Saturday, September 6, 2014

ဘာကြောင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဆောက်ရမှာလဲ




လေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ် ဟေပင်မြို့ကို တွေ့ရစဉ် (Photo - AFP)

“ကိုဘသစ် ဒီမှာဖတ်ကြည့်ပါဦး။ ကွမ်းခြံကုန်းမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆောက်မယ်တဲ့”
မြန်မာ့အလင်း သတင်းစာထဲတွင် ရေးထားပါသည်။ ကွမ်းခြံကုန်းမြို့နယ် သောင်ခုန်ရွာအနီး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဖတ်ရပါသည်။

“အင်း..အတော်လေး ပြည့်ပြည့်စုံစုံ ရေးသားထားပါလား” ကိုဘသစ်က သတင်းစာကို ကောက်ဖတ်ကာ ပြောသည်။
“ဒီမှာ ရေးထားတာ “လျှပ်စစ်ဓာတ်အား လိုအပ်မှုက တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေသည်” တဲ့။ မှန်တယ် ဆရာညို။ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ကြည့်လိုက် မီးတွေထိန်ထိန်လင်းနေတာပဲ။ စင်ကာပူရောက်တဲ့ တပည့်တစ်ယောက်က သူတို့သုံးနေတဲ့ လျှပ်စစ်ဓာတ်တွေ တို့ကိုဖဲ့ပေးရင် ကောင်း မှာပဲတဲ့”
“နယူးယောက်ဆိုရင် ပိုဆိုးမယ်ထင်တယ်”
“မှန်တာပေါ့ ဆရာညို၊ သရော်စာရေးတဲ့ စာရေးဆရာတစ်ယောက်ကတောင် အမေရိကန်တွေ လျှပ်စစ်ဓာတ်တွေ ခိုးသွားလို့ တို့ဆီမှာ လျှပ်စစ်ဓာတ်တွေ မကျန်တာလားတဲ့။ လန်ဒန်တို့၊ ပဲရစ်တို့မှာ မီးတွေထိန်ထိန်လင်းနေပြီး တို့ဆီမှာ မီးတွေမှောင်နေတာ ကိုလိုနီအမွေဆိုးကြောင့်လားလို့တောင် ပြောခဲ့တယ်”
“ဒါပေမဲ့ ဘာဖြစ်လို့ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်ရတာလဲ။ ကျွန်တော်တို့ဆီမှာ “ဓာတ်ငွေ့တွေ အလျှံအပယ်” ရှိတယ် မဟုတ်လား”
“ခင်ဗျားမေးခွန်းကို သဘောကျပါတယ်။ ကျွန်တော်တို့ဆီ အလျှံအပယ်ရှိတယ်ဆိုတာ ဘာလို့ပြောရတာလဲ”
“ကျွန်တော်က စာရင်းဇယားကိုတော့ မသိဘူး။ ဒါပေမဲ့ သူများကို ရောင်းနေတယ်လေ။ ကိုယ့်ဆီမှာပိုမှ သူများရောင်းတယ် မဟုတ်လား။ အတိအကျ ဘယ်လောက်ပိုလဲ ဆိုတာကို ကိုဘသစ်သိလား”
“ဓာတ်ငွေ့ရောင်းတာ တစ်နှစ် ဒေါ်လာ သန်း ၃ဝဝဝ ကျော်ရနေတာပဲ မဟုတ်လား”
“အစိုးရ ထုတ်ပြန်ထားတာ တွေ့ဖူးလို့လား”
“တွေ့တယ်ထင်တာပဲ။ ဒါပေမဲ့ ဒါတွေ ကို သတင်းသမားတွေသိဖို့ လိုအပ်တဲ့အခါတွေမှာ လိုသလိုတောင်းခံခွင့် ရှိရတယ်။ အချို့နိုင်ငံတွေမှာ Freedom of Information Act ဆိုတာရှိတယ်။ သတင်းရယူ သိရှိနိုင်ခွင့်ပေါ့လေ”
“ကျွန်တော်တို့ဆီ မရှိသေးတာ သေချာတယ်။ ဒါကြောင့်ဂျာနယ်လစ်တွေ တရားစွဲခံရပြီး ထောင်ကျတာပေါ့”
“ဓာတ်ငွေ့အစား ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ လုပ်တယ်ဆိုတာ ကျွန်တော်တော့ သဘောမတူဘူး”
“ဘာလို့ သဘောမတူလဲ”
“သဘောမတူတဲ့အချက်တွေ အများကြီးပဲ ဆရာညိုရ။ ပထမအချက်ကတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုများခြင်း (Pollution) ပါပဲ။ ၁၉၇ဝ မတိုင်မီက အင်္ဂလန်ကို ရောက်ဖူးရင် သိလိမ့်မယ်။ အင်္ဂလန်တို့၊ စကော့တလန်တို့ဆိုတာ အင်မတန် ကျောက်မီးသွေးပေါတဲ့ အရပ်တွေ။ အိမ်အောက်မှာ ပေ ၂ဝ လောက်တူးလိုက်ရင် ကျောက်မီးသွေး ထွက်တယ်။ အဲဒီမှာ စက်မှုလုပ်ငန်းတွေ ထွန်းကားလာတော့ ကျောက်မီးသွေးသုံး စက်ရုံတွေ အများကြီးဖြစ်လာတယ်။ မန်ချက်စတာတစ်ဝိုက်မှာဆိုရင် လမ်းပြပုလိပ်တောင် နာရီဝက်တစ်ခါ လူလဲပြီး အောက်ဆီဂျင်ပေးရှူရတယ်။ ဆောင်းတွင်းမှာ မီးခိုး (Smoke) နဲ့ နှင်းငွေ့ (Fog) တွေရောပြီး မီးခိုးမည်း (Smog) ဆိုတာ ဖြစ်လာတယ်။ အဲဒါက အနံ့လည်း နံတယ်။ တစ်မြို့လုံး မှောင်မည်းနေတယ်။ ဓာတ်တိုင်အောက်ကနေ မီးသီးကို လှမ်းကြည့်ရင်တောင် မမြင်နိုင်ဘူး။ မြစ်တွေချောင်းတွေ ထဲမှာလည်း အင်္ဂလန်က Fog ဆိုတာ အင်မတန် နာမည်ကြီးတာပေါ့။ ခုလို Smog ဆိုတဲ့ မီးခိုးမည်းကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးလည်း အတော်ချို့ယွင်းလာတယ်”
“ဒါကို ဘယ်လိုလုပ်လဲ”
“သူတို့က မြောက်ပင်လယ် (North Sea) မှာ ဓာတ်ငွေ့တွေ့တော့ တစ်ပြည်လုံး သဘာဝဓာတ်ငွေ့ကို ပြောင်းလဲသုံးစွဲလိုက်တာ ခုဆိုကောင်းကင်ပြင်ဟာ ကြည်လင်လှပနေပြီ ဖြစ်တယ်”
“ကောင်းလိုက်တာဗျာ။ သူတို့ဆီမှာ စက်မှုထွန်းကားတာ ကြာပြီပဲ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ပေကျင်းတို့၊ ရှန်ဟိုင်းတို့မှာတော့ ဒီလိုမီးခိုးတွေ ရှိနေဆဲပါပဲ”
“သူတို့ မထိန်းကြဘူးလား”
“ကြိုးစားနေတာပါပဲ၊ တိုးတက်မှု လိုလားရင် တစ်ဖက်က ဆုံးရှုံးမှုတွေ ဖြစ်တာသဘာဝပဲ။ သတိရတုန်း ပြောချင်သေးတယ်။ တရုတ်ဟာ ၂ဝဝ၈ ခုနှစ်က ပေကျင်းမှာ Olympic ပွဲတော်လုပ်ဖို့ ကြိုးစားတယ်။ ဒီနေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပြောစရာတွေ ဖြစ်နေတယ်။ ပထမအချက်က သူတို့မှာ ကားတွေများတယ်။ ကားမီးခိုးတွေများတယ်။ ဒုတိယက စက်ရုံတွေ၊ ကျောက်မီးသွေး လောင်စာစက်ရုံတွေကနေ မီးခိုးအမှုန်တွေထုတ်တယ်။ တတိယကတော့ (Goby) သဲကန္တာရက လွင့်လာတဲ့ သဲမှုန်သေးသေးတွေပေါ့။ စတုတ္ထကတော့ အိမ်သာ (Toilet) ပါပဲ။ ဒီတော့ တရုတ်က ကားတွေကို ကန့်သတ်လိုက်တယ်။ ဒီနေ့ကို ကားနံပါတ် (၁) နဲ့ဆုံးတဲ့ ကားပဲမောင်းရမယ်။ ကျန်တဲ့ကား လမ်းပေါ်ထွက်ရင် ဖမ်းတယ်။ ဒုတိယကတော့ စက်ရုံတွေကို ပွဲတော်မကျင်းပမီ တစ်ပတ်ကနေ ပိတ်လိုက်တယ်။ တတိယအနေနဲ့ ဂိုဘီသဲကန္တာရက သဲမှုန်လေးတွေ သိပ်သွားအောင် မိုးအတုရွာစေတယ်။ နောက်ဆုံး အိမ်သာကိစ္စကတော့ WTO ကို အကူအညီတောင်းတယ်။ WTO ဆိုတာ စင်ကာပူက ဦးစီးတဲ့ World Toilet Organization ပါပဲ။ ၂ဝဝ၈ ခုနှစ် ပေကျင်းအိုလံပစ် အောင်မြင်သွားတယ်။ ဒါကြောင့် သူတို့ဟာ ကျောက်မီးသွေးစက်ရုံတွေကို လျှော့လာကြတယ်”
“Clean Coal Technology ကို သုံးမယ် ဆိုရင်ကော”
“သူက ကျောက်မီးသွေးအကောင်းစားကို ဝယ်သုံးရမယ်။ စရိတ်ပိုကြီးတယ်။ အားလုံး သိပါတယ်။ ကျွန်တော်တို့နိုင်ငံက တက္ကနိုလိုဂျီမှာ အားနည်းတယ်ဆိုတာ။ ဘယ်လောက်မှမကြီးတဲ့ သာပေါင်းနဲ့ စစ်တောင်း စက္ကူစက်တွေ လုပ်လိုက်တာနဲ့ စစ်တောင်းနဲ့ ငဝန်မြစ်တို့မှာ ငါးသလောက်တွေ မျိုးပြုန်းကုန်တယ်”
“ကျောက်မီးသွေးက အတော်ဆိုးလား”
“ဆိုးတယ်။ သူတို့ဆီက ထွက်တဲ့အငွေ့တွေဟာ အက်စစ်မိုးကို ရွာစေတယ်။ ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးက အဓိကကျတယ်။ နောက်တံငါလုပ်ငန်းပေါ့။ ဒီဓာတ်ငွေ့တွေဟာ နယ်စည်းမခြားသွားကြတော့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အများကြီး ထိခိုက်စေနိုင်တယ်”
“ဟုတ်တယ် ကိုဘသစ်ရဲ့၊ တရုတ်က ကျောက်မီးသွေးစက်ရုံက မီးခိုးတွေကြောင့်ဖြစ်တဲ့ အက်စစ်မိုးဟာ တွင်းတောင်ထိ ရောက်လာပြီး တွင်းတောင်က ရေတွေပျက်စီးတယ်လို့လည်း အချို့က ပြောတာပဲ”
“မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ အတော်လှမ်းပါတယ်။ အက်စစ်မိုးက လက်ပံတောင်းတောင်က အက်စစ်တွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ ကျောက်မီးသွေး မီးရှို့တဲ့အခါ ဓာတ်ပြာတွေ ထွက်လာတယ်တဲ့”
“ဘယ်လိုမျိုးလဲ”
“ကျောက်မီးသွေးကို မီးရှို့လိုက်ရင်တော့ အထဲက ကာဗွန်တွေ လောင်သွားတယ်။ အခြားမသန့်စင်တဲ့ ပစ္စည်းတွေလည်း ပြာဖြစ်သွားတာပဲပေါ့။ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံက အဏုမြူသတ္တိကြွတာတွေ အများကြီးဖြစ်ပါသတဲ့”
“ဒါလောက်တောင်ပဲလား”
“Dec 13, 2007 က Mara Hvistendahl တင်ပြထားတဲ့သတင်းကို ပြောပြမယ်”
အဏုမြူဓာတ်အားပေး စက်ရုံကတော့ အဏုမြူဓာတ်ပြာတွေများစွာ ထွက်မှာပဲလို့ လူတွေယူဆ ထားကြပါတယ်။
ဒီအဏုမြူဓာတ်ပြာတွေဟာ ရေဒီယိုသတ္တိကြွတာကြောင့် တစ်နည်းနည်းတော့ ကျန်းမာရေးထိခိုက်တယ်။ လူကီးမီးယားဆိုတဲ့ သွေးကင်ဆာတွေဖြစ်တယ်။ အဏုမြူဓာတ် အားပေးစက်ရုံမှာ အလုပ်လုပ်တဲ့ ယောက်ျားတွေဆိုရင် သားမျိုးဆက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ Sperm Count တွေ လျော့သွားတာကို တွေ့ရတယ်။ ဒီလူတွေမှာ ရေဒီယိုဓာတ်တွေ ကြွတာကနေပြီး မျက်လုံးက ဓာတ်ရောင်ခြည်တွေ ထွက်နေတယ်လို့တောင် အချို့က ယုံကြည်ကြတယ်။
များသောအားဖြင့် လူတွေ ယုံကြည်ထားတာက ဓာတ်ပေါင်းဖိုတွေဟာ လူတွေကို ဒုက္ခပေးတဲ့ ဓာတ်ရောင်ခြည်တွေ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုတဲ့အ ချက်ပဲဖြစ်တယ်။ တစ်ဖက်က ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေကို ကြည့်မယ်ဆိုရင် ကျောက်မီးသွေးစက်ရုံဟာ တူညီတဲ့ပမာဏ လျှပ်စစ်ကိုထုတ်ပေးတဲ့ အဏုမြူဓာတ်ပေါင်း ဖိုထက်ကို ရာခိုင်နှုန်း ၁ဝဝ ပိုပြီး ဓာတ်ရောင်ခြည် သက်ရောက်စေတယ်တဲ့။
ကိုဘသစ်သည် အင်္ဂလိပ်လိုရေးထားသော စာပိုဒ်ကို ဖတ်ပြသည်။
Among the surprising conclusions: the waste produced by coal plants is actually more radioactive than that generated by their nuclear counterparts. In fact, the fly ash emitted by a power plant—a by-product from burning coal for electricity—carries into the surrounding environment 100 times more radiation than a nuclear power plant producing the same amount of energy.
“အင်း...မယုံနိုင်စရာပါပဲ”
“ဒါကြောင့် အန္တရာယ်ရှိတဲ့ ကျောက်မီးသွေးစက်ရုံတွေကို နိုင်ငံတကာက တဖြည်းဖြည်း ဖယ်ရှားနေကြတယ်။ တစ်လောက တနင်္သာရီတိုင်းမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံကိုလည်း ဒေသခံတွေ ကန့်ကွက်နေတယ်”
“ဒါကို အစိုးရအနေနဲ့ စဉ်းစားရမှာပဲ။ လျှပ်စစ်ဓာတ်ကို လိုချင်တယ်။ တိုးတက်ချင်တယ်ဆိုတဲ့ ပြည်သူတွေဟာ ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်တာ ဂရုစိုက်လေ့လာသင့်တယ်။ သတင်းစာထဲမှာ ပါတယ်။ ကောင်းမြတ်သောမြေ ကုမ္ပဏီက လုပ်မယ်တဲ့။ သူတို့ကော Technology အသစ်တွေရှိကြရဲ့လား။ ကျောက်မီးသွေး ပြည်ပက တင်သွင်းရမယ်။ အဆင့်မီဖို့ ပြုပြင်စရာတွေ လိုတယ်”
“ကိုဘသစ်ကရော ကန့်ကွက်တာပဲလား”
“ကန့်ကွက်တာပေါ့ဗျာ။ ဓာတ်ငွေ့တွေရှိလျက်နဲ့ ဒီလောက် ဒုက္ခပေးတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆောက်တယ်ဆိုတာ ကိုယ့်မှာ ထမင်းအကောင်းရှိလျက်နဲ့ ထမင်းအသိုးကို လဲစားတယ်ဆိုတာမျိုးပေါ့”
“သူစားတာမဟုတ်ဘူးလေ၊ သူများကိုကျွေးတာ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတာမျိုးပေါ့ဗျာ”
“ဒါကတော့ သူများတွေ သေကုန်မှတော့ ငတေလည်း မာလို့ ဘာလုပ်ရမှာလဲ”

Written by - ဒေါက်တာခင်မောင်ညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...