Monday, September 8, 2014

“ဘောလုံးပွဲ / အမာစိန်”

               ဂီတမယ်လှလေးစိန် တို့ ဒေါ်သြဘာသောင်း တို့ရဲ့ မန္တလေးအငြိမ့်သဘင် နောက်ပိုင်းမှာ သူတို့မျိုးဆက် တပည့်များထဲက နိုင်ငံကျော်လာတဲ့ အငြိမ့်မင်းသမီး နှစ်လက်ကတော့ အမာစိန် နဲ့ နွဲ့နွဲ့စန်း ပါ။ နှစ်ယောက်စလုံး အငြိမ့်လောကမှာ စန်းတက်လာခဲ့ကြရင်းကနေ ရုပ်ရှင်လောကထဲ ကူးသွားကြပြီး ဒေါ်နွဲ့နွဲ့စန်းက မိုးညအိမ်မက်မြူ နဲ့  ပရိသတ်ရင်ထဲစွဲခဲ့သလို ဒေါ်အမာစိန် ကတော့ ဟောဒီ ဘောလုံးပွဲ သီချင်းနဲ့ ရေပန်းစားခဲ့ပါတယ်။
ကတဲ့နေရာမှာတော့ နှစ်ယောက်စလုံး ညက်ညက်ညောညော နဲ့ ဌာန်ကုန်အောင် ကတတ်ပြီး ဆရာကောင်းတပည့် ပီသကြပါပေတယ်။
               ဒေါ်အမာစိန် ကတာက ဒိုးဆစ်ကြဲကြဲလေးနဲ့ ငြိမ့်ငြိမ့်ငြောင်းငြောင်း မပင်မပန်းရှိပြီး သီချင်းဆိုတဲ့နေရာမှာလည်း အသံပါးပါးလေးနဲ့ သက်တောင့်သက်သာဆိုပါတယ်။ မန္တလေးဟန် လို့ ပြောလေ့ရှိကြတာပေါ့။ ဒေါ်နွဲ့နွဲ့စန်းကတော့ ခြေဆံလက်ဆံလှတော့ ဖြိုးကနဲဖြတ်ကနဲ သွက်သွက်လက်လက် ကတတ်ပြီး သီချင်းကို ကလို့ကောင်းရုံ ဖြတ်တောက်ဆိုပါတယ်။
အဲဒါ ရန်ကုန်ဟန် ပါတဲ့။ နှစ်ယောက်စလုံး လှတာကတော့ ထမီနားခတ်ကတဲ့အခါမှာပါ။ အမေထွေးကြီးရဲ့ ပညာအမွေတွေ အဆင့်ဆင့် ရခဲ့ကြတယ် ထင်ပါရဲ့။ သူတို့ခေတ်ကောင်းစဉ် အခါက မန္တလေးအငြိမ့်များလည်း ရွှေခေတ် လို့ ပြောလို့ရပါတယ်။ ဘာပွဲလုပ်လုပ် အငြိမ့်မပါရင် ခြောက်ကပ်ကပ်ကြီး ထင်တာပေါ့။ သီတင်းဝါလကျွတ်တာနဲ့ တနှစ်ပတ်လုံး ပွဲချီတွေစိတ်လွန်းလို့ အငြိမ့်ထောင်များခမျာ အားနာနာနဲ့ ငြင်းတောင်ယူရသတဲ့။ ကရာမှာ ပွဲနောက်က အမြဲရောက်တဲ့ ကိုကိုတွေကလည်း ၀က်ဝက်ကွဲဆိုပဲ။ ဒီကနေ့ အမယ်ကြီးအိုတွေ ဖြစ်တဲ့ထိတောင် ကနိုင် ဆိုနိုင်ကြတုန်း၊ မင်းသမီးပေါက်စတွေကို အပြတ်အသတ် ဖြတ်ထားခဲ့ကြတုန်းပါ။
                ခုခေတ် အငြိမ့်သဘင်ကတော့ အံ့တပါး ဖြစ်နေပါပြီ။ လက်ညှိုးထိုးပြစရာ လောက်လောက်လားလား မင်းသမီး ကို မရှိတော့တာ။ ကတတ်ပါတယ် ဆိုတဲ့ မင်းသမီးများ ကျပြန်တော့လည်း အဆိုတော်ငှားပြီး ပါးစပ်ကလေး လှုပ်ပြကြ။ ယဉ်ကျေးမှုက ထွက်တဲ့ မင်းသမီးတချို့တော့ ရှိပါရဲ့။ သူတို့ခမျာ ၀န်ထမ်းတပိုင်းဆိုတော့ ဦးဂမုန်း ရဲ့ ပေါ်လစီသီချင်း အထူကြီးတွေ အဆိုများပြီး ပရိသတ်က မကြည့်ချင်တော့ဘူး။ နောက်ဆုံးတော့ ရုပ်ရှင်မင်းသမီးတွေက တပွဲတိုး အကသင်ပြီး စည်းကျိုးဝါးကျိုး ခြေလှုပ်ခေါင်းလှုပ် လုပ်ပြ နေကြရော။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အကိုက်ပါပဲ။ ကြည့်တဲ့သူကလည်း အကရောက်ရင် ရစ်ကြည့်ကြတာ။ ငှားကတည်းက မင်းသမီး ဘယ်သူဖြစ်ဖြစ် လူပြက်ကြည့်ငှားကြတာကိုး။ အကတတ်တဲ့နေရာမှာတော့ ခေတ်ကာလ သားသမီးများကို ဘယ်သူမှ မမှီပေါင်ဗျား။ သင်္ကြန်မဏ္ဍပ်တွေ ပတ်ကြည့်လိုက် ဘယ်သကောင့်သား သကောင့်သမီးမှ ငြိမ်မနေပါဘူး။ လှုပ်ရွလို့ ကနေလိုက်ကြတာ။ မဏ္ဍပ်တောင်ပြိုယူရတယ်။ အဲဒီလောက် ကတတ်နေမှတော့ သူများကတာ ဘယ်ကြည့်ကြတော့မလဲ နော့။ ကချေသည်မလေးများရဲ့ ရင်သိမ့်တုန်အကတွေ မြင်ရင်တော့လား ရှေးက ရင်ပလို့ တင်ပလို့ ကခဲ့တဲ့ အပျိုတော်ကြီးများ မျက်ဖြူဆိုက်သွားမယ်။ နိုင်ငံရပ်ခြားသွားလို့ ခပ်ကြမ်းကြမ်းအိုးလှုပ်ခဲ့တဲ့ ဇာတ်သမကလေးဆို အင်တာနက်ပေါ် ဟိုးဟိုးကိုကျော်ပါလေရော။ ခွန်းထောက်တောင် လေမှန်အောင်မထွက်တတ်တဲ့ မင်းသားပျိုများက ပရိကံပြောကြတော့ ပွဲကပြတ်ပါလေရော။ ပွဲကြည့်ချင်စိတ်ကို ပြတ်သွားတာ။ နောက်ဆုံးတော့ ရှေးအငြိမ့်လေးများ အလွမ်းပြေ ကြည့်ချင်ရင် စံရှားတင်တို့လို အမယ်ကြီးအို အငြိမ့်လေးတွေနဲ့ အာသာဖြေရတယ်။ လမင်းတရာ က မဌေးဌေးမြင့်တို့ကျတော့လည်း ဆင်ဆာကကို လွှတ်မပေးတော့တာကိုး။
                 တကယ်တော့ ဒီပညာတွေကို ကျကျနန သင်ထားတတ်ထားတဲ့ လူကြီးတွေ အသက်ထင်ရှား ရှိပါသေးတယ်။ လက်ဆင့်ကမ်း သင်ပေးချင်လွန်းလို့ပါ။ လူငယ်တွေကိုက စိတ်ဝင်တစား မသင်ချင်ကြတော့တာ။ တိမ်ကောနေမှ ဘာလုပ်စားလို့ရမှာတုန်း။ ဒါကြီးတွေများ ကြိုက်တဲ့လူရှိသေးတယ် ဟုတ်စ လို့ ကိုယ့်တောင် စိတ်မှမှန်ရဲ့လားထင်နေဦးမယ်။
                 သီချင်းအကြောင်း ပြန်ကောက်ရရင်တော့ အရင်က တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတွေ ခေတ်စားတုန်းက ညတိုင်း ဘောလုံးပွဲအပြီး မြန်မာ့အသံက လွှင့်တတ်တဲ့ သီချင်းလေးပါ။  သူ့ထက်ကြားရခဲတဲ့ သီချင်းကတော့ ဗမာနိုင်ပြီ သီချင်းပေါ့။ ခုခေတ်လူငယ်တွေ ကြားတောင် ကြားဖူးကြတော့မယ်မထင်။ မနိုင်တာလည်း ကြာကြာလှမှကိုး။ ဒီသီချင်းကို အမာစိန် ဆိုသွားပုံကလေးကတော့ ချစ်စရာကောင်းလိုက်တာ။ အငြိမ့်မင်းသမီးကလေးတစ်ယောက် က ဘောလုံးဝါသနာအိုးချစ်သူကို အလိုကလည်းလိုက်ချင်၊ စိတ်ကလည်းမချ၊ တားမရမှန်းလည်းသိ၊ ဘောလုံးပွဲကနေ တခြားချော်တောငေါ့သွားမှာလည်း ပူရသေးတော့၊ ပြန်မလာပဲမနေနိုင်အောင် ခရာတာတာလေးနဲ့ မထားခဲ့နဲ့ လိုက်ခဲ့မယ်။ ညကျ အငြိမ့်ကတာကျရင်လည်း ခွင့်လွှတ်ရမယ် လို့ ဆိုတဲ့ပုံလေးပါ။ အကကို မမြင်နိုင်ပေမယ့် ရှေးကအငြိမ့်မင်းသမီးကလေးတွေ ဘယ်လိုနွဲ့တတ် မူတတ်သလဲ ဆိုတာ သီချင်းထဲကနေ အကဲခတ်ကြည့်ရင် မျက်စောင်းထိုးပုံလေးတွေ နှုတ်ခမ်းစူပုံလေးတွေပါ မြင်ရပါလိမ့်မယ်။
                 ဒီသီချင်းနားထောင်တဲ့အခါ လွမ်းမိတာ အငြိမ့်သဘင်များသက်သက် မကပါဘူး။ ရှေးက ဘောလုံးပွဲများလည်း ပါပါရဲ့။ ဗူဗူဇီလာသံတွေ မပါတဲ့၊ အပေါ်ထိုင် အောက်ထိုင် လုံးကြော လောင်းကြေးတွေ မပါတဲ့ ပွဲဆိုတော့ ဘယ်စိတ်ဝင်စားကြမလဲ နော်။ ဘီယာဆိုင်က၊ အနှိပ်ခန်းက၊ လက်ကိုင်ဖုန်းလေး နားရွက်ကပ်ပြီး မှတ်စုစာအုပ်နဲ့ ကြည့်နေကြတဲ့ ဒီကနေ့ဘောလုံးပွဲ နဲ့ အရသာတွေ ဘယ်လိုကွာသလဲ ဆိုတာကတော့ သိမီသူ ဘောလုံးဝါသနာအိုးကြီးများသာ မေးကြည့်ပါတော့ဗျား။ တစ်သျှူးလက်ကိုင်ပုဝါလေးတော့ ကမ်းပေးလိုက်ဦးနော်။ မတော် လွမ်းလို့ ငိုနေမှ ခက်မယ်။

(ဘော်လုံးပွဲထဲမှာ သိပ်ကိုကဲတဲ့သူပါရှင်၊ အားရပါးရ အော်လိုက်တာများပင်) ၂။
တကယ်ဆို ကျွန်မအနားမှာ အားနာသင့်တယ်ရှင် ကိုရွှေဝါသနာအိုးကြီး ဘော်လုံးပွဲပြီးတောင် အိမ်မပြန်ချင်။

(ချစ်တဲ့သူ အလိုမကျမှာများတော့ ကျွန်မက စိုးရိမ်ပူပင်) ၂။
သူ ၀ါသနာပါတာလေးဖြင့် ခွင့်လွှတ်ရမယ်ရှင် ချစ်တယ်ဆိုပါရင် အငြိမ့်ကတာလည်း ကိုယ်ချင်းစာစေချင်။

ဝါသနာပင် ဘော်လုံးပွဲထဲကျရင် ဟစ်ကျွေးအားပေးတတ်သရှင်၊ အပြစ်မမြင်။ အပျော်မစုံလင် ဒီပွဲလေးကလွဲရင် အရက် မိန်းမနဲ့ ကင်းသရှင် ချစ်လင်။
ဝါသနာပင် သူများအငြိမ့်ကခဲ့ရင် တကယ်ပဲ ခွင့်လွှတ်ရမရှင်၊ ချစ်လင်။ သဘင်ပညာ သင်ခဲ့ရတဲ့ ဘ၀ကို ဘယ်တော့မှဖြင့် မမေ့ချင်၊ အကတွင်။

သူ့ကိုပြောရင် စိတ်ကောက်လို့ နေတာမြင်၊ ကလေးကလေးလို နွဲ့ဆိုးဆိုးတတ်သရှင်။ အမာစိန်ကို ဘယ်မှာ လိမ်လို့ရမလဲရှင် ညနေတိုင်းကျရင် ဟိုလိုလို ဒီလိုလို ဒီလိုလို ဟိုလိုလို ယောင်လည်လည် မျက်နှာပေးနဲ့ ဘော်လုံးပွဲထဲ အပြေးသူဝင်။

(ဟေ့ အမာစိန် ဘော်လုံးပွဲထဲ သွားကြည့်ရင် တို့များမပြောချင်ဘူးကွဲ့ မင့်ချစ်သူကြီးတွင်) ၂။ ချစ်သူအပျိုများ ပေါတယ်ထင် ကိုကိုချိုချဉ်။

(အငြိမ့်ကရာတိုင်းသာ လိုက်ကာလာ ကျွန်မအနားမှာပင် စိတ်မချနိုင်ဘူးတဲ့ ဟုတ်ရဲ့လား သူချွဲတာတမင်) ၂။ ဘော်လုံးပွဲကျတော့ တယောက်တည်းလစ်ချင်  ဒါပဲနော် ဘာရမလဲ အသည်းခွဲမယ် မကြံနဲ့ ရှင် ။ ၀ါသနာနံဘေးက ဟိုလမ်းကလေးတော့ ချော်မသွားစေချင်။

ဝါသနာပင် ဘော်လုံးပွဲထဲကျရင် ဟစ်ကျွေးအားပေးတတ်သရှင်၊ အပြစ်မမြင်။ အပျော်မစုံလင် ဒီပွဲလေးကလွဲရင် အရက် မိန်းမနဲ့ ကင်းသရှင် ချစ်လင်။
ဝါသနာပင် သူများအငြိမ့်ကခဲ့ရင် တကယ်ပဲ ခွင့်လွှတ်ရမရှင်၊ ချစ်လင်။ သဘင်ပညာ သင်ခဲ့ရတဲ့ ဘ၀ကို ဘယ်တော့မှဖြင့် မမေ့ချင်၊ အကတွင်။


သီချင်းနားထောင်ရန်။
http://www.youtube.com/watch?v=EdFB8RRVkd8
http://www.mediafire.com/?9bqkxnk79m0yyy9

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...