Sunday, May 4, 2014

ကျွန်တော့်ရဲ့ မျက်လှည့် ဆရာမလေး

မျက်လှည့်ပွဲတစ်ပွဲ ကြည့်ဖြစ်တယ်။
မျက်လှည့်ဆရာရဲ့ လွှစက်အောက်မှာ သေတ္တာလေး နှစ်ပိုင်းပြတ်သွားတယ်...။
ဖြတ်နေတုံးမှာလည်း လွှစက်နဲ့တိုက်လိုက်တိုင်း aသွးစွန်းနေတဲ့ သေတ္တာရဲ့ သစ်သား အပိုင်းအစလေးတွေ ကြမ်းပြင်ပေါ်ကို လွင့်ပျံကျလာတယ်...ကြောက်စရာ ထိတ်လန့်တုန်လှုပ်စရာ ပြကွက်တစ်ခုပါပဲ...။

ဘာကြောင့်လည်း ဆိုတော့ လူတစ်ကိုယ်စာသာ လှဲအိပ်နေလို့ရတဲ့ သေတ္တာလေးရဲ့ အထဲမှာ လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ကို ဒီအတိုင်း ထည့်ထားတာကိုး။
သေတ္တာရဲ့ ခေါင်းရင်းဘက် အပိုင်းမှာ အပြင်ကို မျက်နှာလေး ထွက်နေသလို ခြေရင်းပိုင်းမှာလည်း ခြေဖ၀ါးလေးနှစ်ခုလုံး အပြင်ကို ထွက်နေတယ်..။
မျက်လှည့်ဆိုပေမယ့်လည်း ရင်ထိတ်နေတတ်တာကိုက စွဲမက်စေတဲ့ အကြောင်းများလားလို့ စဉ်းစားဖြစ်ခဲ့သေးတယ်။
ဒီလိုနဲ့ မျက်လှည့်ဆရာရဲ့ ဖြတ်တောက်ခြင်းလုပ်ငန်းပြီးဆုံးတော့ ခါးလယ်က ဖြတ်ထားတဲ့ သေတ္တာကို ဟိုဘက် သည်ဘက် တွန်းရွှေ့လိုက်တယ်...
အထဲမှာတော့ ကောင်မလေးရဲ့ ခန္ဓာကိုယ် တစ်ပိုင်းစီပါနေပြီး မျက်နှာလေးကလည်း ပြုံးပြနေသလို ခြေထောက်လေးတွေကလည်း လှုပ်ရှားပြနေတယ်။
အားလုံးကြည့်နေဆဲမှာပဲ မျက်လှည့်ဆရာက လက်တစ်ဘက်ကို ခေါင်းပေါ်ကနေ ၀ိုက်ချရင်း ပရိသတ်ကို ဦးညွတ်လိုက်တယ်..။
ပြီးတော့ သေတ္တာ အပိုင်းနှစ်ပိုင်းကို ပြန်ဆက်လိုက်တယ်...။
သေတ္တာအဖုံးကို ဖွင့်လိုက်တော့ စောစောက နှစ်ပိုင်းပြတ်နေတဲ့ ကောင်မလေးက ဒီအတိုင်းလေး ပြန်ထွက်လာခဲ့တယ်..။
ပရိသတ်ရဲ့ လက်ခုပ်သံတွေကလည်း တဝေါဝေါ တဒိုင်းဒိုင်းနဲ့ပါပဲ.. မျက်လှည့်ဆရာနဲ့ ကောင်မလေးက လက်ချင်းဆုပ်ကိုင်ရင်း ပြုံးရွှင်စွာနဲ့ ပရိသတ်ကို ထပ်ပြီး ဦးညွတ်လိုက်ကြတယ်။
ကျွန်တော်ထင်ပါတယ်...
သူတို့နှစ်ဦး ဆုပ်ကိုင်ထားတဲ့ လက်ဝါးပြင်တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ခြင်း၊ ကျေနပ်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ စီးဆင်းနေကြမယ် ဆိုတာကိုပေါ့....။
============
ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် မျက်လှည့်ပြတဲ့ သေတ္တာလေးထဲကို ၀င်လိုက်ချင်ပါတယ်...၊ ပြီးတော့ ကျွန်တော်မြတ်နိုးရတဲ့ ကောင်မလေးက မျက်လှည့်ဆရာ အဖြစ်နဲ့ ကျွန်တော်ဝင်အိပ်နေတဲ့ သေတ္တာလေးကို လွှစက်နဲ့ တိုက်ဖြတ်ပေါ့...။
နာကျင်ခြင်းတွေ မပါတဲ့ သွေးစွန်းနေတဲ့ အပိုင်းအစတွေလည်း ကြမ်းပြင်ပေါ်ကို တဖွါးဖွါး ကျဆင်းပေါ့...။
ပြီးတော့ ကျွန်တော် နှစ်ပိုင်းပြတ်သွား... ကောင်မလေးက ပြုံးရွှင်စွာ ပရိသတ်ကို ဦးညွတ်... နောက်ပြီး သေတ္တာလေးကိုလည်း ပြန်မဆက်နဲ့တော့...။
ဘာကြောင့်လဲ သိလား။
သေတ္တာလေးရဲ့ ခြေရင်းပိုင်းမှာ ကျွန်တော့်အတွက် ခါးသီးမှုတွေရယ်၊ ကောင်မလေးအတွက် အဆင်မပြေမှုတွေရယ်ကို ထည့်သွင်းပြီး အဝေးကြီးကို တွန်းလွှတ်လိုက်စေချင်လို့ပါ။
အဲသလိုဖြစ်ခဲ့ရင် ကျွန်တော်က နာကျင်နေမှာ မဟုတ်သလို... သေဆုံးသွားမှာလည်း မဟုတ်ဘူးလေ....။
ဒါပေမယ့် လှည့်ကြည့်လိုက်တိုင်း ကျွန်တော့်အနားမှာ ပြုံးရွှင်နေတဲ့ ကောင်မလေးက အမြဲတမ်းရှိနေခဲ့မှာကိုးနော်။
ကျွန်တော် မျက်လှည့်ပြကွက်တစ်ခုကို စိတ်ကူးယဉ်ကြည့်မိသွားတယ်....။
ဘာကြောင့်လဲ သိလား....
ကောင်မလေး လိုချင်တာတွေကို လက်တွေ့ဘ၀မှာ ကျွန်တော် မပေးစွမ်းနိုင်လို့ပါ။
တကယ်တော့ ဖြစ်စချင်တဲ့ မျက်လှည့်ပြကွက်တွေထဲမှာ နာကျင်ရင်း သေဆုံးသွားရမယ်ဆိုရင်လည်း ကောင်မလေးကို ပရိသတ်တွေ လက်ခုပ်တီး အားပေးနေမယ်ဆိုရင် ကျွန်တော် တကယ်ကို နှစ်ပိုင်းပြတ်ပြီး သွေးသံရဲရဲနဲ့ သေဆုံးသွားရပါစေ.. ဒီပြကွက်အတွက် အကောင်းဆုံး သရုပ်ဆောင်သွားမှာပါ....။
ကောင်မလေးကို တစ်ခုပဲ တောင်းဆိုချင်ပါတယ်...
တကယ်သေဆုံးချိန် မတိုင်ခင်လေးမှာတော့ ကျွန်တော့်ရဲ့ လက်ကို ဆုပ်ကိုင်ပေးထားပါလို့လေ.... နောက်ပြီး ကျွန်တော် မျှော်လင့်နေပါတယ်... ကောင်မလေးက ဆုပ်ကိုင်ပေးထားမယ်ဆိုတာကိုပေါ့။

(ကွန်ဆူးမား)(၄-၅-၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...