"နွေရင်ထိုးနဲ့ ကောင်မလေး"
တစ်ရာသီလုံးပွင့်တာတောင်
တရှိုက်မက်မက်နမ်းရက်စရာ တစ်ပွင့်မပါခဲ့ဘူး…
မြင်သမျှ ရွက်ကြွေတွေက
နွေ….
ဖြတ်သန်းလာတဲ့
နေခြည်နဲ့လေပြည်ဟာ
နွေ…
မိုးတစ်အုပ်၊ တိမ်တစ်ဆုပ်နဲ့
ဝေးလွင့်သွားတဲ့ သူ့စကားသံဟာ
နွေ…
ညီမလေးရဲ့ တုံ့ပြန်မှုတွေ
ခြစ်ခြစ်တောက်ပြနေမှတော့
ကိုယ့်အလွမ်းတွေ ဖေါက်ပြန်တာမဆန်းကြယ်…
ညီမလေးရဲ့
တစ်ကြောင်းခြစ် ၀ါကျတွေထဲမှာ
ကိုယ့်ဝေဒနာကို အက္ခရာစဉ်ကြည့်လိုက်တော့
တနင်္လာနံတွေ စင်းစင်းသေတယ်…
မမျှော်လင့်ဘူး ညီမလေးရယ်
ကိုယ်လာရာလမ်းမှာ ညီမလေး မာနတွေ
ဓါးတစ်ရာ၊လှံတစ်ရာ ဖြန့်ကာထားလေတော့
ပိတောက်တစ်ကမ်းတောင် မလှမ်းဝံ့ခဲ့ဘူး...
၁...၂...၃...
ညီမလေး လက်ထဲ
ကိုယ့်ကံကြမ္မာတွေခုန်ချ
ဘယ်လိုရသမျိုးနဲ့ လွမ်းပြရဦးမှာလဲ...
ကိုယ့်ပြဿဒါးတွေ
သန်းခေါင်ထက်ညဉ့်နက်လေတော့
ညီမလေးချူမယ့် မနက်ခင်းထဲ
ကိုယ့်ခံစားချက်တွေ
အုတ်ရောရောရော ၊ ကျောက်ရောရော
မကြွေရက် ဘူးကွယ်…။ ။
(လင်းသက်)
10.4.2011
0 comments:
Post a Comment