Tuesday, May 6, 2014

“အတောင်နှစ်ဆယ်ဝတ်တဲ့ ကိုပွေလီ”

Soe Min May 6, 2014 at 1:38pm
             ကိုယ့်အသက်ကိုယ့်အရွယ်နဲ့ ဖတ်ခဲ့မိသမျှထဲမှာ “ဘယ်မဂ္ဂဇင်းကို အကြိုက်ဆုံးလဲ။” လို့ ပြန်စဉ်းစားကြည့်လိုက်တော့ သိပ်ရှည်ရှည်ဝေးဝေး တွေးနေစရာ မလိုပါဘူး။ ရှုမ၀ နဲ့ စန္ဒာ ကို အကြိုက်ဆုံးပဲ လို့ သွားတွေ့တယ်။ ကိုယ့်အဒေါ်များ၊ အဖွားများဟာ စာဖတ်သူများဖြစ်ကြပြီး သူတို့ကြိုက်သော စာအုပ်များ မဂ္ဂဇင်းများကို လစဉ်ဝယ်ပြီး စည်းကမ်းတကျ သိမ်းဆည်းထားလေ့ရှိတယ်။ ကလေးဘ၀ကတည်းက အပြင်စာတွေ အတင်းလိုက်လိုက်ဖတ်တတ်တဲ့ ကိုယ်ဟာ ကျောက်မြောင်းက အဒေါ်အိမ်ကိုရောက်တဲ့အခါ၊ မြောင်းမြက အဖွားအိမ်ကို ရောက်တဲ့အခါ၊ ကရင်ထန်းညက်အိုးတွေ့သလို ဘယ်သူနဲ့မှ စကားမပြောနိုင်ပဲ ပြီးနိုင်သမျှ ပြီးအောင် ထိုင်ထိုင်ဖတ်တာပဲ။ စာအုပ်ဆိုတာ ငှားရင် ပျောက်တတ်တာမို့ ဘယ်သူ့ကိုမှ မငှားတဲ့ သူတို့စည်းကမ်းအတိုင်း၊ အိမ်ရောက်သခိုက်မှာ အမုန်းဖတ်၊ အ၀ဖတ်၊ အများကြီး ပြီးအောင် ဖတ်ရတာပေါ့နော်။ အစပိုင်းကတော့ ကိုယ်လည်း ကိုယ့်သမီးအတိုင်းပဲ။ ကာတွန်းတွေ ပုံပြင်တွေကုန်အောင် ရှာဖတ်တာ။ နောက်ဖတ်စရာ ကုန်တော့ ရေးထားသမျှစာ ကြော်ငြာပါမကျန် ဖတ်ဖြစ်တယ်။


             စန္ဒာကို အသည်းစွဲရှာဖတ်ရတဲ့အကြောင်းကတော့ လစဉ်လစဉ် ဦးဦး ပုံပြောမယ် ဆိုတဲ့ ကလေးတွေအတွက် ကာတွန်းကလေးတွေ ပါတယ်လေ။ တစ်လခြားစီ ပါတာကတော့ ကြပ်ကလေးပုံပြင်ပေါ့။ ကိုယ်က ပေါတောတောမို့လား မသိဘူး။ အဲသည် မရယ်ရတဲ့ ကြပ်ကလေးပုံပြင်တွေကို ခိခိခိခိ နဲ့ ရယ်ပြီး အရမ်းကိုကြိုက်တာ။ လတိုင်းလတိုင်း မဂ္ဂဇင်းလာတာနဲ့ ဒီလပုံပြင်ပါသလား အတင်းလှန်တာပဲ။ ပုံပြင်မပါတဲ့လဆိုရင် ကိုပွေလီရဲ့ ကျားကျားယားယား၊ မရှပ်တေး ရဲ့ သုံးတောင်ဝတ်နယ်မြေ၊ လုံးဂျစ် ရဲ့ သားသားပြောမယ်၊ အဲ့ဒါတွေကို ဖတ်ရတာပေါ့။ ဆန်ဖွပ်တဲ့ကြပ်ဖိုးအို နဲ့ ယုန်ကလေးဖြူဒုတ်ကိုလည်း အပြင်မှာတကယ်ရှိသလိုကို မှတ်တာ။ ကိုယ့်အိုင်ကျူ အီးကျူလယ်ဗယ်က အဲသလို ပေါတောတောအဆင့်လောက်ပဲမို့လား မသိပါဘူး။ သွေးသောက်ထဲက စာပေါလောကတို့၊ သော်တာဆွေရဲ့ အဟိ တို့လောက်မှာ ပြန်ကာလှန်ကာဖတ်ပြီး ပျော်မွေ့တယ်။

             အဲသလိုဆိုတော့ ကိုယ်အကြိုက်ဆုံးစာရေးဆရာတွေကို သူများရှေ့ မပြောရဲဘူး။ ရှက်လို့။ သည်ကောင် ငပေါ အထင်ခံရမှာစိုးလို့။ ဘယ်သူတွေလဲဆိုတော့ သော်တာဆွေ၊ ကြပ်ကလေး နဲ့ အီကြာကွေးလေ။ အခုကိုယ်ကိုယ်တိုင် စာရေးဖြစ်လာတဲ့အခါကျမှပဲ သဘောပေါက်တာ အဲသည်စာရေးဆရာကြီးတွေဟာ ကလေးအတွေး ကလေးစကားကလေးတွေနဲ့ ရယ်ရွှန်းပတ်ရွှန်း ဟာသလေးတွေနှောပြီး ဘ၀အတွက် အရေးကြီးတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ပေါ့ပေါ့ပါးပါး လက်ဆင့်ကမ်းသွားကြတယ်။ အရူးစကား၊ သဘင်သည်စကား၊ ကလေးစကား၊ ဆယ်ခွန်းပြောတော့ တစ်ခွန်းမှန်လိမ့်မပေါ့ ဆိုတာမျိုး မဟုတ်ပဲ၊ ဟုတ်တိုင်းမှန်ရာများကို ထိထိမိမိ သရုပ်ဖော်သွားခဲ့ကြတယ်။ ဖတ်တုန်းကဖတ်၊ မှတ်တုန်းကမှတ်ထားခဲ့ပြီး နှစ်ပေါင်းလေးဆယ်လောက်အကြာ ဦးနှောက်တွေ အနည်ထိုင်ပြီး ဘ၀အတွေ့အကြုံကလေးတွေ အထိုက်အလျောက်ရလာတော့မှ သူတို့ရေးထားတာတွေက ရယ်စရာ ဟာသသက်သက် မဟုတ်ပဲ လူငယ်တွေကို သွန်သင်ဆုံးမထားတာပဲ လို့ သဘောပေါက်လာမိပါတယ်။ အားကျစရာ ကောင်းလိုက်တာ။ ကိုယ့်ရဲ့ ဖြုတ်ချေးမျှလောက်သော ဦးနှောက်ဟာ သည်အသက်သည်အရွယ်ရောက်ကာမှပဲ ဆရာသမားများ အရေးအသားကို နားလည်သဘောပေါက်နိုင်ရုံမျှလောက် ရင့်ကျက်လာပေတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်းမှာ ဆရာကြပ်ကလေးရဲ့ ကိုပွေလီ နဲ့ မရှပ်တေးကို အစအဆုံး ဆီးရီးဆွဲပြီး ဖတ်ချင်လာမိတယ်။ သူရေးတဲ့အတိုင်းပဲ လောကမှာ ချစ်ရေး၊ ကြိုက်ရေး၊ အိမ်ရှောင်ရေး နဲ့ ပတ်သက်လာရင် အသက်တစ်ရာမနေရပဲ အမှုတစ်ရာပွေပွေလာရလွန်းလို့ ပညာရှိ သူတော်ကောင်းများရဲ့ အမှာစကားများ မှတ်သားနာယူလိုပါဘိတော့တယ်။

            အလဲ့။ ဒါဆို သည်တစ်ခါ အချစ်အကြောင်း ရေးတော့မှာပေါ့နော်။ ရင်တွေခုန်နေပြီလား။ ဖျားဖျား။ ငါ့အကြောင်းတွေများဖွရင် ဒုက္ခပါပဲလို့ မျက်ခုံးလှုပ်တဲ့သူတွေလည်း လှုပ်ကုန်လောက်ပြီ။ အချစ်အကြောင်း ရေးရတော့မယ်ဆိုရင် ခေါင်းထဲကို အရင်ဆုံးရောက်လာတာက ကိုယ့်ထက်ငယ်သော်လည်း လေးစားသမှုနဲ့ မကြီးဟန လို့ အမြဲခေါ်တဲ့ မလေးက ဆရာမလေး ဟနစံ ရဲ့ မှတ်သားအပ်သော စတေးတပ်စ်ကလေးပါ။ “အချစ်လား။ အဲ့ဒီအကြောင်း ပြောဖို့ သာမီး ငယ်ပါသေးတယ်ရှင်။” တဲ့။ ဟုတ်ပါရဲ့နော်။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် လူတွေဟာ အချစ်အကြောင်းကိုပြောဖို့ စဉ်းစားလိုက်မယ်ဆိုရင် ကိုယ့်အသက်ဟာ ငယ်နေသေးမှာ အမှန်ပဲ။ စိန်ဗေဒါကြီးရဲ့ သီချင်းတစ်ပုဒ်ရှိတယ်လေ။ “ဒီအရွယ် တင့်တယ်ပါ့မလား။ ရည်းစားမျှော်လို့။ သရော်ကြမယ်ထင်။ ထားတော့ ထားချင်ချင်။” တဲ့။ ကလေးစာပေတွေ ဖတ်တဲ့အတန်းအစားထဲကနေ အချစ်ဝတ္ထုတွေ ရေးရမယ်ဆိုရင် များစွာသော စာရေးဆရာမကလေးတွေကို အရမ်းအားနာဖို့ ကောင်းနေလိမ့်မယ်။ သားသားလည်း အချစ်အကြောင်းရေးဖို့ အရမ်းကို ငယ်လွန်းနေပါသေးတယ်လေ။

            အချစ်ကသာ ဘယ်အသက်အရွယ်မှာမဆို ငယ်ရွယ်နုပျိုစွာ ခံစားစေနိုင်ပေမယ့်လည်း အိမ်ထောင်ရေးကျတော့ သူ့အချိန် သူ့အခါနဲ့ အရွယ်မနှောင်းမီ၊ အခါမလင့်မီဆိုတဲ့ကိစ္စတွေ ရှိလာပါတယ်။ ဒါကြောင့် အချစ်အကြောင်းရေးဖို့ အသက်မပြည့်သေးတဲ့ မောင်စံဖားကလေးဟာ အိမ်ထောင်ရေးမှာတော့ သမီးပျိုကလေးရဲ့ဖေဖေဖြစ်နေပါပြီ။ ဒါကြောင့် အိမ်ထောင်ရေးအကြောင်း ရေးမယ်ဆိုရင်တော့ ဆယ့်လေးငါးနှစ်စာ မနည်းလှသော အတွေ့အကြုံများ၊ သင်ခန်းစာများ အတန်အသင့်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ (အိမ်ထောင်ဆက်များသော ဆရာသမားများကိုတော့ မမှီဘူးပေါ့လေ) အခုရေးချင်တဲ့အကြောင်းအရာကတော့ အိမ်ထောင်ရှင်ယောင်္ကျား တစ်ယောက်အနေနဲ့ အချစ်ကို ဘယ်လိုသဘောထားမလဲ ဆိုတာပါ။ နည်းတဲ့မီးခဲကြီး မဟုတ်ပါလားနော်။ ဒါပေသိ ကိုင်မိနေပြီ။ လွှတ်ချလို့မရတော့ဘူး။

             ပထမဦးဆုံး စဉ်းစားရမယ့်အချက်ကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ဘာအတွက် ပြုတာလဲ ဆိုတာပါ။ အရင်တုန်းကတော့ မိန်းကလေးဘက်ကဆိုရင် တစ်သက်တာ အားကိုးအားထားပြုစရာ ရှာတယ်တို့၊ ယောင်္ကျားလေးဘက်ကဆိုရင် စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်အောင်လို့တို့၊ သားရှင်ဘက်ကဆို သည်အကောင် ခြေငြိမ်အောင်လို့တို့၊ သမီးရှင်ဘက်ကတော့ သမီးကညာ အခါမလင့်စေဖို့တို့၊ ကိုယ့်အကြောင်းနဲ့ကိုယ် အသီးသီး ရှိကြပါတယ်။ (သားသားတုန်းကတော့ လူပျိုကြီးလုပ်ရမှာ ကြောက်လွန်းလို့ အိမ်ထောင်ပြုမိပါတယ်) ချစ်လို့ ကြိုက်လို့၊ ချမ်းသာချင်လို့၊ ကောင်းစားစေချင်လို့၊ ခိုးစားတာလူမိသွားလို့၊ ကလေးရှိသွားလို့၊ အစရှိသဖြင့် များစွာသော အကြောင်းပြချက်တွေ ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့် အိမ်ထောင်ပြုလိုက်ပြီဆိုရင် ရည်မှန်းချက်က တစ်ခုပဲ ရှိရပါလိမ့်မယ်။ အခုအချိန်ကစလို့ ရှေ့ဆက်မယ့်ဘ၀ခရီးမှာ ငါတော့ သည်လူနဲ့အတူတူ ရှေ့ဆက်လျှောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အဲ့ဒါမပါပဲနဲ့ အိမ်ထောင်ရေးဆိုတာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ အဲ့ဒီစိတ်ဓါတ်ကလေး တည်နေသရွေ့ အိမ်ထောင်ရေးဟာ အသက်ဝင်နေပြီး အဲဒီစိတ်ဓါတ်ကလေး ပျောက်သွားတာနဲ့ အိမ်ထောင်ရေးဟာ နိဂုံးချုပ်ပါတယ်။

              သို့သော်လည်းပဲ ရာသက်ပန် ရိုးမြေကျ သေတပန် သက်တဆုံး အိုအောင်မင်းအောင် ပေါင်းသင်းနေထိုင်သွားကြတဲ့ မင်္ဂလာမောင်မယ်ဆိုတာ သည်ကနေ့ခေတ်ကြီးမှာ တော်တော်လေး ရှားပါတယ်။ ကိုယ့်အသက် ငယ်ငယ်ကလေး ရှိသေးတာလေ။ ဘာလုပ်ဖို့ စိတ်ဆင်းရဲခံရမလဲ။ ဘ၀သစ်ပြန်စဖို့ အချိန်မနှောင်းသေးပါဘူး။ တစ်ခါမှားရုံနဲ့။ အပြီးထိုင်လိုက်တော့မှာလား။ အကျိုးရယ်မှ မဟုတ်သေးပဲ။ အဲသလိုတွေ တွေးမိရင် အိမ်ထောင်ရေးဆိုတာ DNA sequence ပေါ်က Nucleotide ကလေးတွေ Transcript လုပ်ပြီး ပြန်တွဲပေးသလို A နဲ့  G နဲ့ ကိုက်သလား၊ ကိုက်ရင် တွဲပေးလိုက်။ P ဆိုရင် U နဲ့တွဲ။ မကိုက်သေးဘူးလား။ ဒီမှာရှိသေးတယ် T နောက်တစ်လုံး။ တွဲကြည့်လေ။ မကိုက်မချင်းတွဲ။ တစ်ခုခုနဲ့ တည့်သွားလိမ့်မယ်။ အဲသလိုတွေ ဖြစ်ကုန်ပါလိမ့်မယ်။

              အစစအရာရာ အနောက်တိုင်းဆန်လာတဲ့ သည်ကနေ့ခေတ်ကြီးမှာ အပျို လူပျိုဂုဏ်ဆိုတာနဲ့ တစ်လင်တစ်မယားစံနစ်ရဲ့ တန်ဖိုးတွေဟာ တနေ့တခြား မှေးမှိန်လာပါတယ်။ မှတ်သားဖူးတဲ့ ဆရာသမား အမှာစကားတစ်ခွန်းကတော့ “သည်ကိစ္စမျိုးဟာ တစ်ကနေ နှစ်ကူးရင်သာ ခက်တာ။ နှစ်ကနေ သုံးဆို သိပ်မခက်တော့ဘူး။ သုံးနောက်ပိုင်းဆို အလိုလို အော်တိုမက်တစ် ဖြစ်လာတယ်။” တဲ့။ ယဉ်ပါးလာတယ် လို့ပဲ ပြောရမှာပေါ့။ စွံတယ်ဆိုတာ လူတကာ အားကျစရာ မဟုတ်လား။ ကာတွန်း တင်အောင်နီရေးတာလေးလည်း မှတ်မိတယ်။ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ယူဖို့ဆိုတာ ရုပ်ချောဖို့မလိုဘူး။ ပညာတတ်ဖို့မလိုဘူး။ ပိုက်ဆံရှိဖို့လည်း မလိုဘူး။ ၀ါသနာပါဖို့ပဲ လိုတယ်။ အဲ ၀ါသနာပါရင် မိန်းမတင် မဟုတ်ဘူး။ ယောင်္ကျားပါ ယူလို့ရတယ်။” တဲ့။ နှစ်ယောက်စလုံးမှန်တယ်ဗျ။ ဒါပေသိ ကိုယ်တွေးမိတာက မိန်းမတွေ အများကြီးယူတယ်ဆိုတာ သူက အဲသည်မိန်းမတွေ အများကြီးနဲ့ အတူလိုက်အိပ်တာပဲရှိတာ။ မသကာ ကလေးရသွားဦးတော့ မျိုးပွားခြင်းအမှုသာလျှင် ဖြစ်တယ်။ အဲသည်မိန်းမတွေနဲ့သူ အိမ်ထောင်ပြုတာ လို့ ပြောလို့ရပါ့မလား။ သူ့ကို ဘယ်အိမ်ကမှ အိမ်ဦးနတ်လို့ ထားမှာ မဟုတ်ဘူး။ အိမ်တိုင်းမှာ သူဟာ ညအိပ်ဧည့်သည်လေ။ သူ့အနေနဲ့ ဘယ်အိမ်ထောင်ကိုမှ ပြီးပြီးမြောက်မြောက် မတည်ဆောက်နိုင်ခဲ့ဘူး။ သူ့သားသမီးကို သူ့ရဲ့တ၀က်သောမျိုးဗီဇကလွဲရင် လုံခြုံသော မိသားစုဘ၀ကို မပေးနိုင်ဘူး။ ငွေကြေးစည်းစိမ် အထိုက်အလျောက် ပေးနိုင်တယ်ပဲထား။ အချိန်ကိုတော့ မျှဝေပိုင်းခြားပြီး ပေးမှရမယ်။

               အဲသလိုတွေတွေးမိရင် သေသွားတဲ့ ကိုယ့်အဖိုး ကိုယ့်အဖေတွေကို ထိုင်လို့တောင် ရှိခိုးချင်မိတယ်။ ကိုယ်တိုင် အိမ်ထောင်သည်ဘ၀ဖြစ်လာတဲ့နောက်မှာ အပျော်အပါးဆိုတာ တော်ရုံယောင်္ကျား ကင်းခဲသားလား လို့ နားလည်ပေးနိုင်တာတောင် သူတို့ကတော့ ကင်းခဲ့တယ်။ ကိုယ့်ကျတော့ ကင်းနိုင်ပါ့မလား လို့ တွေးမိရင်တောင် “တို့မျိုးရိုးထဲ ဒါမျိုး မရှိဘူးဟဲ့” ဆိုတဲ့ အစဉ်အလာပျက်မှာစိုးလို့ မကင်းကင်းအောင် နေရတယ်။ ဒါကြောင့် ရှေးကရွာမှာ တောင်းရမ်းကြောင်းမြန်းတဲ့အခါ သူ့မိဘဘိုးဘွား ဘယ်သူလဲဟဲ့ လို့ တခုတ်တရ စောကြောကြရတာကိုး။ အရေးမပါလိုက်တာကွာ လို့ မထင်နဲ့နော်။ ကိုယ်ကိုယ်တိုင် မိအိုဘအိုနေရာရောက်လာတဲ့တစ်နေ့ ကိုယ်ချင်းစာတတ်လာလိမ့်မယ်။ သမီးရှင်တွေပဲ စိတ်ပူရတာ မထင်နဲ့။ သားရှင်ကိုယ်တိုင် ရင်ကျိုးရတာ ကိုယ်တွေ့ မြင်ဖူးတယ်။ ဖအေဆိုတာ ကိုယ့်သားကလေးကိုယ် ဘယ်လောက် မျှော်မှန်းထားသလဲ သိလား။ လောကကြီးမှာ အအောင်မြင်ဆုံး၊ အထူးချွန်ဆုံး၊ ကိုယ်ကျင့်သိက္ခာအကောင်းဆုံး လို့ ယုံကြည်မျှော်လင့်ထားတဲ့သူဟာ ကိုယ့်ဖအေအပြင် ဘယ်သူမှ မရှိဘူး။ အဲဒီယုံကြည်မှုတွေ မျှော်လင့်ချက်တွေ ပြိုလဲတဲ့အခါ တစ်ဘက်သား ချွေးမကလေးထက် သူကပိုရင်နာရတယ်။ မျက်ရည်တောက်တောက်ကျအောင်ကို နှမြောရတာ ကိုယ်ကိုယ်တိုင် အဖေနေရာရောက်တော့ သဘောပေါက်လိမ့်မယ်။ “ငါ့သားကွ။ ဘမျိုးဘိုးတူ။ စွံလိုက်လေ။” လို့ အားပေးအားမြှောက်ပြုတဲ့အဖေ မမြင်ဖူးပါဘူး။ ဘာလို့ဆိုတော့ သူကိုယ်တိုင် နှစ်ပင် သုံးပင် လိမ်ဖူးလေလေ၊ အဲသည်ဒုက္ခတွေကို ခံစားဖူးလေလေမို့ပါ။

               အဲဒီတော့ အိမ်ထောင်ပြုတာဟာ မိန်းမ နဲ့ ယောင်္ကျား အတူတကွ လက်တွဲ၍ ဘ၀ခရီးလမ်းကို လျှောက်လှမ်းရန်ဆိုတဲ့ အနှစ်သာရ လို့ သဘောပေါက်ပြီ ထင်ပါတယ်။ သို့ပါသော်လည်း အဲသည်နှစ်ဦးကြားမှာ တတိယလူ ၀င်ဝင်လာတတ်တာဟာ အထက်ကပြောဖူးသော ပွေလီမှုများရဲ့ ကနဦးအစပဲ ဖြစ်ပါတယ်။ အဲသည်တတိယလူဟာ ပုံမှန်အခြေအနေမှာ သူများလင်မယားအကြားမှာ ၀င်လာလေ့မရှိပါဘူး။ သူကိုယ်တိုင်မှာ အဆိပ်သင့်နေမှသာ သူရော၊ အိမ်ထောင်ရှင်နှစ်ဦးစလုံးရော ကိုယ်စီကိုယ်စီ အဆိပ်တွေတက်ကုန်စေပါတယ်။ အဲဒီအဆိပ်ကတော့ သူ့ကိုယ်သူ နံမယ်ပေးထားတာ အချစ်တဲ့။ ကိုယ်သဘောကတော့ အချစ်ဆိုတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူအလာနောက်ကျတဲ့အတွက် ဒီနံမယ်နဲ့ မထိုက်တန်တော့ဘူး။ ခေါ်ချင်းခေါ်ရင် အတွေ့ လို့ပဲ ခေါ်ဖို့ ကောင်းတော့တယ်။ အင်္ဂလိပ်လိုပြောတော့ “Affair” ပေါ့။ သူ့ရဲ့ပါဝင်ပတ်သက်မှုဟာ ချည်နှောင်နှင့်ပြီးသော အိမ်ထောင်တစ်ခုကို ပြိုကွဲသွားနိုင်စေလို့ပါ။ အဲသည်အိမ်ထောင်မှာ ကလေးတွေရှိနေရင် ပိုဆိုးတာပေါ့။ ဥတွေလည်းကွဲမယ်။ (သူ့ဥ နဲ့ ကိုယ့်ဥလေ) အသိုက်အမြုံလည်း ပျက်မယ်။

               ဒီအခါမှာ ကိုယ်တို့ဗုဒ္ဓဘာသာတွေ ပါးစပ်က တဖွဖွပြောသလောက် လက်တွေ့မှာ သဘောမပေါက်နိုင်သေးတဲ့ လူ့ကျင့်ဝတ်တစ်ခုကို သတိပေးချင်ပါတယ်။ အဲ့ဒါကတော့ ဒုသနသောတို့ ကာမေသုတို့ဆိုတာ နှစ်ဦးသဘောတူ ချစ်ကြည်ဖြူကြရင် အပြစ်မရှိပါဘူး လို့ တွေးကြတာပါ။ ကာမေသုမိစ္ဆာစာရ ရဲ့အဓိပ္ပါယ်ဟာ လွဲမှားစွာကာမစည်းစိမ်ခံစားတာကို ဆိုလိုပါတယ်။ ဘာတွေလွဲမှားသလဲ။ ချစ်တာ အပြစ်လား။ “Nothing’s wrong when love is right.” “အချစ်စစ်စစ်နဲ့ဆို ဘယ်ခါမှ မှားစရာမရှိဘူး။” လို့ ဆင်ခြေတွေ ပေးကြပါတယ်။ ဘာတွေလွဲမှားသလဲဆိုတော့ အိမ်ထောင်ပြုလိုက်တဲ့အခါ လင်ရော မယားရောဟာ ကာမပိုင်ကိုယ်စီ ရှိသွားပါပြီ။ အဲဒါကြောင့် ကိုယ့်ရဲ့ကာမကို ကိုယ်မပိုင်တော့ပါဘူး။ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကသာ ပိုင်ပါတယ်။ အဲဒီအခါမှာ ကိုယ်ချင်းစာစိတ်ကလေးနဲ့ပဲ တွေးကြည့်စမ်းပါ။ ကိုယ့်မိန်းမဟာ ကိုယ်နဲ့ အိမ်ထောင်ကျ သားတွေသမီးတွေရပြီးကာမှ တခြားယောင်္ကျားတစ်ယောက်ယောက်နဲ့ “မင်းနဲ့မှ ချစ်တတ်ပြီမို့။” ဆိုရင် ကိုယ့်ဘက်က သဘောတူ ကြည်ဖြူနိုင်ပါ့မလား။ ဒီလိုဆိုရင် ကိုယ်က သူ့အပြင် တပါးသောမိန်းမများနဲ့ ပျော်ပါးနေမယ်ဆိုရင်ကော သူ့စိတ်ထဲ ဘယ်လိုရှိမလဲ။ တစ်ဘ၀လုံး အတူလက်တွဲသွားမယ်ဆိုတဲ့သူကိုမှ သစ္စာမတည်ရင် သူ့တစ်သက် ဘယ်သူ့အပေါ် သစ္စာတည်မှာတုန်း။

               ဒါကြောင့် အိုင်တွေ့တိုင်း ခြေဆေးမယ်ဆိုတဲ့ အိမ်ထောင်သည်ယောင်္ကျားများဟာ ဒုသနသော လို့ခေါ်တဲ့ သူဌေးသားလေးယောက် ကျူးလွန်တဲ့အကုသိုလ် ပြစ်မှုနဲ့ အတူတူပဲ ကျူးလွန်ရာရောက်ပါတယ်။ ဒါဖြင့်ရင် ကာမပိုင်မရှိသေးတဲ့ အပျိုလေးတွေချည့်ပဲ လိုက်အုပ်တာပေါ့ လို့လည်း မစဉ်းစားပါနဲ့။ ကာမပိုင်မရှိသေးတဲ့ မိန်းမပျိုလေးတွေမှာ ခင်ပွန်းကြီးအစောင့်အရှောက် လို့ခေါ်တဲ့ ဖခင်၊ အကို၊ မောင်၊ ဦးကြီး၊ ဘဒွေး အစရှိတဲ့ အုပ်ထိမ်းသူ စောင့်ရှောက်မှုအောက်မှာဆိုရင် အတူတူပဲ ငရဲကြီးပါသတဲ့။ အိမ်ထောင်သည်ယောင်္ကျားတစ်ယောက်က သူများသားပျိုသမီးပျိုကို အတည်မယူပဲ ကျောရရုံကြံနေရင် အဲ့လိုလူစားမျိုးကို ကိုယ်တို့ အသိုင်းအ၀ိုင်းက ကောင်းချီးသြဘာ ထောပနာပြုလေ့ရှိသလား။ ကိုယ့်သားပျိုသမီးပျိုရှိတဲ့ အိမ်ထဲကို ညအိပ်ညနေ စိတ်ချလက်ချ တံခါးမရှိ ဓါးမရှိ ၀င်စေထွက်စေ ထားနိုင်ပါ့မလား။ သူနဲ့ ကိုယ့်မိန်းမ ကိုယ့်သမီးပျို ရယ်ကာမောကာ စကားပြောနေရင်တောင် စောင့်ကြည့်နေမယ့် ကိုယ့်မျက်လုံးရဲ့ အဓိပ္ပါယ်ကို ကိုယ်ဖတ်တတ်မလား။ မရှားပါဘူး။ အများကြီးကို တွေ့ခဲ့ဖူးပါတယ်။ အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင် သူ့နေရာကို ရောက်မသွားဖို့ပါပဲ။ ဘာလို့ဆိုတော့ အဲသလိုနေရာရောက်သွားဖို့ဆိုတာ အရမ်းလွယ်တာပဲ။ အထက်ကပြောခဲ့သလို ၀ါသနာပါဖို့ကလွဲလို့ ဘာမှမလိုဘူး။ ငါတော့ မဖြစ်လောက်ပါဘူးလေဆိုပြီး အမှတ်တမဲ့နဲ့ ရောက်သွားရာက တစ်တက်စားလည်း ကြက်သွန်ဇာတ်လမ်းခင်းကြတာ။

                လူတစ်ယောက်ဟာ တစ်သက်မှာ တစ်ခါသာ ချစ်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ချစ်တယ်ဆိုတဲ့စိတ်ဟာ ခန္ဓာကိုယ်ကထွက်တဲ့ ဟော်မုန်းတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အထိုက်အလျောက် ပြောင်းလဲစေနိုင်တယ် ထင်ပါရဲ့။ အအိပ် အစား၊ အာရုံ၊ ဆန္ဒ အားလုံးကို ကမောက်ကမ ကပြောင်းကပြန်ဖြစ်အောင် ပြောင်းလဲနိုင်ပါတယ်။ အချစ်စိတ်တွေ အရမ်းတက်နေရင် မွှန်နေတယ် လို့တောင် ပြောကြတယ်။ ဘာကိုမှ မမြင်နိုင်တော့ဘူးကိုး။ ခံစားချက်တွေ သိပ်ပြင်းထန်နေရင် ပတ်ဝန်းကျင် ဆွေမျိုး မိဘအသိုင်းအ၀ိုင်း မပြောနဲ့။ သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူးရှင် ဖြစ်နေတတ်ပါတယ်။ တချို့ကတော့ ဒိုင်းနမိုက်နဲ့ တင်စားသတဲ့။ ချုပ်ထိန်းလေလေ၊ ပေါက်ကွဲပွင့်အံထွက်လေလေမို့ပါ။ အိမ်ထောင်တစ်ခု တည်ဆောက်ပြီးတဲ့နောက်မှာ မမျှော်လင့်ပဲ အချစ်ဆိပ်တွေတက်လာတယ် ဆိုပါစို့။ အဲသည်စိတ်အတွက်နဲ့ လက်ရှိအိမ်ထောင်ကို ပြိုကွဲခံတော့မှာလား စဉ်းစားပါ။ သားတွေ သမီးတွေရှိရင် ပိုစဉ်းစားပါ။ ကိုယ်ရမယ့် စိတ်ဒဏ်ရာထက် သူတို့ရမယ့် စိတ်ဒဏ်ရာက ပိုပါတယ်။ ဘယ်သားသမီးကမှ ကိုယ့်ရဲ့ ဖေဖေ မေမေကို ပွေလီစိန်ကြီးအဖြစ် အထင်ကြီး အားကျနိုင်မယ် မထင်ပါဘူး။ သူ့ဘ၀တလျှောက်မှာ သူအထင်ကြီးလေးစားအတုယူမယ့် မိဘဂုဏ်ရည်ကို ဘယ်လိုအမွေထားရစ်ချင်ပါသလဲ။

                 တလောကလုံး မမြင်နိုင်အောင် မွှန်ထူနေမှတော့ အဲ့ဒါတွေ လာပြောနေလည်း အလကားပါပဲ။ အချစ်နဲ့ဝေးတဲ့ဘ၀ သေရတာကမှ ကောင်းဦးမယ် လို့ ခံစားရပါလိမ့်မယ်။ သည်အခါမျိုးဆိုရင် ကုစားစရာ အချိန်တစ်ခုပဲ ရှိပါတယ်။ တတ်နိုင်သမျှ အချိန်ကို ရွှေ့ဆိုင်းထားပါ။ အချိန်ကကုစားရင် မပျောက်တဲ့ ဒဏ်ရာဆိုတာ မရှိပါဘူး။ ကြာလာတော့ ခံစားမှုတွေ လျော့ပါးလာပါလိမ့်မယ်။ အဲသည်အခါကျမှ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာပါ။ ကိုယ်ချစ်မိတဲ့သူဆိုတာ ဘာအကြောင်းနဲ့မှ မုန်းစိတ်မ၀င်တာ ကောင်းပါတယ်။ နှစ်ဦးနှစ်ဘက် အတူဆက်လျှောက်လို့မရတဲ့ လမ်းမှာ အောင့်မေ့တသစရာ အမှတ်တရကလေးတွေကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြရမှာပေါ့။ သုံးယောက်မှာ တစ်ယောက်ကတော့ ချန်နေရစ်ခဲ့ရမှာပဲ။ မြွေမသေ တုတ်မကျိုး သုံးယောက်ပြူးကြီးဆက်နေကြရအောင် လို့ ကြိုးစားခဲ့သူ ယောင်္ကျားများစွာလည်း ရှိခဲ့ပါတယ်။ ဘင်္ဂါလီတွေဆို တစ်မိုးအောက် အယောက်နှစ်ဆယ်ကျော် မိသားစုတွေရှိတာပဲ။ ဒါပေမယ့် သမီးရည်းစားတွေက မောင်နှမပါ လို့ ညာပြောရင် ဘင်္ဂလားမောင်နှမလား လို့ ပြန်မေးတတ်တဲ့စကားကို မမေ့ပါနဲ့။ ဂိစ္ဇဂုတ်တောင်က တီထွေးကြီးလို ဘယ်သူက ဘယ်သူ့အပေါ်နင်းကျော်ဝင်ရောက်နေသလဲ မသိတဲ့ဘ၀ပါ။ အခုခေတ်မှာ အရွယ်တောင် မရောက်သေးတဲ့ ကလေးငယ်ကလေးတွေ၊ ဆင်းရဲခြို့တဲ့ရှာသူ မိန်းမပျိုကလေးတွေ လိင်မှုကိစ္စ အနိုင်အထက်ပြု ကျေးကျွန်ပြုခံကြရတာ မြင်ဖူးကြားဖူးမယ် ထင်ပါတယ်။ အင်မတန်ယုတ်မာရိုင်းစိုင်းတဲ့ လူ့တိရစ္ဆာန်တွေနဲ့ တွေ့ဆုံကြုံကြိုက်ရတဲ့ ကံကြမ္မာဟာ အတိတ်ဘ၀က ဘယ်လိုအကုသိုလ်ဆိုးတွေ ပါခဲ့ဖို့ပါလိမ့် လို့ တွေးစရာပါ။ ကာမေသုကျူးလွန်ရင် နောက်ဘ၀ အခြောက်ဖြစ်တတ်တယ်လို့တော့ မပြောလိုပါဘူး။ အခြောက်ဆိုတာ စနိုက်ကြော်မလုပ်တတ်ဘူးဟဲ့လို့ ကက်ကက်လန် ရန်တွေ့ကြမှာပေါ့။ သူတို့မှာတောင် သူတို့ဘောင် သူတို့စည်း သူတို့ကိုယ်ကျင့်တရား ရှိပါတယ်။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမယ်ဆိုတာကိုတော့ ချွင်းချက်မရှိ ယုံကြည်မိပါကြောင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...