MH 370
March 13, 2014 at 2:06am
ဒါဟာ ပုံပြင်တစ်ပုဒ် မဟုတ်ဘူး တကယ့်ဖြစ်ရပ်မှန်ကြီး
တောင်တွေး မြောက်တွေး စိတ်ကူးယဉ်နေမယ့်အစား
ဘ၀ပေါင်း၂၃၉ ခုအတွက် အမျှပေါင်း ဘယ်လောက်က ထိရောက်စေမှာမို့လဲ
ခေတ်မှီ စက်ကိရိယာတွေ သုံးတယ်
ခေတ်မှီ ဆက်သွယ်ရေး ပစ္စည်းတွေ ရှိတယ်
ခေတ်မှီ ရေဒါစနစ်တွေ တပ်ဆင်ထားပါလျက်
ခေတ်မှီတဲ့ လူမှု နေထိုင်မှု အသစ်တွေမှာ
ပိုခေတ်မှီတဲ့ မမျှော်လင့် ပျောက်ဆုံးခြင်းအကြောင်းအရာတွေလည်း ရှိခဲ့ပေါ့
ကောင်းကင်ထဲ ပျံဝဲနေတဲ့ MH 370
နောက်ဆုံး မိနစ် စက္ကန့်တွေမှာ လူတွေ ဘာဖြစ်ခဲ့လဲ
ဘယ်ဘုရားသခင်တွေကို သူတို့ တမ်းတအော်ခဲ့ကြသလဲ
သေသွားကြတာလား၊ ပျောက်ဆုံး သွားကြတာလား
အံသြထိတ်လန့် ငိုကြွေး လောင်မြိုက်ခဲ့ကြသလား
လူ့အဖြစ်က ခဏတာ Deactivate လုပ်သွားကြတာလား
သားပြန်လာဖို့ စောင့်နေတဲ့ အမေတွေ ရှိမလား
အဖေပြန်လာဖို့ စောင့်နေတဲ့ သမီးတွေ ရှိမလား
MH 370 လေထုထဲကနေ လွှင့်စင် ပေါက်ကွဲခဲ့သလား
နိုင်ငံပေါင်း ၁၄ နိုင်ငံက လူတွေ ကောင်းကင်ခရီးတစ်ခုမှာ
အစ အန ရှာမရ တိကျတဲ့ သက်သေ မတွေ့သေးဘဲ
ကမ္ဘာမြေပြင်ရဲ့ တစ်နေရာတစ်ခုမှာလား အသက်ရှင်နေကြဦးမလား
ရက်သတ္တပတ် တစ်ခု အကွာအဝေးမှာ မျှော်လင့်ချက်ဟာ ပါးလျလာခဲ့ပေါ့
ငါတို့ အိပ်မက်တွေ နတ်ဖွက်ခဲ့သလို
ညကြီး အချိန်မတော် တူတူပုန်းတမ်း ကစားခဲ့ကြသူများကို
MH 370 ကြီး ခေါ်တင်သွားခဲ့တာလား
၁၂ နှစ်သား MH 370 ဟာ ကောင်းကင်ခရီးကို ရွက်လွှင့်ထွက်ခွာလို့
ခုတော့ ပျောက်ကွယ်သွားခဲ့ပြီပေါ့
ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာတော့ အမှန်တရားကို ရှာတွေ့ပြီး
ဖြစ်ရပ်မှန် ရုပ်ရှင်ကားတစ်ကားကို
လူတွေ ဇာတ်ခင်း ရိုက်ကြလိမ့်ဦးမယ်
ငါတို့လည်း အဲဒီအချိန်
ခွေတစ်ချပ်ကို လမ်းဘေးက ၀ယ်လို့
မြန်မာစာတန်းထိုးခိုင်းပြီး မိသားစုတွေ ၀ိုင်းဝန်းထိုင်လို့ ကြည့်ကြလိမ့်ဦးမယ်
MH 370 အမှန်တရားတစ်ခု အမြန်ဆုံး တွေ့ပါစေသား။
ရင်နင့်အောင်

0 comments:
Post a Comment