Saturday, March 22, 2014

“လွဲမသွေပေါင်”

Soe Min March 20, 2014 at 12:15pm
 
          ဆယ်တန်းအောင်တဲ့အထိ ယောင်္ကျားလေးကျောင်းမှာ နေလာခဲ့ပေမယ့် ထူးထူးခြားခြား ဘောလုံးမကန်တတ်တာဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်။ ကျောင်းကြီးက ကျယ်လိုက်သမှ ဘောလုံးကွင်းချည့်ပဲ နှစ်ကွင်းရှိတာ။ ဘတ်စကက်ဘော၊ တင်းနစ်ကုတ်တွေ တောင်ပါသေး။ စာတွေချည့်လှိမ့်ကျက်နေပြီး မဆော့တတ်လို့တော့ မထင်ပါနဲ့။ လက်လက်ကိုစင်နေအောင် ဆော့တယ်။ ပြီးရင် လဲရကွဲရတာလည်း သူချည့်ပဲ။ အိမ်ကပြောတဲ့နင်ဟာလေ အရာရာနဲ့ အကြောင်းကြောင်းချည့်ပဲ။ဆိုတာလည်း လွန်တော့ မလွန်ဘူး။ အသက် ၁၂ နှစ်ပြည့် လို့ ခြောက်တန်းမရောက်ခင် လက်က သုံးခါကျိုးပြီးသွားပြီ။ ကျိုးနေကျဆိုတော့ ကိုယ့်ဘာသာကိုယ် အရင်သိတယ်။ ဒီလိုလဲလိုက်ပြီး ဒီလိုလက်ထောက်လိုက်ရင်လက်ကြီးက ကွေးမရဆန့် မရဖြစ်ပြီးောင်လာ တယ်ဆို ကျိုးလို့ပဲ။ (တောက်မည့်မီးခဲ တရဲရဲလေ) ဒါပေမယ့်လည်း တခါမှ ဆရာဝန်ဆီတော့ သွားမပြဖူးပေါင်။
ကန်တော်လေးက တရုတ်ဆရာတွေနဲ့ ဖောက်သည်ဖြစ်နေပြီဟာကို။ တရုတ်သိုင်းကားတွေလည်း ကြည့်နေကျမဟုတ်လား။ အရိုးအကြောနဲ့ ပတ်သက်လာရင် တရုတ်ဆေးတွေ ဘယ်လောက်စွမ်းသလဲ မြင်ဖူးတာပေါ့။ အတွင်းအားနဲ့တောင် ကုပေးပါ လို့ ပြောချင်တာ။

          တရုတ်ဆရာကြီးတွေက တိုင်းရင်းဆေးမို့ အထင်သေးစရာ မဟုတ်ပါဘူး။ အခုလက်ရှိဆရာဝန်တွေနဲ့ တန်းတူလောက်တော့ လိုက်နိုင်တယ်။ ချိုချိုသာသာပြောတယ်။ စူးစူးစိုက်စိုက် နားထောင်တယ်။ ဆေးဖိုးဝါးခ သိပ်ဈေးမကြီးဘူး။ အတိုင်းအတာတစ်ခုအထိတော့ သူတို့လည်း သူတို့အလုပ်မှာ ကျွမ်းကျင်တယ်။ မနိုင်ရင်ကာ ရှိလာရင်သာ အားမကိုးလောက်တာ။ (တော်ရုံတန်ရုံ အကျိုးအပဲ့လောက်တော့ သူတို့မကုလည်း အချိန်ကကုရင်း ဆက်သွားမှာပဲ။) သူတို့ဆေးက တစ်ရက်ခြားလောက် လဲလဲစည်းတာဆိုတော့ ကိုယ်ကတော့ ပိုကြိုက်တယ်။ အင်္ဂလိပ်ဆရာဝန်တွေစည်းပေးတဲ့ ကျောက်ပတ်တီးဆိုတာ စည်းစည်းချင်း တစ်ရက်ပဲ နွေးနွေးထွေးထွေးနဲ့ ကောင်းတယ်။ သုံးရက်လောက်နေရင် အမှုန့်တွေကျလာပြီး ယားလိုက်တာ မခံနိုင်ဘူး။ တုတ်ချောင်းကလေးနဲ့ ဟိုဘက်ကထည့်ကုတ် သည်ဘက်ကထည့်ကုတ် လုပ်လည်း မရဘူး။ တရုတ်ဆရာကြီးကတော့ မြင်တာနဲ့ ဘာဖြစ်သလဲ သိပြီးသားဖြစ်တာတောင်ပြစမ်းပါဦး။ ဘယ်လိုဖြစ်သွားတာလဲ။ ကျွတ် ကျွတ် ကျွတ်။ နာသွားသလား သား။ ဘယ်နားက နာသလဲ။ ဟိုနားကလား။ သည်နားကလား။စကားရောဖောရော ပြောရင်းဆိုရင် အမှတ်တမဲ့နဲ့ ဗြောင်းကနဲ ဆွဲလှည့်လိုက်ရင် အသည်းခိုက်အောင်နာပြီး မျက်ရည်ပေါက်ပေါက်ကျလာရော။ ဒါပေမယ့် သူလုပ်ပြီးတဲ့အခါ လက်က ပြန်ကွေးလို့ရသွားတယ်။ နှစ်ရက်တခါ ဆေးစည်းပြီး လေ့ကျင့်ခန်း သွားသွားလုပ်။ မငိုရတော့တဲ့နေ့ဟာ ကောင်းသွားတဲ့နေ့ပဲ။

            လက်ကလေးမှ နှစ်ဘက်ရှိပါတယ်။ တစ်ဘက်မှ အကောင်းမကျန်ဘူး။ သည်အတိုင်းကြည့်လို့ မသိသာပေမယ့် လက်ဆန့်ပြီး ထောက်လိုက်ရင် ယောင်ယောင်ကလေး ကောက်နေတယ်။ ကလေးဘ၀တုန်းက ငလက်ကောက် လို့ ခေါ်တဲ့သူက ခေါ်တယ်။ ဒါပေမယ့် ဘ၀မှာ အဆစ်လွဲလို့ လက်ကောက်နေတာက ကိုယ်သာ မပြောလို့ရှိရင် ဘယ်သူမှလည်း သိမှာ မဟုတ်ဘူး။ ကိုယ့်ဘ၀အတွက်လည်း ဘာတစ်ခုမှ ထူးခြား ပြောင်းလဲ မသွားဘူး။ သို့သော်လည်းပဲ အတွေးအမြင်တွေလွဲလို့ အိုင်ဒီယာတွေ ကွေးသွားလို့ရှိရင် ဘ၀တစ်ခုလုံး အချိန်တွေကုန်ဆုံးသွားပြီး ပြန်ပြင်လို့မရတဲ့ တစ်ဆစ်ချိုးကွေ့တွေ အဆုံးမှာ ဘယ်ကိုမှမရောက်ပဲ ထွက်ပေါက်ပိတ်သွားတတ်တယ်။ ကိုယ့်ဘ၀မှာရော ဘာတွေ လွဲပြီးပြီလဲ။ ဘယ်နေရာတွေမှာ လွဲနေသလဲ လို့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ဆန်းစစ်ကြည့်လိုက်ပါတယ်။  

             ဆရာဝန်လုပ်ဖို့ ၀ါသနာပါလှတယ် မဟုတ်ပေမယ့် ဆယ်တန်းမှာ ဖအေဆုံးတဲ့အခါ ကိုယ့်အိမ်အတွက် ဆရာဝန်တစ်ယောက်တော့ ရှိမှဖြစ်မယ် လို့ တွေးမိလို့ ဆေးကျောင်းတက်ရအောင် ကြိုးစားခဲ့တယ်။ သည်အတွက် ကျန်တဲ့ ၀ါသနာတွေ ဆန္ဒတွေ အကုန် မေ့ပလိုက်တယ်။ ဆေးကျောင်းတက်ရတာ ပျော်စရာ မကောင်းပါဘူး။ စာတွေချည့် လှိမ့်ကျက်နေရတယ်။ ကိုယ်ဖတ်ဖူးတဲ့ ၀တ္ထုစာအုပ်တွေထဲက တက္ကသိုလ်ကျောင်းသားဘ၀နဲ့ လားလားမှ မအပ်စပ်ဘူး။ ဒါကြောင့် သူငယ်ချင်းတွေ ပင်မတက္ကသိုလ်ထဲ ရောက်လာတဲ့အခါ ကိုယ့်ကျောင်းက ကျောင်းခေါ်ချိန်ကို ၇၅% တိတိ ပြည့်အောင်ချန်ပြီး ကျန်တဲ့အချိန်တွေ မိန်းထဲမှာ သွားထိုင်တယ်။ (ဒါတောင် လက်ချာက သူများကို လက်မှတ်ခိုးထိုးခိုင်းထားတာ) လူဆိုတာ တစ်ခုလိုချင် တစ်ခုတော့ ပြန်ပေးရတာပဲ။ နေ့ဘက်မှာ လျှောက်လည်ချင်တယ် မဟုတ်လား။ ညဘက်သူများတွေ အိပ်ချိန် စာကျက်ဖို့တော့ မငြီးနဲ့ပေါ့။ အချိန်တန်ရင် စာမေးပွဲကတော့ အောင်ဦးမှ ဖြစ်မယ်လေ။            ဆရာဝန်ဖြစ်ချင်ခဲ့တဲ့အတွက်၊ ဆေးကျောင်းကြီးကို ဆယ်နှစ်ဆယ်မိုး တက်ခဲ့ရတဲ့အတွက် လွဲတယ် မှားတယ် လို့တော့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးဘူး။ ကိုယ်ဖော်ထားတဲ့ဆေး ကိုယ့်ဘာသာ အကုန်စားခဲ့တယ်။


          ဆေးကျောင်းပြီးတဲ့အခါ ကိုယ်တို့တုန်းကတော့ အလုပ်သင်ဆင်းလျက်တန်းလန်း ဘွဲ့ပေးတယ်။ ဘွဲ့ယူပြီးတဲ့နောက် အလုပ်သင်ဆင်းနေတဲ့ ကျောင်းနေဘက်တွေကြားထဲ ရွေးစရာ လမ်းခွဲတစ်ခုခေတ်စားလာတယ်။ အစိုးရအလုပ်ကို မ၀င်မနေရခန့်မယ်လို့ ကြားတဲ့အတွက် အလုပ်ဝင်ရမှာ ကြောက်သူများ၊ နိုင်ငံခြားကိုထွက်ချင်သူများက သဘောမတူပါဘူးဆိုပြီး ကျောင်းသားအားလုံးကို လက်မှတ်လိုက်ထိုးခိုင်းတယ်။ လူကြီးသားသမီးတွေ ဦးဆောင်တာဆိုတော့ တော်တော်များများက လိုက်လက်မှတ်ထိုးဖြစ်တယ်။ ကိုကိုဂွစာကတော့ အစကတည်းက အစိုးရအလုပ်ဝင်မှာမို့လို့ ဘာဥပဒေထုတ်ထုတ် မထုတ်ထုတ် မွဲချင်တဲ့ခွေးက ပြာပုံတိုးချင်တာနဲ့ အတော်ပဲလို့ ကန့်လန့်တိုက်ခဲ့တယ်။ နောက်တော့ သူတို့ကအလုပ်သင်ကို ပြီးအောင် မဆင်းကြနဲ့။ဆို သပိတ်မှောက်ကုန်လည်းပဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့တာပဲ။ အဲသည်ခရေပင်လမ်းဆုံမှာ ရွှေသမင်အလိုက်မှားလို့ သည်ကနေ့ထိ ဒေါက်တာဆေးမကု ဖြစ်သွားရှာသူ သူငယ်ချင်းမိတ်ဆွေများအတွက် စိတ်မကောင်းပါဘူး။ (တကယ်တော့ သူတို့ကသာ ကိုယ့်အတွက် စိတ်မကောင်းရမှာ။ ဆရာဝန် မလုပ်မှတော့ ချမ်းသာပြီပေါ့။)

              လူဆိုတာ ကိုယ့်စိတ်ကိုယ့်သဘောနဲ့ မှားလိုက်ရလို့ရှိရင် မှားပေမယ့် ခံသာသေးတယ်။ အနည်းဆုံး ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်လိုက်ရလို့ စိတ်ချမ်းသာတယ်။ ဘုမသိဘမသိ ယောင်တောင်ပေါင်တောင်နဲ့ လမ်းမှားရောက်သွားရင်တော့ နောင်တမကင်းဖြစ်တတ်တယ်။ ဟောက်ဆာဂျင် ပြီးအောင် မဆင်းတဲ့သူချင်းအတူတူ၊ ပြီးဆုံးကြောင်းလက်မှတ်ကို ၀ှက်ဖဲအဖြစ် သူတို့နဲ့အတူ နိုင်ငံခြားယူသွားနိုင်တဲ့သူတွေက လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ လုပ်သွားတဲ့အခါကျတော့ သည်မှာကျန်ခဲ့တဲ့သူတွေမှာ “နို့ သိမှ သိပဲကိုဆို ငုတ်တုတ်မေ့ကုန်ရော။ မှားတာကို အချိန်မီသိရင် ပြန်ပြင်နိုင်တယ်။ ကိုယ်တို့ လက်ထောက်ဆရာဝန်ဖြစ်တဲ့အချိန်မှာ အလုပ်သင်ပြန်ဆင်းတဲ့သူတွေက ဆမသင်တန်းတက်ရင် ဆေးကုသခွင့်လိုင်စင်ရတယ်။ အချိန်မီ မပြင်နိုင်တဲ့သူတွော သင်ထားတဲ့ပညာတွေ အလဟဿဖြစ်ပြီး သိပ်နှမြောဖို့ကောင်းတယ်။ ကိုယ့်အဆစ်ဟာ အဲသည်နေရာမှာတော့ မလွဲခဲ့သေးဘူး။

             သည်လိုနဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးမှာ စာမေးပွဲဖြေရတဲ့အချိန်မှာ ကိုယ်တို့ပထမအသုတ်က လူခြောက်ဆယ်ကျော်ပဲ လျှောက်ကြတယ်။ လူတွေ့အင်တာဗျူးမှာ လမ်းခွဲကြီး နှစ်ခုကို စာနာထောက်ထားစွာ မေးတယ်။မင်းက အိမ်ထောင်မရှိတဲ့ လူပျိုလူလွတ်ဖြစ်တယ်။ စစ်ထဲဝင်ပါလား။ ရှေ့တန်းသွားရမယ်။ သုံးနှစ်။တဲ့။ သည်ကလည်း အားမနာပါးမနာ ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တယ်။ဟင့်အင်းလို့။ (အင်းချင်မှဖြင့် သူတို့ဆီ အင်တာဗျူးတောင် လာဖြေစရာ မလို) “ဒါဖြင့်လည်း ခက်ခဲဒေသကို Frontier Service သွားယူကွာ။” တဲ့။ ပို့ချက်ကတော့ ကမ်းကုန်တယ်။ သူမှ အားမနာလို့ မေးရင် သည်ကလည်း အားမနာတမ်း ပြန်ဖြေရုံပဲ ရှိတယ်။ နောက်ထပ်ဟင့်အင်းပေါ့။ အလိုလေး။ အငြင်းကလည်း သန်လိုက်တာ။ ဘယ်နေရာဘယ်ဒေသများ ကြွမြန်းချင်လို့ပါလိမ့်။ဒါဖြင့် မင်းက ဘယ်သွားချင်တာလဲ။ ပြော။” ဆို လမ်းဖွင့်မေးခွန်းကြီး ချီးမြှင့်တော့မှကျွန်တော် ဆေးကျောင်းမှာ ကျောင်းဆရာလုပ်ချင်ပါတယ်။လို့ ဖြေလိုက်တယ်။ ဟုတ်တယ်လေ။ အဲ့ဒီအချိန်တုန်းကတော့ ကိုယ့်မျက်စိထဲက ဟီးရိုးတွေဟာ ဆရာကြီးဦးကျော်မြင့်တို့၊ ဆရာကြီးဦးမောင်မောင်ဝင့်တို့ မဟုတ်လား။ ကျူတာငယ်ငယ်ချောချောကလေးတွေ အဖြစ်နဲ့ ဆေးကျောင်းသူတွေအလယ်မှာ ဘယ်လိုရေပန်းစားတာဆိုတဲ့ ပုံပြင်တွေ မစားရ၀ခမန်း ကြားလာခဲ့တာလေ။ ကိုယ်လည်း ကိုယ့်ရုပ်ကိုယ့်အရွယ်ကလေးနဲ့ဆိုရင် ပျိုမေတစ်ထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့။ (ရည်ရွယ်ချက်ကဖြင့် အဲသလိုကို ကြီးတာ)

             ဒါပေမယ့်ဗျာ။ ဆရာဆိုတာ ဆရာမကျပဲ လုပ်လို့ရတာ မှတ်လို့။ဆရာ့ကို ဆရာလာမလုပ်နဲ့။ ဆရာ့လို ဆရာဖြစ်ချင် ဆရာဖြစ်သင်တန်းတက်။” လို့ မပြောရုံတမယ်ပါပဲ။သားလေး။ Teaching လိုချင်ရင် လုပ်သက် နှစ်နှစ်ပြည့်တော့ လျှောက်လွှာတင်လိုက်။လို့ အားပေးပါတယ်။ ဘာဖြစ်ဖြစ်ကွာ။ အဲသည်အချိန်တုန်းက ရန်ကုန်မြို့မှာ တော်တော်ကြီး အသစ်ဖြစ်နေသေးတဲ့ ရန်ကုန်ဆေးရုံသစ်ကြီးကို ရောက်သွားတာပဲဟာ။ ဖလန်းဖလန်းကိုထလို့။ အတူတူ အလုပ်လုပ်ဖူးတဲ့သူတွေ သိပါ့။ ဘယ်လောက် အမြင်ကပ်စရာကောင်းလဲဆိုတာ။ ဖူးစာဆိုတာ နတ်ရေးသတဲ့။ မိန်းမရတာကို ပြောတာ မဟုတ်ဘူး။ အဲသည်ဆေးရုံမှာ အလုပ်လုပ်ရင်း ဘာဆရာဝန်လုပ်မှာလဲဆိုတဲ့ အဖြေကို တွေ့သွားတာ။ ခွဲခန်းထဲမှာ ပျော်တယ်။ ခွဲနေရရင် ပျော်တယ်။ သူများအသားကို ဓါးနဲ့လှီးရတာ အရသာတွေ့တယ်။ သူငယ်ချင်းတွေနဲ့ အကိုတွေအမတွေ ၀ိုင်းဇာတ်သွင်းလိုက်ကြတာ ဆာဂျီကယ်ပိုးဝင်သွားတယ်။ ဒါပေမယ့် စိတ်ထဲက ကျောင်းဆရာငယ်ငယ်ချောချောလေး အိပ်မက်ကလည်း မဖြတ်နိုင်သေးဘူး။

             နှစ်နှစ်ပြည့်တော့ အကြွေးတောင်းသလိုပဲသားသားကို ဆရာပေးလုပ်မယ်ဆို။လို့ စာပစ်လိုက်တာ စိုင်ကော်လို့ ခြုံပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတယ်။ ဆေး ()က ရောဂါဗေဒဌာနတဲ့။ ကျောင်းဆရာဖြစ်တော့မယ်ဆိုတော့ အရင်ဆုံး ကိုယ့်ဘက်က ပြင်ဆင်ရတဲ့အလုပ်က စာအုပ်စာတမ်းတွေ လှန်လှောဖတ်ရှုဖို့ မဟုတ်ဘူး။ လည်ကတုံး အင်္ကျီတွေ အရောင်စုံအောင် ၀ယ်ပစ်တာ။ (ရောဂါက မသေး) နောက်တော့လည်း ကလေးတွေနဲ့ လုံးထွေးပြီး ဂျင်းဘောင်းဘီ တီရှပ်နဲ့ လူမှန်နေရာမှန် ပြန်ဖြစ်သွားလေရဲ့။ အောင်မယ်လေး။ ပျော်စရာ ကောင်းလိုက်တာ။ ပျော်ဆို စာမှ မကျက်ရတာကိုး။ စာမေးပွဲကလည်း ကိုယ်ဖြေရတာ မဟုတ်။ အခန့်မသင့်လို့ ၀င်မေးရရင် အူတွေကိုနာရော။

            ပုရွက်ဆိတ်နဲ့ နှံကောင် ပုံပြင်ထဲကလို တစ်နှစ်ပတ်လုံး ကခုန်မြူးတူးလာခဲ့တာ လေးနှစ်တောင်ကြာသွားတယ်။ ဌာနက ဆရာကြီး ဆရာမကြီးများကလည်း အချိန်မဖြုန်းပဲ ပုဆိန်သုံး အဲလေ ဟုတ်ပေါင် ရောဂါဗေဒဘာသာကို ဘွဲ့လွန်ဖြေစေချင်ပြီ။ ကိုယ်ကလည်း ကိုယ်အရူးထထားတဲ့ ခွဲစိတ်ခန်းပိုးကလေးက မသေသေးဘူး။ လျှောက်လွှာနှစ်မျိုးဖြည့်ထားပြီး သူငယ်ချင်းတွေနဲ့ စဥ့်အိုးတန်းက ဘုံကျောင်းမှာ စာသွားချကြည့်တယ်။ အပြီးသတ်တော့လည်း ကိုယ်လုပ်ချင်ရာကိုယ်လုပ်တာပါပဲ။ ရောဂါဗေဒ မဖြေဖြစ်တာ အဲသည်ဘာသာ စိတ်မ၀င်စားလို့ မဟုတ်ပါဘူး။ တစ်နှစ်ကုန်လို့ ကလေးတွေ အတန်းတက်သွားရင် ကိုယ့်မှာ စာမေးပွဲကျကျန်ခဲ့တဲ့သူလို သည်အတန်းကမတက်နိုင် ဖြစ်ရတာကို မကြိုက်ဘူး။ ဘာပဲပြောပြော။ အဲသည်မှာ ကျောင်းဆရာ လုပ်ခဲ့ရတာလည်း ကိုယ့်အတွက်တော့ နည်းနည်းလေးမှ မလွဲခဲ့ဘူး။

           ဘာဖြစ်လို့သိလဲဆိုတော့ ကိုယ်ဆေးကျောင်းရောက်တဲ့အချိန်မှာ အတန်းထဲက သူငယ်ချင်းတွေက Yangon to Yangon Transfer ရတယ်ဆိုတော့သိပ်ပိုင်တဲ့ မင်းပဲ။” ဆိုပြီး သူတို့လည်း အားကျမခံ လျှောက်လွှာတင်ကြတယ်။ သူတို့လည်း ရောက်လာကြတယ် သင်ကြားရေးကို။ ဒါပေမယ့် လာချင်သူများရင် ဈေးကိုင်တဲ့သဘာဝအတိုင်းပဲကိုယ်ရောက်တဲ့နေရာမှာ သင်ကြားရေးဘာသာကိုပဲ ဘွဲ့လွန်ဖြေပါ့မယ်။” လို့ လက်မှတ်ထိုးပြီး ရောက်လာကြတယ်။ မြေပုံ နဲ့ မြေပြင်ကွဲလွဲချက်တွေ ရှိတော့ သူတို့ရောက်ရာအရပ်မှာ မပျော်နိုင်ကြဘူး။ လက်မှတ်နဲ့လာပြီး လက်မှတ်နဲ့ပဲ ပြန်ထွက်ကုန်လို့ နယ်ရောက်တဲ့သူတွေရောက် အပြင်ရောက်တဲ့သူတွေရောက် ဖြစ်ကုန်တယ်။ သူတို့အတွက်တော့ အလကားနေရင် ကုန်သွားတဲ့ အချိန်တွေပေါ့။ တစ်ယောက်ကတော့ ပိုပြီးပွေလီပါတယ်။ သင်ကြားရေးကို လျှောက်လွှာတစ်စောင်တင်တယ်။ တခြားဝန်ကြီးဌာနတစ်ခုကို လျှောက်လွှာတစ်စောင်တင်တယ်။ နှစ်လုံးဒိုး ထိရာဒိုးပေါ့။ ခက်တာက နှစ်လုံးလုံး ထိသွားတယ်။ သူတစ်ယောက်တည်းကို ပြောင်းရွှေ့မိန့်နှစ်စောင် တပြိုင်တည်းထွက်လာတယ်။ သူကတော့ လက်တွေ့သမားဗျ။ ကိုယ့်လို ဘုံကျောင်းသွား စာမချဘူး။ ကျောင်းမှာ တစ်ပတ် ဆယ်ရက်လောက် အလုပ်ဆင်းကြည့်တယ်။ ကျောပူတဲ့ဒဏ်ပဲ ခံတော့မယ်ဆို ဟိုဘက်ဌာနက စာကလေးကိုင်ပြီး ကျိုက္ကဆံကွင်းရောက်သွားရော။ နောက်တော့ သူက ကိုယ်တို့ဌာန လာလာလည်ပြီး သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ဟေးလားဝါးလား အလုပ်လုပ်နေတာတွေ့တော့ ဘွဲ့လွန်ဖြေပြီး ကျောင်းလာတက်ပြန်ပါရော။ ကျူတာဘ၀ နဲ့ ဘွဲ့လွန်ကျောင်းသားဘ၀ဆိုတာ တူတာ မဟုတ်ဘူး။ စာမေးပွဲဆိုတာ ကျူတာကို မနှိပ်စက်ဘူး။ ကျောင်းသားကို နှိပ်စက်တာ။ မာစတာဖြစ်ချင် မာတာတွေနဲ့စမှရတယ်။ အပျော့သိုင်း အမာသိုင်းတွေကြားမှာ သူလည်း မခံနိုင်လို့ မူရင်းဌာနပြန်သွားပြန်တယ်။ သူ့အတွက်တော့ အချိန်တွေ တော်တော်ကုန်သွားတဲ့ အလွဲတွေပေါ့။ ဒါပေမယ့် တသက်လုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲ မဖြစ်ရလေအောင် အချိန်မီ ပြန်လည်ပြင်ဆင်သွားပုံရပါတယ်။

           ဘွဲ့လွန်အောင်ပြီးကာစမှာ နောက်ထပ်လမ်းခွဲတွေ ထပ်တွေ့လာရပြန်ပါတယ်။ ပြင်သစ်စာသင်ပြီး
ပြင်သစ်အသိုင်းအ၀ိုင်းတွေနဲ့ ရင်းနှီးလာတော့ ကုမ္ပဏီအကြီးကြီးက မဒမ်ကြီးက သူ့ဆီမှာ အလုပ်ဖို့ ကမ်းလှမ်းလာပါတယ်။ ကိုယ့်အစိုးရလခနဲ့ဆို ဘယ်လိုမှ မယှဉ်နိုင်တဲ့ လခရမှာပေါ့။ ဒါပေမယ့် အခုမှ လောလောလတ်လတ် ယူထားတဲ့ ခွဲစိတ်ကုဘွဲ့လွန်ကြီးကို လွှတ်ချပလိုက်ရမှာ နှမြောနေပြန်ရော။ တဆက်တည်းမှာပဲ သူငယ်ချင်းတွေကို အားကျခင်မင်ပြီး စိတ်ကူးယဉ်ခဲ့တဲ့ တိုးရစ်ဂိုက်အလုပ်ဆိုတာ ကိုယ်ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး လို့ အိပ်မက်ကလန့်နိုးလာတယ်။ သည်ဘက်က အလုပ်ကို မစွန့်နိုင်ဘူးလေ။ လခတွေ ၀င်ငွေတွေ ပိုများပေမယ့် ကိုယ့်အတွက် ပျော်နိုင်မှာ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့ ဒုက္ခတစ်ခုတိုးလာလိမ့်မယ်။ အထူးသဖြင့် ဆေးရုံဆေးခန်းသွားတိုင်း နောင်တရနေရမှာ။

           ဘွဲ့လွန်တက်လက်စ တန်းလန်းတုန်းကလည်း ကိုယ့်နောင်တော်များက မလေးရှားမှာ ဆရာဝန်သွားလုပ်ဖို့ အလုပ်လျှောက်လွှာများ ပေးပြီး ရန်ကုန်မှာတင် အင်တာဗျူးဖြေလို့ ရနိုင်ကြောင်း သတင်းကောင်းပေးပါတယ်။ တစ်သုတ်ပြီးတစ်သုတ် အလျှိုအလျှိုလည်း ထွက်နေကြတာပဲဟာ။ သည်တစ်ခါမှာတော့ ကိုယ်တစ်ယောက်တည်း ပြီးတဲ့ ကိစ္စမဟုတ်လို့ ယောက္ခမဖြစ်သူနဲ့ တိုင်ပင်ကြည့်ပါတယ်။ သူပြောတာတော့ ရှင်းရှင်းလေး။ “ဘာအတွက် လုပ်မှာလဲ။” တဲ့။ ဟုတ်သားပဲ။ သူများနိုင်ငံခြားသွားလို့သာ ထွန့်ထွန့်လူးသွားချင်နေတာ။ ဘာအတွက်သွားချင်တာလဲ ကိုယ့်ဘာသာကိုယ်တော့ မစဉ်းစားမိဘူး။ “ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေ” ဆိုတဲ့အထဲမှာ အဲသည်နိုင်ငံခြားကြီး ပါလို့လား။ ကိုယ့်လုပ်အား၊ အတတ်ပညာ နဲ့ အချိန်တွေကို သူ့ဆီမှာ သွားရောင်းစားရမှာ။ သူ့ဆီက နိုင်ငံတကာအဆင့်မီ ဆေးပညာဘွဲ့လွန်တွေ ထပ်ရဖို့ဆိုရင် ပါနီထဲကရေ ပါနီထဲပြန်ရောက်ပြီး ကိုယ်ရှာသမျှပိုက်ဆံ ကျောင်းစားရိတ် စာမေးပွဲစားရိတ် ခရီးစားရိတ်နဲ့ ဘာမှကျန်မှာ မဟုတ်ဘူး။ အဆုံးသတ်တစ်နေ့ကျ လူအိုကြီးဖြစ်သွားတာသာ အဖတ်တင်မယ်။ စစ်မရောက်ခင် မြားကုန်တာတော့ ဘယ်ဟုတ်မလဲ။ ငါးစိမ်းမြင် ငါးကင်ပစ်ရအောင် ငါးကင်က သည်အတိုင်း ဆီဆမ်းဆားဖြူးပြီး စားလို့ရနေပြီ။ ငါးစိမ်းကိုကျက်အောင်ချက်ဖို့ လွယ်တာမှတ်လို့။ မီးဖိုချောင်ကြီးတစ်ခုလုံး လိုတယ် မဟုတ်ဘူးလား။

            သည်လိုနဲ့ နောက်ဆုံးတော့ ကိုယ့်ဘာသာ အစိုးရအလုပ်ထဲမှာ ထားရာနေ စေရာသွား၊
ရောက်တဲ့အရပ်မှာ ပျော်အောင်ကြိုးစားရပါတော့တယ်။ အစကတည်းက “ပိုက်ဆံကို မတွက်နဲ့။ ၀င်ငွေကို မစဉ်းစားနဲ့။ အဲ့ဒါတွေ လိုက်နှိုင်းယှဉ်နေရင် တနေ့တနေ့ ဒူးနဲ့မျက်ရည်သုတ်နေရတာနဲ့တင် ဘာအလုပ်မှ လုပ်လို့ရမှာ မဟုတ်ဘူး။” လို့ ကိုယ့်ဘာသာကိုယ် သံပတ်တင်းထားတဲ့အတွက် “ငွေရေးကြေးရေး ခြေသလုံးမွှေး၊ ရှိ ပူရသေး ကုန်မှအေး၊” လို့ သာ သဘောထားလိုက်တော့တယ်။ တဘက်တလမ်းက ကိုယ့်အလုပ်မှာကိုယ် ပျော်ရာပျော်ကြောင်း ရှာကြံနေတဲ့အခါ ကိုယ်တို့အလုပ်ဟာ ငယ်ငယ်တုန်းက နားဖာကလော်တဲ့အလုပ်လိုပဲ။ အထဲက အတောင့်လိုက်အဖတ်လိုက် တစ်ခုခုကို ကလော်ထုတ်လိုက်ရရင် တယ်အရသာရှိသကိုး။ လည်ချောင်းထဲက ကျပ်စေ့ကြီးကိုလည်း နှိုက်ထုတ်ခဲ့ဖူးတယ်။ ကလေးနှာခေါင်းထဲက ပြောင်းဖူးစေ့တွေ မြေပဲဆံတွေကိုလည်း ပါးစပ်ချင်းတေ့ပြီး မှုတ်ထုတ်ခဲ့ဖူးတယ်။ အသက်ကယ်တယ်လို့ မပြောလိုပါဘူး။ အဲသလို မဟုတ်ကဟုတ်ကဟာတွေ ပိတ်ဆို့နေရင် ရှင်းလင်းပလိုက်ရတာ အရသာရှိတယ်။ ငယ်ငယ်တုန်းက ကိုယ့်လက်ကအဆစ်လွဲနေတာကို တရုတ်ဆေးဆရာကြီးက ဆွဲတည့်ပေးသလိုပဲ။ ကိုယ့်ရှေ့မှာ မတော်မတည့် လွဲနေတဲ့ အဆစ်အမြစ်တွေကို ဖြိုးဖြိုးဖြတ်ဖြတ် ဆွဲတည့်ပလိုက်ရတာ ဘယ်လို အရသာရှိမှန်းမသိဘူး။ လေဖြတ်တာ နှစ်ရက်လောက်ရှိပြီ။ စကားလည်း မပြောနိုင်တော့ဘူး။ သွားရည်တွေတမြားမြားကျနေတယ်ဆိုတဲ့ အမေကြီးတစ်ယောက်ကို “ပါးစပ်ဟစမ်းပါဦး။” ဆိုပြီး အောက်မေးရိုးကြီး စုံကိုင်နှိပ်ချလိုက်တာ “ဂလောက်” လို့မြည်ပြီး ပြန်ဝင်သွားရော။ “အမေကြီး ဘယ်နှယ့်နေသလဲ။” လို့ မေးလို့ သူ့ဆီက “အခုမှပဲ ကောင်းသွားတော့တယ်။” ဆိုတဲ့စကားကြားရင် ဆရာဝန်ဖြစ်ရကျိုးနပ်တယ်။ အလကားနေ ဂုဏ်ဖော်နေတယ် မထင်ပါနဲ့။ ပြောချင်တဲ့စကားရှိလို့ မရောက်ရောက်အောင် သယ်နေရတာပါ။

           အခုလောလောဆယ်မှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ ဘာမှမဆိုင်တဲ့အလုပ်တစ်ခုကို အပတ်တကုတ် ကြိုးစားအားထုတ်ပြီး လုပ်နေမိတယ်။ အဲဒါကတော့ ဖေ့စ်ဘုတ်ပေါ်မှာ စာရေးတဲ့အလုပ်ပဲ။ အရည်မရဘူးပြောပြော၊ အဖတ်မရဘူးပြောပြော၊ တကယ်မရှိတဲ့ စိတ်ကူးယဉ်လောကပြောပြော၊ ပြောချင်သလိုပြော။ အဲဒီထဲမှာ စာတွေရေးနေတယ်။ သည်အလုပ်ကိုလုပ်ရတာ ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။ စောစောက ပြောသလို ဘာအတွက် လုပ်နေတာလဲ။ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်မိပါတယ်။ သေချာတာက ပိုက်ဆံငွေကြေးအတွက် မဟုတ်ပါဘူး။ သည်နေ့ကျွန်တော့်စာအုပ်ထွက်ပါတယ်။ ၀ယ်လိုက်ကြပါ။ ယူလိုက်ကြပါ။ အားပေးကြပါ။ ဘယ်သူ့ကိုမှ မပြောချင်ပါဘူး။ ဖြစ်နိုင်ရင် လက်ဆောင်သာ ပေးချင်ပါတယ်။ ဖတ်ဖြစ်မယ်ဆိုရင်ပေါ့။ ရေးသားထားသမျှ စာမူစာအုပ်များနဲ့ ပတ်သက်လို့လည်း ပိုက်ဆံနှင့်စပ်သောစကား ဘယ်သူ့ကိုမျှ တစ်လုံးတစ်ပါဒ မပြောဖူးပါဘူး။ ငါ ဒါအတွက် စာရေးနေတာ မဟုတ်ဘူးလို့ ကိုယ့်ဘာသာကိုယ် သေချာချင်တဲ့အတွက်ပါ။

           ဒါဖြင့် နံမယ်ကြီးချင်တာ သက်သက်ပေါ့ လို့ ဆိုရုံရှိပါတယ်။ ဒါလည်း မဟုတ်သေးပါဘူး။ သူစိမ်းတွေအလယ်ကိုသွားလို့ ကိုယ့်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အခြေအနေဟာ ကိုယ့်အတွက် သက်တောင့်သက်သာအရှိဆုံး အနေအထားပါပဲ။ အထူးသဖြင့် စာရေးတဲ့သူတစ်ယောက်အဖြစ် ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး။ ဒါမှ ကိုယ်ရှုမြင်သုံးသပ်ရတာ လွတ်လပ်တာပေါ့။ ကိုယ့်အတွက် သည်နှစ်ခုတောင် ဖြစ်ချင်တဲ့စိတ်မရှိပဲ သူများအတွက် လော်ဘီလုပ်ပေးဖို့၊ မဟုတ်ကဟုတ်ကတွေ ၀ါဒမှိုင်းတိုက်ပြီး ဆင်သေကိုဆိတ်ရေနဲ့ ဖုံးတဲ့စာမျိုးရေးဖို့ကတော့ ဘယ်လိုစဉ်းစားစဉ်းစား စကားလုံးတစ်လုံးတောင် ရှာမရပါဘူး။ သဗ္ဗညုတဥာဏ်နေနေသာသာ မဂ်စော်ဖိုလ်စော်တောင် မနံတဲ့ပါးစပ်က ထွက်သမျှအရာအားလုံး အမှန်တရား၊ သစ္စာတရားချည့်သာလို့ မဆိုနိုင်ပါဘူး။ ငါဘာရေးရေး ရေးသမျှ အမှန်ချည့်သာ လို့လည်း ငါတကော မကောချင်ပါဘူး။ ဒါပေမယ့် ကိုယ်ဘာရေးရေး ယုံကြည်လို့ ရေးတယ် ဆိုတဲ့သစ္စာတရားကိုတော့ လက်ကိုင်ထားပါတယ်။ ကိုယ်ကိုယ်တိုင် မယုံကြည်ပဲနဲ့ တပါးသူကို လှည့်စားဖို့ ဘယ်တော့မှ မရေးတာ သေချာပါတယ်။

           စာရေးတယ်ဆိုတာ မဲဆွယ်တာ မဟုတ်တဲ့အတွက် ကိုယ့်စာဖတ်ပြီးတာနဲ့ သည်လူ့ဆီက မဲတစ်မဲ ငါ့အတွက်ရရမယ် လို့ မျှော်လင့်မထားပါဘူး။ လူတိုင်းလူတိုင်းမှာ သူ့ဓါတ်ခံဆိုတာ ရှိတဲ့အတွက် ကိုယ်ရေးတဲ့စာဟာ စာဖတ်သူရဲ့ အခံဓါတ်နဲ့ ဓါတ်ပြုပြီးမှသာ သူ့အာရုံမှာ ထင်တာပါ။ ကိုယ့်စာဖတ်ပြီး ဘ၀င်ကျတဲ့သူ ရှိသလို အနာပေါ်တုတ်ကျသလို ဆွေ့ဆွေ့ခုန်တဲ့သူလည်း ရှိမှာပါ။ အဲသည်ချစ်ခြင်းမုန်းခြင်းအတွက်လည်း စာရေးနေတာ မဟုတ်မှန်း ကိုယ့်ဘာသာကိုယ် သိပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့ မနေနိုင်မထိုင်နိုင် ငွေမြိုင်တုတ်နဲ့ထိုးတဲ့စာတွေ ရေးနေသလဲ ဟုတ်စ။ အဲဒါကတော့ ကလေးဘ၀ကတည်းက ၀သီပါလာတဲ့ လွဲနေတာတွေ အံချော်နေတာတွေတွေ့ရင် ဇိုးကနဲဇတ်ကနဲ ကောက်တည့်ပလိုက်ဖို့ ကြိုးစားချင်တဲ့ ဥာဉ်ကလေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဘယ်အချိန်တွေမှာ စာတွေအများဆုံးရေးဖြစ်သလဲလို့ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားရင် အဲသလို မတော်မတည့်တွေ တွေ့ရတဲ့အခါ ထိထိမိမိ ထောက်ပြချင်လာတဲ့ စိတ်စေတနာနဲ့ အများဆုံးရေးဖြစ်တာ တွေ့ပါတယ်။ အထူးသဖြင့်တော့ အိုင်ဒီယာတွေကွေးနေတာတွေ့ရင် ဟိုမရောက်သည်မရောက် လမ်းပျောက်နေမှာစိုးလို့ တွေးမိတွေးရာ ကုလီကုမာကလေးတွေကို ဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးပါတယ်။ ဆံပင်ကောက်တာ ပြန်ဖြောင့်လို့ရတယ်။ ခြေလက်ကောက်တာ ပြုပြင်လို့ရတယ်။ အတွေးချော်နေရင်တော့ ဘယ်တော့မှ အပေါက်အလမ်းတည့်မှာ မဟုတ်ဘူး။ အားလုံးပဲ အတွေးဖြောင့်ဖြောင့်တွေးပြီး ခရီးဖြောင့်ဖြောင့် ဆက်နိုင်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...