Sunday, May 4, 2014

လုံးဝ မသက်ဆိုင်တော့ပါ

"ကျွန်တော့်အနေနဲ့ လာမယ့် မေလ ၂၅ ရက်နေ့မှာ မိန်းမအသစ်ယူတော့မှာ ဖြစ်ပါကြောင်း...၊ သို့ပါ၍ မည်သူမဆို ဤကြော်ငြာပါသည့်နေ့မှစ၍ ရက်ပေါင်း (၃၀)အတွင်း ကန့်ကွက်လိုက ကန့်ကွက်နိုင်ပါကြောင်း"
ပုံ/
အုတ်ကာနဗန


...............................................................
ပြီးခဲ့တဲ့ရက်တွေအတွင်း သတင်းစာတွေ၊ စာစောင်တွေမှာ အမျိုးသားတစ်ယောက်နဲ့ မင်းသမီးတစ်ယောက် လက်ထပ်ဖို့ လုပ်ခါနီး အမျိုးသမီးကြီးတစ်ယောက်က ထကန့်ကွက်တော့ အမျိုးသားဘက်က ပြန်တုန့်ပြန်၊ တစ်ခါ မင်းသမီးလေးကလည်း ဘာဖြစ်တယ်၊ ညာဖြစ်တယ်.. ကြားက၀င်ကြော်ငြာ...နဲ့ အထုပ်တွေ ဖြေပြနေကြတုန်း....။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတစ်ချို့အတွက် မျက်စိနောက်သလို ဖြစ်ချင်ဖြစ်ကြပေမယ့် တစ်ချို့အတွက်တော့ ဒါဟာ တစ်နည်းတစ်ဖုံ inspiring ဖြစ်သွားပုံရပါတယ်။ (မိန်းမနှစ်ယောက်က ကိုယ့်ကို ၀ိုင်းလုကြတယ်ဆိုတာ ကာယကံရှင်ဘက်က ၀င်ခံစားကြည့်ရင် ဘ၀င်မြင့်ချင်စရာလေ။ ဘေးလူတွေအတွက်တော့ အားကျအထင်ကြီးချင်စရာကြီးပေါ့။)
ဆိုတော့.... တစ်နေ့သောအခါ သတင်းစာထဲ အထက်ပါကြော်ငြာ ပါလာပါတယ်....။ သူလည်း သများတွေလိုပဲ အထင်ကြီးခံရ နဲတာမှတ်လို့ဆိုပြီး ထွင်လုံးထုတ်ချင်တဲ့ပုံပါပဲ။
မျှော်လင့်ထားတဲ့အတိုင်း ကြော်ငြာပါတယ်ဆိုရင်ပဲ လူတွေဟာ ရွစိရွစိ။ ဂျာနယ်တွေ စာစောင်တွေ လက်ထဲကိုင်ကြရင်း၊ ဖေ့စ်ဘွခ် နျူးစ်ဖိဒ်ကို ခဏခဏ ထုတ်ပွတ်ကြရင်း.... ဦးနဗနကြီးရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းကြီး ပေါ်တော့မဟဲ့... ဆိုပြီး အထင်တကြီး ဖြစ်ကြ။
အမျိုးသမီးတစ်ယောက်က....
"ဦးအုတ်ကာနဗနဟာ ကျွန်မလက်ရှိအသုံးပြုလျှက်ရှိသော ယောက်ျား ဖြစ်ပါကြောင်း၊ ကျွန်မဆီက ခွင့်ပြုချက်မယူဘဲ ဦးအုတ်ကာနဗနအား တစ်ဆင့်လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း ခွင့်မပြုကြောင်း..."
ဦးနဗနဘက်ကလည်း တစ်ဖန်....
"ကျွန်တော်နှင့် အထက်ပါအမျိုးသမီး လုံးဝလုံးဝ သက်ဆိုင်မှုမရှိတော့ပါကြောင်း၊ အိမ်ရှိ ဒန်အိုးဒန်ခွက်ကစ အတွင်းခံဘောင်းဘီအဆုံး ခွဲဝေခဲ့ကြပြီး ဖြစ်ပါကြောင်း..."
စသည်... စသည်... အပြန်အလှန်ကြေညာချက်တွေ၊ ပြင်ဆင်ချက်တွေ၊ ဖြည့်စွက်ချက်တွေ သတင်းစာနဲ့ အွန်လိုင်းတွေမှာ ပလူပျံသွားလေမလားဆိုပြီး ပရိသတ်ကြီးတစ်ထုလုံး အုံးအုံးကျက်ကျက် နားစွင့်ကြလို့ပေါ့..။
သို့သော် ရက်ပေါင်း (၃၀) သာ ပြည့်သွားတယ်။ ဘာသတင်းမှ မထူးလိုက်။ ဘယ်အမျိုးသမီးတစ်ယောက်တလေကမှ အရေးမလုပ်၊ စိတ်မ၀င်စား။ ဒါပေမယ့် (၃၁) ရက်မြောက်နေ့မှာတော့ ထူးခြားလာတယ်။ ကြေးမှုံသတင်းစာ နာရေးကြော်ငြာ အောက်ဆုံးနားမှာ စာတိုလေးတစ်ကြောင်း ပါလာတယ်...။
ပရိသတ်ကြီး မျှော်လင့်ထားသလို ကန့်ကွက်ကြောင်း ကြော်ငြာတော့ မဟုတ်။
ကျေးဇူးတင်လွှာ.. တဲ့။
"ကျွန်မအနေနဲ့ နားအေးပါအေး ဖြစ်ချင်နေတာ ကြာပါပြီ။ ဒီအတွက် ဒီဘဲကြီးကို လွှဲပြောင်းယူမယ့် မည်သူမဆိုအား အထူးပင် ကျေးဇူးတင်မိမည် ဖြစ်ပါကြောင်း....."
ပုံ/
မဒမ်နဗန

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...