Tuesday, May 13, 2014

အောက်လမ်းနည်း နှင့် ဒီမိုကရေစီ ( The Voice weekly )


မြန်မာ့နိုင်ငံရေးသမိုင်းဟာ အောက်လမ်းနည်းသုံးတတ်တဲ့
နိုင်ငံရေးသမားတွေကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရတယ်။
ခေတ်အဆက်ဆက်မှာ နိုင်ငံရေးလောကထဲ လူညစ်တွေ
တောက်လျောက် ပါဝင်နေတာကြောင့် နိုင်ငံရော လူထုပါ
ကံကြမ္မာဆိုးခဲ့ကြရတယ်။ အခုလို ခေတ်သစ်တစ်ခုထဲ
ချင်းနင်းဝင်ရောက်နေချိန်မျိုးမှာ ဒီမိုကရေစီတည်ဆောက်နေပါတယ်လို့
အင်အားစုတွေအားလုံးက ကြွေးကြော်နေကြတဲ့ ဒီအချိန်မျိုးမှာ
ဒီကိစ္စကို ပေါ့ပေါ့သဘောထားဖို့မသင့်ဘူးထင်လို့ ဒီစာကို ရေးမိတာပါပဲ။

နိုင်ငံရေးအောက်လမ်းနည်းတွေက ခေတ်တိုင်းမှာ
နည်းမျိုးစုံတယ်လို့ပြောရမယ်။ အောက်တန်းကျကျ
စဉ်းစားတွေးခေါ် လုပ်ကိုင်ပြီး အာဏာနဲ့အခွင့်အရေး
ကို အရယူဖို့ကြိုးစားတဲ့ ကိစ္စမှန်သမျှဟာ
အောက်လမ်းနည်းနဲ့ လုပ်တဲ့ နိုင်ငံရေးပဲ။ဥပမာတွေ
အများကြီးပြောနေရင် စာမျက်နှာနဲ့တောင်မဆန့်နိုင်ဘူး။
သမိုင်းကိုသာ သေသေချာချာ လေ့လာသုံးသပ်ပြီး
သင်္ခန်းစာတွေ ယူနိုင်ကြရင် အကောင်းဆုံးလို့ တွေးမိတယ်။

အောက်လမ်းနည်းသုံးတဲ့ နိုင်ငံရေးကြောင့် နိုင်ငံနဲ့လူထု
ဘယ်လောက်ထိခိုက်တယ်ဆိုတာ ဖော်ပြဖို့ အကောင်းဆုံး
ဥပမာကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရတဲ့
ဖြစ်ရပ်ပဲ။ဒီထက်ပိုကောင်းတဲ့ဥပမာ မရှိနိုင်ဘူး။
မနာလိုဝန်တိုစိတ်၊ အာဏာနဲ့ အခွင့်အရေးကိုယစ်မူးတပ်မက်စိတ်တွေက
နိုင်ငံရေးမှာ အောက်လမ်းနည်းသုံးဖို့
လူတွေကို တွန်းအားပေးတယ်။ မောင်းနှင် ခိုင်းစေတယ်။
လူထုက ချစ်ခင်လေးစားတာကို မနာလိုဖြစ်တယ်။
ကိုယ်ရည်ကိုယ်သွေးမြင့်တာကို မနာလိုဖြစ်တယ်။
စိတ်သဘောထားမြင့်မြတ်ပြီးတော့ ကမ္ဘာကပါလေးစားတာကို
မနာလိုဖြစ်တယ်။ နောက်ဆုံးကိုယ်တိုင်က မရိုးသားမဖြောင့်မတ်
နိုင်ဘဲ ရိုးသားဖြောင့်မတ်ခြင်းကို မနာလိုဖြစ်တယ်။
အာဏာကို ဖြတ်လမ်းနည်းနဲ့ ရယူချင်တယ်။
အခွင့်အရေးတွေကို မတရားသဖြင့်
ရရှိခံစားချင်တယ်။

ဗိုလ်ချုပ်တို့ကို လုပ်ကြံလိုက်တော့ တိုင်းပြည်
ကံကြမ္မာက လမ်းကြောင်း လုံးဝ ပြောင်းသွားတာပေါ့။
ပြည်ထောင်စု ကို စုစည်းပေးနိုင်လောက်တဲ့ သြဇာရှိသူ
ကို လက်လွတ်ဆုံးရုံးလိုက်ရတဲ့နောက် ဖရိုဖရဲဖြစ်တယ်။
ငါ့သူမယုံ သူ့ ငါမယုံတွေဖြစ်လာတယ်။နိုင်ငံရေး စီးပွားရေး
လူမှုရေး အဖက်ဖက်က ယိမ်းယိုင်ကုန်တော့တယ်။
အာရှရဲ့ ဓူဝံကြယ်လို့ ဆိုနိုင်တဲ့ ထိပ်တန်းနိုင်ငံတစ်ခု
အဖက်ဖက်က ဆုတ်ယုတ်လာပြီး အရောင်မှိန်ခဲ့ရတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ခေတ်တစ်လျောက်
နိုင်ငံရေးသမားတွေအချင်းချင်း နောက်ကျော ဒါးနဲ့ထိုးတဲ့
ကိစ္စတွေ ၊ နိုင်ငံရေး ကလိန်ကျတဲ့ ကိစ္စတွေ တစ်ပုံတစ်ပင်
ရှိခဲ့တယ်ဆိုတာ သမိုင်းကိုပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။
နောက်ဆုံး တိုင်းရင်းသားတွေ အချင်းချင်းစည်းလုံးညီညွတ်မှု
ပြိုကွဲပြီး အာဏာရှင်တွေ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့ကြတယ်။

အာဏာရှင်ခေတ်များမှာလည်း လွတ်လပ်ခွင့် နဲ့တရားမျှတခြင်း တို့ကို
လူထုက လုံးဝ လက်လွတ်ဆုံးရှုံးခဲ့ရရုံမက လူထုဖက်က ရပ်တည်ပြီး
အာဏာရှင်ကို အာခံလောက်တယ်လို့ယူဆရတဲ့သူတွေဟာလည်း
အောက်လမ်းနည်းတွေနဲ့ပဲ နှိပ်ကွပ်ခံခဲ့ကြရတယ်။စစ်အစိုးရခေတ်
တစ်လျှောက်လုံးလည်း အစိုးရပိုင်မီဒီယာတွေကနေ အတိုက်အခံတို့
ဂုဏ်သိက္ခာ ထိခိုက်အောင် ၊ လူထု အထင်သေးအောင် အောက်လမ်းနည်း
တွေ မျိုးစုံသုံးပြီး တိုက်ခိုက်ထိုးနှက်ခဲ့တယ်။အတိုက်အခံ နိုင်ငံရေးသမားတွေလည်း
မတရားဖမ်းဆီးခံရ ထောင်သွင်းအကျဉ်းချခံရတာ အောက်လမ်းနည်းတွေပါပဲ။

၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးပြီးတော့ အာဏာလွှဲဖို့ကိစ္စကို အကြောင်းအမျိုးမျိုးပြ
ဆင်ခြေအမျိုးမျိုးပေးပြီး ငြင်းဆန်ခဲ့တာလည်း အောက်လမ်းနည်းပဲမဟုတ်လား။
နိုင်ငံရေးနဲ့ပတ်သက်လို့ အတွေးအခေါ်အယူအဆတွေ ကို သိခွင့် လေ့လာခွင့်
နှစ်ပေါင်းများစွာဆုံးရှုံးခဲ့ရလို့ သဘောတရားရေးရာမှာ အားနည်းချက်တချို့
ရှိကြပေမယ့် နိုင်ငံနဲ့လူထုအပေါ်ထားတဲ့ စေတနာကတော့ အတိုက်အခံတွေမှာ
အာဏာရှင်တွေထက်ပို ရှိကြတာအမှန်ပါ။ ဒါပေမယ့် အဖျက်သမားတွေလို့ ကင်ပွန်းတပ်
ပြီး နှိပ်ကွပ်တာကို အလူးအလဲခံခဲ့ကြရပါတယ်။

ဒါပေမယ့် အတိုက်အခံနိုင်ငံရေးသမားတွေရော သန်းခြောက်ဆယ်သော လူထုကြီးကပါ
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း အခြေအနေသစ်ကို လက်ခံကျေနပ်လိုက်ကြပါတယ်။
အကောင်းဖက်ကို ဦးတည်တဲ့ အပြောင်းအလဲပဲလို့ ရှုမြင်လိုက်ကြပါတယ်။ ဒါဘာကြောင့်လဲ
ဆိုတော့ မြန်မာတွေရဲ့ ခွင့်လွှတ်တတ်တဲ့ စိတ်ထားကောင်း၊ အနာဂါတ်ကို မြန်မြန်ဆန်ဆန်
ကောင်းမွန်အောင်တည်ဆောက်နိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ အရင်
အစိုးရနဲ့ များစွာဆက်နွယ်မှု
ရှိခဲ့တဲ့ အစိုးရသစ်၊ အာဏာရပါတီနဲ့ တပ်မတော်တို့ကို
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်
လက်တွဲလိုတဲ့ရည်ရွယ်ချက် စတာတွေကြောင့်ပါပဲ။

ဒါပေမယ့် နိုင်ငံရေးကို အောက်လမ်းနည်းနဲ့ လုပ်လိုတဲ့သူတွေ
ရှိနေသေးတယ်ဆိုတာ အခုဆိုရင်
အထင်အရှား မြင်လာ တွေ့လာရပါတယ်။နိုင်ငံတစ်ဝန်း ပဋိပက္ခများရဲ့
နောက်ကွယ်ကနေ မီးထိုးပေးနေတဲ့
လက်တွေရှိတယ်ဆိုတာ မြင်တွေ့လာရပါတယ်။အာဏာနဲ့ကိုယ်ကျိုးစီးပွားအတွက်
ဒီမိုကရေစီကို အများနဲ့
ရောယောင်ပြီး အသံကောင်းဟစ်ကြွေးကြော်ရင်း လူထုကို လှည့်စား
ပုံမှားရိုက်ဖို့ ကြံစည်သူတွေဟာ
အမှန်တစ်ကယ်ရှိနေပါသေးတယ်။

သမိုင်းမှာ သင်ခန်းစာတွေအမြောက်အများရှိနေပေမယ့် ဒီသင်ခန်းစာတွေကို
မျက်ကွယ်ပြုပြီး အောက်လမ်းနည်း
နဲ့ နိုင်ငံရေးလုပ်လိုကြသူတွေအနေနဲ့ ဒီလိုမသမာတဲ့ နိုင်ငံရေးဆိုတာ
နောက်ဆုံး ကိုယ်တိုင်လည်း အကျိုးယုတ်
နိုင်ငံနဲ့လူထုလည်း အကျိုးယုတ်တယ်ဆိုတာကို
မြင်ဖို့သိဖို့သင့်ပြီထင်ပါတယ်။ဒီမိုကရေစီဆိုတာကလည်း
အောက်လမ်းနည်းနဲ့တည်ဆောက်လို့ရတဲ့နိုင်ငံရေးစနစ်မဟုတ်ပါဘူး။
အဆင့်မြင့်တဲ့နိုင်ငံရေးစနစ်ပါ။
အာဏာရှင်စနစ်နဲ့ဆန့်ကျင်ဖက် နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ လူထုတစ်ရပ်လုံးက
ဖြစ်ခဲ့သမျှအဖြစ်အပျက်တွေ၊
ခံစားခဲ့ရသမျှဒုက္ခသုက္ခတွေကို မေ့ပျောက်ပစ်ဖို့
သင်ပုန်းချေပစ်ဖို့ကြိုးစားနေကြတယ်ဆိုတာလည်းထည့်တွက်ပြီး
ဆင်ခြင်သင့်ပြီဖြစ်ပါတယ်။

ဒီမိုကရေစီကို အမှန်တစ်ကယ်အောင်အောင်မြင်မြင်တည်ဆောက်နိုင်မှသာ
လက်ရှိအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့
အရင် ခေါင်းဆောင်တွေရဲ့သမိုင်းကိုလည်း
ကောင်းကောင်းမွန်မွန်ရေးထားခဲ့နိုင်မယ်ဖြစ်ပါတယ်။မလိုအပ်ဘဲ ရေရှည်
အချိန်ဆွဲထားရင်တော့ တချို့လူတွေ တွေးထင်ယူဆထားသလို
တပ်မတော်အာဏာတည်မြဲရေးအတွက် လှည့်စားတယ်ဆိုတာ
အမှန်ပဲဆိုတဲ့ အဖြစ်ကို ရောက်လိမ့်မယ်။ ဒီမိုကရေစီ အမှန်ဖြစ်ထွန်းမှသာ
တပ်မတော်နဲ့ လူထုလည်း
လွတ်လပ်ရေးရယူစဉ်ကာလကလို တစ်သားထဲကျအောင်ပြန်လည်
စည်းလုံးညီညွတ်နိုင်မယ်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ
များပြားလှတဲ့ ပြည်ထောင်စုကြီးလည်း အမှန်တစ်ကယ်တည်တံ့ခိုင်မြဲနိုင်မယ်
ဖြစ်ပါတယ်။တိုင်းပြည်က ချမ်းသာပြီး လူထုက
မွဲချင်တိုင်းမွဲနေတဲ့ စက်ဆုပ်ဖွယ် အခြေအနေဆိုးကြီးကနေလည်း
လွတ်မြောက်ပြီး နိုင်ငံတကာအလယ် ပြန်ပြီး မျက်နှာပန်းလှနိုင်မယ်
ဖြစ်ပါတယ်။

၁။အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်၊အာဏာရပါတီတို့နဲ့
အတိုက်အခံ၊တိုင်းရင်းသားတို့ အမြင်ချင်းမတူကြတာက
သဘာဝကြပေမယ့် အားလုံးက စေတနာမှန်ဖို့ ရိုးသားဖြောင့်မတ်ဖို့တော့
မဖြစ်မနေလိုအပ်ပါတယ်။ ပြင်ဆင်ရေးကိုအချိန်ယူဖို့လိုတယ်ဆိုတာ
ယေဘူယျအားဖြင့်မှန်ကန်ပေမယ့် အတိုက်အခံနဲ့လူထုကို အထင်အမြင်သေးလို့
ဖြစ်စေ ၊ အာဏာနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဖြစ်စေ
လိုအပ်တာထက်ပိုပြီး အချိန်ဆွဲမယ်ဆိုရင်တော့ ဒါဟာ
အောက်လမ်းနိုင်ငံရေးအဖြစ်ရောက်ရှိသွားမှာပဲဖြစ်ပြီး ဘယ်သူမှ
ကောင်းကျိုးမဖြစ်ထွန်း
နိုင်ပါဘူး။လူထုဆန္ဒကို အပြည့်အဝလိုက်လျောပေးသေးတာမဟုတ်ပေမယ့်
စိတ်ရှည်သည်းခံပေးတဲ့လူထုကို ငဲ့ကွက်ရပါလိမ့်မယ်။
တစ်ဖက်က လူထုရဲ့ နိုင်ငံရေးယဉ်ကျေးမှုကို မြှင့်တင်ပေးဖို့
ကြိုးစားရင်းတစ်ဖက်ကလည်း ဒီမိုကရေစီကိုတတ်နိုင်သလောက်
မြန်မြန်ဆန်ဆန်တည်ဆောက်
ပေးဖို့လိုပါတယ်။အချိန်ယူဖို့လိုပေမယ့် အချိန်ဆွဲရင်တော့
အမျိုးသားစည်းလုံးညီညွတ်ရေးကို ဘယ်လိုမှ
တည်ဆောက်လို့ရနိုင်မယ်မဟုတ်ပါဘူး။
အဲဒီအခြေအနေကိုရောက်သွားရင် ဘယ်သူမှ
မလွတ်ပါဘူး။အားလုံးထိခိုက်နစ်နာမယ်ဆိုတာ သမိုင်းသင်ခန်းစာတွေရှိနေပါပြီ။

၂။ ပါတီများ အချင်းချင်း အာဏာရရှိရေးအတွက်ပြိုင်ဆိုင်ရာမှာ (
ရွေးကောက်ပွဲများမှာ ) လည်း အောက်လမ်းနည်းတွေသုံးမယ့်နိုင်ငံရေးသမားတွေ
အသေအချာရှိနေပါသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ၊ လွတ်လပ်စွာ
ကျင်းပပေးနိုင်ခဲ့ရင် ၊ ဒီထက်ပိုပြီးတော့ လူထုကလိုလားတဲ့
ခေါင်းဆောင်ကို လူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်ခွင့်ပေးနိုင်ရင်
အမျိုးသားရင်ကြားစေ့ရေးကိစ္စဟာ အလျင်အမြန် အောင်မြင်ပြီးမြောက်နိုင်မှာ
ဖြစ်ပါတယ်။တပ်မတော်နဲ့လူထု စည်းလုံးညီညွတ်ရေးကိုလည်း အကောင်းဆုံးနဲ့
အမြန်ဆုံး တည်ဆောက်ပြီးစီးပါလိမ့်မယ်။ အဲဒီရွေးကောက်ပွဲမှာ
အောက်လမ်းနည်းတွေကို တွင်တွင်ကျယ်ကျယ်သုံးမယ်ဆိုရင်တော့ လူထုနဲ့တပ်မတော်
စည်းလုံးညီညွတ်ရေးတည်ဆောက်မှုကို အကြီးအကျယ်
ထိခိုက်မှာ အသေအချာဖြစ်ပါတယ်။ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင်
အားလုံးက ဝိုင်းဝန်းဆောင်ရွက်လို့ ဘယ်ပါတီကပဲ အစိုးရဖွဲ့သည်ဖြစ်စေ
တက်လာမယ့် အစိုးရကို အတိုက်အခံဖြစ်မယ့်ပါတီများ ၊နိုင်ငံရေးသမားများနဲ့
တပ်မတော်တို့ကသာ ဝန်းရံ ထိန်းကျောင်းပေးနိုင်မယ်ဆိုရင်
မြန်မာနိုင်ငံဟာ များမကြာခင်မှာ အတိုင်းအဆမရှိ တိုးတက်စည်ပင်
သာယာဝပြောတော့မှာ တည်ငြိမ်အေးချမ်းတော့မှာ
မုချဖြစ်ပါတယ်။တိုင်းပြည်နဲ့လူထုအတွက်
အမှန်တစ်ကယ် သားရွှေအိုးထမ်းမယ့်ကိန်းဆိုက်ပါလိမ့်မယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲများ ဟာ မြန်မာ့နိုင်ငံရေးကို
ကောင်းမွန်အောင်တည်ဆောက်နိုင်ဖို့
အဓိက လုပ်ငန်းများဖြစ်လို့ ဒီအလုပ်တွေကို စေတနာပြည့်ပြည့်ဝဝ
မှန်မှန်ကန်ကန်နဲ့ အားလုံးက လက်တွဲလုပ်ကိုင်ကြဖို့ပါ။
ဘယ်ပါတီက နိုင်မှဖြစ်မယ် ဆိုတဲ့သဘောမဟုတ်ပါဘူး။ စေတနာမှန်ရင်
ဘယ်နိုင်ငံရေးသမားကိုမဆို ဘယ်ပါတီကိုမဆို လူထုကမေတ္တာစေတနာနဲ့
တုန့်ပြန်ပါလိမ့်မယ်။
ဒီမိုကရေစီကို အမှန်တစ်ကယ်ယုံကြည်ကြရင် အောက်လမ်းနည်းနဲ့
ကြံစည်လုပ်ကိုင်မှုမှန်သမျှကိုစွန့်လွှတ်ကြပါ။ အောက်လမ်းနိုင်ငံရေးသမားတွေ
အောင်မြင်တယ်ဆိုတာ ဘယ်ရာဇဝင်မှာမှမရှိပါဘူး။
အောက်လမ်းနိုင်ငံရေးနဲ့တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံရယ်လို့လည်း
ဘယ်သမိုင်းမှာမှမရှိပါဘူး။
အချိန်တန်ရင် မိမိကိုယ်တိုင်ရော လူ့အဖွဲ့အစည်းနဲ့နိုင်ငံရော
ဒုက္ခရောက်ပြီး ဂုဏ်သိက္ခာကျဆင်းမယ့် နိုင်ငံရေးတွေကို စွန့်လွှတ်ကြဖို့
တိုက်တွန်းလိုပါတယ်။မြန်မာလူထုကရော နိုင်ငံတကာ မိသားစုကပါ
လက်ရှိအခြေအနေကို လက်ခံပြီး စိတ်ရှည်လက်ရှည်နဲ့သဘောထားကြီးကြီးနဲ့
မြန်မာနိုင်ငံကောင်းကျိုး၊ တပ်မတော်နဲ့ လူထုတစ်ရပ်လုံးကောင်းကျိုးကို
မျှော်ကိုးနေကြတယ်ဆိုတာ အစဉ်သဖြင့်သတိချပ်သင့်ပါတယ်။
အားလုံးက မိမိဂုဏ်သိက္ခာ၊ မိမိအဖွဲ့အစည်းပါတီ
ဂုဏ်သိက္ခာနဲ့ နိုင်ငံနဲ့လူထုရဲ့ဂုဏိသိက္ခာကို ငဲ့ကွက်ပြီး
အထက်တန်းကျတဲ့နိုင်ငံရေးကို လုပ်ကြပါ။
ရိုးသားဖြောင့်မတ်တဲ့နည်းလမ်းများဖြင့်သာ
ဒီမိုကရေစီကို ဖြစ်ထွန်းအောင်မြင်အောင်တည်ဆောက်လို့ရပါတယ်။
အောက်လမ်းနည်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဘယ်တော့မှ
မဖြစ်နိုင်သလို
အောက်လမ်းနည်းနဲ့ ဘယ်တော့မှ ဒီမိုကရေစီ မရနိုင်ပါဘူး။ ။


( ပိုက်တင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...