ကံ
၁၈ ရာစုက အဖြစ်အပျက်လေးတစ်ခု။ အမ်စတာဒမ်မြို့မှာ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပါတယ်။ အကြီးကောင်လေးကို ပေါလ် လို့ခေါ်ပြီးတော့ အငယ်ကောင်လေးကတော့ ဂျင်မ်ဖြစ်ပါတယ်။
သူတို့တွေဟာ အလွန်ဆင်းရဲကြတဲ့အတွက် သူ့အကိုပေါလ်ဟာ အလုပ်လုပ်ဖို့အလုပ်လိုက်ရှာရာမှာ ကမ္ဘာသစ်ကို စွန့်စားသွားကြမယ့် ကုန်သည်သင်္ဘောတွေမှာ အလုပ်ရသွားပြီးတော့ သင်္ဘောလိုက်သွားပါတယ်။
ဂျင်မ်နဲ့ သူ့အမေကတော့ ဆင်းဆင်းရဲရဲနဲ့ ကြိုးစားနေထိုင်ပြီးတော့ သူ့အကို ပြန်လာမှာကို စောင့်မျှော်နေကြပါတယ်။ တစ်နှစ်လောက်ကြာတဲ့အထိ သတင်းမကြားတဲ့ အတွက် လိုက်စုံစမ်းရာမှာတော့ သူ့အကို လိုက်သွားတဲ့ သင်္ဘောဟာ မုန်တိုင်းမိပြီးတော့ သင်္ဘောမှောက်ကာ အားလုံးရေနစ်သေဆုံးသွားပြီဆိုတဲ့ သတင်းပါ။
အဲလိုနဲ့ နှစ်နဲနဲ ကြာတဲ့အခါ ဂျင်မ်ဟာ ကမ်းခြေစောင့်တပ်မှာ အလုပ်လုပ်ပါတယ်။ ကမ်းခြေနားက သင်္ဘောတွေပျက်ရင် လူတွေကို ရေကူးပြီးတော့ သွားသွားကယ်တဲ့အလုပ်ကိုလုပ်ပါတယ်။ သူ့အကိုလဲ ရေနစ်သေထားတာကို သူများတွေမဖြစ်ရလေအောင် ကြိုးစားလုပ်ကိုင်တာဖြစ်ပါတယ်။
တစ်နေ့တော့ လေတွေကြမ်းပြီး မုန်တိုင်းထန်တဲ့ ညတစ်ညမှာ ကမ်းခြေမျှော်စင်ကနေကြည့်လိုက်တာ ရွက်တပ်လှေလေး တစ်စင်းဟာ နစ်မြုပ်တော့မလို ဖြစ်နေပါတယ်။ အားလုံးကလဲ သူ့ကိုသွားမကယ်ဖို့တားပေမယ့် သူကတော့ သွားကယ်မယ်ဆိုပြီး လှိုင်းထန်ထန်မှာ လှေလေးနဲ့သွားပါတယ်။ မိုးကြိုးတွေပစ်နေတဲ့ လှိုင်းလုံးတွေကြားမှာ သူ့လှေလေးနစ်မြုပ်သွားပါတယ်။ ဒါနဲ့သူလဲ ရေကူးပြီးတော့ ရွက်လှေဆီအရောက်သွားပါတယ်။ အားလုံးကတော့ သူ့ကိုသေပြီလို့ မှတ်နေကြပါတယ်။
အဲဒီအချိန်မှာပဲ ကမ်းခြေစောင့်တပ်ဖွဲ့မှူးဟာ ရွက်သင်္ဘောကြီးတစ်စင်းကို မောင်းပြီး ဂျင်မ်ကိုရှာဖို့ လူတွေနဲ့အတူထွက်လာခဲ့ပါတယ်။ ဂျင်မ် မြုပ်နေတဲ့ သင်္ဘောပေါ်ရောက်တော့ သင်္ဘောပေါ်ကလူဟာ ခြေထောက်ဒဏ်ရာရထားပါတယ်။ သူကပြေးလွှားပြီးကြည့်လိုက်တဲ့အခါ အရမ်းကိုအံ့သြသွားပါတယ်။
ကမ်းခြေစောင့်ရွက်လှေကြီးလဲရောက်လာရော ဂျင်မ်ကိုတွေ့ပါတယ်။ အဲဒါနဲ့ အရာရှိက " ၈ျင်မ်ရေ အခြေအနေကောင်းရဲ့လား မင်းအမေ မင်းကိုတော်တော်စိတ်ပူနေတယ် " တဲ့။
ဂျင်မ်ကတော့ " အခြေအနေ အရမ်းကောင်းပါတယ် ပြီးတော့ အမေ့ကိုလဲပြောလိုက်ပါ အကို ပေါလ်ကို ရှာတွေ့ပြီလို့ "
အမှန်တော့ သူ့အကိုပေါလ်ဟာ အနှစ်နှစ်အလလ ပင်လယ်ကိုဖြတ်ပြီးတော့ သူတို့မြို့ကို ပြန်လာတာဖြစ်ပါတယ်။ ဂျင်မ် သာမကယ်ခဲ့ရင်တော့ ပြန်လာပြီး ကိုယ့်မြေရောက်မှ သေရမှာဖြစ်ပါတယ်။
ကံကြမ္မာဆိုတာ အရမ်းကို ဆန်းကြယ်လှပါတယ်
Joseph Mallord William Turner (1775-1851) ၏ shipwreck ကိုဘာသာပြန်ပါသည်
မောင်စိုင်း
www.kanaung.net
0 comments:
Post a Comment