Saturday, May 3, 2014

Myanmar Youth Media Club 02 May 2014 04

MYMC - MYMHOT



Posted: 02 May 2014 04:55 AM PDT
E-Cigaretteအမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့ကြီး (US FDA)က e-cigarette တွေကို ထိန်းချုပ်မယ့် ပထမဦးဆုံး ပြည်ထောင်စုအဆင့် စည်းမျဉ်း တစ်ခုကို ကြာသပတေးနေ့က ထုတ်ပြန် လိုက်ပါတယ်။
ခုနှစ်ပိုင်း မြန်မာပြည်မှာ အနုပညာရှင် ပေါင်းများစွာနဲ့ ကြော်ငြာအား ကောင်းကောင်းနဲ့ အရှိန် အဟုန်နဲ့ ဝင်ရောက်လာတဲ့ vaping လို့ခေါ်တဲ့ e-cigarette သောက်သုံးခြင်း တွေ့ရှိလာ ရပါပြီ။ FDA ကထုတ် လိုက်တဲ့ ဥပဒေမှာ အသက် ၁၈ နှစ်အောက် လူငယ်များအား ဒီကိရိယာကို မရောင်းချဖို့နဲ့ ဆေးရည်တွေ ပါဝင် ပစ္စည်းတွေ အားလုံးကို FDA မှ ခွင့်ပြုချက် ရယူဖို့ အချက်တွေ ပါဝင်ပါတယ်။ လက်ရှိ လျာထားတဲ့ ဒီစည်းမျဉ်း တွေက တွေ့နေကျ စီးကရက် တွေကို ထိန်းချုပ်တဲ့ စည်းမျဉ်း တွေလောက် မတင်းကျပ်ပါဘူး။ ဥပမာ ပြရရင် ကြော်ငြာတာ၊ အင်တာနက်မှာ ရောင်းချတာ တွေကို ပိတ်ပင်မှာ မဟုတ်သလို ဝေဖန်သူတွေ ထောက်ပြ လေ့ရှိကြတဲ့ လူငယ်တွေကို ဆွဲဆောင်တဲ့ အနံ့ အရသာတွေ အသုံး ပြုခြင်း ကိုလည်း တားမြစ် မထားပါဘူး။



စားသုံးသူ အုပ်စုတွေရဲ့ အောင်မြင် မှုလို့ပဲ ပြောရမလားပဲ၊ e-cigarette ထုတ်လုပ်သူတွေက သူတို့ ကိရိယာမှာ အသုံးပြုမယ့် ဓာတုပစ္စည်း တွေကို ဖော်ပြဖို့ လိုအပ်မှာ ဖြစ်ပြီး အခမဲ့ လက်ဆောင် ဖြန့်ဝေခြင်း ကိုလည်း တားမြစ် ထားပါတယ်။ ကျန်းမာရေး သတိပေးချက် စာများမှာ e-cigarette မှာ ပါဝင်တဲ့ နီကိုတင်း ဓာတ်က (ဆေးလိပ်၊ အရက်စွဲ သလို) စွဲလမ်းစေ တယ်လို့ ဖော်ပြပေး ရမှာလည်း ဖြစ်ပါတယ်။ ဓာတ်ခဲအားနဲ့ အလုပ်လုပ်တဲ့ ဒီကိရိယာက နီကိုတင်း ပါဝင်တဲ့ အရည်ကို အငွေ့ အဖြစ် ပြောင်းပေး တာဖြစ်ပြီး ဆေးလိပ် အစားထိုး အဖြစ် အရှိန်အဟုန်နဲ့ လူသိများ လာတာ ဖြစ်ပါတယ်။ ဒီနှစ် တစ်နှစ် တည်းမှာပဲ ရောင်းရငွေ နှစ်ဘီလျံလောက် ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ အမေရိကန်ရဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး ဈေးကွက်က တစ်ရာ ဘီလျံ ရှိပါတယ်။ Vapor လို့လည်း ခေါ်တဲ့ ဒီကိရိယာက သုံးစွဲသူ အသစ် တွေကို ဆွဲဆောင်နေ တာလား၊ စီးကရက် သောက်သုံးသူ တွေကို စီးကရက် မသောက်ဘဲ လမ်းလွှဲ ပေးတာလား၊ ကလေး သူငယ် တွေကို နီကိုတင်း စွဲလမ်းမှုဖြစ် စေဖို့ ညှို့ဖမ်းတာလား ဆိုတာကို ပြင်းပြင်းထန်ထန် ငြင်းခုံနေတဲ့ ကြားက ရင်းနှီး မြှုပ်နှံသူ တွေရဲ့ စိတ်ဝင်စား မှုကို အရယူ နိုင်ခဲ့တာပါ။

E-Cigarette

လျာထားတဲ့ စည်းမျဉ်းတွေက လတ်တလော အစမှာတော့ အများ ထင်ထား သလောက် တင်းကျပ်မှု မရှိပါဘူး။ Morgan Stanley မှဆေးလိပ်၊ ဆေးရွက် ဆန်းစစ်သူ David Adelman ကစည်းမျဉ်း တွေက ပေါ့လျော့ လွန်းပြီး  လုပ်ငန်းရဲ့ တိုးပွားနှုန်းကို မထိခိုက် စေနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အနာဂတ် တစ်ချိန်မှာ နောက်ထပ် အရေးယူ မှုတွေ ရှိလာခဲ့ ရင်တော့ ဒီလုပ်ငန်းကို ကန့်သတ်လာ နိုင်တယ် လို့လည်း ထပ်လောင်း ပြောသွား ပါသေးတယ်။ ထိပ်တန်း e-cigarette လုပ်ငန်း တစ်ခု ဖြစ်တဲ့ Lorillard က FDA ရဲ့စည်းမျဉ်း တွေကို အားပေး ကြိုဆို လိုက်ပြီး သင့်လျော် တယ်လို့လည်း ဆိုပါတယ်။ Lorillard ကဒီ စည်းမျဉ်းတွေ အကောင်အထည် ဖော်သုံးသပ်တဲ့ လုပ်ငန်းစဉ်ကို လာမယ့် လတွေမှာ စတင်တဲ့ အခါ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ မျှော်လင့် ပါတယ်လို့ ဆိုပါတယ်။ FDA ကစည်းမျဉ်း တွေနဲ့ ပတ်သက်ပြီး သိပ္ပံ နည်းကျ ချဉ်းကပ်မှု ပြုလုပ်နေတာ တွေ့ရပြီး e-cigarette ကိုပုံမှန် စီးကရက် တွေနဲ့ တစ်တန်းတည်း မထားပဲ ခွဲခြားထား တာကြောင့်လည်း FDA ကို ချီးကျူးပါ တယ်လို့ Lorillard ရဲ့အမှု ဆောင်ချုပ် Murray Kessler ကထုတ်ပြန် ချက်ထဲမှာ ဖော်ပြ ပါရှိ ပါတယ်။

E-Cigarette

ကနဦး စည်းမျဉ်း တွေက e-cigarette လုပ်ငန်းရှင်တွေ၊ တစ်နေ့တခြား များပြားလာတဲ့ e-cigarette အသုံးပြုသူ တွေအတွက် သတင်းကောင်း ဖြစ်နေပေမယ့် e-cigarette ကိုနီကိုတင်း စွဲလမ်းမှု ဖြစ်စေတယ်၊ ဆေးလိပ် သောက်သူ အသစ်တွေ တိုးလာ နိုင်စေ တယ်လို့ ခံယူထား ကြတဲ့ ဆေးလိပ်၊ ဆေးရွက် လုပ်ငန်း ဝေဖန်သူ တွေကတော့ အားမလို အားမရ ဖြစ်နေ ပါတယ်။ The University of California, San Francisco, The Center for Tobacco Control Research and Education မှအကြီး အကဲ Stanton Glantz က "FDA ရဲ့ စည်းမျဉ်း လျာထားချက်က e-cigarette ကိုလူငယ် ဈေးကွက်ကို ပြင်းပြင်းထန်ထန် ထိုးဖောက် နေကြတဲ့ အနောက်တိုင်း ဈေးကွက် ချဲ့ထွင်သူ တွေကို ထိန်းချုပ်ဖို့ ဘာမှ အထောက်အကူ မဖြစ်စေဘူး။" လို့ဆိုပါတယ်။ FDA ရဲ့ဒီစည်းမျဉ်း အသစ်မှာ ဆေးတံဆေး၊ နီကိုတင်း အနှစ်၊ water-pipe tobacco (shisha, hookah) လို့ခေါ်တဲ့ ပိုက်နဲ့ ရှူရတဲ့ ဆေးနဲ့ ဆေးပေါ့လိပ် တွေပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဆေးပေါ့လိပ်ကို ထိန်းချုပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ FDA အရာရှိ များက လူထု အမြင်ကို စောင့်မှာဖြစ်ပြီး အနံ့ အရသာ တွေကို အသုံးပြုပြီး ကလေး သူငယ်တွေကို ဦးတည်တာ တွေကိုပဲ ထိန်း ချုပ် သွားဖို့ပါ။

E-Cigarette

E-cigarette တွေက ပုံမှန် စီးကရက် တွေထက် အခွန် သက်သာပြီး ဈေးလည်း သက်သာ ပါတယ်။ ဒီစည်းမျဉ်း အသစ်အရ FDA ကထုတ်လုပ် သူတွေကို e-cigarette ကပုံမှန် စီးကရက် တွေထက် အန္တရာယ် ပိုကင်းတယ်လို့ ပြောဆိုနေ ကြတာနဲ့ ပတ်သက်ပြီး ထုတ်လုပ် သူတွေက လျော်ညီတဲ့ သိပ္ပံနည်းကျ သက်သေ အထောက် အထားတွေ ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ FDA ကဒီစည်း မျဉ်းတွေ အတည် မဖြစ်ခင် လူထု အမြင်နဲ့ မှတ်ချက် တွေကို ရယူဖို့ ၇၅ ရက်ကာလ သတ်မှတ် စီစဉ်ထား ပါတယ်။ စည်းမျဉ်း တွေထဲက တချို့ အချက် တွေအရ ကျန်းမာရေး အတွက် အကျိုး ရှိတယ် ဆိုတဲ့ သက်သေ သာဓက တွေပြဖို့ လိုအပ်မှာ ဖြစ်ပြီး ဒီကာလ ကျော်ရင် စည်းမျဉ်း တွေကို အတည်ပြုမှာ ဖြစ်ပါတယ်။ တခြား အချက်တွေ အတည် ဖြစ်ဖို့တော့ နှစ်နှစ် စောင့်ကြည့်မှာ ဖြစ်ပါတယ်။ E-cigarette ထုတ်လုပ်သူ တွေက လက်ရှိ ထုတ်ကုန် တွေကို ဈေးကွက်ထဲမှာ ဆက်ထားဖို့ FDA မှာ နှစ်နှစ်အတွင်း လျှောက်ထား ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာ တွေကို ဆေးလိပ်၊ ဆေးရွက် ထုတ်ကုန် တွေလိုပဲ သုံးသပ် စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းစဉ် တွေက ဈေးကွက်ထဲကို ဘယ်ပစ္စည်းတော့ ပေးသွင်းမယ်၊ ဘယ်ပစ္စည်းတော့ ဆက်လက် ရှိနေစေမယ် ဆိုတာကို FDA က ထိန်းချုပ်ခွင့် ရရှိလာ နိုင်စေမှာပါ။ E-cigarette ထုတ်လုပ်သူ တွေကတော့ နှေးကွေးတဲ့ စစ်ဆေး သုံးသပ်တဲ့ လုပ်ငန်းစဉ် တွေကြောင့် တီထွင် ဆန်းသစ် မှုတွေ နှောင့်နှေးသွား မှာကို အဓိက စိုးရိမ်နေ ကြပါတယ်။

E-Cigarette

E-cigarette တွေအမေ ရိကန်မှာ ၂၀၀၇ ခုနှစ် ခန့်က စတင် အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။ ဒီကိရိယာကို တရုတ် နိုင်ငံက ဆေးဝါးပညာရှင် Hon Lik က ၂၀၀၃ ခုနှစ်မှာ တီထွင်ခဲ့ တာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ မူပိုင်ခွင့် ရရှိထား တာပါ။ ပထမဆုံး ဆေးလိပ် အစားထိုး ကိရိယာကို ၁၉၆၃ ခုနှစ်မှာ Herbert A. Gilbert ကတီထွင်ကာ မူပိုင် ရရှိခဲ့ ပေမယ့် ဈေးကွက်ထဲထိ မတိုးဝင် နိုင်ခဲ့ပါဘူး။ ဒီကိရိယာက နီကိုတင်း အရည်ကို အငွေ့ ဖြစ်သွားအောင် ပွဲလမ်း သဘင် တွေမှာ အခိုးအငွေ့ လွှတ်ပေးတဲ့ propylene glycol ဆိုတဲ့ ဓာတု ပစ္စည်း ရည်ထဲမှာ ပျော်ဝင်စေပြီး အရောင်၊ အနံ့၊ အရသာတွေ ရောစပ်ထားတဲ့ အရည်နဲ့ ပေါင်းစပ်ပြီး ဆေးလိပ် သောက်သလို ဖွာနိုင်၊ ရှူနိုင်ပါတယ်။ ပုံမှန် ဆေးလိပ် သောက်ရင် ရှူသွင်းမိတဲ့ အငွေ့ထဲမှာ စွဲလမ်းစေတဲ့ နီကိုတင်းဓာတ်၊ ကတ္တရာဓာတ်၊ ကင်ဆာကို ဖြစ်စေတဲ့ ကာဗွန်ဓာတ်၊ အဆိပ်အတောက် ဖြစ်စေတဲ့ ကာဗွန် မိုနောက်ဆိုဒ် ဓာတ်ငွေ့ စတာတွေ ပါဝင်ပါတယ်။ E-cigarette မှာတော့ စွဲလမ်းမှုကို ဖြစ်စေနိုင်တဲ့ နီကိုတင်းဓာတ် တစ်မျိုး သာပါဝင်ပြီး ကင်ဆာ၊ အဆုတ်ပွ ရောဂါ စတာတွေကို ဖြစ်စေနိုင်တဲ့ အခြား ဓာတ်ပစ္စည်းတွေ မပါဝင်လို့ vaping လို့ခေါ်တဲ့ e-cigarette ကိုသုံးစွဲခြင်းက ဆေးလိပ် သောက်ခြင်းကို အစားထိုး နိုင်ပြီး ဘာအန္တရာယ်မှ မရှိဘူးလို့ ထုတ်လုပ် ရောင်းချသူ တွေက ဆိုပါတယ်။

E-Cigarette

E-cigarette ကိုဆေးလိပ် ဖြတ်လိုသူ တွေအတွက် ဆေးလိပ် အစားထိုး အဖြစ် သုံးနိုင်ပြီး ဆေးလိပ် ဖြတ်ရာမှာ အထောက်အကူ ဖြစ်စေ တယ်လို့ ထုတ်လုပ် ရောင်းချသူ တွေက ကြော်ငြာ နေကြပြီး ကနဦး လေ့လာမှု အသေးစား တွေမှာ ဆေးလိပ်ထက် အန္တရာယ် ကင်းပြီး ဆေး လိပ် ဖြတ်ရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ တွေ့ရှိခဲ့ ကြပေမယ့် ဒီလေ့လာမှုတွေ အားလုံးမှာ ဆေးလိပ် ဖြတ်နှုန်းကို တိုင်းတာ ကြည့်ရှု တဲ့ နည်းလမ်း တွေက တိကျ သေချာမှု မရှိဘဲ လေ့လာမှု ရလဒ်တွေမှာ မမျှတ မှုတွေ၊ ဘက်လိုက်မှုတွေ ရှိနိုင်တာကို တွေ့ရှိခဲ့ ရပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ နယူးဇီလန်မှာ နှစ်နှစ်ကြာ အခိုင်အမာ ပြုလုပ်ခဲ့တဲ့  လေ့လာမှု ကြီးမှာတော့ ဆေးလိပ် ဖြတ်လိုသူ ၆၅၀ ကျော်ကို လေ့လာခဲ့ ပါတယ်။ နီကိုတင်း ပါဝင်တဲ့ e-cigarette၊ နီကိုတင်း မပါဝင်တဲ့ e-cigarette၊ နီကိုတင်း ကပ်ခွာတို့ကို နှိုင်းယှဉ်ရာမှာ e-cigarette သုံးပြီး ဆေးလိပ် ဖြတ်နှုန်းက လက်ရှိ အသုံးပြု နေတဲ့ နီကိုတင်း ကပ်ခွာနဲ့ ထူးပြီး မကွာခြား တာကို တွေ့ရှိ ရပါတယ်။

E-Cigarette

E-cigarette ကဆေးလိပ် ဖြတ်ရာမှာ အထောက်အကူ ဖြစ်စေတယ် ဆိုတာ လက်ရှိ လေ့လာမှုများ အရ အခိုင်အမာ ကောက်ချက်ချလို့ မရသေး တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ E-cigarette မှာစွဲလမ်း စေတဲ့ နီကိုတင်း၊ အငွေ့ဓာတ်ကို ဖြစ်စေတဲ့ propylene glycol တို့အပြင် စားသုံးလို့ ရတဲ့ အရောင်၊ အနံ့၊ အရသာ စတာတွေ ပါဝင်ပြီး FDA ကယခု စည်းမျဉ်း တင်ပြချိန် အထိ သုံးစွဲခွင့်၊ ထုတ်လုပ်ခွင့်၊ ဖြန့်ဖြူး ရောင်းချခွင့် တွေမှာ ဘယ်လို ထိန်းချုပ် ကွပ်ကဲမှုမှ မရှိသေး ပါဘူး။ ၂၀၀၉ ခုနှစ်က FDA  ကပြုလုပ် ခဲ့တဲ့ ကနဦး စစ်ဆေးမှု တွေအရ e-cigarette တွေမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ tobacco-specific nitrosamine ဓာတ်က နီကိုတင်း ပီကေ၊ ရှူဆေး တွေမှာ ပါဝင်တဲ့ ပမာဏထက် မနည်း ပါဝင်တာကို တွေ့ရှိရပါတယ်။ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ diethylene glycol ဓာတ်ကို တွေ့ရှိခဲ့တယ် ဆိုပေမယ့် နောက်ပိုင်း တခြား လေ့လာမှု တွေမှာတော့ မတွေ့ ရှိခဲ့ ကြပါဘူး။ ဆေးရွက်ကြီးမှာ ပါဝင်တဲ့ လူကို အန္တရာယ် ဖြစ်စေတဲ့ ဒြပ်နှောတွေ ပါဝင်တာ ကိုလည်း တွေ့ရှိ ရပါတယ်။

E-Cigarette

ဒီဓာတု ပစ္စည်း ပါဝင်နှုန်းက ဆေးလိပ် မီးခိုးငွေ့မှာ ပါဝင်တဲ့ နှုန်းထက် နည်းပေမယ့် ဒီဓာတု ပစ္စည်းတွေ ဘယ်လို အန္တရာယ် ဖြစ်စေတယ် ဆိုတာတော့ စနစ်တကျ လေ့လာမှုတွေ လက်ရှိ အချိန် အထိ မရှိသေး ပါဘူး။ ဒါကြောင့်လည်း FDA က e-cigarette အပါအဝင် ဆေးရွက် ထုတ်ကုန်တွေ အားလုံးကို ထိန်းချုပ်မယ့် ဒီစည်းမျဉ်းမှာ ထုတ်လုပ်သူ တွေကို e-cigarette မှာပါဝင် အသုံးပြုတဲ့ ပါဝင် ပစ္စည်းတွေ အားလုံး သိပံ္ပနည်းကျ လေ့လာ စစ်ဆေးမှုတွေ လုပ်ပြီး သက်သေပြ စေဖို့ ဖော်ပြ ပါရှိတာ ဖြစ်ပါတယ်။ e-cigarette မှာ ပါဝင်တဲ့ နီကိုတင်း ဓာတ်က စွဲလမ်းမှုကို ဖြစ်စေတာမို့ e-cigarette ကလည်း ဆေးလိပ်လို စွဲလမ်းစေတဲ့ ကိရိယာတစ်ခု ဖြစ်တယ် ဆိုတာ ကိုလည်း ကျန်းမာရေး သတိပေးချက် ထည့်သွင်း ပေးဖို့၊ ကလေး သူငယ် တွေကို အနံ့၊ အရသာနဲ့ မြှားပြီး ရောင်းချခြင်း မပြုနိုင်ဖို့၊ အလွယ်တကူ မရောင်းချနိုင်ဖို့ စတဲ့အချက် တွေကို ထည့်သွင်း ရေးဆွဲထား တာလည်း ဖြစ်ပါတယ်။ နိဂုံးချုပ် ပြောရရင် လက်ရှိ အထောက်အထား များအရ e-cigarette က ဆေးလိပ် ဖြတ်ရာမှာ အထောက်အကူ ဖြစ်စေတယ် ဆိုတဲ့ သက်သေတွေ အခိုင်အမာ မရှိသေး သလို ဆေးလိပ်လောက် အန္တရာယ် မပေးပေမယ့် e-cigarette မှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေရဲ့ အန္တရာယ်ကို မသိရှိ ရသေး တာကြောင့်ကို အန္တရာယ် ကင်းတဲ့ ဆေးလိပ် သောက်ခြင်း ရယ်လို့လည်း သတ်မှတ်လို့ မရသေး ပါကြောင်း အသိပေး တင်ပြအပ် ပါတယ်။

Images from dailymail.uk, hr.blr, telegraph, express, bloomberg, uptownmagazine, sacbee, thedrum. Source: onine.wsj.com, fda.gov, wikipedia.org, thelancet.com, webmd.com


Author

Tornado

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...