Myanmar Youth Media Club 15 May 2014
MYMC - MYMHOT |
Posted: 15 May 2014 04:33 AM PDT
လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန် သေနှုန်းမြင့် SARS
နဲ့မျိုးနွယ်တူ၊ MERS ကို ၂၀၁၂ ခုနှစ် ဧပြီလက ဆော်ဒီအာရေဗျနိုင်ငံမှာ စတင်
တွေ့ရှိခဲ့ ပါတယ်။ MERS ဆိုတာ ဘယ်လို ရောဂါမျိုးလဲ။ ဘာပိုးကြောင့်
ဖြစ်တာလဲ။
လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်က ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန် သေနှုန်းမြင့် SARS
နဲ့မျိုးနွယ်တူ၊ ရောဂါ လက္ခဏာတူ MERS ကအမေရိကန်ကို ရောက်ရှိ လာပါပြီလို့ မေလ
၂ ရက်နေ့က CDC ကအတည်ပြု ကြေငြာ လိုက်ပါပြီ။ MERS ကို ၂၀၁၂ခုနှစ် ဧပြီလက
ဆော်ဒီ အာရေဗျ နိုင်ငံမှာ စတင် တွေ့ရှိခဲ့ တာပါ။ ပြင်းထန်တဲ့ တုပ်ကွေးပုံစံ
အသက်ရှု လမ်းကြောင်း ရောဂါ လက္ခဏာ တွေနဲ့ သေဆုံး သွားခဲ့တဲ့ အသက် ၆၅နှစ်
အရွယ် အမျိုးသား တစ်ဦးရဲ့ သလိပ်ကနေ ဗိုင်းရပ်စ်ပိုး တစ်မျိုးကို
တွေ့ရှိခဲ့ကာ မျိုးဗီဇ စစ်ဆေးမှု များအရ SARS နဲ့မျိုးနွယ်တူ Coronavirus
အုပ်စုဝင် ဗိုင်းရပ်စ် တစ်မျိုး ဖြစ်တယ်လို့ သိရှိခဲ့ပြီး Middle East
Respiratory Syndrome Coronavirus (MERS-CoV) လို့နာမည် ပေးခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ကုန်အထိ မှတ်တမ်း များအရ ဆော်ဒီ နိုင်ငံမှာ လူပေါင်း ၃၃၉ ကူးစက်ခံ ခဲ့ကြရပြီး ၁၀၂ဦး သေဆုံး ခဲ့ပါပြီ။ ဆေးမှတ်တမ်းများ အရ မတ်၊ ဧပြီလ တွေမှာ အဖြစ်များ ခဲ့ပြီး လူတစ်ဦးမှ တစ်ဦးသို့ ကူးစက် နိုင်တဲ့ အထောက် အထားတွေ တွေ့ရှိခဲ့ ရပါတယ်။ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ယူအေအီး စတဲ့အရှေ့ အလယ်ပိုင်း နိုင်ငံတွေမှာ သာမက ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ အင်္ဂလန် စတဲ့ ဥရောပ နိုင်ငံများ၊ အာဖရိက မြောက်ပိုင်း၊ မလေးရှား၊ ဖိလစ်ပင်း စတဲ့ အာရှနိုင်ငံ တွေအထိ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာပြီ ဖြစ်ပါတယ်။ အမေရိကန်မှာ ပထ မဆုံး လူနာကို မေလ ၂ရက်နေ့မှာ တွေ့ရှိခဲ့ ရပြီလို့ Centers for Disease Control and Prevention (CDC) ကကြေငြာ လိုက်ပါတယ်။ ရော ဂါ ကူးစက်ခံ ရတဲ့ လူနာ အများစုက ဆော်ဒီနဲ့ ယူအေအီး နိုင်ငံတွေမှာ ကူးစက်ခံ ခဲ့ကြရတာ ဖြစ်ပြီး ခရီးသွား လာမှုကြောင့် အထက် ဖော်ပြပါ တခြားနိုင်ငံ အနှံ့အပြားကို သွားရောက် ခဲ့ကြလို့ MERS ဗိုင်းရပ်စ်ပိုးကို ကမ္ဘာအနှံ့ တွေ့ရှိခဲ့ ကြရတာ ဖြစ်ပါတယ်။
လူနာနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံရတဲ့ ကျန်းမာရေး ဝန်ထမ်းများနဲ့ မိသားစု ဝင်များကို ကူးစက် တာကို သိရှိရ ပါတယ်။ ဒါပေမယ့် SARS လို လူစုလူဝေးကို ကူးစက်ခြင်း၊ တစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ ကူးစက်ခြင်း စတာတွေ ကိုတော့ မတွေ့ရ ပါဘူး။ လူတစ်ဦးမှ တစ်ဦးသို့ ကူး စက်တယ် ဆိုရာ မှာလည်း ပင်မ ရောဂါပိုးရှိ လူနာထံမှ ကူးစက်ခံ ရသူတွေမှာ (ဒုတိယ အဆင့် ထပ်ဆင့် ကူးစက်ခြင်း - Secondary infec tion) ရောဂါ လက္ခဏာက ပင်မ လူနာလောက် မဆိုးဘဲ ပိုးရဲ့ရောဂါ ဖြစ်နိုင်စွမ်း လျော့နည်း သွားတတ်တဲ့ လက္ခဏာ တွေကို တွေ့ရှိခဲ့ ကြရပါ တယ်။ ယခုအချိန် ထိတော့ လူတစ်ဦးမှ တစ်ဦး ထပ်ဆင့် ကူးစက်ရာမှာ တတိယ အဆင့် ထပ်ဆင့် ကူးစက်ခြင်း ခံခဲ့ရသူ (Tertiary infec tion) လူနာ နှစ်ဦးသာ ရှိပါသေးတယ်။ လက်ရှိ အထောက်အထား များအရ လူအစုလိုက် အပြုံလိုက် တစ်ကမ္ဘာလုံး ပြန့်နှံ့နိုင်ခြေ နည်းပါးနေ ပေမယ့် လည်း သတိထား ရမယ့် အနေအထားပဲ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ကကြေငြာ ထားပါတယ်။
ပိုးကူးစက် ခံရတဲ့ သူတွေ တစ်နှစ်ထက် တစ်နှစ် များလာတာ အထူးသဖြင့် ထပ်ဆင့် ကူးစက်ခံ ရသူတွေနဲ့ ခရီးသွားခြင်းမှ တခြား နိုင်ငံတွေကို သယ်ယူ ကူးစက် သွားနိုင်တဲ့ အနေအထား တွေရယ်ကြောင့် WHO ကရောဂါ အန္တရာယ် ဆန်းစစ်ချက် (Risk Assessment) တွေကို ပြောင်းလဲ တိုးမြှင့်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ လူထုထဲမှာ ရောဂါပိုး ရှိပြီး ရောဂါ လက္ခဏာ မပြဘဲ ပိုးသယ်ဆောင်သူ တွေများ ရှိလေမလား၊ ရောဂါပိုးကို ဘယ် ရွေ့ ဘယ်မျှ သယ်ဆောင် ထားနိုင် သလဲ၊ SARS လိုရောဂါပိုး သယ်ဆောင်တဲ့ ကြားခံ တိရစ္ဆာန် တွေများ ရှိမလား စတဲ့ ရောဂါ ကူးစက် ပျံ့နှံ့ပုံ နဲ့ ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေရဲ့ အဖြေကတော့ အခုအချိန် အထိ မသေချာ၊ မရေရာ သေးပါဘူး။
ဆော်ဒီနိုင်ငံ Riyadh University မှ Ziad Memish နဲ့အဖွဲ့ရဲ့ လေ့လာမှု အရတော့ ဗိုင်းရပ်စ်ပိုးက ၂၀၀၇နဲ့ ၂၀၁၂ကြားမှာ စတင် ပေါက်ဖွားလာ ဖွယ်ရှိပြီး တိရစ္ဆာန်များ မှတဆင့် ကူးစက်တာ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဆော်ဒီမှာ ပထမဆုံး လူနာ မတွေ့ရှိခင် တစ်နှစ်လောက် က တည်းက မသိရှိရ သေးတဲ့ တစ်နေရာ ကနေ ပျံ့နှံ့နေဖွယ် ရှိတယ် လို့လည်း ဆိုပါတယ်။ ကနဦး သုတေသန တွေအရ MERS-CoV က လင်းနို့ တွေမှာ တွေ့ရတဲ့ ဗိုင်းရပ်စ် တစ်မျိုးကနေ ဆင်းသက် လာတယ်လို့ ၂၀၁၂ ခုနှစ်မှာ Ron Fouchier ကထင်ကြေး ပေးခဲ့ပြီး New York Columbia University မှ Ian Lipkin ရဲ့လေ့လာ မှုအရ လင်းနို့တွေက ထုတ်ယူ ရရှိတဲ့ ဗိုင်းရပ်စ်နဲ့ လူနာ တွေဆီက ရယူထားတဲ့ ဗိုင်းရပ်စ်တွေ မျိုးဗီဇချင်း ဆင်တူတာ တွေ့ရှိခဲ့ ရပါတယ်။
၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်း လောက်ကစပြီး ယနေ့အထိ လေ့လာ တွေ့ရှိချက် တွေအရ လူသားတွေက ဗိုင်းရပ်စ်ပိုးကို သစ်ကုလားအုတ် တွေဆီ ကနေ ကူးစက်တာ ဖြစ်တယ်လို့ ယူဆနိုင်တဲ့ အချက်အလက်တွေ အများကြီး တွေ့ရှိထား ကြပါပြီ။ သစ်ကုလားအုတ် တွေရဲ့ သွေးထဲမှာ ဗိုင်း ရပ်စ် ပိုးကို တိုက်တဲ့ ပဋိပစ္စည်းတွေ (antibodies) တွေ့ရှိခဲ့ ကြတာ ကြောင့်ပါ။ ဒါပေမယ့် သစ်ကုလား အုတ် တွေမှာတော့ ဘာရောဂါ လက္ခ ဏာမှ မပြပါဘူး။ သုတေသန ရလဒ်တွေကို ကောက်ချက် ချလိုက်မယ် ဆိုရင် ဗိုင်းရပ်စ်ပိုးရဲ့ ပင်မ အရင်းအမြစ်က လင်းနို့တွေ ဖြစ်ပြီး သစ်ကု လားအုတ် တွေကတော့ လူတွေကို ကူးစက်နိုင်တဲ့ အနေအထား ရှိတဲ့ ကြားခံ သတ္တဝါ ဖြစ်နိုင် ပါတယ်။ MERS-CoV ဗိုင်းရပ်စ်ပိုးနဲ့ မျိုးနွယ်တူ SARS ဗိုင်းရပ်စ်ပိုး ကလည်း ကြက်၊ ဝက်၊ ငန်းစတဲ့ တိရစ္ဆာန်များ မှတဆင့် လူကို ကူးစက်တာ ဖြစ်လို့ ဒါဟာ Coronavirus တွေရဲ့ သင်္ကေတ လက္ခ ဏာ တစ်ခုပါ။
MERS ရောဂါကို PCR နည်းနဲ့ ရှာဖွေ သိရှိနိုင် ပေမယ့် စစ်ဆေးမှု တွေကိုတော့ နေရာတကာမှာ မလုပ်နိုင် သေးပါဘူး။ အမြန်နည်း နဲ့စစ်တဲ့ test kit တွေ ဈေးကွက်မှာ အနည်းအကျဉ်း ရှိနေပေမယ့် FDA ကထောက်ခံချက် ရရှိထားတာ တွေတော့ မဟုတ်ပါဘူး။ ကာကွယ် ဆေးလည်း မရှိသေး ပါဘူး။ ရောဂါအတွက် သတ်သတ်မှတ်မှတ် ဆေးဝါး မရှိသေး တဲ့အတွက် ရောဂါ ဖြစ်လာခဲ့ရင် ရောဂါ လက္ခဏာ သက်သာအောင် (symptomatic treatment) နဲ့လူနာ အသက်ရှင်အောင် ထောက်ကူ ကုသပေးတဲ့ နည်းလမ်း (supportive treatment) တွေနဲ့ပဲ ကုသရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး မရှိသေး ပေမယ့် SARS ကဲ့သို့ အခွံ အမြှေးပါး ရှိတဲ့ ဗိုင်းရပ်စ် ဖြစ်တာမို့ ပိုးထိတွေ့ နိုင်ခြေရှိတဲ့ မျက်နှာပြင် မှန်သမျှကို ဆပ်ပြာဖြင့် စင်ကြယ်အောင် သေချာ ဆေးကြောခြင်း၊ ပိုးသတ် ဆေးရည် များဖြင့် သုတ်လိမ်း ဆေးကြောခြင်း စတဲ့ ရောဂါ ကာ ကွယ်ရန် နည်းလမ်း များကို လွယ်ကူစွာ ပြုလုပ်နိုင် ပါတယ်။ နှာချေ၊ ချောင်းဆိုး တဲ့အခါ လက်ကိုင်ပဝါ၊ တစ်ရှူးစ စတာတွေနဲ့ အုပ်ပြီး အမှိုက် ကို သေချာ စွန့်ပစ် ဖို့ကလည်း အရေးကြီး လှပါတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ် စတာတွေကို မသန့်ရှင်း တဲ့လက်နဲ့ မထိမကိုင် သင့်ပါဘူး။ ဖျား နာနေ သူတွေနဲ့လည်း နမ်းရှုံ့ခြင်း၊ နီးကပ်စွာ လက်ပွန်း တတီးနေခြင်း၊ ခွက်၊ ပန်းကန် အတူတူ စားသောက်ခြင်း များကိုလည်း ရှောင်ကြဉ် ရမှာ ဖြစ်ပါတယ်။ လက်နဲ့ အထိအတွေ့ များတဲ့ ထိုင်ခုံ၊ တံခါးလက်ကိုင် စတာတွေ ကိုလည်း ပိုးသတ် ဆေးရည်နဲ့ ဆေးကြော ပေးခြင်းဖြင့် လည်း ရောဂါပိုး ကူးစက်နှုန်းကို လျှော့ချပေး နိုင်ပါတယ်။
လက်ရှိ အခြေအနေ အရ အာရေဗျ ကျွန်းဆွယ် ဒေသတွေကို ခရီးသွား လာခြင်းကို မကန့်သတ် ထားပေ မယ့်လည်း အဲဒီဒေသ တွေမှ ပြန် လာပြီး ၁၄ ရက်အတွင်း နှာစေး၊ ချောင်းဆိုးစတဲ့ အသက်ရှု လမ်းကြောင်း ရောဂါ လက္ခဏာတွေ ပေါ်လာတာနဲ့ နီးစပ်ရာ ကျန်းမာရေး ဌာန ကို အမြန် ဆက်သွယ်ပြီး သတင်းပေး ခြင်းဖြင့်လည်း မိမိမှ တဆင့် ရောဂါ မပြန့်ပွားအောင် ကူညီ ဆောင်ရွက် နိုင်ပါတယ်။ မေလ ၂ ရက်နေ့ ကစပြီးတော့ WHO နဲ့နိုင်ငံတကာ အစိုးရတို့ သတင်း ထုတ်ပြန်နိုင်ဖို့ Corona Map ကိုထုတ်ပြန် ကြေငြာခဲ့ပြီး MERS ရောဂါ ဖြစ်ပွား ပြန့်နှံ့မှု တွေကို ကမ္ဘာ့ မြေပုံပေါ်မှာ အချိန်နဲ့ တပြေးညီ သိရှိနိုင် စေမှာ ဖြစ်ပါတယ်။ ယနေ့ခေတ် ကူးသန်း သွားလာရေးစနစ် အလွန် ကောင်းမွန်တဲ့ ကမ္ဘာ့ရွာ ကြီးမှာ ရောဂါ ကူးစက်ဖို့ အလွန် လွယ်ကူ တာကြောင့် နိုင်ငံအသီးသီး ကလည်း ဒေသတွင်း ရောဂါ ကူးစက်မှု အနေအထားကို လိုက်ပြီး နိုင်ငံ ဝင်ပေါက်တွေမှာ ရော ဂါရှာဖွေ စစ်ဆေးမှု တွေကို အဆင့်ဆင့် ပြုလုပ်သွား မှာလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်း မှာလည်း ရောဂါပိုးရဲ့ သဘာဝကို လေ့လာခြင်းနဲ့ ကာကွယ်ဆေး ထုတ်လုပ်ဖို့ သုတေသန လုပ်ငန်း တွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင် နေကြပြီ ဖြစ်ပါ တယ်။
Images from gannett, dreamstime, huffpost, news, utahpeoplespost, nbcnews, guim, news.bbc, alarabiya, hottytoddy. Source: CDC MERS FAQs, WHO Risk Assessment
, coronamap.com.

0 comments:
Post a Comment