Monday, March 24, 2014

"ကျေးညို နှင့် သူ၏ချစ်သူ"

1.
မောင်ကျေးညိုတစ်ယောက် မထင်မှတ်ဘဲ ချစ်သူတစ်ယောက် ကောက်ရလိုက်တယ်။
ကောင်မလေးနာမည်က 'မေစိန်' တဲ့။ တကယ့်နာမည်က 'မေစိမ်း' ပါ။
အင်္ဂလိပ်လို စာလုံးပေါင်းတာမှာ ဘယ်လိုဖြစ်လို့လဲတော့မသိဘူး May Sein လို့ ပေါင်းတယ်။
ဒါကို ကျနော်တို့က မေစိမ်း လို့ မထင်ဘူး၊ မေစိန် လို့ပဲ ဖတ်ကြတာ။


ဟုတ်တယ်လေ ကျနော်တို့သိတာက 'Sein = စိန်' ပဲဟာ။

2.
ကလေးမခမျာလည်း ကျေးညိုကို အတော်ချစ်ရှာတာ
ခေါ်တာတောင် 'ညို' တဲ့။
လူရှုပ်ရှုပ်ရှိရင် သူ့ချစ်သူ ကိုကိုညိုအကြောင်း ကြွားရတာအမော
တရက်ကတော့ ကျနော့်ရှေ့ လာကြွားတယ်... ...
"စိမ်းရဲ့ ကိုကိုညိုက ရုပ်ရှင်မင်းသား မင်းဟိန်းနဲ့ တူတယ် သိလား၊ မင်းဟိန်းက ညို့ထက် အသားနည်းနည်း ပိုလတ်တာပဲ ကွာတယ်"
"အင်း... အဲဒါဆို အသားရောင်ပါ တူအောင် လုပ်လိုက်ပါလားဟ"
"ဘယ်လိုလုပ်ရမှာလဲ"
"ကျေးညိုကို ရေနွေးဖျောရင်ဖျော၊ မဖျောရင် မင်းဟိန်းကို မီးနည်းနည်းမြိုက်လိုက်"
"ဟွင့်... တူညားချစ်သူကို ပြောရက်တယ်၊ မုန်းစရာကြီး"

3.
ကောင်မလေးဘက်က ဂရုတစိုက်နဲ့ ချစ်ရှာပေမယ့် ကိုယ့်လူကျေးညိုက မလှုပ်တလှုပ်ရယ်။ လူက အူတာလည်း ပါပါတယ်။
ပြောပြအုံးမယ်... ...
ရောက်ခါစက သူ့ကိုရောက်ဖူးအောင်ဆိုပြီး ပင်နင်ဆူလာကို လိုက်ပို့တယ်။
ကြားရက်ဆိုတော့ ပင်နင်ဆူလာမှာက လူတော်တော်ရှင်းနေတာ၊ နည်းနည်းစောသေးတာလည်း ပါတာပေါ့
လဘက်ရည်ဆိုင် ထိုင်နေတုံး သူက ရှုးပေါက်ချင်တယ်လို့ ပြောလာတယ်။
လိုက်ပို့ရမှာ ပျင်းလို့ အိမ်သာရှိရာ လမ်းညွန်ပြီး ရှုးပေါက်ရမယ့် နေရာကို ပြောပြလိုက်တယ်... ...
"ဒီကနေ တည့်တည့်သွား၊ ပြီးရင် ဘယ်ဘက်ချိုးလိုက်၊ အဲဒီမှာ Toilet လို့ ရေးထားတာ"
"အေး.. အေး... "
"အဲ... နေအုံး၊ Gent လို့ ရေးထားတဲ့ အိမ်သာကို ဝင်နော်၊ Lady ဆိုတာ မိန်းမအိမ်သာ"
"အဲ့လောက်တော့ သိပါတယ်ဟ"
"သေးပေါက်တာက သပ်သပ်နော်၊ အိမ်သာခန်းဘေးမှာ ကြွေခွက်လေးတွေ တန်းစီတပ်ထားတာ၊ အဲဒီမှာ ပေါက်"
"အေးပါကွ၊ ငါ ဒီလောက်မအပါဘူး၊ ငန်းဇွန်သားပါ"
ဒါနဲ့ ခဏနေတော့ လဘက်ရည်ဆိုင်ထဲ ပြန်ဝင်လာပြီး ပြောတယ်... ...
"စင်္ကာပူ စင်္ကာပူနဲ့ နာမည်သာကြီးတာ မမိုက်ပါဘူးကွာ"
"ဘာဖြစ်လို့လဲဟ"
"ဘာဖြစ်ရမှာလဲ... သေးပေါက်တဲ့ ခွက်တွေ တပ်ထားတာက တော်တော်မြင့်တာကွ၊ မမှီလို့ ခြေဖျားထောက်ပြီး ကော့ပန်းခဲ့ရတယ်"
"ငင်... ဘယ့်နှယ့် ဘယ့်နှယ်"
"ပြီးတော့ ခွက်တွေနောက်မှာ မှန်တွေတပ်ထားတော့... င့ါလခွီး ကိုယ်ဟာကိုယ် မြန်မြင်နေတာ ရွှက်စရာဂျီးရယ်"
"ဟာ.... သွားပြီ၊ မအေပေး အဲဒါ လက်ဆေးဘေဇင်တွေဟ၊ သေးပေါက်ခန်းက အဲဒါရဲ့ ညာဘက်အကွေ့လေးမှာ"
"ဟင်... တိပေါင်"

4.
တရက်ကတော့ သူ့ကောင်မလေးက ကျနော့်လှမ်းတိုင်တယ်... ...
"ဦးဇော်ရဲ့ သူငယ်ချင်းက မစွံပါဘူး၊ သူနဲ့ လမ်းခွဲတာပဲ ကောင်းမယ်"
"ဟင်... ညည်းပဲ အစကတော့ မင်းဟိန်းနဲ့ တူဆို"
"မင်းဟိန်းနဲ့တူက သပ်သပ်၊ မစွံတာက သပ်သပ်"
"ဘာဖြစ်လို့ မစွံတာလဲ ပြောပါအုံး"
"မနေ့က ခေါက်ဆွဲကြော်စားချင်လို့ ဝယ်ပြီးလာပို့ပေးပါလို့ မှာလိုက်တယ်"
"လာမပို့ဘူးလား ဒီကောင်"
"လာတော့ ပို့ပါတယ်၊ ပို့တာကလည်း ဒီလို... ဦးဇော်ရဲ့.... ...."

5.
မေစိမ်းက နေမကောင်းဖြစ်ရာကနေ နလံထဆိုတော့ အစားအသောက် ပျက်နေရှာတာ။
ပင်နင်ဆူလာကို ရောက်နေတဲ့ မောင်ကျေးညိုကို လှမ်းမှာတယ်...
"ကိုကိုညို... ခေးအတွက် ရွှေလင်ပန်းက ခေါက်ဆွဲကြော်တစ်ပွဲ ဝယ်ပြီးလာပို့ပေး"
"အေး... အေး... "
"မေ့ မနေနဲ့နော်"
"အေးပါ ခေးရဲ့"
သေသေချာချာမှာတာကို ဆရာကလည်း သေသေချာချာ မေ့တယ်။
MRT တွေ ဘာတွေကို စီးပြီး ပြန်နေပြီ
အဲ... အဲဒီမှာ...
စလုံးတရုတ်မလေးတစ်ယောက်က ဘာဖြစ်တယ် မသိဘူး၊ ရထားပေါ်မှာ အန်ပါလေရော... ...
ကျေးညိုဘေး တစ်ခုံကျော်ကဆိုတော့ လှမ်းမြင်နေတာပေါ့။
စလုံးမလေးက ခေါက်ဆွဲတွေ စားလာဟန်တူပါရဲ့၊ အန်တာက ခေါက်ဆွဲဖတ်တွေ... ဂွီ ဂိ
အဲဒီ အန်ဖတ်မြင်မှ သူ့ခေးအတွက် ခေါက်ဆွဲဝယ်ဖို့ သတိရတော့တယ်။
ဒါနဲ့ ရထားပေါ်က ပြန်ဆင်း၊ ပင်နင်ဆူလာကို ပြန်သွား၊ ခေါက်ဆွဲ ပြန်ဝယ်ရတယ်။
ကိုယ့်လူက ခေါက်ဆွဲကြော်သွားပေးတော့ အသာနေတာ မဟုတ်ဘူးရယ်
သူမေ့နေတာကိုရော၊ ခေါက်ဆွဲဖတ် အန်ဖတ်တွေ့မှ ဝယ်ဖို့သတိရတာကိုရော ခေးကို သွားပြောတယ်.... ...
ဆိုတော့... ...
ဟိုက ခေါက်ဆွဲထုတ်နဲ့ သူ့ပေါက်ထည့်လိုက်ပြီး အခန်းထဲ ဝင်သွားတာ ဘယ်လိုခေါ်ခေါ် ပြန်ထွက်မလာတော့ဘူး။

6.
သူတို့အလိုလိုမှ နဲ့တဲ့တဲ့ဖြစ်နေတဲ့ အချစ်ရေးဟာ ကျနော်နောက်လိုက်တာနဲ့ ကွဲပါလေရော... ...
ဒီလိုဗျ...
သူ့ရဲ့ခေးက ကျေးညိုဆီ လှမ်းပြီးဖုန်းဆက်တယ်... ...
"ညို... ခေးကို ဖေ့စ်ဘုတ် အကောင့်သစ်တစ်ခု ဖွင့်ပေး"
"ငင်... ခုသုံးနေတဲ့ အကောင့်က ဘာလို့လဲ"
"အို... ညိုကလည်း သူများတွေလည်း ဒီလိုပဲလေ အကောင့် ၂ခု ၃ခု ရှိနေတာ"
"အေး... အေး... အခု ဗိုက်တအားဆာနေလို့ ထမင်းစားလိုက်အုံးမယ်၊ ပြီးမှ ဖွင့်ပေးမယ်နော် ခေး"
"ဟွင့်...ညိုကလည်း ခေးကိစ္စဆို ဘယ်တော့မှ ဦးစားမပေးဘူး၊ နိုလိုက်မှာနော်"
"ကဲပါကွာ.... လုပ်ပေးမယ်၊ နိုမနေနဲ့ အဲလေ ငိုမနေနဲ့"

အဲ... သူ့ပြသနာက ကျနော့်ဘက် လှည့်လာတာဗျ

"ကိုဇော်... င့ါကောင်မလေးကို ဖေ့စ်ဘုတ်အကောင့်တစ်ခု ဖွင့်ပေးလိုက်စမ်းပါ"
"အာ... ကိုယ့်ဟာကို လုပ်လေ"
"ငါ ထမင်းတော်တော်ဆာနေလို့ကွ၊ သူကလည်း ခုဆို ခု၊ ဂျီကျနေလို့"
"နာမည်က ဘယ်လိုပေးရမှာလဲ"
"အဆင်ပြေတဲ့နာမည် တပ်ပေးလိုက်ကွာ၊ သူနဲ့ လိုက်ဖက်မယ် ထင်တာလေးပေါ့"
"အေး... အေး... မကြိုက်တော့လည်း နောက်မှ ပြန်ပြောင်း ရတာပဲနော့်"
"ဟုတ်တယ် ကိုဇော်၊ ပြီးရင် င့ါ ဖေ့စ်ဘုတ်အကောင့်ကနေပဲ User name နဲ့ pass word ကို ပို့ပေးလိုက်ကွာ"
"ကောင်းပြီလေ... လုပ်ပေးရသေးတာပ"

7.
အကောင့်အသစ်ဖွင့်ပြီး သူပြောသလိုပဲ သူ့ဖေ့စ်ဘုတ် Chat box ကနေ လှမ်းပို့လိုက်တယ်။
သိပ်မကြာဘူး၊ သူ့ခေးဆီက ဖုန်းဝင်လာပြီး စကားတွေများနေသံကြားရတယ်။
ဟီဟိ...
ခဏနေတော့ ကိုယ့်ဆရာ ဒေါသတကြီးနဲ့ ကျနော့်အခန်းထဲ ဝင်လာရော......
"ဟေ့ရောင် ... မင်း ဘယ့်နာလုပ်လိုက်တာလဲကွ"
"ဘာလုပ်လို့လဲ"
"မသိချင်ယောင် ဆောင်မနေနဲ့၊ မင်းလုပ်ပေးတဲ့ အကောင့်နာမည်ကြောင့် ဒီမှာ တောက်ပြသနာတက်နေဘီ"
"ငင်... ဟုတ်လား၊ မင်းပဲ အဆင်ပြေတာ ပေးဆို၊ သူနဲ့ လိုက်ဖက်တဲ့ နာမည်ပေးဆို"
"အေးလေ..."
"သူက ညိုချောလေးကွာ၊ ပြီးတော့ သွက်သွက်လက်လက်လေးကွာ... အဲဒါနဲ့ ..."
"အဲဒါနဲ့ပဲ မင်းက နာမည်ပေးလိုက်တာပေါ့လေ... (မျောက်မ-ညိုပြာညက်)... လို့ ဟွင်း၊ လူယုတ်မာ"
"ဟီး... ဟီး.... နာက နောက်သာကြီးကို"

8.
ခုတော့ ကျေးညိုမှာလည်း ရည်းစားမရှိ၊ သူ့ခေးမှာလည်း ရည်းစားမရှိ၊ နားကို အေးနေရော...
ကဲ... ...
ဖေ့စ်ဘုတ် အကောင့်အသစ် လိုချင်သူများ အမြန်ဆက်သွယ်ပါ... ...

သန်၎ကို-အကောင့်အသစ် ဖွင့်ပေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...