ့တစ်ယောက်ကြားက ကဗျာလေးတွေ
အတူနေစရာ ကမ္ဘာမရှိသေးတဲ့အဖြစ်
ကိုယ်တို့ ချစ်ခဲ့တယ်ဆိုတာ အိပ်မက်လား
အိပ်မက်ဖြစ်ရင်တောင်
အိပ်စက်တိုင်း မက်ချင်မိတယ်
လက်ကလေးကို မြဲမြဲဆုပ်
နှုတ်ခမ်းကလေးကို ဖွဖွနမ်း
ကိုယ်တို့ရဲ့ လမ်းကလေးဟာ
ကိုယ်တို့နဲ့အဝေးမှာ သာယာလို့
လန့်နိုးမှာပဲ စိုးရိမ်တယ်
အကြောက်တရားကို ထောက်ထားနေသမျှ
ဘဝတွေခြားနေရလိမ့်မယ် ဟန်နီ
ယုံယုံကြည်ကြည် ရှေ့တိုးကြစို့
ကံဆိုးလို့မိုးပြိုလည်း စိုကြရုံထက်မပိုဘူး
မောင်မိုးအေး ( လယ်ဝေး )
28 August 2014
0 comments:
Post a Comment