Thursday, May 8, 2014

အမေရိကားရောက် မြန်မာတယောက် အတွေ့အကြုံ

အမေရိကားကို စရောက်ခါစတုံးက သူငယ်ချင်းတွေက ဖြည်းဖြည်းမှ အလုပ်လုပ်ဆိုပြီး၊ အိမ်မှာနေစေတယ်။ သုံးလေးရက်လောက်ပဲ ရှိသေးတယ်။ လူက ပျင်းလာတယ်။ စာတွေချည်း ဖတ်နေပေမယ့် အားလုံးက အလုပ်သွားလုပ်ပြီး ကိုယ်တယောက်တည်း ကျန်ရစ်ခဲ့တဲ့အခါမျိုးကတော့ စိတ်ဓါတ်ကျလာတယ်။ လောကကြီးမှာ အသုံးမကျ သလိုလို ခံစားလာတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေကို ပူဆာပြီး တရုပ်တန်းက အလုပ်ရှာပေးတဲ့ဋ္ဌာနမှာ အခကြေးငွေပေး အလုပ်ရှာခိုင်းတယ်။ မကြာဘူး။ ဖုံးခေါ်လာတယ်။ ဂျမေကာ ဘက်က တရုပ်ဆိုင်မှာ သွားအလုပ်လုပ်ရမယ် တဲ့။
ကိုယ်က ရောက်ခါစ၊ ဂျမေကာ ဆိုတာ ဘယ်နေရာရှိမှန်းသိတာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် အတွေ့အကြုံပေါ့ ဆိုပြီး လုပ်ဖြစ်အောင် သွားလုပ်တယ်။
တရုပ်ဆိုင် ဆိုတော့ သိတဲ့ အတိုင်းပဲ။ မောင်းသလား မမေးနဲ့။ တနေ့ကို ဒေါ်လာ (၅၀) ရတယ်။
ဆက်တိုက်ကို တန်အောင် ခိုင်းတော့တာပဲ။ လုပ်ရတာ မတန်ဘူး ဆိုတာ သိနေပေမယ့် အိမ်မှာ နေရင် အလကားဖြစ်နေမယ့်အတူတူ နောက်ထပ်အလုပ်မရခင်စပ်ကြား၊ ဆက်လုပ်နေဖြစ်တယ်။
ဒါပေမယ့် အလုပ်မမြဲမယ့် ဇာတ်လမ်းက စလာတော့တယ်။
တကယ်တော့ ဂျမေကာ ဆိုတာ၊ လူမည်းတွေအများဆုံးနေတဲ့ရပ်ကွက်၊ ည (၉) နာရီလောက် အိမ်ပြန်တဲ့အခါ ဘတ်စ်ကားမှတ်တိုင်မှာ ရပ်စောင့်နေတယ် ဆိုရင်၊ မူးနေတဲ့ လူမည်းတွေက လူကို စေ့စေ့ကြည့်ပြီး " Fucking Chinese " ဆိုဆဲပြီး ရန်လုပ်တော့တယ်။ ပြီးရင် သောက်ထားတဲ့ ဘီယာပုလင်းကို ဓါတ်တိုင်မှာ ရိုက်ခွဲ ဆဲဆိုထွက်သွားတော့တယ်။
အင်း- သူတို့က အာရှသားမြင်သမျှ ကို တရုပ် လို့ပဲမြင်ပုံရတယ်။ ( ကိုယ်ကလည်း တရုပ်လိုလို ဝလိုလို ဖြစ်နေတော့ ပိုဆိုးတော့တာပေါ့)
ဒီမှာ ဆက်လုပ်နေရင်တော့ အသတ်ခံရဖို့များတယ် ဆိုပြီးအလုပ်ဆက် မလုပ်ဖြစ်တော့ဘူး။ အမေရိကားမှာ ပထမဆုံး အလုပ်အတွေ့အကြုံက Fucking Chinese ဆိုတဲ့ စကားလုံး နဲ့ အဆုံးသတ်သွားတယ်။
နောက်--- အမေရိကားမှာ အနေကြာမှ သိလာတော့တယ်။ သူတို့က တရုပ်တွေကို မုန်းတာလည်း မပြောနဲ့လေ။ တရုပ်တွေက အလုပ်တအားလုပ်တော့ အလုပ်ရှင်တွေက ကြိုက်တယ်။
အထူးသဖြင့် အာရှသားတွေက ကျိုးကျိုးနွံနွံ အလုပ်လုပ်ကြတာကိုး။ ရှုပ်ရှုပ်ထွေးထွေး သိတ်မရှိတော့ အလုပ်ရှင်တွေက ကြိုက်ကြပါတယ်။
ဒါကြောင့် အမေရိကန်လူမည်း တွေက သူတို့အလုပ်တွေကို လုယူသူတွေအဖြစ် သတ်မှတ်ပြီး ရန်လုပ်ကြတာကိုး။ တရုပ်ကျူးကျော်မှု ဆိုတဲ့ စကားက အလုပ်သမားဈေးကွက် နဲ့ နိုင်ငံရပ်ခြားမှာ စိုးရိမ်ထိတ်လန့်နေတာ ခုမှ မဟုတ်ပါဘူး။
တကယ်တော့ လူတွေဆိုတာ ကိုယ်ယုံကြည်ရာ အုပ်စုဖွဲ့ပြီး အဆက်အသွယ် ချိတ်ဆက်ကြတာပါ။
အမေရိကားမှာဆို - အီတလီ တွေက အိမ်မြေခြံ အရောင်းအဝယ် လုပ်ပြီး ကြီးပွားချမ်းသာကြတယ်။
ဆိုဗီယက်ပြည်ထောင်စုက ကွဲထွက်လာတဲ့ ယူကရိန်းတွေက ကားလုပ်ငန်းတွေလုပ်ကြတယ်.
အိန္ဒိယက လာတဲ့သူတွေ အများစုကတော့ ကွန်ပြူတာ ပရိုဂရမ် လုပ်ငန်းတွေမှာ အလုပ်ကောင်းကြတယ်။
မြန်မာဒုက္ခသည်တွေအတွက်တော့ ဆူရှီးလုပ်ငန်းတွေ ခေတ်ကောင်းလာတော့ မက္ကစီကို ဆီက ဝင်လာတဲ့ လူတွေလို ဘဝကို အောက်ခြေသိမ်းလုပ်ငန်းတွေ နဲ့ စ စရာ မလိုတော့ဘူး။
ပြောချင်တာက ကျနော်တို့ အမေရိကားကို ရောက်တာ ပန်းခင်းတဲ့လမ်းနဲ့စတာမဟုတ်ပါဘူး။ အလုပ်ကို မတန်မှန်းသိရက်နဲ့လုပ်ရတာတွေရှိတယ်။ တခါတလေ အလက်စကား ငါးဖမ်းလှေတွေပေါ်မှာ။ ကိုရီးယား၊ ဂျပန် စားသောက်ဆိုင်တွေမှာ ညနက်နက်တွေမှ အိမ်ပြန်ကြရတယ်။ နောက်မှ ကိုယ့်ရဲ့ ပညာရေးလုပ်ငန်းတွေကို ပြန်တည်ဆောက်ရတာကိုး။
ဆိုတော့ မင်းက ဘာလဲ လို့ မေးရင်၊ ကိုယ်က အလုပ်သမား ပဲ။ ဒီထက် မပိုပါဘူး။
အလုပ်သမားလူတန်းစား အသိဆိုတာကို ပန်းဆိုးတန်း ပလက်ဖောင်းဘေးက စာအုပ်တွေဖတ်ပြီး လာရွတ်ပြမနေစေချင်ဘူး။ ကွန်မြူနစ်စစ် မစစ် သိချင်ရင်၊ အရင်းရှင် ကမ္ဘာကို ပို့ကြည့်လိုက်၊ လက်ကြော ဘယ်လောက်တင်းသလဲ၊ လူတန်းစား အသိဘယ်လောက်ရှိလဲ ဆိုတာ ခဏလေးနဲ့ပေါ်လာလိမ့်မယ်။
ကွန်ပြူတာပရိုဂရမ်တွေ နဲ့ အလုပ်လုပ်နေတဲ့ အိန္ဒိယ အလုပ်သမားက ပန်ကန်ဆေးနေတဲ့ မက္ကစီ ကို အလုပ်သမားတွေကို သွားပြီး တကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမားထုကြီး၊ညီညွတ်ကြလော့။ အရင်းရှင်တွေကို ပုန်ကန်ကြလော့ လို့ လှုံ့ဆော်မယ် လို့ထင်ပါသလား။
အတတ်ပညာပေါ်မှာ ဘဝတွေက ခြားသွားခဲ့ကြတယ်။ ရှင်သန်မှုတွေက ခြားသွားခဲ့ကြတယ်။
ကွန်မြူနစ်စကားလုံးအရတော့ အလွှာ ပေါ့လေ။ ဒါပေမဲ့ အလွှာ မှာ ဘဝတွေ အထပ်ထပ်ခြားသွားတာကို သူတို့က သိမှ မသိပဲကိုး။
ထို့အတူပဲ မန္တလေး က အပြင်ဆေးခန်းတွေမှာ မန်နေဂျာ ရာထူးနဲ့ အလုပ်လုပ်နေသူတချို့က အဲ့ဒီဆေးရုံမှာ သူနာပြုဆရာမလေးတွေ (၇) ရက်လုံးလုံး အလုပ်လုပ်နေကြတာကို တွေ့ရတယ်။ အလုပ်သမားကြွေးကြော်သံတွေဖြစ်တဲ့ (၈) နာရီနား၊ (၈) နာရီပျော်၊ (၈) နာရီ လုပ် ဆိုတဲ့ ကြွေးကြော်သံကိုလည်း သိတယ်။
ဒါပေမဲ့ သူက အဲ့ဒီသူနာပြုဆရာမလေးတွေကို သွားပြီး အလုပ်ရှင်ကို ပုန်ကန်ကြတော့ ဒီအလုပ်ရှင်ဟာ နင်တို့ကို မတရားသွေးစုတ်နေတာတွေ --- ဆိုတဲ့ အကြံပေးမှုတွေကို လုပ်မယ် ထင်ပါသလား။ မလုပ်ပါဘူး။
သူနာပြုဆရာမလေးတွေ ဘာကြောင့် အလုပ် (၇) ရက်လုံး လုပ်နေကြရတာလဲ ဆိုတဲ့ အကြောင်းရင်းလည်း ရှိနိုင်သလို၊ မန်နေဂျာ ဆိုတဲ့လူကလည်း
ကိုယ့်ရဲ့ Status Quo က ပျောက်သွားမလား စတဲ့ အကြောင်းအရာတွေ နဲ့ ငြိမ်နေကြတာကိုး။
အကျိုးစီးပွားကလည်း ဆက်စပ်နေတာကိုး။ ဆိုတော့ လူတန်းစားအသိထက်၊ မြန်မာအလုပ်သမားထုကြီး ညီညွတ်ကြလော့ ဆိုတာထက်၊ ကိုယ့်ရဲ့ ဘဝကို ဘယ်သူက မြေတောင်မြှောက်ပေးတာလဲ ဆိုတာ အဓိက ကျလာတာကိုး။
လူ့ဘဝကြီးမှာ မတရားမှုတွေက အများကြီးပါ။ သွေးစုတ်တယ် ဆိုတာ အရင်းရှင် နဲ့ အလုပ်သမားကြားမှာမှ မဟုတ်ဘူး။ ကွန်မြူနစ်ကမ္ဘာမှာ ပိုတောင်ဆိုးသေးတယ်။ အလုပ်သမားလူတန်းစားအတွက်လို့ ပြောတဲ့သူတွေက အာဏာလည်းရရော ယစ်မူးလာတယ်။ ဖိနှိပ်မှုတွေ လုပ်လာတယ်။ ဒါကြောင့်လည်း ကွန်မြူနစ်နိုင်ငံတွေမှာ အလုပ်သမားထုတိုက်ပွဲတွေပေါ်ပေါက်လာပြီး အာဏာရှင်တွေ ပြိုကျခဲ့ရတာပေါ့။
သမိုင်းက သက်သေခံပြီးပြီပဲ။ ဘာကြောင့်စံနစ်တွေပြိုကွဲသလဲ ဆိုတာကို။
အကြောင်းအရာတွေကို ဆွေးနွေးတဲ့အခါ တကယ့်လက်တွေ့ဘဝထဲက လာတဲ့ အချက်အလက်တွေ၊ အတွေးအခေါ်တွေနဲ့ ဆက်စပ်ပြီး လာစေ့ချင်ပါတယ်။
အလုပ်သမားလူတန်းစားဘဝကို ကောင်းကောင်းမဖြတ်ဘူးပဲနဲ့၊ တကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမားများ ညီညွတ်ကြလော့ လို့ ကြွေးကြော်နေရင်တော့၊
ထိုင်းနယ်စပ် က အထည်ချုပ်စက်ရုံလောက်မှာဖြစ်ဖြစ် ခင်ဗျားဘဝကို စပြီး အလုပ်လုပ် လေ့လာစေချင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...