နှင်းဆီ ပွင့်ဖတ်တွေ ပေါ်က လက်ကျန် အနာတရများ
ဗိုလ် နင့် March 28, 2014 at 1:58am
၁။
မဖြစ်မနေ တွေ့ကြရမယ် ဆိုတော့လည်း မမနဲ့ ကျွန်တော်ဟာ ပန်းပွင့်လှလှလေးပေါ်က ပွင့်ချပ်တွေကို နှမျောစွာ ခြွေချနေကြသလို စကားတွေကို တစ်လုံးချင်း၊ တစ်လုံးချင်း မကျွံကျအောင် ပြောနေရတာပါပဲ။ မမက လှပါတယ်။ အရင်ကထက်တောင် မမက ပိုလှလာသလိုပဲ။ မမ အရင်လိုပဲ မိတ်ကပ်ကို ပါးပါးလေး လိမ်းရုံလေး လိမ်းထားတယ်။ မမပါးတွေပေါ်က အိစက်နေတာထက် ပိုတဲ့ အထိအတွေ့ကို ကျွန်တော့် နှုတ်ခမ်းတွေ သိကြပါဦးမလား။ မမရဲ့ မပိန်မ၀ ခန္ဓာကိုယ်ပေါ်မှာ ခရမ်းရောင် ခပ်ပါးပါး အ၀တ်အစားတစ်စုံကို ၀တ်ထားတယ်။ မမ ဆံပင်တွေ အရင်လို နက်မှောင်ပြီး အိစင်းနေတုန်းပဲ။ တစ်ချက် တစ်ချက် အဲဒီ ဆံနွယ်တွေကို သိမ်းပြီး လည်တိုင် တစ်ဖက်ဆီကို ပို့လိုက်တိုင်း ဆံနွယ်တွေ ရှင်းလင်းပြီး ကျန်ခဲ့တဲ့ လည်တိုင်လှလှလေးကို ကျွန်တော် မနမ်းဘဲ မနေနိုင်ခဲ့ဘူး။
နွေဦးဟာ အရင်က ထက် ပိုပူလာတယ်။ ရန်ကုန်မြို့ကြီးရဲ့ ခရမ်းလွန်ရောင်ခြည်တွေကို လူတွေ မသိမသာ ခံစားရင်း နွမ်းခြောက်လာကြတယ်။ အရင်ကဆို ကျွန်တော့်အတွက် နွေဦးဟာ မမ ယူလာတဲ့ ထီးတစ်ချောင်းအောက်၊ ဒါမှမဟုတ် ကားတစ်စီးထဲ ကောက်ခနဲ ၀င်လိုက်ရုံနဲ့ အေးမြသွားခဲ့တာပဲ။ ခုထိတော့ ကျွန်တော့်မှာ ထီးတစ်ချောင်း မဆောင်ထားဖြစ်သေးသလို၊ ကားတစ်စင်းလဲ မ၀ယ်နိုင်သေးပါဘူး မမ။ မမက အရင်က စီးတဲ့ မက်ခ်တူး ကားလေးအစား၊ ခုဆို မစ်ဆူဗစ်ရှီ အာဗွီအာ ကား အသစ်လေး စီးနေပြီ။ မမ အရင်လို ထီးတစ်ချောင်း ဆောင်ထားသေးလား။
“ကား မစီးချင်ပါဘူးဗျာ
လမ်းပဲ လျှောက်မယ် တော်ပြီ” လို့ ငြင်းတတ်တဲ့ ခပ်တေတေ ကောင်လေးတစ်ယောက်နဲ့ အတူသွားဖို့ မမ အရင်က ထီးတစ်ချောင်းဆောင်ထားခဲ့ဖူးတယ်လေ။
“မင်းမင်း
ဘာသင်တန်းတက်မလဲ မမထားပေးမယ်
ခုလို တေလေ မနေနဲ့တော့
ဆံပင်တွေလည်း ညှပ်လိုက်တော့” တဲ့။ တစ်ခါက ခပ်အိုက်အိုက် အေပရယ်လကြီးရဲ့ ငါးရက်မြောက်နေ့မှာ ပြောခဲ့ဖူးတာ။
“ကျွန်တော်က ဘာသင်တန်း တက်ရမှာလဲ
ခုလိုပဲ အေးဆေး နေပါရစေဗျာ
ကျွန်တော် ပန်းချီဆွဲမယ်
တစ်နေ့ကျ ကျွန်တော် အောင်မြင်တဲ့ ပန်းချီဆရာ တစ်ယောက် ဖြစ်လာမှာပါ
မမ မယုံဘူးလား ကျွန်တော့်ကို”
မမ ယုံခဲ့လား။ မယုံဘူးလား ကျွန်တော့်ကို ပြန်မပြောဘူး။ ကျွန်တော့်ကို သူ့ရဲ့ ညှို့အားပါလွန်းတဲ့ မျက်လုံးတွေနဲ့ သေချာကြည့်နေခဲ့တယ်။ ကျွန်တော် မမရဲ့ အဲဒီအကြည့်တွေကို စွဲလန်းခဲ့ပါတယ် မမရယ်။ အဲဒီနေ့က မမကို ကျွန်တော် နမ်းတယ်။ မမကလည်း ကျွန်တော့်ကို ပြန်နမ်းတယ်။ မမကို ကျွန်တော် ဖက်တယ်။ မမကလည်း ကျွန်တော့်ကို ပြန်ဖက်တယ်။ ယုတ်စွ အဆုံး ကျွန်တော့်လက်တွေဟာ မမရဲ့ ခန္ဓာကိုယ်တွေအနှံ့အပြားထိ နယ်ကျွန်ပစ်ခဲ့တယ်။ မမဟာ ကျွန်တော့်ရဲ့ တစ္ဆေတစ်ကောင်ရဲ့ ပြယုဂ်ပါ။ မမဟာ အန္ဓတစ်ကောင်နားမှာ လာပွင့်တဲ့ မှော်ဆန်လွန်းတဲ့ နှင်းဆီပွင့် တစ်ပွင့်ပေါ့။
၂။
“မရဘူး လိုက်ခဲ့ မမ
ကျွန်တော့် အပေါင်းအသင်းတွေနဲ့ မမကို မိတ်ဆက်ပေးချင်တယ်”
“ဖြစ်ပါ့မလား မင်းမင်းရယ်
ပြီးတော့ တွေ့မယ့် နေရာက အရက်ဆိုင်ကြီး”
“ဘာလို့ မဖြစ်ရမှာလဲ မမရယ်
အရက်ဆိုင်ပေမယ့် အဲဒီမှာ ထိုင်ကြတာက
အနုပညာရှင်တွေချည်းပါ
မမကို သူတို့ ဘာမှ စော်ကားမှာ မဟုတ်ဘူး
ပြီးတော့ အနုပညာသမားတွေဆိုတာ ရုပ်ပိုင်းဆိုင်ရာကသာ
ကြမ်းချင်ကြမ်းမယ် နှလုံးသားနဲ့ စေတနာတွေက လူတကာထက်
နုပါတယ် မမရဲ့”
အဲဒီနေ့ ညနေစောင်းကြီး တိမ်တွေ တောက်ခဲ့တယ်။ ကျွန်တော်ဟာ နှင်းဆီတစ်ပွင့်ကို အရက်ဆိုင်မှာ ပွင့်ခိုင်းရက်ခဲ့တယ်။ မစ္စတာဂစ်တာမှာ ကော်ဖီသောက်တတ်တဲ့ မမကို အညတရ လမ်းဘေး အရက်ဆိုင်လေးမှာ မမကို ကျွန်တော် ထိုင်ခိုင်းခဲ့တယ်။
မမဟာ အဲလို ငတေကောင် ခပ်မိုက်မိုက်လေးအတွက် ကျွန်တော့် ဘေးမှာ ထိုင်ပေးခဲ့တယ်။
“ဟား ဟား … ဟေ့ကောင်
ဒါလား မင်းချစ်သူဆိုတာ လျှောက်မပြောနဲ့
သေးငုံပြီး ပြောတောင် မယုံဘူး”
မမ နည်းနည်း တွန့်သွားတယ်။ အဲဒီလို စကားတွေနဲ့ မမ မယဉ်ပါးသေးဘူး။ မမ ဘယ်လောက် စိတ်ညစ်ခဲ့သလဲ ကျွန်တော် မသိခဲ့ဘူး။ ဒါပေမယ့် သည်းခံပြီး ထိုင်ပေးခဲ့တဲ့ မမကို ကျွန်တော် ပိုချစ်ခဲ့တယ်။ အဲလောက်ပါပဲ။ တစ်ခါတုန်းက ကျောင်းပြီးတော့မယ့် ဆေးကျောင်းသူတစ်ယောက်နဲ့ အသက်နှစ်ဆယ် အရွယ် ပန်းချီဆရာ ပေါက်စရဲ့ အဖြစ်အပျက်ဆိုတာ အဲလောက်ပါပဲ။ အဲဒီထက် မပိုခဲ့ပါဘူး။ အဲဒီထက်လည်း မလျော့ခဲ့ပါဘူး။ လိုတိုး ပိုလျှော့ လုပ်ရမယ့် စီးပွားရေး စာရင်းဇယားတွေထဲမှာ မမနဲ့ ကျွန်တော် မပါခဲ့ဘူး။
၃။
“မင်းမင်း ခဏနော်
အရေးကြီး ဖုန်းဝင်လာလို့” ဆိုပြီး မမ ဖုန်းပြောနေတယ်။ ကျွန်တော့် ရင်ထဲက မမလို့ ထပ်တလဲလဲ ခေါ်နေပေမယ့် ဒါဟာ မဖြစ်သင့်တော့တဲ့ အမည်နာမ်စားတစ်ခုကြီးပါ။ မမဟာ အရင်ထက်ပိုပြီး ရင့်ကျက်လာခဲ့ပြီပဲ။ မမရဲ့ ရုပ်ရည်ဟာ အရင်ကထက် ပိုတည်ငြိမ်အေးချမ်းနေတယ်။ မမဟာ အရင်လို ကျွန်တော့်ကို မင်းမင်းလို့ပဲ ခေါ်နေတုန်း။
“ဆောရီး မင်းမင်း” မမက ဖုန်းပြောပြီးတော့ ကျွန်တော့်ကို စိုက်ကြည့်ပြီး ဆောရီးလုပ်နေတယ်။
“ရပါတယ် ..မမ….. ယု”
မမနဲ့ ယုကြားက တစ်စက္ကန့်ရဲ့ ငါးပုံ တစ်ပုံလောက် အကွာအဝေးကို မမသတိထားမိပြီး ပြုံးတယ်။
“ရပါတယ်.. မမလို့ပဲ ခေါ်နိုင်ပါတယ် မင်းမင်း” တဲ့။
ကျွန်တော် ကြေကွဲရမှာလား မမ။
“ဟုတ်ကဲ့”
တစ်ခါမှ အဲလို မယဉ်ကျေးဖူးပေမယ့် ခုတော့ သူစိမ်းတစ်ယောက်အပေါ် ဆက်ဆံရသလို ကျွန်တော် ယဉ်ကျေးရတော့မှာ မဟုတ်လား မမ။ မမက အမည်မသိ အပြုံးတွေနဲ့သာ ကျွန်တော့်ကို ကြည့်နေတယ်။
“မင်းမင်း …
မင်းမင်းဆီက ပန်းချီကား ၀ယ်ချင်တယ်
ခု မမ လုပ်နေတဲ့ ရုံးခန်းမှာ decoration လုပ်ဖို့
ပန်းချီကား အချို့လိုနေတယ်
ပြီးတော့ ခုမမ ၀ယ်ထားတဲ့ ရွှေတောင်ကြားက အိမ်မှာလည်း
မမ အခန်းထဲမှာ ပန်းချီကား တစ်ချပ်လိုတယ်
ဆိုတော့ စုစုပေါင်း ၅ ကားလောက် လိုချင်တယ်
မင်းမင်း ဆွဲထားတာကိုပဲ မမ ၀ယ်ချင်တယ်
ဈေးဘယ်လောက်ဖြစ်ဖြစ် မမ ၀ယ်မယ် မင်းမင်း”
“မမ”
“အင်း .. ပြောလေ မင်းမင်း”
“မမ တခြား နာမည်ကြီး ပန်းချီဆရာတွေကို မမ ရှာသင့်တယ်
ကျွန်တော့်လို မအောင်မြင်သေးတဲ့ ပန်းချီဆရာ တစ်ယောက်မှာ
မမ ဘာကို မျှော်လင့်ထားလို့လဲ
ဘာလဲ .. မမမှာ ပိုက်ဆံရှိလို့ ပိုက်ဆံပေးဝယ်ပြီး
ချောင်ထိုးထားလိုက်လည်း ဖြစ်တယ်လို့ ထင်ထားတာများလား”
မမက ရယ်ပါတယ်။ သူ့ရယ်သံတွေဟာ လှောင်ရယ်သံတွေတော့ မဟုတ်လောက်ပါဘူး။
“မင်းမင်းရယ်
မင်း အရင်လိုပဲနော် ..
မမ .. အဲဒီ အကျင့်တွေကို စွဲလန်းခဲ့တာပါ
မမလည်း ခု အိမ်ထောင်ကျပြီးသား အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ
မင်းမင်းကို တစ်စုံတစ်ခု ကူညီပေးချင်နေတဲ့ ဆန္ဒကို မင်းမင်း မဖြည့်ဆည်းပေးချင်ဘူးလား”
၎။
ကျွန်တော်နဲ့ မမ တိတ်ဆိတ်သွားခဲ့ပါတယ်။ မမ အိမ်ထောင်ကျသွားပြီဆိုတဲ့ စကားကြောင့်လား၊ တစ်ခါမှ မမကို မဖြည့်ဆည်းခဲ့ဘဲ တေခဲ့ လေခဲ့ဖူးတဲ့ အတိတ်တွေ ကြောင့်လား မသိ။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့။ ခဏနေတော့မှ မမက စကားတစ်ခွန်းကို မချင့်မရဲ ပြောလာတယ်။
“မင်းမင်း….
မမနဲ့ တစ်ညတုန်းက ရေးခဲ့တဲ့ ပန်းချီကားလေးရော” တဲ့။
“မမ …”
မမက မျှော်လင့်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ကျွန်တော့် စကား နားထောင်နေတယ်။
“အဲဒီညက ပန်းချီကားကို ကျွန်တော် မီးရှို့လိုက်ပြီ
ကြာပြီပဲ မမ
အဲဒီပုံကို ကြည့်ကြည့်ပြီး ဖီးလ်ပြန်တက်နေမယ့် ယောကျာ်းတစ်ယောက်လို့
မမက ထင်နေလို့လား”
“နိုးနိုး … မဟုတ်ဘူးလေ ..
မမက ပြန်လိုချင်လို့ပါ …
မင်းမင်းရဲ့ လက်ရာဟာ သိပ်ကောင်းပါတယ်
မမ ပန်းချီအကြောင်း သိပ်နားမလည်ပါဘူး”
၅။
မမရဲ့ ဆန္ဒတစ်ခုကို ကျွန်တော် လိုက်လျောခဲ့ပါတယ်။
“မမ ဖြစ်ရဲ့လား
မမ တကယ် ဖြစ်တယ်နော်
ကျွန်တော် ဘာကောင်လဲ မမသိတယ်နော်
ပြီးတော့ မမရဲ့ အမျိုးသားနဲ့
ပြီးတော့ … ပြီးတော့ ……………”
မမက ကျွန်တော့် ပါးစပ်ကို သူ့လက်ဖ၀ါးတစ်ခုနဲ့ ပိတ်လိုက်တယ်။
“ဘာမှ မပြောနဲ့တော့
မင်းမင်း မီးရှို့လိုက်တဲ့ ပန်းချီကား တစ်ချပ်ကို ပဲ မမလိုချင်တယ်
ဆွဲပြီးရင် မင်းမင်း ဟိုး တစ်ညလိုပဲ မင်းမင်း အိမ်ပြန်ပါ
ပြီးတော့ မင်းမင်းအတွက် အနုပညာကြေးတစ်ခုခု သတ်မှတ်ပေးခဲ့ပါ
နောက်ရက် ရုံးက သွားထုတ်လိုက်ပါ မင်းမင်း”
ကျွန်တော့် နှုတ်ခမ်းတစ်စုံကို ပိတ်ဆို့ထားတဲ့ မမ လက်ဖ၀ါးနုနုလေးတွေကို ကျွန်တော် စိတ်ရှင်းပါတယ်။ ကျွန်တော့် မမကို စိုက်ကြည့်နေမိတယ်။ မမက လှပါတယ်။ အဲဒီထက်ပိုပြီးတော့ မမက လှပါသေးတယ်။ ဒါပေမယ့် အဲဒီထက်တော့ မပိုတော့ပါဘူး။
“ကျွန်တော် ပန်းချီ ဆရာတစ်ယောက်ပါ မမ
ကျွန်တော့် ဘ၀မှာ ချမ်းသာကြွယ်ဝခြင်းနဲ့ အတူတူ နောက် ထပ်မရှိတာက
လူမှုရေး အရှုပ်အရှင်းပါ
မမ ဆန္ဒကို ကျွန်တော် ဖြည့်ဆည်းပေးပါမယ့်”
ကျွန်တော့်စကားကြားတော့ မမဟာ သူရဲ့ ခန္ဓာကိုယ်ပေါ်က ၀တ်စားထားတဲ့ အ၀တ်အစားအားလုံးကို ချွတ်ချလိုက်ရင်း။
- ရင်နင့်အောင် -

0 comments:
Post a Comment