Monday, May 5, 2014

လူယုတ်မာ နဲ့ ကဗျာဆရာပေါတဲ့ ခေတ်


လက်ညိုးထိုးစရာမရှိတော့ ခေတ်ကိုပဲ ပုံချလိုက်တယ်
ဟုတ်တယ် . . . ခေတ်ကြီးဟာ မကောင်းဘူး ၊ ခေတ်ကြီးဟာဆိုးတယ်
ခေတ်ဟာ ပျက်သထက်ပျက်လာတယ် ၊ ခေတ်ဟာ စုတ်သထက်စုတ်လာတယ်
ခါးပိုက်နိုက်ကို လူအုပ်က ၀ိုင်းရိုက်တဲ့ခေတ်ဟာ ကျန်ခဲ့ပြီး

ခါးပိုက်နိုက်အုပ်က ကြားဝင်ပြောမိတဲ့ လူတစ်ယောက်ကို ၀ိုင်းရိုက်တဲ့ခေတ်ဖြစ်လာတယ်
လွတ်တော်အမတ်တွေဘက်ကို စစ်တပ်က ယိမ်းပြီး မဲခိုးပေးတဲ့ခေတ်ဟာ ကုန်သွားပြီး
လွတ်တော်အမတ်တွေက စစ်တပ်ကို တရားဝင်မဲပေးနေရတဲ့ခေတ်ရောက်လာတယ်
ရဲ နဲ့ ပြည့်တန်ဆာ နဲ့အတူအိပ်တယ် ၊
ထောင်ဝန်ထမ်းဟာ အကျဉ်းသားရဲ့ပေးစာကမ်းစာ စားတယ်
နိုင်ငံရေးသမားဆိုတာ ဗိုလ်ချုပ်ပြောသလို ဂုဏ်ယူစရာမကောင်းတော့ပဲ
မောင့်ဘက်တန်ပြောသလို ညစ်ညစ်ထေးထေးတွေပေါလာတယ်
ဒါကြောင့် ပြောတာပေါ့ ခေတ်ကိုပဲ ထိုးချလိုက်တော့မယ် . . .

ခေတ်က ဂလိုဘယ်အယောင်ဆောင်တဲ့ ဒါ လိုတယ် ဆိုတဲ့ခေတ်ဖြစ်တယ်
လက်ညိုးနဲ့ လက်မ အ၀ိုင်းဟာ အရာရာအောင်နိုင်လာတယ်
လက်ညိုးနဲ့လက်မ အ၀ိုင်းရှိရင် အိမ်တွေကို ကျူးကျော်ဆိုပြီး ဘူဒိုဇာနဲ့ထိုးလို့ရတယ်
အဲ့ဒီ အ၀ိုင်းရှိရင် သူဌေးကြီးဘ၀က လွတ်တော်အမတ်လည်းဖြစ်နိုင်တယ်
အဲ့ဒီ အ၀ိုင်းသာရှိရင် လှည်းတန်းမီးပွိုင့် အနီကိုဖြတ်မောင်းပြီး တားတဲ့ မော်တော်ပီကယ်ကိုပါးရိုက်ခွင့်ရှိတယ်
အဲ့ဒီ အ၀ိုင်းသာရှိရင် ကားမှာစတေကာကပ်ပြီး  စစ်ဆေးရေးတွေပါးစပ်ထဲ ဆင်တွေထိုးထည့်လို့ရတယ်
ခေတ်ကြီးကိုက ဒါ လိုတယ်ဆိုတဲ့ ခေတ်ဖြစ်တယ် ၊ ဆန္ဒ ရှိရင် လူပါ ကားနဲ့တိုက်နိုင်တယ် . . .

ဒီခေတ်က ကြွက်ထောင်ချောက်ခေတ်ဖြစ်တယ်
ကြွက်ထောင်ချောက်ခေတ်ဟာ တနွယ်ငင်တစင်ပါတယ်
ဆင်းရဲသားကိုထိရင် ဆင်းရဲသားတွေနာပြီး ခရိုနီကိုထိရင် အာဏာရှင်နာတယ်
ဒါဟာ ဒီခေတ်ရဲ့ နိယာမ ပဲဖြစ်တယ် အာဏာရှင်နဲ့ ဓနရှင်ဟာ ခေတ်အဆက်ဆက် ထက်
ဒီခေတ်မှာ ညီအကိုတ၀မ်းကွဲလုပ်နေကြတယ် ၊ အမှန်စင်စစ် သူတို့ဟာ စေတန်ရဲ့ သားအရင်းတွေဖြစ်ရဲ့ . . .

ခေတ်ဟာ ရယ်စရာလည်းဆန်လာတယ်
အိမ်ရှင်က အိမ်မှာနေပြီး ပါးရိုက်ခံနေရတယ် ၊ ဧည့်သည်က ဦးအောင်ခဏခဏ အော်ငိုရဲ့
ခေတ်ဟာ အဲ့လိုခေတ်ဆိုးခေတ်ပျက်ဖြစ်တယ်
ခေတ်ဟာ မျှော်လင့်ချက် အလင်းရောင်သန်းလာပြီထင်ပေမယ့် ၊ အခုထိမိုးမသောက်သေးတာဖြစ်မယ်
မဟုတ်ဘူး ၊ ခေတ်ဟာ နက်တုန်းပဲ ဖြစ်တယ် ၊ မှောင်တုန်းပဲဖြစ်တယ် ၊ မယုံရင် လဖက်ရည်ဆိုင်က နှပ်တွဲလဲနဲ့အလုပ်သမားတွေကိုကြည့်နိုင်တယ် . . .

ခေတ်ဟာ သီးခြားလည်းဆန်လာတယ်
ပြည်သူတွေထောက်ခံတဲ့ပါတီကြီးဟာ တချို့နေရာတွေမှာ ပြည်သူ့ချဉ်ဖတ်ဖြစ်လာတယ်
ခေါင်းစီးတွေ ၊ အလံတွေ ၊ ဆိုင်ကယ်သံတဗျင်းဗျင်းနဲ့ လည်ဂတုံးဝတ်တွေဟာ
ရပ်ကွက်ထဲက အော်ကြော့လန်တွေဖြစ်လာတယ် ( ဒေါပုံ စစ်တမ်း )
လူတွေမုန်းပါတယ် ဆိုတဲ့ စစ်ဝတ်စုံချွတ်ဗိုလ်ချုပ်ကြီးဟာလည်း နိုဘယ်ဆုအရိပ်သန်းတယ်
သီးခြားစီဖြစ်လာတဲ့ ခေတ်မှာ လင်ခရူစာနဲ့သူဌေးက ငါးထောင်တန်ဌက်မလေးကို ဈေးဆစ်နေလေရဲ့ . . .

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...